မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

“တံခါးပိတ် လွှတ်တော်” ယနေ့လွှတ်တော်နှင့်မီဒီယာ

(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာလူထုစိန်ဝင်းအား မေးမြန်းခဲ့စဉ်က ဆရာဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက်မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေစိစစ်ရေးမှ ဖြုတ်ထားခဲ့သော စာပိုဒ်များဖြစ်ပါသည်။)
ငြိမ်းဆက်လင်း (မြစ်မခ)
 
ဆရာတို့တုန်းကတော့ ၀န်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာ သတင်းထောက်တွေက လွတ်လွတ်လပ်လပ် သတင်းဝင်ယူခွင့်ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ် လာတတ်တဲ့ လွှတ်တော် အမတ်တွေကို ရော အစိုးရအဖွဲ့က ၀န်ကြီး၊ ၀န်ငယ်လေးတွေကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်ပြီးတော့ ရေးချင်တာတွေ ရေး လို့ရတယ်။ ဒီလို ဆင်ဆာမရှိတဲ့အတွက် တကယ့်လွှတ်တော်ထဲမှာ ပြောကြဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာ တွေ တဦးနဲ့တဦး ခနဲ့ကြတာတွေ ပုပ်ခတ်ကြတာတွေကအစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာဖတ်ကြရတယ်။
အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီးသတင်းယူရတာကိုက ပျော်စရာသိပ်ကောင်းတာ။ အမတ်တွေ တယောက်နဲ့ တ ယောက် ကလိကြတယ် တယောက်နဲ့ တယောက် ခနိုခနဲ့တွေ ပြောကြတယ် တယောက်နဲ့တယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ်ဆိုတာ လူကြီးလူကောင်းတွေ စကားများနေကြတာပေါ့ ရန်ဖြစ်နေကြတာမျိုးပေါ့ ရန်ဖြစ်တယ်ဆိုတာ ကလည်း ဟိုလိုမျိုး ဆဲရေးတိုင်းထွာတာ ငါတို့ဘာငါတို့မဟုတ်ဘူး၊ ကြံကြံဖန်ဖန်စကားလုံးတွေ သုံးကြတာမျိုးပေါ့ လူကြီး လူကောင်း ရန်ဖြစ်နည်းပေါ့ အဲ့လိုဟာတွေက အင်မတန် ပျော်စရာကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့လူတွေက အင်မတန် ပျော်စရာကောင်းတယ်။
နောက်ပြီးတော့ ပြည်သူလူထုကလည်းပဲ ငါတို့ အမတ်ကတော့ ဘာတွေပြောတယ် ငါတို့အမတ်ကတော့ ငါတို့အတွက် လွှတ်တော်ထဲမှာ ဘာတွေမေးပေးတယ် ငါတို့အတွက် ဘာတွေဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆိုပေး တယ်၊ တချို့ဟာတွေကို မဲဆန္ဒရှင်တွေက သိရတယ်။ သိရတဲ့အတွက် ငါတို့အမတ်ကောင်းတယ် မကောင်းဘူး နောက် တကြိမ်ကြရင် သူ့ကို ပြန်ရွေးသင့် မရွေးသင့်ဆိုတာ ပြည်သူလူထုက ဆုံးဖြတ်လို့ရတာပေါ့။ အခုတော့ လွှတ်တော်ဆိုတာ ထားတော့ သူတို့က သိစေချင်လို့ သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းပွဲ ငါတို့ကို သတင်းထောက်တွေကို ဖိတ်ပြီး တော့ ရှင်းလင်းပြောကြားတာကိုတောင်မှ အမှန်အတိုင်းရေးလို့ မရဘူး။ အဲ့တော့ ပြည်သူလူထုက ဘာမှမသိရတော့ဘူး။ သိသင့်သိထိုက်တာတွေကို ဘာမှ မသိရတော့ဘူး။ သူတို့သိစေချင်တာကိုပဲ သိနေရတယ်။ အဲ့ဒါ ဒီမိုကရေစီနဲ့ ပြဒါးတ လမ်း၊ သံတလမ်း ဖြစ်နေတယ်။
ဒီမိုကရေစီဆိုတာက ပြည်သူလူထုက သာလျှင် အဆုံးအဖြတ်ပေးတယ်။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်နေတယ်။ ဒီတပတ် ဆရာဆောင်းပါးရေးထားတဲ့ “အစိုးရက မိဘလား ပြည်သူလူထုက မိဘလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်တော်များများက စာတွေလည်း ရေးတာတွေ့ရတယ် အစိုးရဆိုတာ တိုင်းသူပြည်သူတွေကို ရင်ဝယ်တိုက်ကဲ့သို့ သ နားချစ်ခင်ရမယ်ဆိုတဲ့ အရေးသားမျိုးပေါ့ ဒီအရေးသားမျိုးက လုံးဝမှားတဲ့ အရေးသားသမျိုးဖြစ်တယ်။ အဲ့တော့ ပြည်သူ ပြည်သားများကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ရမယ်ဆိုတော့ အစိုးရက မိဘနေရာရောက်သွားတာပေါ့ ဘုရားကအောက် မျောက်ကအထက် ဖြစ်နေတယ်၊ တကယ် တိုင်းပြည်ရဲ့ မိဘက မဲဆန္ဒရှင် ပြည်သူလူထု ဖြစ်တယ်။
အစိုးရဆိုတာ ပြည်သူလူထုက ရွေးချယ်ပြီး တာဝန်ပေးထားတယ် အဲ့အတွက် ပြည်သူလူထုက ပြည်သူ့ဘဏ္ဍငွေကနေ ပြီး လစာ ရိက္ခာငွေတွေ ပေးထားတယ်။ ရှေးအင်္ဂလိပ်ခေတ်ကတည်းကိုက အစိုးရနှင့်တကွ အစိုးရ၀န်ထမ်းအားလုံးကို (Public servent) လို့ ခေါ်တယ်။ ပြည်သူ့အစေခံ ခပ်ရင်းရင်းပြောမယ်ဆိုရင် ပြည်သူ့ဝန်ထမ်းပေါ့။ ပြည်သူ့ဝန်ကို ထမ်း နေရတာ၊ အခုတော့ စောစောက ပြောတယ်၊ အစိုးရဆိုတာ မိဘနဲ့တူတယ်၊ ငါတို့အစိုးရဆိုတာ တိုင်းပြည်ရဲ့ အာဏာပိုင် ပဲဆိုတဲ့ အသုံးအနှုန်းတွေကြောင့် ပဥာတ်သွားရာ ဓါတ်သက်ပါ ဖြစ်သွားပြီးတော့ ၀န်ထမ်းတွေက သူတို့ရုံး၊ ငါတို့ထံ ငါတို့ ဌာနမှာ ငါတို့သာလျှင် အရှင်သခင်ဖြစ်ပြီးတော့၊ သူတို့ကို လခပေးထားတဲ့ ပြည်သူလူထုကို ကြိမ်းလိုက် မောင်းလိုက် ဆဲ လိုက် ဆိုလိုက် အာဏာအမျိုးမျိုးပြလိုက်ဆိုတာတွေ လုပ်တယ်။ အဲ့ဒါတွေက ခုနက စကားလုံးတွေက လူတွေရဲ့ စိတ် ဓာတ်ကို ပြောင်းပစ်လိုက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီစကားလုံး အသုံးအနှုန်းတွေကိုပဲ အာဏာပိုင်များ ငါတို့အာဏာ ပိုင် အဖွဲ့အစည်းများ ငါတို့တိုင်းပြည်ရဲ့ မိဘ ငါတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ဒီမိုကရေစီခေတ်မှာ မသုံးအပ်တော့ဘူး။ ဒီ စကားလုံးတွေကို ဖျောက်ပစ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအာဏာပိုင်တွေကို မဲဆန္ဒပိုင်ရှင် ဒီပြည်သူလူထုက အာ ဏာပိုင်ပဲ၊ ပြည်သူက ရွေးပြီးတော့မှ သူငါတို့ကို ခန့်ထားတာဖြစ်တယ်။ အာဏာပိုင်အဖွဲ့အစည်းဆိုတာကလည်း ပြည်သူ လူထုပဲ ဖြစ်ရမယ်။ အာဏာပိုင်ပုဂ္ဂိုလ်များဆိုတဲ့ ပြည်သူလူထုပဲ ဖြစ်ရမယ်။ ဌာနဆိုင်ရာ အရာရှိတွေက အာဏာပိုင် မ ဟုတ်ဘူး။ ဌာနဆိုင်ရာ အရာရှိတွေက (Public servent) ပြည်သူ့ အစေခံတွေပဲ၊ ပြည်သူ့အစေခံဆိုတော့ သူတို့က ပြည် သူကို အမြဲတမ်းရိုသေနေရမယ်။ ပြည်သူကို ဦးထိပ်ထားရမယ် ပြည်သူကို အလုပ်အကျွေးပြုရမယ်။ အဲ့ဒါတွေက မင်းတို့ လူငယ်တွေ မကြားရမမြင်ရ မတွေ့ရတဲ့ စကားလုံးလေးတွေ အဆုံးမလေးတွေပဲ။ အဲ့ဒါတွေကို မင်းတို့ကိုသိအောင် ပြော ပြတာ။
မေး။ ဆရာတို့ ခေတ်တုန်းက သတင်းယူတဲ့အခါမှာကော လုံခြုံရေးအရဆိုပြီး စစ်ဆေးတာမျိုးတွေ၊ သတင်းသမားမလာရ ဆိုပြီး ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါသလား ဆရာ။
မရှိပါဘူး ဆရာတို့တုန်းက လွတ်လွတ်လပ်လပ် ဘယ်သတင်းမဆို လွတ်လွတ်လပ်လပ် ယူခွင့်ရှိပါတယ်။ ၀န်ကြီးများရုံး မှာတောင်မှ သတင်းထောက်တယောက်က တံခါးမရှိဓားမရှိ ၀င်သွားလို့ရတယ်။ ၀န်ကြီးရဲ့အခန်းထဲကို ၀န်ကြီးရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ၀င်သွားလို့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်တောင်းမနေရဘူး။ အသိပေးစရာလည်းမလိုဘူး။ ၀န်ကြီးကို လွတ်လွတ်လပ်လပ် စကားပြောလို့ရတယ်။ မေးချင်တာတွေလည်း မေးလို့ရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြန်ရေးလို့ရ တယ်။
အဲ့ဒါ ဒီမိုကရေစီခေတ်၊ အခုဟာ ဒီထိန်းချုပ်မှုပေါ်မှာ(control) ပေါ့ သူတို့ရဲ့ အစီအမံ ထိန်းချုပ်မှုနဲ့ လိုက်ပြတယ်ဆိုရင် ဒါဟာ လွတ်လပ်တဲ့ သတင်းယူခွင့် မဟုတ်တော့ဘူး သူငါတို့မြင်စေ ချင်တာကိုပဲပြတယ် သူတို့ ပြောစေချင်တဲ့ လူတွေ နဲ့ပဲ တွေ့ပေးမယ်။ သူတို့ပြောခိုင်းတာ ပြောမယ့်လူတွေနဲ့ပဲ တွေ့ပေးမယ်။ အဲ့ဒီကတည်းက ပြည်သူလူထုက သတင်းအ မှန်ကို မသိနိုင်တော့ဘူး။ ပြည်သူလူထုက သတင်းအမှန်ကို မသိတော့ဘူးဆိုရင် ပြည်သူလူထုက မှန်ကန်တဲ့ ဆန္ဒမဲပေး ခွင့် ဆန္ဒမဲပေးနိုင်ခြင်း ဆုံးဖြတ်နိုင်ခြင်း ဆိုတာလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။ မဲပေးရွေးကောက်ပွဲလုပ်နိုင်တယ်ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ဖို့ဖြစ်တယ်။
