မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံ


(မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့သို့ …..)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မဇ္ဈိမ
 ကျွန်နှင့် ကျွန်ပိုင်ရှင်….။
မြေယာလုပ်သားနှင့် မြေပိုင်ရှင်….။
စက်ရုံအလုပ်သမားနှင့် စက်ရုံပိုင်ရှင်…..။

လူတန်းစား ၂ ရပ်နှင့် သူတို့၏ ပဋိပက္ခတိုက်ပွဲက သွေးမတိတ်သည့် အနာအဖြစ်နှင့် ယနေ့တိုင် အသွင်သဏ္ဍာန်တမျိုးမျိုးနှင့် ရှိနေမြဲ။ ပြဿနာက …. အလေးအပေါ့၊ အပျော့အပြင်း၊ အထူအပါးသာလျှင် ခြားနားမည်။ ပျောက်ကွယ်သွားလိမ့်မည်ကား မဟုတ်….။

ဘုံအကျိုးစီးပွားတခုအပေါ်၌ အကျိုးတူပေါင်းဖက် လုပ်ကိုင်နေကြသည့် လုပ်ဖော်ကိုင်ဘက်များ ဖြစ်သည်ဟူ၍ သဘောထား၊ မထားရှိနိုင်သ၍ ရှိနေမည်ပင်…။

ထိုင်းနိုင်ငံအတွင်း တနံတလျား၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများအတွင်း၌က …. ၂ မျိုး ၂ စား ရှိ၏။ ထိုင်းအစိုးရ၏ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားကြသည့် မြန်မာအလုပ်သမားများနှင့် တရားမဝင် ဝင်ရောက်၍ လုပ်ကိုင်နေကြရသည့် မြန်မာအလုပ်သမားများဟူ၍ ဖြစ်သည်။ မြန်မာအလုပ်သမားအများစုက တရားမဝင် အလုပ်သမားများသာ ဖြစ်ကြ၏။

တနှစ်လျှင် … ထိုင်းဘတ်ငွေ ၄ဝဝဝ မျှအား ပေးချေ၍ တရားဝင် အလုပ်၊လုပ်ခွင့်ရရန် အကုန်အကျ မခံနိုင်ကြ…..။

“ကျနော်တို့ကို သူဋ္ဌေးက ပိုက်ဆံပုံမှန် ရှင်းမပေးဘူး။ အကြွေးဝယ်စားလို့ရတဲ့ ဆိုင်ကိုလည်း ပိတ်လိုက်တယ်။ အလုပ်ချိန်ကလည်း မနက် ၄ နာရီကနေ ည ၇ နာရီအထိ လုပ်ခိုင်းတယ်။ အချိန်ပိုကြေးကို တနာရီ ဘတ် ၂ဝ ပဲ ပေးတယ်။ အချိန်ပိုမဆင်းရင်လည်း တနေ့လုံး လုပ်ထားတဲ့ လုပ်အားခကို မပေးဘူး။ ပြီးတော့ ကျနော်တို့ နေထိုင်တဲ့ နေရာမှာ သောက်သုံးရေက လုံလောက်အောင် မရဘူး။ ဒါကြောင့် အလုပ်သမားတွေက အလုပ်မဆင်းဘူးဆိုပြီး ဆန္ဒပြကြလို့ သူဋ္ဌေးက ရဲကို ဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းလိုက်တာ”

ထိုင်းနိုင်ငံ ဖူးခတ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုမှ မြန်မာနိုင်ငံသား အလုပ်သမား ၉၅ ဦး အဖမ်းခံကြရ၏။ ၉၅ ဦးထဲမှ ၇၇ ဦးကမူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်ရှိ၍ ထိုင်းရဲများက ပြန်လွှတ်ပေးလိုက်၏။ ကျန် ၁၈ ဦးကမူ အချုပ်အနှောင်အတွင်း၌ အဖမ်းခံနေကြရဆဲ….။

“ကျန်ခဲ့တဲ့ ၁၈ ယောက်ထဲမှာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အလုပ်သမားတွေ ပြောတာတွေကို ဘာသာပြန်ပြောပေးတဲ့ သူတွေကို ဆန္ဒပြတဲ့နေရာမှာ ခေါင်းဆောင်တယ်ဆိုပြီး ဆက်ဖမ်းခံထားရတဲ့ သူတွေလည်း ပါတယ်။ အဲဒီလူတွေထဲက တယောက်မှာ ကလေးက ၄ လပဲ ရှိသေးတယ်။ သူ့မိန်းမကလည်း ဗိုက်ခွဲပြီး ကလေးမွေးထားလို့ ကျန်းမာရေး သိပ်မကောင်းဘူး။ အခု သူတို့နေတဲ့ နေရာကနေ သူဋ္ဌေးက မောင်းထုတ်နေတယ်။ သူတို့သားအမိ တော်တော်ဒုက္ခရောက်နေတယ်”


(ခ)

ညောင်ဦးကမ်းပါးပြိုခြင်းနှင့် စံပနဂိုက နွားမပေါင်းကျိုးခြင်းက ဆက်စပ်၍ မရသော်လည်း ….. အိမ်ဖြူတော်အပြိုကမူ ….. ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့်ကား ဆက်စပ်၍ နေသည်။ မြန်မာအလုပ်သမားများအား ထိ၏။

ဥရောပနှင့် အမေရိကန် ဈေးကွက်များမှ ဝယ်လိုအားကျလာသည့်အတွက် ထိုင်းလုပ်ငန်းရှင်များထံသို့ ဥရောပ၊ အမေရိကန် ဈေးကွက်များမှ ကုန်ပစ္စည်းအော်ဒါများ အမှာနည်းလာ၏။ ထုတ်လုပ်ပြီးသား ကုန်စည်များပင် ဝယ်လက်မရှိ၍ ရောင်းမထွက် ဖြစ်နေရ၏။ ဤတွင် စက်ရုံပိုင်ရှင်များက အလုပ်သမားများအား လျှော့၏။ ဦးစားပေးအလျှော့ခံရသည့် အလုပ်သမားများက  မြန်မာအလုပ်သမားများ….။ မြန်မာအလုပ်သမားတို့ အလုပ်ဖြုတ်ခံကြရသည်။ ဤသို့သော …. အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားတို့က ထိုင်းနိုင်ငံ တနံတလျား၌ ရှိ၏။ ဤအတွင်း၌ …. မဟာချိုင်ခရိုင်အတွင်းရှိ ‘ကီလိုစီစုန်မုန်းမိုင်’ ရှိ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမား ၄ဝဝ ကျော်လည်း ပါရှိ၏။

"ကျမတို့ အလုပ်ဆင်းသွားတာနဲ့ အလုပ်ဖြုတ်လိုက်ပြီလို့ အလုပ်သမားခေါင်းဆောင် (ဝဏ္ဏ) က ဆီးပြီးပြောပါတယ်။ ကျမတို့ တော်တော်နစ်နာပါတယ်။ ပုလိပ်ကြေး ဘတ် ၆ဝဝ အလုပ်ဆင်းတဲ့ ကားခဘတ်ငွေ ၂ဝဝ၊ ပြီးတော့ ဘတ်ဖိုးဆိုပြီး လစဉ် ဘတ် ၁၃ဝဝ လောက်က ပုံမှန်ဖြတ်ပါတယ်။ အလုပ်ပျက်ရက်ဆိုပြီးတော့လည်း ဖြတ်တယ်။ ပေးတဲ့ဈေးနှုန်းက တနေ့ကို ၂ဝ၃ ဘတ်၊ အချိန်ပိုကြေးက တနာရီ ၃၈ ဘတ်ပါ။ ဒါပေမဲ့ ကျမတို့ လစဉ် လစာထုတ်ရင် ဘတ် ၂ဝဝဝ ထက်ပိုပြီး မရဘူး။ မနေ့က ၁၅ ယောက် အလုပ်ဖြုတ်ခံရပါတယ်။ နေ့စဉ် ဖြုတ်လာလိုက်တာ အခုဆိုရင် လူ ၂ဝ ကျော်လောက်ပဲ ကျန်တယ်။ ဘာဖြစ်လို့ အလုပ်ဖြုတ်လဲဆိုတော့ လုပ်ထားတဲ့ ကုန်ပစ္စည်းတွေက ရောင်းမထွက်တော့ နောက်ထပ် လုပ်စရာ အလုပ်မရှိဘူးလို့ ပြောပါတယ်။ ကျမတို့ဆီက လစဉ်ဖြတ်ထားတဲ့ ငွေတွေကိုတော့ ပြန်ရချင်တာပေါ့နော်”

(ဂ)

ကမ္ဘာ့အလုပ်သမားများ၏ မေလ ၁ ရက်နေ့ … အလုပ်သမား တော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ခဲ့သည်မှာ ရာစုနှစ်တခုပင်လျှင် စွန်း၍နေခဲ့ပြီ….။

တနေ့လျှင် …. အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်ရန်….။
လုပ်အားခခေါင်းပုံဖြတ်မှု မရှိရေး….။
အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်၊ အခွင့်အရေးများက ကမ္ဘာကြီး၏ နေရာဒေသအသီးသီးတွင် တည်တံ့အသက်ဝင်နေသော်လည်း …. ထိုင်းနိုင်ငံ “ရပ်ခ်ျဘူရီခရိုင်၊ တန်ဘွန်နမ်ကယောက်၊ အန်ဖေဆိုတာလန် အမှတ် ၅ဝ/၁” တွင် ရှိသည့် “ဖွိုင်ချော့ဖိုင်စစ်” ဆန်စက်ဝင်းအတွင်း၌မူ အသက်မဝင် …..။ ထိုဆန်စက်အတွင်း လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများ၏ အခြေအနေက ကမ္ဘာဟောင်း အလုပ်သမားတို့၏ ဘဝအတိုင်းသာ ကျန်ရှိ၍နေဆဲ …..။

“ကျနော်တို့ မနက် ၇ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ လုပ်ပြီး၊ နေ့လည် ၁၂ နာရီ မိနစ် ၄ဝ ဆိုရင် ပြန်ဆင်းရတယ်။ ညနေ ၆ နာရီမှ အလုပ်ပြီးပါတယ်။ မနက်ပိုင်းမှာ နာရီဝက်၊ နေလည်ထမင်းစားချိန်မှာ မိနစ် ၂ဝ၊ ညနေပိုင်းမှာ ၁ နာရီ အပိုလုပ်ပေးနေရတယ်။ လုပ်အားခက ပိုမပေးပါဘူး။ လူသစ်ကို တနေ့ ၁၅ဝ ၊ လူဟောင်းဆိုရင် ၁၈ဝ ပဲ ရပါတယ်။ အဆိုးဆုံးက လုပ်အားခ ၁၅ ရက်စာ ထုတ်မပေးဘူး။ ရက်ပေါင်ထားရတယ်။ ထွက်မယ်ဆိုရင် အဆုံးခံပြီး ထွက်ရတယ်။ သွားတောင်းရင်ပဲဖြစ်ဖြစ် အလုပ်ထွက်မယ်ဆိုရင်ပဲဖြစ်ဖြစ် သူဋ္ဌေးကို သွားပြောရင် ပုလိပ်ကို ဖမ်းခိုင်းလိုက်တော့တာပဲ”

ထိုထက်ဆိုးသည်က …. ဘန်ကောက်ရှိ ပိုက်ဆံအိတ်အမျိုးမျိုး ချုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမများ၏ ဘဝ…..။

အသက် ၁၈ နှစ်မျှသာ ရှိသေးသည့် မြန်မာအလုပ်သမ ၁၃ ဦးနှင့် မြန်မာအလုပ်သမား ၂ ဦးတို့အား ဘန်ကောက်ရှိ “စံထော်ဘူလီတရားရုံး” က …. ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်အတု ကိုင်ဆောင်ထားမှုနှင့် ထောင်ဒဏ် ၄ နှစ်ခွဲစီ ချလိုက်၏။ အမှန်တွင်မူ …. အလုပ်သမများက …. သူတို့ကိုင်ဆောင်ထားသည့် လက်မှတ်အား အတုဟူ၍ မသိ….။ အလုပ်ရှင်သူဋ္ဌေးက အတုများ လုပ်ပေးထားခြင်း ဖြစ်၏။ အလုပ်သမားလက်မှတ် လုပ်ဆောင်ရန် ကုန်ကျစရိတ်များကိုမူ သူဋ္ဌေးက လစဉ်လုပ်အားခများအတွင်းမှ ဖြတ်ယူပြီး သူ၏ အိတ်ဖောင်းဖောင်းကြီး အတွင်းသို့ ထည့်၏။ သူ၏ ဝမ်းစူစူကြီးအတွင်းသို့ မြို၏။ အမှုရင်ဆိုင်ရသည့် အချိန်တွင်မူ …. မြန်မာအလုပ်သမားများသာ ထောင်နန်းစံသွားခဲ့ကြရ၏။ အလုပ်ရှင်သူဋ္ဌေးကမူ အေးရာအေးကြောင်း …..။

“မနေ့က ထောင်ဒဏ် ၄ နှစ်ခွဲ ချလိုက်ပါတယ်။ ကျမတို့လည်း ဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်း မသိဘူးလေ။ သူဋ္ဌေးတော့ ဘာမှမဖြစ်ပါဘူး။ ဘန်ဘော်စံ ထောင်မှာလို့တော့ ကြားတယ်။ သူဋ္ဌေးကို ကျမတို့ နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်) လုပ်ခ တယောက်ကို ဘတ်ငွေ ၆ဝဝဝ ပေးရတယ်။ ပုလိပ်ဖမ်းတော့လည်း ရှင်းမပေးဘူး။ အခုတော့ ကျမသမီးတို့ ထောင်ကျခံနေရပြီ”

