မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

လမ်းကလေး


လမ်းကလေး
ကမာပုလဲ

ခပ်ကြမ်းကြမ်း ဖြောင့်စင်းခဲ့
ချိုင့်၊ ကမူ၊ ဆူးငြောင့်ခလုတ်တို့
မိမွေးတိုင်း ဖမွေးတိုင်း နေရာယူထားကြ။

သူ ပေးခဲ့တာ
ခရီးသွားတွေအတွက် … မေတ္တာတရား
သူ ပြန်ရခဲ့တာက
အမနာပ
ကျိန်စာ
အမုန်းနဲ့ တစစ လုံးပါးပါးလာမှု …။

သူ့ဘ၀ကို စတင်လိုက်ကတည်းက
အစစအရာရာ မပြည့်စုံခဲ့တာပါ။

ဘာကိုမျှ မငြင်းဆန်ခဲ့ဘူး
သူ့သဘောသူဆောင်နေတဲ့ စကြ၀ဠာကြီးမှာ
ငြင်းပယ်ဖို့လည်း မကြိုးစားခဲ့ဘူး၊
သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ ဘဒ္ဒကမ္ဘာကြီးမှာ
သူ့အတွက်ဆို ဘာဆိုဘာမျှ မတောင်းဆိုခဲ့ပါဘူး၊
သူ့သဘာသူ ယုံယုံကြည်ကြည် တည်ဆောက်နေဆဲ …
ဒဏ်ရာအနာတရတွေနဲ့ လမ်းကလေး
အမေ့ရဲ့ မျှော်လင့်ခြင်းမျက်ဝန်းထဲကနေ
လှလှပပ
ထာဝရ စီးဆင်းသွားခဲ့တယ် ...။ ။