ပြည်သူလူထုက အခုရွေးကောက်ပွဲမှာ ၀င်မယ့်ပါတီတွေရဲ့ (Policy) တွေကဘာလဲ။ တိတိကျကျ မှန်မှန်ကန်ကန်သိဖို့ လိုအပ်တယ် သူတို့ မေးချင်တာတွေကိုလည်း မေးခွင့်ရှိတယ်။ သူတို့သိဖို့အတွက် သတင်းထောက်တွေကလည်း မေး ပေးရမယ် လူပုဂ္ဂိုလ်ဆိုင်ရာတွေကလည်း ဒီလူပုဂ္ဂိုလ်တွေက ဘယ်လို လူပုဂ္ဂိုလ်လဲ ငါတို့ရဲ့ မဲဆန္ဒနယ်ဟာ အမတ်အဖြစ် နဲ့ အရွေးခံမယ့်သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ဘယ်လိုအစဉ်အလာရှိခဲ့သလဲ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာတွေလုပ်ပေး ခဲ့ဖူးသလဲ။ သို့မဟုတ်ရင်လည်း ကိုယ်ကျိုးစီးပွားအတွက်ပဲ တသက်လုံး ကိုယ်ကျိုးရှာလာတဲ့ လူစားမျိုးပဲလား။ ဘယ်သူ တေတေ ငတေပဲဆိုတဲ့ လူစားမျိုးလားဆိုတာ ပြည်သူလူထုက သိရှိဖို့အတွက် သတင်းစာတွေက ဒါတွေကိုဖော်ထုတ်ပြီး တော့ ရေးသားပေးရမယ်။ အဲ့ဒါမှ သတင်းစာသမားရဲ့ တာဝန်ကျေတယ်။ သတင်းသမားဆိုတာ ပြည်သူကို (infrom) လုပ်ဖို့ ပြည်သူသိချင်တာတွေကို သိအောင်လုပ်ပေးဖို့ ဒါ သတင်းသမားရဲ့ အဓိကတာဝန်ပဲ။ အဲ့ဒါမလုပ်ပေးနိုင်ဘူးဆိုရင် သတင်းသမားရဲ့တာဝန် မကျေတော့ဘူးပေါ့။ အခု သတင်းသမားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ်။ ကြိုးစား နေသော်လည်း ကြိုးစားသမျှက ပြည်သူလူထုဆီမရောက်ဘူး။ အဲ့တော့ သူတို့ ကြိုးစားသမျှဟာ အလကားဖြစ်သွား တယ်။ အဲ့လိုဖြစ်အောင် ဖန်တီးတယ်ဆိုကတည်းက အဲ့ဒါ ဒီမိုကရေစီစနစ်လို့ မခေါ်နိုင်တော့ဘူး။
မေး။ ဆရာတို့တုန်းက ရွေးကောက်ပွဲအခြေအနေနဲ့ အခု ရွေးကောက်ပွဲအခြေအနေကို မြင်ရတော့ ဘယ်လို သုံးသပ်မိပါ သလဲ ဆရာ။
“၁၉၆၀ ခုနှစ် သန့်ရှင်း တည်မြဲ အဓိကပြိုင်ကျတဲ့ နောက်ဆုံးပြိုင်ကျတဲ့ ရွေးကောက်ပွဲပေါ့နော် အဲ့ရွေးကောက်ပွဲမှာဆိုရင် မဲပေးတဲ့နေ့ ညနေစောင်းက စပြီးတော့ မြို့တော်ခန်းမကြီးမှာ မဲရေတွက်တယ် မဲရွေးတွက်တဲ့ အခါမှာလည်း အမတ် လောင်းတွေ သူငါတို့ရဲ့ကိုယ်စားလှယ်တွေ ကိုယ်တိုင်မဲရေတဲ့နေရာမှာ ထိုင်ပြီးတော့ ကြည့်နေလို့ရတယ်။ မဲဆန္ဒနယ် တခု ကြေညာပြီးတိုင်း ရေတွက်ပြီးတိုင်း မြို့တော်ခန်းမအပေါ်ကနေ အသံချဲ့စက်ကြီးနဲ့ မဲစာရင်းတွေ ကြေညာပေးတယ်။ အဲ့နေ့က မြို့တော်ခန်းမရှေ့ ဆူးလေပန်းခြံတ၀ိုက် သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စောင့်ကြည့်နေကြတယ်။ လူအုပ်ကြီးက လည်း တညလုံးစောင့်ကြည့်တယ်။ မဲရေတဲ့ လူတွေကလည်း တညလုံးရေတယ်။ တညလုံးရေပြီး မဲဆန္ဒနယ် တနယ်ပြီး တိုင်း ရေပြီးတိုင်း ကြေညာပေးတယ်။ လက်ခုပ်သံတွေလည်း တဖြောင်းဖြောင်းပေါ့ အဲ့လို ဒီနေ့မဲပေးတယ် ဒီနေ့ အဖြေက ထွက်လာတယ်။