(ဃ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံအလုပ်သမများ၏ အခြေအနေက …. လုပ်ငန်းခွင်လုံခြုံမှု ဟူသည်ကား နတ္တိ…..။ လုပ်ငန်း၏ သဘောအရသည်ပင် ကြက်ပေါင်းစေးခြစ်သည့် လုပ်ငန်းက ညဥ့်သန်းခေါင်ကျော် နံနက်လင်းအားကြီး အချိန်များ၌ လုပ်ရခြင်းဖြစ်သည်။ ရာဘာပင်ခြံကျယ်ကြီးအတွင်း ညအမှောင်၌ ရာဘာစေးခြစ်ကြရခြင်း ဖြစ်သည်။ ဆိတ်ကွယ်ရာအရပ် အမှောင်ထုနှင့် တဦးတည်း၊ တယောက်တည်း လုပ်ကိုင်နေကြရခြင်းက ဓားပြနှင့် မုဒိန်းကောင်များအတွက် အခွင့်အလမ်း ရှိနေသကဲ့သို့ ….။

“သူက ရာဘာပင်ဘက်ကို လှည့်ပြီး ရာဘာအစေး ခြစ်နေတုန်း နောက်ကနေ ရောက်လာတယ်။ ပြီးတော့ အတင်းဆွဲလှဲပြီး မုဒိန်းကျင့်ဖို့ ကြိုးစားတယ်။ ပါးစပ်ကိုလည်း လက်နဲ့ အတင်းပိတ်ထားတယ်။ ကောင်မလေးက အတင်းရုန်းကန်ပြီး ထွက်ပြေးတော့ နောက်ကနေ ဓားနဲ့ လှမ်းခုတ်လိုက်တာ နောက်စေ့ကိုထိပြီး လဲကျသွားလို့ သူတို့က သေပြီထင်ပြီး ထားခဲ့တာ။ ကောင်မလေးကလည်း သေချင်ဟန်ဆောင်ပြီး ငြိမ်နေလိုက်တယ်။ သူတို့ထွက်သွားတော့မှ သူ့ယောက်ျားကို အော်ခေါ်ပြီး ဆေးရုံသွားရတာ။ ဒဏ်ရာကို ၂၃ ချက် ချုပ်လိုက်ရတယ်။ ကောင်မလေးက အခုတော့ အိမ်ပြန်ရောက်နေပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်။ အလုပ်ပြန်လုပ်ဖို့ မပြောနဲ့ အပြင်ထွက်ရမှာကိုတောင် ကြောက်နေတယ်။ သူ့ရဲ့အနောက်မှာ လူအရိပ်တွေ လိုက်နေပြီး အန္တရာယ် ပေးနေသလို ခံစားနေရတယ်လို့ ကျနော်ကို ပြောပြတယ်။”

သောက …. နာကျဉ်မှု၊ မျက်ရည်များနှင့် မြန်မာအလုပ်သမတို့၏ ဘဝများ ….။ အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံများ ….။ အမှောင်တွင်းမှပင် အလင်းရောင်အား ရှာဖွေ၍နေကြရ၏။

“အလုံးစုံသော ကာယ ဝဇီ.မနော.ဒုစရိုက် အညစ်အကြေးကို စင်ကြယ်သော သီလတည်းဟူသော ရေစင်ဖြင့် ဆေးကြောလတ္တံ ….

ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်ကို လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပစ်လတ္တံ ….

စိတ်နှလုံးပူဆွေးသူတို့၏ နှပ်ရည်ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပစ် လတ္တံ …..

လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်းမုန့်ပေးလတ္တံ …..

လက်ဝဲလက်ဖြင့် ပြည်သူအပေါင်းအား ပစ္စည်း၊ ဥစ္စာ၊ အဝတ်ပုဆိုးပေးလတ္တံ ….”

(မြန်မာသက္ကရာဇ် ၄ဝ၂ခုနှစ် ကျန်စစ်သားမင်းကြီး ရေးထိုးလှူဒါန်းခဲ့သော ရွှေစည်းခုံမွန် ကျောက်စာမှ)

ဒေါ်စု နေအိမ်ပြင်ခွင့် ရပြီ



အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ခဲ့သဖြင့် နေအိမ်ပြုပြင်မှု ၄ လကျော် ရပ်ဆိုင်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား မြို့တော်စည်ပင်က ပြင်ဆင်ခွင့် ပြန်လည်ခွင့်ပြုလိုက်သည်။

အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယမန်နေ့က အမိန့်စာထုတ်ပေးလိုက်ခြင်းဖြစ်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်ကို ဆက်လက်ပြင်ဆင်တော့မည်ဖြစ်သည်။

“အင်းယားကန်ဘက်က ဝင်းထရံတွေကို ဝါးကပ်တွေ ပြန်ကပ်တာ ပြီးသွားပါပြီ။ အလုပ်သမားတွေ စတင် အလုပ်လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ လုံခြုံရေးကို တင်ပြထားပါတယ်။ အဲဒါကတော့ မရသေးဘူး။ ခေါင်မိုးတွေကတော့ ကြာပြီဆိုတော့ အက်ကွဲနေတဲ့အတွက် လဲရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ဦးထင်ကျော်နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် အထူးရဲသတင်းတပ်ဖွဲ့ထံ စာရေးတင်ထားကြောင်း ပါတီသတင်းရပ်ကွက်က ပြောသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် နေအိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် မြို့တော်စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ယခုလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် အိမ်အမွေဆိုင် အငြင်းပွားခဲ့သော ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ ပြုပြင်သည်ဟုဆိုကာ စည်ပင်သို့ ကန့်ကွက်ရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ရပ်နားခဲ့ရသည်။ ယခုလ ၆ ရက်နေ့တွင်မူ ဦးအောင်ဆန်းဦး၏ တားဝရမ်း လျှောက်ထားမှုအား တိုင်းတရားရုံးက ပယ်ချပစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ပင် နေထိုင်ခဲ့သည်။

နအဖကို NLDတရားစွဲ၊ တရားရုံးချုပ် လက်ခံ

E-mail Print
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်း အပေါ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ယမန်နေ့က တရားစွဲဆိုထားရာ ဗဟို တရားရုံးချုပ်က လက်ခံ ဆောင်ရွက်နေသည်ဟု  ယနေ့ အကြောင်း ပြန်ကြားခဲ့သည်။


ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
NLD သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးပါတီ အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပါတီ ဖြစ်သည်။ ယခု ပြန်လည် မှတ်ပုံမတင်ပါက  နိုင်ငံရေး ပါတီ အဖြစ်မှ ပယ်ဖျက်မည်ဟု မတ်လတွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသည်  NLD  အပေါ် အကျိုး သက်ရောက်မှု မရှိကြောင်း တားမြစ်မိန့် ထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးက သူတို့ ဆက်လုပ်နေပါတယ်၊ အကျိုးအကြောင်းကို တယ်လီဖုန်းနဲ့ ဖြစ်ဖြစ် စာနဲ့ ဖြစ်ဖြစ် ဆက်သွယ်ပါ့မယ် ပြောပေမယ့် ဘယ်အချိန်မှာ အကြောင်း ပြန်မယ် ဆိုတာတော့ အတိအကျ မပြောဘူး” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ရှင်းပြသည်။