ကမာပုလဲ
၂၂၊ ၁၀၊ ၂၀၁၀

ဂီရိမုန်တိုင်းအလွန်

ရခိုင်ကမ်းရိုးတန်းကို အားအလွန်ပြင်း မုန်တိုင်းဝင်ရောက်

ဒီကနေ့ ညနေ ၄ နာရီလောက်က ရရှိတဲ့သတင်းအရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အခုအခါ အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး ဒီနေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူဘက်ကို ၀င်ရောက်မယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီညနေပိုင်းမှာ စတင်ဝင်ရောက်ခဲ့တဲ့ အဲဒီ မုန်တိုင်း ဟာ အခုဆိုရင် အညိုရောင် အရေးပေါ်အဆင့်ကို တိုးမြှင့် သတ်မှတ်လိုက်ရပါပြီ။ လေတိုက်နှုန်း ကလည်း မိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။
ဒီကနေ့မှာတော့ ရခိုင်ကမ်းရိုးတန်းကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေအားလုံးကို ရပ်နားထား ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းနဲ့ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၄ ရက်လောက်က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနေ့မနက်က မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိခဲ့ပြီး မနေ့ညနေပိုင်းမှာတော့ အားကောင်းတဲ့ အမည်တပ် ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။  အခုအခါ ဂီရိလို့ အမည်သတ်မှတ် ထားတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ ဒီကနေ့ ညနေမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူဘက်တွေကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၄ နာရီခွဲအချိန် တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနှင့် ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဂီရိသည် အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး ရခိုင်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်နေပါသည်။
“အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဂီရိသည် လက်ရှိ အခြေအနေမှာ အညိုရောင် အရေးပေါ် အခြေအနေ အဆင့်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေပါသည်။ မုန်တိုင်းကြီး၏ ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၁၀၀ ခန့်ရှိပြီး တခါတရံ ၁၂၀ အထိ ရှိနိုင်ပါသည်။ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တော မြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ မင်းပြားမြို့နယ်တွင် မုန်တိုင်းဒီရေ အမြင့်ဆုံး မှာ ၁၂ ပေခန့် မြင့်တက်လာမည် ဖြစ်ပါ၍ မုန်တိုင်း ဂီရိ အန္တရာယ် ကျရောက်နိုင်သည့် အဆိုပါ ဒေသများရှိ ကမ်းရိုးတန်းနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ရှောင်ရှားရန် လိုအပ်ပါသည်။
“ထို့အပြင် မုန်တိုင်းကြီးသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည့်အတွက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် ကုန်းမြင့်တောင်စောင်းများ အနီးနှင့် မြေနိမ့်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေနှင့် မြေပြိုမှု အန္တရာယ်များကိုလည်း သတိပြု ရှောင်ရှားရန် လိုအပ်ပါသည်။
“မုန်တိုင်းကြီး၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင် လေသည် ရခိုင်ကမ်းရိုးတန်း တလျှောက်တွင် တစ်နာရီလျင် မိုင် ၈၀ မှ မိုင် ၁၀၀ အထိ တိုက်ခိုက် နိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သည့်အတွက် ပင်လယ် ကမ်းနီး ကမ်းဝေး ငါးဖမ်ရေယာဉ် သင်္ဘောများသည် မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်။”
လက်ရှိဖြစ်ပေါ်နေတဲ့ ဂီရိမုန်တိုင်းရဲ့ ပြင်းအားဟာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကုန်း တွင်းပိုင်းကို မ၀င်ရောက်မီ ပြင်းအားအဆင့်ထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်တွေမြို့မှာတော့ ဒီကနေ့ နေ့ခင်းပိုင်းကစပြီး လေပြင်းတိုက်ခတ်ခဲ့ရာမှာ ညနေ ၄ နာရီမှာတော့ လေဟာ ပိုပြင်းထန် လာတယ်လို့ ပြောပါတယ်။
“စစ်တွေမှာဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ရာသီဥတုက နည်းနည်းပိုပြီး ဆိုးလာတယ်။ လေပြင်း တွေဘာတွေ တိုက်လာတယ်။ ပထမ တိုက်တုန်းကထက် လေက ပိုလာတယ်။ ခန့်မှန်းခြေကတော့ ၃၀ ကနေ ၄၅ လောက်တော့ ဖြစ်နိုင်ပါတယ်။ လူတွေကတော့ အတွေ့အကြုံရှိပြီးသားဆိုတော့ သိပ်ပြီး တော့ မထူးခြားသေးပါဘူး။ ပတ်ပြီးတော့လည်း အော်နေတယ်။ အာဏာပိုင်တွေကလည်း ဒီမှာ။ သတိထားဖို့အကြောင်းနဲ့ မုန်တိုင်းဟာ ၁၀၀ အထိ တိုက်မယ်လို့ သူတို့ကတော့ ကြိုပြီး ပြောထားတယ်။”
ကျောက်ဖြူမြို့ဘက်မှာလည်း မနက်ခင်း ၇ နာရီ လောက်ကစပြီး မုန်တိုင်းလေပြေ စတင်ဝင်ခဲ့ရာက နေ့ခင်း ၁၂ နာရီလောက်မှာတော့ ခန့်မှန်းခြေ မိုင် ၃၀ ကျော်လောက်အထိ တိုက်ခတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းမှာတော့ ကျောက်ဖြူမြို့ကို ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူနဲ့ စစ်တွေကြားမှာတည်ရှိတဲ့ မြေပုံမြို့က ဒီနေ့ ညနေ ၄ နာရီခွဲအချိန် ရာသီဥတု အခြေ အနေကိုတော့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။
“လေတော့ အရမ်းတိုက်နေပြီ ဒီမှာ။ ၄ နာရီလောက်က လူတွေတော့ ပြေးကုန်ကြပြီပေါ့။ မ. ယ. က တို့ကတော့ ကြော်ငြာတွေ ဘာတွေ လုပ်ထားတယ်။ မိုင် ၇၀- ၈၀ နှုန်းလို့တော့ ပြောတယ်။”
တောင်ကုတ်မြို့နဲ့ ကျောက်နီမော် ဘက်တွေမှာလည်း နေ့ခင်း ၁၂ နာရီလောက်ကစပြီး လေပြင်း စတင်တိုက်ခတ်ခဲ့ရာမှာ မိုင် ၃၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒေသခံတွေရဲ့အပြောအရ အပြောအရ မာန်အောင်ကျွန်းဘက်မှာ တိုက်တဲ့လေဟာ ပိုပြင်းတယ်လို့လည်း သိရပါတယ်။ မာန်အောင်ကျွန်းဘက်ကိုတော့ ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ မုန်တိုင်းဗဟိုဟာ ညနေ ၆ နာရီခွဲလောက်မှာ ရခိုင်ကမ်းရိုးတမ်းကို ၀င်ရောက်နိုင်ကြောင်း ဖော်ပြပါတယ်။ ဦးထွန်းလွင်က ဒီ မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတမ်းကို ဖြတ်ကျော်ပြီးရင် အတွင်းပိုင်းကို ဆက်လက် ၀င်ရောက်နိုင်မယ်လို့ ခန့်မှန်းပါတယ်။
“ဒီလောက်အထိ တက်လာပြီးရင် သူ ချက်ချင်းတော့ အားပျော့ ပျက်သွားမယ်လို့တော့ မထင်ဘူးဗျ။ ဒီကောင်မနက်ဖြန် ညနေလောက် အထိတော့ ဆက်ရှိမယ်လို့ ကျနော် ထင်တယ်။ ကုန်းတွင်းပိုင်းကို ဆက်သွားမှာပေါ့နော်။ ရခိုင်ရိုးမကို ကျော်ရမှာပေါ့လေ။ ကျော်ပြီးတော့ အရှေ့ဘက်ကို ဆင်းလိုက် တာနဲ့ အဓိက သူ့ရဲ့ affect ရှိမယ့် ဧရိယာကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းပါပဲ။ နံပါတ်တစ်က မကွေးက စမယ်ပေါ့။ မကွေးပြီးရင် မန္တလေး၊ ပြီးရင် စစ်ကိုင်းအောက်။ ဒီ ၃ ခုကတော့ မိုးရနိုင်တယ်လို့ ကျနော် ထင်ပါတယ်။”
ဒီကနေ့မှာတော့ ရခိုင်ကမ်းရိုးတမ်းက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း စတဲ့မြို့တွေကို  ပျံသန်းမယ့် ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။ မုန်တိုင်းငြိမ်သက်သွားမှ ပုံမှန် ခရီးစဉ်တွေ ပြန်စမယ်လို့ စစ်တွေမြို့က ရန်ကုန်အဲဝေး လေကြောင်းလိုင်းက တာဝန်ရှိသူ တယောက်က ပြောပါတယ်။
Eleven Media Group ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ရခိုင်ကမ်းရိုးတမ်းသာမက မြစ်ဝ ကျွန်းပေါ်က ရေကြောင်းခရီးစဉ်တွေကိုပါ ယာယီ ရပ်ဆိုင်းထားတယ်လို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒေါ်စု နေအိမ်အကျယ်ချုပ် အမှု အယူခံ တရားရုံးချုပ် လက်ခံ