မဲရေတဲ့အခါလည်းပဲ ပြည်သူလူထုက ခုနက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးကအောက်မှာ စောင့်ကြည့်နေတယ်။ မြို့တော်ခန်း မပေါ်က မဲရေတဲ့နေရာမှာလည်းပဲ အမတ်လောင်းတွေက သူငါတို့ရဲ့ ကိုယ်စားလှယ်တွေက မဲရေတာတွေကို ထိုင်ပြီး တော့ စောင့်ကြည့်နေလို့ရတယ်။ အဲ့လို ပွင့်လင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်လည်းပဲ ဒီရွေးကောက်ပွဲမှာ တရားမမျှတဘူး။ ငါတို့ဘာတို့ဆိုတဲ့ အသံတွေ သိပ်ပြီးတော့ မထွက်ဘူး။ တချို့နယ်တွေမှာဆိုရင် လက်နက်ပြပြီး ခြိမ်း ခြောက်တာတို့ ဘာတို့ အနိုင်ကျင့်တာတို့ ရှိကြတာပေါ့လေ။ ရှိတာနဲ့ ကန့်ကွက်စာတွေတင်တယ် ရွေးကောက်ပွဲ ကော်မ ရှင်ကနေ အရေးယူခဲ့ရမှုတွေလည်းရှိတယ်။ အခုခေတ်ကျတော့ မဲပေးပြီး ဘယ်နှစ်ရက်နေမှ ဘာကိုကြေညာမယ်ဆိုတာ လည်းဆိုတာ မသိဘူး။ မဲရေတွက်တဲ့ နေရာမှာ ခုနကပြောသလို ပြည်သူလူထုက စောင့်ကြည့်၊မကြည့်ဆိုတာ မသိရဘူး အဲ့တော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း ယုံစားလို့ မရဘူးပေါ့။
တံခါးပိတ်ပြီး လုပ်ချင်ရာ လုပ်မယ်ဆိုတာကတော့ လုံးဝကို မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတခုလို့ပဲ ဆရာကမြင်တယ်။ ဖတ်ရပါတယ်။ သတင်းစာတွေမှာလဲဖတ်ရတယ်။ ဆက်တိုက်ပေါ့ မဲပေးဖို့ လှုပ်ဆော်တဲ့ ဆောင်းပါးတွေ ဖတ်နေရတယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့အတွက်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခင်းအကျင်းလေးတွေက စပြီးတော့ ဒီမိုကရေစီ သ ဘောသက်ဝင်နေဖို့တော့ လိုအပ်တယ်။ အခုကျတော့ ရွေးကောက်ပွဲကို မဲထည့်နိုင်ဖို့ကျတော့ လှုံ့ဆော်ကြတယ်။ စည်း ရုံးလို့ရတယ်။ မဲမထည့်ဘဲနဲ့ နေလို့ရတယ်လို့ပြောတယ်။ အဲ့ဒီလူတွေကိုတော့ ဖမ်းတယ် အဲ့လိုဆောင်ပါးမျိုးရေးလို့ မရ ဘူး။ အဲ့လိုစကားမျိုး ပြောလို့မရဘူးဆိုတာက ဒီမိုကရေစီနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတယ်။