NLD ၏ နောက်ထပ် တရားစွဲဆိုချက် တခုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ တရားဝင် ရပ်တည်ခွင့်ကို ရွေးကောက်ပွဲ ဥပဒေက ပယ်ဖျက်ခဲ့ခြင်းနှင့် သက်ဆိုင်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသစ်ရဲ့ ပုဒ်မ ၉၁ က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ အတွက် သူတို့တွေရဲ့ တရားဝင် ရပ်တည်ခွင့်ကို ထိခိုက်သွားစေတယ်။ ဒါကြောင့်  ပြည်သူ့ လွှတ်တော် ခေါ်ယူပေးဖို့ တရားမ အမှု စွဲခဲ့တာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ်တွင် အဆိုပါ အမှု ၂ မှုကို ယမန်နေ့ နံနက် ၁၀ နာရီက  သွားရောက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင်  မှတ်ပုံ မတင်ရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သည်။

ဝန်ကြီးချုပ်နဲ့ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ ၀င်မယ့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်း စိုးရိမ်မကင်းဖြစ်

 

30 April 2010
 VOA

Myanmars Prime Minister Gen. Thein Sein, March 
18, 2009-AP
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် (မတ်လ ၁၈၊ ၂၀၀၉)
စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရ၀န်ကြီးအချို့ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမည်နဲ့ နိုင်ငံရေးပါတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။ ဒီပါတီ ရွေးကောက်ပွဲ ၀င်လာမယ်ဆိုရင် ကြံ့ခိုင်ရေးအသင်းရဲ့ အရင်းအမြစ်နဲ့လက်ရှိ အာဏာရ အရှိန်အ၀ါတွေကြောင့် လာမယ့် ရွေးကောက်ပွဲအတွင်းမှာ မသမာမှုတွေ ဖြစ်လာ နိုင်တယ်လို့ အခြား နိုင်ငံရေးပါတီတွေက စိုးရိမ်ပူပင်နေပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီကို ဦးသိန်းစိန် ဦးဆောင်ပြီး ကော်မရှင်ထံ မနေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ ဒီကနေ့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးအသင်း ဌာနချုပ်ရုံးကို ဆက်သွယ်မေးမြန်းတော့ ရုံးတာဝန်ရှိသူတဦးက သတင်းစာဖတ်မှ ဒီကိစ္စ သူတို့သိရတာလို့ ဗွီအိုအေကို ပြောပါတယ်။ ကြံ့ခိုင်ရေးအသင်း ပါတီဖွဲ့မယ်ဆိုတဲ့ သတင်းကတော့ ထွက်နေတာကြာပါပြီ။ ဒါပေမဲ့ အစိုးရ၀န်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး ဖွဲ့စည်းတယ်ဆိုတော့ လာမယ့်ရွေးကောက်ပွဲဟာ သမာသမတ် ရှိပါ့မလားဆိုတာ နိုင်ငံရေးပါတီတွေအကြား မေးခွန်းဖြစ်လာပါတယ်။ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေကတော့ ကြံ့ခိုင်ရေးအသင်းဟာ အမျိုးသားရေးအဖွဲ့အစည်း ဖြစ်တာကြောင့် နိုင်ငံရေးပါတီအဖြစ် မပြောင်းသင့်ဘူးလို့ ယူဆပါတယ်။
"ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အလားအလာတွေကို တွက်တာပေါ့နော်။ အဲဒီအထဲမှာ အစိုးရကနေပြီးတော့ သူတို့လည်း ၀င်ပြိုင်မယ့်အလားအလာ ရှိတယ်ဆိုတာ တွက်ပြီးသားပေါ့။ ဒါပေမဲ့ ကြံ့ခိုင်ရေးကို ပါတီလုပ်တယ် ဆိုတာကတော့ ကျနော်တို့ နားမလည်ဘူးပေါ့နော်။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ ကြံ့ခိုင်ရေးက အမျိုးသားပါတီ။ အားလုံးပါတာကိုး။ ကျောင်းသားတွေရော၊ ၀န်ထမ်းတွေရော ပါတာကိုး။ အခုက အဲဒီဟာ နံမည်သုံးလိုက်တယ်ဆိုတော့ အဲဒါကိုတော့ ဒါ မဖြစ်သင့်ဘူးပေါ့နော်။"
ကြံ့ခိုင်ရေးအသင်းဟာ လူမှုရေးအသင်းဖြစ်တယ်လို့ မူလက စစ်အစိုးရက ပြောခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွေက နာယက အဖြစ် ဆောင်ရွက်သလို၊ အစိုးရအဖွဲ့ဝင်တွေ အစိုးရ၀န်ထမ်းတွေက အသင်းရဲ့ အမှုဆောင်အဖြစ် ဆောင်ရွက်ကြတာပါ။ အသင်းဝင်အင်အား ၂၄ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကြံ့ခိုင်ရေးအသင်းတခုလုံးကို ပါတီအဖြစ် အသွင်ပြောင်းလိုက်ပြီလား ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကတော့ ပါတီထောင်တာရှိသလို အသင်းကို ဆက်ပြီး ထားနိုင်သေးတယ်လို့ ယူဆပါတယ်။
"ကျနော်ထင်တာက ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို သူတို့ ဆက်ထားဦးမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းထဲမှာရှိနေတဲ့ အစိုးရ၀န်ထမ်းတွေပေါ့နော်။ civil servant တွေက ပါတီထဲကိုဝင်လို့ မရတဲ့အတွက် ဒီလူတွေအတွက်ကိုတော့ သူတို့က အသင်းကို ဆက်ထားရမှာဖြစ်ပါတယ်။ နောက်တခုကလည်း အသင်းအနေနဲ့ ပါတီရဲ့ လုပ်ငန်းတွေကို အပြင်ကနေ လူမှုရေးပိုင်းဆိုင်ရာတွေကို အကူအညီပေးလို့ ရတာကိုး။ ပါတီအနေနဲ့ ကိုယ်တိုင်လုပ်လို့ မရတဲ့ကိစ္စတွေ အသင်းက အကူအညီပေးနိုင်တဲ့အတွက် သူတို့ ဒီအသင်းကို ဆက်ထားမယ့်ပုံရပါတယ်။"
တဖက်မှာတော့ စစ်အစိုးရခေါင်းဆောင်တွေ ကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုတာကြောင့် နိုင်ငံရေး မသမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။
"အစိုးရက ကြားနေပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမျိုး ကျနော် ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနေအထားက ဘာဖြစ်လဲဆိုတော့ အာဏာရပါတီတခု ပုံစံမျိုးနဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က ရပ်တည်ပြီး ဦးသိန်းစိန်ဘ၀နဲ့ ရပ်တည်ပြီးတော့၊ ဒီအတွက် အာဏာရပါတီရဲ့ လုပ်ပိုင်ခွင့်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ ထားပြီး ဒီရွေးကောက်ပွဲကို ၀င်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ဖို့အတွက်တော့ ကျနော်တို့ စဉ်းစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဂတိမှုတွေ၊ နိုင်ငံရေး အဂတိမှုတွေ ပေါ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်လေ။"
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရဟာ နိုင်ငံဝန်ထမ်းတွေ ဖြစ်တယ်လို့ စစ်အစိုးရက တချိန်က ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် အခုလက်ရှိ ရွေးကောက်ပွဲဥပဒေအရ အစိုးရ၀န်ထမ်းတွေ နိုင်ငံရေး မလုပ်ရ၊ နိုင်ငံရေးပါတီမထောင်ရ ကန့်သတ်မှုရှိတာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့များ ငြိစွန်းနေသလား စဉ်းစားသူတွေ လည်း ရှိပါတယ်။ ဒီအတိုင်း ခွင့်ပြုချက်ရသွားပြီး နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ အခြေအနေက တဘက်သတ်ဖြစ်သွားမယ်လို့ ကိုဝင်းမင်းက ယူဆပါတယ်။
"ပါတီအနေနဲ့ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးတွေအားလုံး တော်တော်များများကို ဆက်ပြီးတော့ သုံးသွားမယ်ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် တဘက်သတ် အနေအထားဖြစ်မယ့်သဘောတော့ ရှိပါတယ်။"
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်မှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပြင် အခုလို စစ်တပ်နောက်ခံ နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတာကြောင့် လာမယ့် ပါလီမန်ထဲမှာ စစ်တပ်နဲ့ အသိုင်း      အ၀ိုင်းက ကြီးစိုးနေမယ့် လက္ခဏာလို့ ဦးသုဝေက ယူဆပါတယ်။
"သူတို့အတွက် အခွင့်အရေးကတော့ အများကြီးသာတာပေါ့။ နံပါတ်တစ်ကတော့ သူတို့က ရာထူးကလည်း ရှိသေးတာကိုး။ ရာထူးရှိတဲ့အခါကျတော့ အဲဒီအာဏာ အရှိန်အ၀ါ တွေကလည်း အများကြီး သူ့တို့အတွက် သာတာပေါ့။ နောက်တခု ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်လာတာ တော်တော်ကြာနေပြီဆိုတော့ သူတို့က တပမ်းသာတာပေါ့နော်။ နောက်ပြီးတော့လည်း သူတို့မှာ ငွေရေးကြေးရေးက ပြည့်စုံတယ်ဆိုတော့ သူတို့အတွက်တော့ သာပြီးသားပေါ့ဗျာ"
လက်ရှိအားဖြင့်တော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီပေါင်း ၃၀ ၀န်းကျင် ရှိသွားပါပြီ။ ဒီအထဲမှာ စစ်အစိုးရကိုယ်တိုင် ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီဆိုရင်တော့ အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ရှိလာပြီလို့ ပြောရမှာပါ။ 