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ NLD ဘက်ကနေ တရားရုံးချုပ်ကို အထူးအယူခံ တင်ထားတာကို တရားရုံးချုပ် ရန်ကုန်က ဒီကနေ့ပဲ လက်ခံလိုက်ပါပြီ။ ဒါဆိုရင် ဒီအမှုက ဘယ်လိုဆက်သွားမလဲ ဆိုတာကို မသင်းသီရိက တင်ပြပေးထားပါတယ်။
တရားရုံးချုပ် ရန်ကုန်က အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အထူးအယူခံလွှာကို ပထမအဆင့် အနေနဲ့ တရားသူကြီး ၃ ဦးက ဆုံးဖြတ်ပြီး လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါကို လက်ခံလိုက်တယ်လို့ ဒီအကြောင်းကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို အတည်ပြုချက် ပေးပါတယ်။
“ကျနော်တို့ ဒီနေ့ ညဦးပိုင်းမှာ သိရတယ်။ ကျနော်တို့လိုပဲ တရားရုံးချုပ် ရှေ့နေ ဦးကျော်ဟိုးက လှမ်းအကြောင်းကြားတယ်၊ လက်ခံလိုက်ပြီတဲ့။ ကျနော်ကိုယ်တိုင်တော့ မတွေ့သေးဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီဟာ မှန်ပါလိမ့်မယ်။ အဲဒီဟာကို လက်ခံလိုက်တယ်ဆိုရင် ကျနော်တို့က နောက်တဆင့် အမှုပေါ်တဲ့ အချိန်မှာ နေပြည်တော်မှာ အပြီးသတ် လျှောက်လဲချက် ပေးရမှာပါ။ အဲဒါအတွက် ကျနော်တို့ စောင့်ရမှာ။”
ဒုတိယအဆင့်ကတော့ နေပြည်တော်မှာ ရှိနေတဲ့ တရားရုံးချုပ်က ၅ ဦးထိုင် တရားသူကြီးတွေက အမှုကို ထပ်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ အမှုအတွက် နောက်ဆုံးအဆင့် ဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်မယ်ဆိုရင်တော့ ချက်ချင်း နေအိမ် ထိန်းသိမ်း ကန့်သတ်ထားမှုတွေကနေ လွှတ်ပေးရမှာလည်း ဖြစ်ပါတယ်။
“အခုလို လက်ခံလိုက်တယ်ဆိုတာ အဓိကအားဖြင့် အရေးယူလောက်တဲ့ ဥပဒေ ပြဿနာ ပေါ်နေပြီလို့ ဒီလိုရပါတယ်။ ကျနော်တို့ စီရင်ချက် မိတ္တူတွေကို တွေ့တဲ့အခါမှာလည်း ဥပဒေကြောင်းအရ လျှောက်လဲချက် ပေးရမှာပါ။ နောက်ရက်ပိုင်းတွေမှာ ကျနော်တို့ တင်ပြပါမယ်၊ သက်ဆိုင်ရာတွေကို။”
အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ငြင်းခုန်နေရတဲ့ အဓိက အကြောင်းအချက်တွေကတော့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေနဲ့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်ထားတဲ့ အပေါ်မှာ NLD ဘက်က ခုခံ ချေပနေတာကတော့ ၁၉၇၄ ဥပဒေဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ပယ်ဖျက်ထားတာမို့ အခုဖမ်းဆီးထားတဲ့ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ အဓိက ထောက်ပြနေတာလည်း ဖြစ်ပါတယ်။