ဒီမိုကရေစီဆိုတာက လူတိုင်းလွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်။ တခြားမှာ ဘင်္ဂလားဒေ့ရှ်က ရွေးကောက်ပွဲတွေ လုပ်သွား တယ်။ အရင်တုန်း ဘနဘီရာပိုတို တို့ ခေတ်တုန်းက ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲလုပ်တယ်။ ဘနဘီရာပိုတိုတို့က သပိတ်မှောက်တယ်၊ သပိတ်မှောက်တဲ့ အကြောင်းကိုလည်းပဲ ဆန္ဒပြကြတယ်၊ ထုတ်ဖော်ပြတယ်။ လုပ်ခွင့်ရှိတာပဲ ဒီမိုက ရေစီဆိုတာက လူတိုင်းကအညီအမျှ ပြောခွင့်ရှိရမယ်။ အခုဟာက ထောက်ခံတဲ့လူကြတော့ ပြောနိုင်တယ်။ မထောက်ခံ တဲ့ လူကြတော့ ပြောခွင့်မရှိဘူးဆိုကတည်းကိုက ဒါက ဒီမိုကရေစီစနစ် မဟုတ်တော့ဘူး။
ဆရာ ဟိုတနေ့က သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မီဒီယာကမေးလို့ ဆရာဖြေခဲ့သလိုပေါ့၊ သတင်းစာလွတ်လပ် ခွင့်နဲ့ စစ်တပ်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်တယ်။ စစ်တပ်ဆိုတာ တသွေး တသံ တမိန့် အုပ်ချုပ်ရတဲ့ အဖွဲ့အစည်းဖြစ် တယ်။ တပ်ထဲမှာ ဒီမိုကရေစီနဲ့ အုပ်ချုပ်လို့မရဘူး။ အမိန့်ပေးတာကို အမိန့်ပေးတဲ့အတိုင်း နာခံပြီးတော့ လိုက်နာရမယ်။ စစ်မြေပြင်မှာ အမိန့်ပေးတဲ့အတိုင်း မလိုက်နာလို့ရှိရင် စစ်မြေပြင်မှာသာဆိုလို့ရှိရင် တာဝန်ရှိတဲ့ စစ်ဗိုလ်က အဲ့ဒီ ငြင်းဆန် တဲ့ သူကို ပစ်သတ်ခွင့်ရှိတယ်။ ဒါ စစ်တပ်အဖွဲ့အစည်း သူ့စစ်တပ်အဖွဲ့အစည်းက တသွေးတသံတမိန့်နဲ့ အုပ်ချုပ်မှရ တယ်။ အဲ့ဒါကို (civil society) ဘက်ကို ယူလာလို့ မဖြစ်ဘူး။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဆိုတာက ဒီမိုကရေစီအရ အုပ်ချုပ်လုပ်ကိုင်ရတာ ဖြစ်တယ်။ လူတွေမှာ ပြန်လည် မေးခွန်းမေးခွင့်၊ ငြင်းပယ်ခွင့်၊ စောတကတက်ခွင့် ရှိကိုရှိရမယ် အဲ့ဒါမှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တခုဖြစ်တယ်။ အဲ့ဒီလို စောတကတက်ခွင့်တွေ ငြင်းဆန်ခွင့်တွေ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့်တွေ မရှိတော့ဘူးဆိုရင် အရင် မဆလခေတ်က ဖြစ်ခဲ့သလိုမျိုးပဲ၊ ဘ၀ရှင်မင်းတရားကြီး အမိန့်ပေးသမျှ အကုန်လုံးကို ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်နာရတယ်။
အကုန်လုံး ဘ၀ရှင်မင်းတရားကြီးကို မှန်ပါ့ဘုရား၊ ကောင်းပါ့ဘုရား၊ မှန်ပါ့ဘုရားချည်းပဲ ကန်တော့ဦးတင်နေရတယ်။ အဲ့ဒီ အတွက် တိုင်းပြည်ဟာ ငါးပါးမှောက်ခဲ့ပြီ ၈၈ က ကျခဲ့ပြီ။ အခု ဒီဘက် ဆယ့်လေးနှစ်ကာလမှာလည်းပဲ ၂၂ နှစ် ကာလမှာ လည်းပဲ မဆလ ခေတ်ကလိုပဲ သွားနေပြီ။ လူတွေက အောက်ကအဆင့်ဆင့် ကောင်းတာတွေပဲ (Report) တင်ကျတယ် ဆိုတာတွေ အန္နိဌာရုံတွေ မကောင်းတာတွေ ဆိုလို့ရှိရင် လူကြီးတွေမသိအောင် ဖုံးကြတယ်၊ ဖိကြတယ်၊ လိမ်ကြတယ်၊ ညာကြတယ်၊ ဒါကြောင့်မို့လို့ စာရင်းအင်းတွေတောင်မှ တိုင်းပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ လည်း မသိဘူး။ တိုင်းပြည်မှ လယ်ယာဘယ်လောက်ဧက တတိုင်းပြည်လုံးမှာ စိုက်ပျိုးဧက ဘယ်လောက်လဲဆိုတာလဲ မသိဘူး စပါး တဧကမှာ ဘယ်လောက်ဧက ထွက်တယ်ဆိုတာလဲ အမှန်အတိုင်းမသိဘူး။ သတင်းစာထဲမှာတော့ စပါး တွေက ဧကတရာ တဧကကို တင်း ၁၅၀ ထွက်တယ်ငါတို့ တင်း ၂၀၀ ထွက်တယ်လို့ တင်နေကြတာ။ တကယ့် တကယ် တော့ ဒါတွေက အမှန်မဟုတ်ဘူး။
ဆရာတို့က အညာသားဆိုတော့ အညာအကြောင်း ကောင်းကောင်းသိတယ် အညာမှာ စပါးတင်း လေး၊ ငါးဆယ်ကို တောင်အနိုင်နိုင် မိုးမှန်မှ လေမှန်မှ စပါးနဲနဲထွက်တာ အဲ့ဒါကို စပါးတင်း ၁၅၀ ထွက်တယ် ၂၀၀ ထွက်တယ်ဆိုပြီး ညာပြီး အစီရင်ခံကြတယ်။ အဲ့ဒီအခါကျတော့ စီမံကိန်းရေးဆွဲတဲ့အခါကျတော့ အလွဲအမှားတွေဖြစ်ပြီး ဒုက္ခရောက်ခဲ့ကြရတယ်။ အဲ့ဒီလို ဘာကြောင့်ဖြစ်ရလဲဆိုရင် တသွေးတသံတမိန့် စစ်တပ်ကို အုပ်ချုပ်တဲ့ပုံစံနဲ့ အရပ်ဘက်အဖွဲ့အစည်းကို အုပ်ချုပ် တဲ့အတွက် ဒါတွေဖြစ်ရတာ ဒါတွေမဖြစ်စေချင်ရင် ဒီဟာကို ဆရာငါတို့က ပြောင်းလဲပစ်မှရမယ်။ ဒီမိုကရေစီ အရပ်ဘက် လူ့အဖွဲ့အစည်းကို စစ်တပ်အုပ်ချုပ်သလို အုပ်ချုပ်လို့ မရဘူး။ စစ်တပ်ပုံစံသွင်းလို့ မရဘူးဆိုတာကို သဘော ပေါက်နား လည်ဖို့လိုတယ်။
မေး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပေမဲ့ လက်ရှိအခြေအနေကို ဆရာဘယ်လိုမြင်မိပါသလဲ။
ဆရာကတော့ အစောကြီးကတည်းက ဒါတွေကို သိထားပြီးသား မြင်ထားပြီးသားဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အ စောကြီးကတည်းက ဆရာပြောထားပြီးတဲ့အတိုင်းပေါ့ စစ်တပ်နဲ့ ဒီမိုကရေစီဆိုတာ ပြဒါးလမ်း သံတလမ်း ဖြစ်တယ်။ အဲ့ တော့ စစ်တပ်က ဒီမိုကရေစီရောက်အောင် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပေးမယ်လို့ ဆရာက မယုံခဲ့ဘူး။ မယုံ ခဲ့တဲ့အတွက် မီဒီယာတွေမှာလည်း ဆရာပြောခဲ့ပြီ ဆောင်းပါးအဖြစ်နဲ့လည်း ဆရာရေးခဲ့ပြီ ခေါင်းစဉ်ကတောင်မှ ယိမ်းက တဲ့အထဲ မပါတော့ဘူးတဲ့၊ ဒီမိုကရေစီ ယိမ်းကတဲ့အထဲ ဆရာဝင်မပါတော့ဘူးလို့ ဆရာပြောခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆရာက ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ ဒီမိုကရေစီနဲ့ပတ်သက်တာတွေ ပြောလဲမပြောတော့ဘူး။ ရေးလည်းမရေး တော့ဘူး။ မသိကျိုးကျွန်ဘဲ နေလိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ဆရာက မယုံကြည်ဘူး။ မယုံကြည်တဲ့အတွက် ဆရာက အဲ့လို ပြတ်ပြတ်ပဲ ပြောခဲ့တယ်။