အပစ်ရပ် SSA နယ်မြေအတွင်း တိုက်ပွဲဖြစ်

အပစ်ရပ် SSA နယ်မြေအတွင်း တိုက်ပွဲဖြစ်

E-mail Print
သျှမ်းပြည်မြောက်ပိုင်း အပစ်ရပ် SSA နယ်မြေအတွင်း အမည်မသိလက်နက်ကိုင်တစုနှင့် နအဖ စစ်ယာဉ်တန်း တို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ တိုက်ပွဲဖြစ်တာက မနေ့က မနက်ပိုင်း၊ မိုင်းရယ်ကနေ တန့်ယန်း အသွားလမ်းမှာ၊ အဲဒီဒေသက လမ်းမြောက် ဘက်ခြမ်း ဆိုရင် မန့်ပန်ဌာနေပြည်သူ့စစ်နယ်မြေ၊ တောင်ဘက်ခြမ်းက ကျနော်တို့တပ်ဖွဲ့” - ဟု အပစ်ရပ် SSA တပ်မှူး တဦးက ပြောပါသည်။

ဧပြီ ၂၉ ရက် လားရှိုးအခြေစိုက် ခလရ ၆၈ စစ်ယာဉ်တန်းတို့ မိုင်းရယ်မှ တန့်ယန်းဘက် ခရီးထွက်စဉ် ဟိုယ ကျေးရွာ အုပ်စုတွင် အမည်မသိ လက်နက်ကိုင်တစုက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ တိုက်ခိုက်မှုကြောင့် ဗမာ့ တပ်မတော်သားတဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း - ဆိုပါသည်။

“အပစ်ရပ် သျှမ်းပြည်တပ်မတော်မှာ တပ်မဟာသုံးခုရှိတယ်။ ၂ ခုက အင်အားတချို့စာရင်းပြပြီး အသွင်ပြောင်း ဖို့ လက်ခံထားတယ်။ ကျနော်တို့ တပ်မဟာ ၁ က မဟာမိတ်တပ်ဖွဲ့ သဘောတူညီချက်အရ လက်မခံဘူး။ အဲဒါ့ ကြောင့် ကျနော်တို့လက်ခံလာအောင်ဖိအားတခုအနေနဲ့သော်လည်းကောင်း၊ ခေါင်းမာနေတဲ့ ကျနော်တို့တပ်ဖွဲ့ ကိုအပစ်ရှာ တိုက်ခိုက်နိုင်အောင် ဗမာ့တပ်မတော် နဲ့ ဗိုလ်မွန်းဦးဆောင်တဲ့ မန့်ပန်ဌာနေပြည်သူ့စစ်ပေါင်းပြီး အကွက်ဆင်တာလဲ ဖြစ်နိုင်တယ်။ အမှန်တကယ်ဘယ်သူ့ လက်ချက်လဲဆိုတာ ကျနော်တို့ စုံစမ်းနေဆဲ” - အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ပြော၏။

အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ က နအဖ စစ်ယာဉ်တန်းကို ခြုံ ခိုတိုက်ခိုက်သည့် သတင်းကြောင့် အင်အားတောင့်တင်းသည့် မဟာမိတ်တပ်ဖွဲ့ ၀ပြည်သွေးစည်းရေးတပ်မတော် တပ်မှူးတဦး ကလည်း အပစ်ရပ် SSA တပ်ဖွဲ့အား ‘တဘက်က နအဖနဲ့ ပူးပေါင်းပြီး တဘက်ကလည်း နအဖကို ပြန်တိုက်နေတာ နားမလည်ဖြစ် မိကြောင်း’ သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထို့အထူ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်းအခြေစိုက် တပ်မှူးတဦးကလည်း ကြားတွင်ပိတ်ညှပ်နေသည့် အပစ်ရပ် SSA နယ်မြေ၏ လက်ရှိအခြေအနေအပေါ်သုံးသပ်ကြည့်ပါက -
၁။ အသွင်ပြောင်းဖို့ အမည်စာရင်းပေးထား သည့် အဖွဲ့နှင့် လုံးဝလက်မခံသည့်အဖွဲ့တို့မှာ မိခင် SSA  တပ်မတော်တခုတည်းဖြစ်သည့်အတွက်ကြောင့် သံယောဇဉ်ဖြတ် ရန် မလွယ်ကူမှု ဖြစ်နေကြသည်ကိုတွေ့ရကြောင်း၊
၂။ ကိုးကန့်အရေးအခင်းကြောင့် မဟာမိတ် တပ်ဖွဲ့များနှင့်လည်း ရာနှုန်းပြည့်မယုံရဲကြောင်း၊
၃။ လွယ်တိုင်းလျဲန်းအခြေစိုက် SSA နှင့် ပူးပေါင်းမည်ဆိုပါက လည်း စစ်ပွဲဖြစ်ပွားရန် တွန်းပို့ သလိုဖြစ်မည်ကို စိုးရိမ်နေပုံရကြောင်း - ပြော၏။