နန္ဒာသိန်းဇံ နှင့် ကန်ရေခမ်းခြင်း

အောင်မျိုးထွန်း-06,Oct,2010

ဘုရားသခင် သေပြီ....
လူမျက်နှာပျောက်သွားတဲ့ လူသား....
ကိုယ်ကလွဲ ငရဲ....
မင်းငါ့ကို ချေမှုန်းပစ်လိုက်လို့ ရ ကောင်း ရ မယ်....NO မပြောဖို့ တော့ မဖြစ်နိုင်ဘူး....
လွတ်လပ်မှုရဲ့ ဖွားဘက်တော်....


ပီတာရေ...
ပြီးခဲ့တဲ့စနေနေ့ က UMFCCI မှာလုပ်တဲ့ ဆရာနန္ဒာသိန်းဇံ ရဲ့ “ ဟိုအကြောင်း ဒီအကြောင်း ” ဟောပြောပွဲမှာ ထိုင်နေရင်း ဒီစကားလုံးတွေကို ငါတွေးနေမိတာပါ။
ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ ဘ၀အဓိပ္ဖာယ်နှင့် ဘ၀သစ္စာ၊ မှန်သောစကားကိုဆိုခြင်း တို့ က ဆရာ့ရဲ့ မှတ်တိုင်တွေဖြစ်သလို ငါ့ရဲ့ မပြီးသေးတဲ့ပန်းချီကားတွေပါဘဲ။


နိုင်ငံ့စီပွား...
ခေါင်းဆောင်ကောင်းတို့ လက္ခဏာ....
၂၀၁၀ ရွေးကောက်ပွဲအလွန်....
စီမံခန့် ခွဲခြင်းပညာ....
တရုတ်ဂုဏ်တော်ဖွင့်....