အခုလည်းပဲ ဒါက လက်တွေ့ဖြစ်လာရပြီ သူတို့နဲ့ ရသလောက်ကလေးတိုးပြီးတော့ လုပ်ကြတာပေါ့ဆိုပြီး ၀င်လာတဲ့ နိုင် ငံရေးပါတီတွေတောင်မှ နှဖူးတွေ့ ဒူးတွေ့ တွေ့အခါကျတော့ သူတို့ ကောင်းကောင်းကြီး အကြောင်းသိကုန်ကြပြီး။ (complain) တွေ အမျိုးမျိုးတက်နေကြတယ် ရွေးကောက်ပွဲကော်မရှင် ကန့်ကွက်စာတွေ အမျိုးမျိုးပို့နေကြတယ်။
သို့သော်လည်း ဘာမှမထူးခြားဘူး။ အဲ့ဒါကို ဆရာ့အနေနဲ့ကတော့ ဒီလွှတ်တော်ပြီးသွားရင်လည်း ဘာမှထူးမယ်လို့ မ ထင်ဘူး။ ရွေးကောက်ပွဲပြီးသွားလည်း ဘာမှ ထူးမယ်လို့မထင်ဘူး။ ဒါကြောင့်မို့ ဆရာက ပြောခဲ့ပြီ။ အရင်တုန်းကလည်း ဆရာ အကြိမ်ကြိမ်ပြောခဲ့တယ် ၇၄ တုန်းကလိုပဲ ဘာမှမထူးပါဘူးလို့၊ ၇၄ တုန်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာထက်စာရင်တော့ ရှိတာက ကောင်းတာပေါ့ ဆိုပြီးတော့ ထောက်ခံခဲ့ကြတာပဲ၊ မဲပေးခဲ့ကြတာပဲ။ အဲ့ဒီနောက် ရွေး ကောက်ပွဲတွေ သုံးလေးကြိမ်လုပ်ခဲ့တာပဲ တိုင်းပြည်ရဲ့အခြေအနေက ဘာထူးလဲ၊ ဘာမှမထူးဘူး။ အဲ့လို ရွေးကောက်ပွဲ တွေ အခြေအတင်လုပ်ရင်း တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတာပဲ၊ အခုလည်းပဲ ဒီရွေးကောက်ပွဲ ပြီးလည်းပဲ အသွင်သဏ္ဍာန်သာလျှင် ပြောင်းသွားတာပေါ့၊ အနှစ်သာရက ပြောင်းမသွားဘူး။ ရွေးကောက်ပွဲပြီးသွားလည်း ပဲ ဒီလို အခွင့်အရေးတွေ ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အ၀ရလိမ့်မယ်လို့ မထင်မိဘူး ဒါ ဆရာတဦးတည်းရဲ့ ထင် မြင်ချက်ပဲ။
၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းကနေပြီးတော့ ဦးနေ၀င်းကို အာဏာလွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ် သားအစိုးရ ပေါ်လာခဲ့တာပဲ။ အခုလည်းပဲ ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးသိန်းစိန် ကို အာဏာလွှဲပေးလိုက်တဲ့အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရပေါ်လာမှာပဲ၊ ဒါပဲ ကွာခြားသွားမှာပဲ။ အနှစ်သာရအားဖြင့်တော့ ဘာမှထူးခြားမှာ မဟုတ် ဘူးလေ။
ဗိုလ်ချုပ်ကြီးသိန်းစိန် က စစ်သားပဲ၊ ဦးသိန်းစိန် ဖြစ်သွားလည်း သူ့ရဲ့ခံယူချက်တွေ သူ့ရဲ့အမှုအကျင့်တွေ သူ့ရဲ့ စရိုက် တွေကတော့ စစ်သားစရိုက်ပဲ ရှိနေအုန်းမှာပဲ။
အဲ့တော့ .. ဆရာကတော့ အနှစ်သာရအရ ဘာမှ ထူးမယ်မထင်ဘူး။
www.naytthit.net 

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List