မည်သို့ပင်ဆိုစေ အပစ်ရပ်တပ်ဖွဲ့များအပေါ် ဧပြီ ၂၈ ရက်နောက်ဆုံး အသွင်ပြောင်းရန် နအဖ ဖိအားပေးသည့်နောက်ဆုံး သတ်မှတ်ရက်က ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။ ပေးထားသည့် ရာဇဒဏ်အတိုင်း နအဖ ဆက်လုပ်မည် ဆိုပါကပြည်တွင်း စစ်မီးဖြစ်ပွားမည်မှာမလွဲကြောင်း သျှမ်းခေါင်းဆောင်တချို့က သုံးသပ်ပါသည်။

ရယ်လိုက်ပါလားကွာ


























သံလွင်မှ

စစ်တပ်နောက်ခံ ပါတီတွေကြောင့် အရပ်ဘက် နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်မှု အားနည်းနိုင်

28 April 2010 VOA
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးရာထူး ယူထားတဲ့ စစ်ခေါင်းဆောင်ပိုင်းတွေ စစ်တပ်က ယူနီဖောင်း ချွတ်လိုက်တာကြောင့် သူတို့ဦးဆောင်တဲ့ နိုင်ငံရေးပါတီတခု ဖွဲ့လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ယူဆနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်ဟာ သူတို့ သတ်မှတ်ထားတဲ့အတိုင်း ၂၅% တင် မဟုတ်ဘဲ ပါလီမန်ထဲမှာ နေရာအပြည့် သူတို့လူတွေကို ထည့်ထားမယ့် အစီအမံ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အခု ဗုဒ္ဓဟူးနေ့ အစိုးရ သတင်းစာတွေမှာတော့ ၀န်ကြီးချုပ် ဦးသိန်းစိန်လို့ ဖော်ပြထားတာမို့ ၀န်ကြီးအဖွဲ့ အတွင်းက စစ်အရာရှိတွေ ယူနီဖောင်း ချွတ်ကုန်ပြီဆိုတဲ့ သတင်း အတည်ပြုပေးလိုက်သလို ရှိပါတယ်။ စောင့်ကြည့် အကဲခတ်တွေကတော့ စစ်အစိုးရဘက်က ကြံ့ခိုင်ရေးအဖွဲ့အပြင် နောက်ထပ် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ အရာရှိဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ အနည်းဆုံး ၃ ခုလောက် ဖွဲ့စည်းလာနိုင်တယ်လို့ တွက်ဆကြပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ကတော့ အရင် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက် ကတည်းက အခုလို စစ်တပ်က ယူနီဖောင်းချွတ်ပြီး အရပ်ဘက် အစိုးရမှာ ပါဝင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ မြန်မာစစ်တပ်မှာ အလေ့အထလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“စစ်တပ်က သူတို့ အချိန်တန်လို့ အနားယူတာပဲလား၊ သို့မဟုတ်ရင်လည်း စစ်တပ်ကနေ ထွက်မယ်၊ ဒါပြီးရင် အချိန်တန်လို့ရှိရင် ၀န်ကြီးတွေ ခန့်ပြီးတော့ ပါတီတို့ ဘာတို့ သွားပြီးတော့ စည်းရုံးရေးတွေ လုပ်မလား။ ဒီလို တွက်စရာပါ။ ကျနော်တို့ အသက်နည်းနည်းကြီးတဲ့ လူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်တုန်းက ဆိုရင် မဆလခေတ်မှာ ဒီလိုဟာမျိုးတွေ လုပ်ခဲ့တာပါပဲဗျာ။ ဦးနေ၀င်း အပါအ၀င်ပေါ့။ ကျနော်ကတော့ အဲဒီခေတ်တုန်းက ဘာပြောလဲဆိုရင် ဘောင်းဘီချွတ်ပြီး တောင်ရှည်ဝတ်တယ် ဆိုတဲ့ဟာပေါ့။”
အခုလို အလားအလာကြောင့် ဘဏ္ဍာရေးအရရော၊ လူအင်အားအရပါ အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အရပ်ဘက် နိုင်ငံရေးပါတီတွေ အဖို့တော့ စစ်တပ်က နောက်ခံပေးတဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ အားနည်းသွားနိုင်တယ်လို့ ယူဆကြပါတယ်။ ဦးဝင်းတင်ကလည်း ဒီသဘောပါပဲ။ လာမယ့် ပါလီမန်ထဲကနေ အရပ်သားအစိုးရ ဖြစ်လာလိမ့်မယ်လို့ သူက မယူဆပါဘူး။
“အစိုးရဆိုလည်း တချို့ မှန်းတဲ့လူတွေ၊ ရွေးကောက်ပွဲဝင်တဲ့ လူတွေ ကြားထဲမှာ မှန်းထားတာတွေ ရှိတာပေါ့ဗျာ။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်၊ သူတို့ ပြောပြောနေတဲ့ Political Stage တို့ ဘာတို့က ကျယ်လာမယ်၊ ဘာညာပေါ့ဗျာ။ ပြောတဲ့သူတွေ အဖို့က ဘာပဲပြောပြော သူတို့အဖို့ နေရာကို မရှိဘူး။ သူတို့ ချောင်ကပ်နေရင်တောင်မှ ကပ်လို့ ရပါ့မလား မသိဘူး။ နံရံကပ်ပြီးပေါက်တဲ့ ညောင်ပင်လိုပဲ ဖြစ်နေမလား။ နေရာမှ ရှိပါ့မလားလို့ အဲဒီလိုပဲ တွက်ရမယ်ထင်တယ်။
“အဲတော့ အခု သူတို့လုပ်မယ့်ဟာ ဒီအတိုင်းဆိုရင် စစ်တပ်ဟာ သူတို့ဟာသူတို့ စစ်တပ်က ၂၅% ယူတာတင် မကတော့ဘဲ နောက်ထပ် အုပ်စုလိုက်၊ အုပ်စုလိုက် ထွက်ပြီးတော့ သူတို့တွေရဲ့ ပါတီတွေ၊ သူတို့တွေရဲ့ အစုအဖွဲ့တွေ ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ကြဦးမယ် ဆိုရင်တော့ မြန်မာပြည်ရဲ့ ရှေ့အနာဂတ် နိုင်ငံရေးဟာ သူတို့တွေ အခုပြောနေတဲ့ ဒီမိုကရေစီ ဘာညာ ဆိုတာတွေနဲ့၊ သို့မဟုတ်ရင်လည်း စည်းကမ်းရှိသော ဒီမိုကရေစီပေါ့ဗျာ၊ သို့မဟုတ်ရင်လည်း နဖားကြိုးတပ်သော ဒီမိုကရေစီပေါ့ဗျာ၊ အဲဒါတွေနဲ့ကတော့ အတော့်ကို ဝေးတယ်။ ဒီမိုကရေစီဆော် နံဖို့ ဆိုတာတော့ အတော်ဝေးတယ်။ စစ်ဆော်နံဖို့ပဲ ပိုပြီးတော့ များတယ်။ အရပ်သား အစိုးရလို့ ပြောနိုင်လောက်တဲ့ အနေအထားတောင်မှ မရှိဘူး။ စစ်ဗိုလ်တွေ ပါဝင်တာပဲ ရှိဖို့များတယ်။ အဲဒီလိုပဲ ပြောလို့ရမယ်လို့ ကျနော်တော့ ထင်တာပဲ။”
၁၉၉၀ ရွေးကောက်ပွဲတုန်းက တကယ်တမ်းဆိုရင် စစ်တပ်က ကြားနေအနေနဲ့၊ ခုံသမာဓိ အနေနဲ့ နေခဲ့ပါတယ်။ ဘယ်သူမှ သူတို့ ၀င်ပြိုင်တာ မရှိဘူး။ ပြိုင်တယ်ဆိုတာ အရင် မဆလက အသွင်ပြောင်းလာတဲ့ တစညတို့ ဘာတို့ပဲ ရှိတယ်။ အခုအနေအထားက စစ်တပ်က ပုဂ္ဂိုလ်တွေကိုယ်တိုင် ၀င်ပြိုင်ဆိုင်မယ့် အနေအထားမှာ ဖြစ်နေတဲ့အတွက် တကယ်တမ်း စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ကြားနေဆိုတဲ့ အဆင့်အတန်း ရောက်ပါ့မလား။
“မရှိပါဘူးခင်ဗျာ။ ဒါ သိပ်ကိုထင်ရှားပါတယ်။ ထင်ရှားတယ်ဆိုတာ အခု ရွေးကောက်ပွဲ အစီအမံတွေ ကြည့်ပါ။ ရွေးကောက်ပွဲအတွက် ဥပဒေတွေ ထုတ်လာပုံတွေ ကြည့်ပါ။ ရွေးကောက်ပွဲ ဒိတ်တွေ ဘာတွေ မကြေညာဘဲနဲ့ သူတို့ ထင်သလို စီမံနေတာကြည့်ရင် စစ်တပ်က ကြားနေမဟုတ်ဘူး။ သူတို့ ဘယ်လိုပြိုင်မလဲ၊ ပြိုင်ရုံတင် မဟုတ်ဘူး၊ သူတို့ ဘယ်လိုနိုင်မလဲ ဆိုတာပါ တွက်နေကြတယ်။ ဘယ်လိုပြိုင်မလဲ အထိကတော့ ကျနော်က ပြိုင်ပါစေ၊ ပြိုင်ပေါ့။
“အခုတော့ သူတို့က ဘယ်လိုနိုင်မလဲပါ ကြည့်နေတယ်ဗျ။ ဟိုတုန်းကလို ကြားနေဆိုတဲ့ အစိုးရ သဘောမျိုး၊ ကြားနေပြီး တိုင်းပြည်ရဲ့ ရွေးကောက်ပွဲတွေ ဘာတွေ ကြီးကြပ်ပေးတယ်ဆိုတဲ့ အနေအထား လုံးဝ မရှိပါဘူး။ ဒါ တော်တော် ထင်ရှားပါတယ်။ ရှင်းပါတယ်။ အဲတော့ ဒီစစ်အစိုးရက စစ်ဗိုလ်တွေကပဲ ဒီအထဲမှာ ၀င်ပြီးတော့ ပြိုင်တာပါပဲ။ နိုင်ငံရေးပါတီတွေ ထောင်၊ ထောင်ဖို့လုပ်နေတာ၊ အခု သူတို့ပါတီတွေ ဘယ်တော့ဖွဲ့မလဲ မသိဘူး၊ ကြံ့ခိုင်ရေးပါတီလား၊ ဘာလား ဒီလိုဟာတွေက ထွက်လာဦးမယ်။”
၂၀၁၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီ အများစုကတော့ စစ်အုပ်ချုပ်ရေးကနေ တဆင့်ပြီးတဆင့် အသွင်ပြောင်းရမယ်လို့ ခံယူထားကြတာ တွေ့ရပါတယ်။ စစ်အစိုးရ နောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အဖို့တော့ ဘဏ္ဍာရေးအရပါ ပြည့်စုံဖွယ် ရှိတာမို့ လာမယ့် ၂၀၁၀ အကုန်မှာ ပါလီမန်ထဲ အရပ်သားစစ်စစ် နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ နေရာယူနိုင်မလဲဆိုတာ စောင့်ကြည့် အကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။