စတဲ့ နားညည်းလောက်အောင် ကြားကြားနေရတဲ့ စကားလုံးတွေရဲ့ လွတ်ရာကျွတ်ရာ “ ပို့ စ်မော်ဒန်လူသား ” အဖြစ်
လူ့ ဘ၀ထဲ ရှင်သန်နေထိုင်သွားဖို့ ကိုသာ ဆရာ ရည်ရွယ်သွားပါတယ်။



ခပ်နွမ်းနွမ်းကွက်စိပ်ပုဆိုးအနီ၊ အဖြူရောင်လက်ရှည်အင်္ကျီ၊ ဆံပင်ဖွာလန်လန်၊မျက်နှာချိုင့်ချိုင့်၊ ပိန်လျလျခန္ဓာ၊ စီးမျောမှုအပြည့်နဲ့ ဆရာ ဟောပြောနေပုံတွေဟာ ဒီခန်းမကြီးနဲ့ ဘယ်လိုမှ လိုက်ဖက်ခြင်း မရှိပေမယ့် အဲဒီ့ ဟာမိုနီလွဲနေတာကိုကဘဲ ငါ့အတွက်တော့ အလှအပတစ်ခုပါ သူငယ်ချင်း။


ဝါဒတစ်ခုရဲ့ အကျဉ်းသား မဖြစ်ဖို့ ....
ယုံကြည်ခြင်းကို အမြဲသံသယရှိနေဖို့ ....
အဆုံးတွေရဲ့ အစွန်းကို မရောက်ဖို့ ....
လွတ်မြောက်လွတ်လပ်သော လူသားဘ၀ကို ရွေးချယ်ဖို့ ....


ပီတာရေ....
အမေးအဖြေလုပ်ကြတော့လည်း လူငယ်တွေအများစုရဲ့ မေးခွန်းအားလုံးက ငါ့အတွက် အံ့သြစရာပါ။
“စည်းအပြင်က လူ” အကြောင်း၊ “ပလိပ် ” အကြောင်း၊ မားဆိုးအကြောင်း၊ သေကြောင်းကြံစည်မှုတွေ အကြောင်း၊ ဂျိန်းဂျွိုက်စ်အကြောင်း၊ Existentialism အကြောင်း၊ မောင်ချောနွယ်အကြောင်း...စုံလို့ ပါဘဲကွာ။

အနုပညာတွေ အဘောရှင်းဖြစ်ကြတဲ့ မြန်မာပြည်....
ပို့ စ်မော်ဒန်တွေ ခြေဖြတ်လက်ဖြတ်ခံရတဲ့ မြန်မာပြည်....
အရက်သောက်လို့ သိပ်ကောင်းတဲ့ မြန်မာပြည်....
အိပ်မောမကျတဲ့ မြန်မာပြည်....


” မောင်ချောနွယ်ကို ကျွန်တော်ကြိုက်ပါတယ်၊ သူက ရှေ့ ကို သိပ်ရောက်လွန်းအားကြီးနေတယ်၊
သူ့ လူ့ အဖွဲ့ အစည်းခမျာ မလိုက်နိုင်ရှာဘူး၊
ဒီမှာက ပို့ စ်မော်ဒန်ကိုသိပြီး တန်ဘိုးဖြတ်တတ်သူ ရှားလွန်းပါတယ်၊
တခြားအကြောင်းတွေလည်း ရှိမှာပါ ” ဆရာနန္ဒာသိန်းဇံရဲ့ အဖြေပါ။
အောက်က ပုံပြင်လေးတစ်ပုဒ်နဲ့ ဆရာ့ရဲ့ ဟောပြောခြင်းအဆုံးသတ်ခဲ့တယ်။

ဖလော်ဆော်ဖီဆရာကြီးတစ်ယောက်ကို ပုံခဏခဏလာပြောခိုင်းတဲ့ ကလေးလေးကို ပြောတဲ့ပုံလေးပါ။
ရေကန်လေးတစ်ခုထဲမှာ ငါးလေးတွေရယ်၊ ပုစွန်လုံးတစ်ကောင်ရယ်၊ ဗျိုင်းတစ်ကောင်ရယ် ရှိသတဲ့။
နေအလွန်ပူတဲ့ နွေတစ်ခုမှာ ကန်ရေခမ်းတော့ ငါးလေးတွေ ကြောက်စိတ်ဝင်တာကို ဗျိုင်းက အခွင့်ကောင်း ယူပြီး ဟိုးဘက်နားမှာ ဘယ်တော့မှ ရေမခမ်းတဲ့ စမ်းချောင်းလေးရှိတယ်၊
ငါ့နှုတ်သီးနဲ့ ချီပြီး တစ်ကောင်ပြီး တစ်ကောင် ခေါ်သွားမယ်လို့  စည်းရုံးတယ်။