ရွှေတိဂုံ ကဆုန်ညောင်ရေသွမ်းပွဲတော် ယခင်နှစ်ကထက် စည်ကားမှုနည်းပါး


ရွှေတိဂုံ ကဆုန်ညောင်ရေသွမ်းပွဲတော် ယခင်နှစ်ကထက် စည်ကားမှုနည်းပါး
မိုးယံမခ၊ ဓာတ်ပုံသတင်း
မိုးမခ 
ဧပြီ ၂၈၊ ၂၀၁၀

ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် ရွှေတိဂုံရင်ပြင်တော်မှာ ယမန်နေ့ နေ့ခင်းပိုင်းကစပြီး ညောင်ရေသွန်းကြတဲ့ ဘုရားဖူးတွေနဲ့ စည်ကားခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်မှာ မဟာဗောဓိညောင်ပင်များကို အရှေ့တောင်ထောင့်၊ အနောက်တောင်ထောင့်၊ အနောက်မြောက်ထောင့်တို့မှာ စိုက်ပျိုးပူဇော်ထားရှိပါတယ်။ အရှေ့တောင်ထောင့်မှာ ရှိတဲ့ မဟာဗောဓိ ညောင်ပင်မှာ ညောင်ရေသွန်းတဲ့သူတွေ ပိုမိုများပြားပါတယ်။