ငါးတွေက လက်ခံကြတယ်။
ငါးတစ်ကောင်စီ သစ်ပင်ပေါ်ချီသွားပြီး စားလိုက်၊ တစ်ကောင်ပြန်လာခေါ်လိုက်နဲ့  အပင်အောက်မှာ ငါးအရိုးတွေ ပွကြဲလို့ ပေါ့။
ဒါကို ပုစွန်လုံးက ကောင်းကောင်းရိပ်မိတယ်။
ဒီလိုနဲ့ ငါးတွေကုန်သွားတဲ့အခါ ပုစွန်လုံးရေ...မင်းဘဲကျန်တော့တယ်၊
ဟိုကောင်တွေတော့ စမ်းချောင်းလေးမှာ မြူးတူးပျော်ရွှင်နေကြပြီ ဆိုပြီး ပုစွန်လုံးကို လေပြေထိုးပါတော့တယ်။

ကျုပ်က ခန္ဓာကိုယ်ကြီးတော့ ခင်ဗျားနှုတ်သီးနဲ့ ဆန့် မှာ မဟုတ်ဘူး၊ ခင်ဗျားလည်ပင်းကို ကိုက်ပြီး လိုက်ခဲ့မယ် ဘယ်လိုလဲ သဘောတူလား...လို့ ဗျိုင်းကို ညှိတဲ့အခါ ဗျိုင်းက သဘောတူလိုက်တယ်။
ဒီတစ်ခါတော့ စမ်းချောင်းလေးနားအထိ ပုစွန်လုံးကိုခေါ်သွားပြီး ငါ့လည်ပင်းလည်း နာလာပြီ မင်းဆင်းတော့ လို့ ပြောလိုက်တယ်။
ဆင်းတာနဲ့ သူ အစားခံရတော့မှာ သိတဲ့ ပုစွန်လုံးက မဆင်းတော့ဘဲ ဗျိုင်းလည်ပင်းကို ညှပ်ပြီး ဖြတ်ချပစ်လိုက်တော့တယ်။ လည်ပင်းပြတ်ပြီး ဗျိုင်းလည်း သေပါရော။
ပုစွန်လုံးလည်း တလှုပ်လှုပ်နဲ့ စမ်းချောင်းလေးထဲ ဆင်းသွားပါတော့တယ်။


ပီတာရေ....
ဒီပုံပြင်လေးကို ပြောပြီး ဖလော်ဆော်ဖာကြီးက ကလေးလေးကို မေးခွန်းထုတ်တယ်။

သူများပြောတိုင်း ယုံတဲ့ ငတုံးငအ ငါးတွေဘ၀မျိုး ကြိုက်လား....
တပါးသူဒုက္ခရောက်တာကို အခွင့်အရေးယူ၊ လိမ်ညာကိုယ်ကျိုးရှာတဲ့ ဗျိုင်းလို လုပ်မှာလား....
အင်မတန် ဂျင်ခြေလည်ပြီး သတ်ရဲဖြတ်ရဲတဲ့ ပုစွန်လုံးကို အတုယူမှာလား....တဲ့။

ကလေးလေးက ဟောဒီလို ပြန်ဖြေတယ်။
ဆရာကြီး မတရားဘူး။
ဒါတွေအားလုံးဟာ ရေခမ်းလို့ ဖြစ်တာ....
ကန်ရေ ဘာ့ကြောင့် ခမ်းတာလဲ....



AMT
အောင်မျိုးထွန်း
၆- ၁၀- ၂၀၁၀

------
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြ ပေးပါမည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတောနိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 

www.hittaing.org
www.hittai.org
www.hittai.net

ရွေးကောက်ပွဲ- အတိုက်အခံများရဲ့ သဘောထား

သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ ၏ ကြေညာချက်

Tri Colour Statement                                                            

(၃) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး ဒုက္ခသည်စခန်းမှာ ကျင်းပ



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List