 
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အထွတ်အမြတ်ထားရာ နေ့တနေ့ပါ။ ဘုရားဖြစ်ဖို့ ဗျာဒိတ်ရတဲ့နေ့၊ ဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ရောက်တဲ့နေ့၊ မဟာဗောဓိပင် ပေါက်ခဲ့တဲ့နေ့၊ ပရိနိဗ္ဗာန် စံတဲ့နေ့၊ စတဲ့ အလေးအမြတ် ပြုစရာ ဂုဏ်အင်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓဘာသာဝင်တွေဟာ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းခြင်းဖြင့် ကောင်းမှုကုသိုလ်အကျိုး ခံစားရတယ်လို့ ယုံကြည်ကြပါတယ်။
         “ဒီနေ့ မနက်ပိုင်းက ညောင်ရေသွန်းတဲ့သူ တော်တော်နည်းတယ်။ နေ့ခင်းပိုင်း ၃ နာရီကျော်မှ ပိုများလာတာ။ ဒီနှစ်က  ရာသီဥတု အရမ်းပူလို့ အပြင်သိပ်မထွက်ချင်ကြတာလဲ ရှိမယ်။ သင်္ကြန်တုံးက ဗုံးကွဲတဲ့ အရှိန်နဲ့ မထွက်ကြတာလဲ ဖြစ်မှာပေါ့။ မနှစ်ကလောက်တော့ မစည်တာ အမှန်ပဲ။”
          ဆိုပြီး ရင်ပြင်တော်ရဲ့ အရှေ့တောင်ထောင့်က မဟာဗောဓိညောင်ပင်မှာ ညောင်ရေသွန်းဖို့ ရေရောင်းရတဲ့ ဘုရားအကျိုးဆောင်တဦးက ပြောပါတယ်။
          
         "ဒီနေ့က ကဆုန်လပြည့်နေ့ဖြစ်ပြီး နေ့ခင်းဘက်မှ ဘုရားကို သွားတဲ့အခါ အော်ဒါရတယ်။ လူတွေက စီးပွားရေးကြပ်တယ် မဟုတ်လား လိုင်းကားပဲ တိုးစီးကြတာပေါ့။ နေ့ကြီး ရက်ကြီးမို့လို့ ကောင်းကောင်းသုံးမယ်၊ တက္ကစီ စီးမယ် ဆိုတဲ့သူ နဲတယ် ဗျ။” ဆိုပြီး ပြောတာကတော့ ဘုရားကို ဧည့်သည်လာပို့တဲ့ တက္ကစီဒရိုင်ဘာတယောက်ရဲ့ စကားသံပါ။

          သင်္ကြန်မှာ ဗုံးကွဲခဲ့တာကြောင့် အများစုဟာ လူစည်ကားရာ နေရာတွေကို သွားရမှာ စိုးရိမ်နေကြပြီး အကြမ်းဖက်မှုတရားခံ ဖော်ထုတ်ရေးနဲ့ ပတ်သက်လို့ တက္ကစီဆရာက အခုလို ဆက်ပြောပါတယ်။
“ကျနော်ကြည့်ဖူးတဲ့ ပေါ်လစီကားတခုထဲမှာ မင်းသား နိုင်းနိုင်းတို့က အင်တာပို (Interpol) ဆိုပြီး နိုင်ငံခြားနဲ့ ပူးပေါင်းပြီး မှုခင်းတရားခံဖော်ထုတ်တာတွေ ရိုက်ပြတာပဲ။ အရင် အက်စ်တူး - ဦးတင်ဦးရဲ့သမီး ဂျပန်က ပါဆယ်ဗုံး ထိတော့ ဂျပန်က တရားခံဖော်ထုတ်ဖို့ မြန်မာထောက်လှမ်းရေးနဲ့ ပူးပေါင်းမယ် ပြောတော့လည်း သူတို့ စစ်အစိုးရက လက်မခံခဲ့ဘူးလို့ ကြားတာပဲဗျ။ ဗုံးကွဲတိုင်း တရားခံမပေါ်တော့ လူတွေက ကြောက်ပြီး အပြင်သိပ်မထွက်ကြတာလဲ သဘာဝကျပါတယ်”
ဗုဒ္ဓဘာသာဝင်များအဖို့ မြတ်စွာဘုရားကိုယ်စား မဟာဗောဓိပင်ကို စိုက်ပျိုးပူဇော်ကြတယ်လို့ အဆိုရှိပါတယ်။ အဲဒီလို ပူဇော်ခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကြွလာတဲ့ သံဃာတော်တပါးက အခုလို မိန့်ဆိုခဲ့ပါတယ်။
“မဟာဗောဓိပင်ကို စိုက်ပျိုးခြင်းအားဖြင့် မဟာဗောဒိပင်ကို ညောင်ရေသွန်းခြင်းအားဖြင့် တရားတော်မှာတော့ နတ်စည်းစိမ်ခံရမယ်၊ စကြာ်မင်း ဖြစ်မယ်၊ အပယ်တံခါးပိတ်မယ် ဆိုတာတွေ ရှိပါတယ်။ ဘုန်းကြီးအနေနဲ့ကတော့ ရန်သူမျိုး ၅ ပါး စက်ကွင်းက လွတ်ကင်းတယ် ဆိုရင်ပဲ ကျေနပ်ပါတယ် ဒကာကြီးရာ

ဒီကေဘီအေနှင့် နအဖ ထိပ်တိုက်တွေ့ နယ်မြေမကျော်ရန် သတိပေးထား














NEJ

 နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖနှင့်သဘောတူညီမှု
ရရှိထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့နှင့် နအဖတပ်တို့သည် ယမန်နေ့က ကော့ကရိတ်မြို့နယ်အတွင်း ထိပ်တိုက်ရင်ဆိုင် တင်းမာမှုတရပ် ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဖလူးကျေးရွာတွင် ယမန်နေ့နံနက်၌ နအဖအမှတ် (၉) ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ ခလရ (၁၀၆) တပ်ဖွဲ့သည် ရွာသားများအား လက်နက်များဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်သောကြောင့် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဒီကေဘီအေ အမှတ် (၅) တပ်မဟာမှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။
၎င်းက “မနေ့မနက် (၈) နာရီခွဲလောက်မှာ နအဖတပ်တွေက ရွာထဲဝင်လာပြီး ရွာသားတွေကို သေနတ်နဲ့လာပြီး ချိန်တာတွေ ဘာတွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျနော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူးလေးရွာကြားက မေတ္တာလမ်းမတံတားနားမှာ ကျနော်တို့ တပ်နဲ့ နအဖတပ်နဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်” ဟုပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ နအဖဘက်မှ ဒီကေဘီအေဘက်သို့ ဖုန်းဆက်၍ တောင်းပန်ခဲ့ပြီး လက်ရှိအချိန်တွင် တဖက်နှင့်တဖက် ရန်စခြင်း၊ နယ်မြေကျူးကျော်ခြင်းများ မလုပ်ရန် သတိပေးထားကြောင်း ၎င်းက ပြောသည်။
ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တဦးက “ဒီကေဘီအေက နယ်ခြားစောင့်တပ်လုပ်ဖို့ကိစ္စကို အစိုးရနဲ့ သဘောတူပြီးသွားပြီ။ ဥက္ကဋ္ဌ ဦးသာထူးကျော်၊ စစ်ဦးစီးချုပ် ကျော်သန်းနဲ့ အဖွဲ့နာယက မြိုင်ကြီးငူ ဘုန်းကြီး ဦးသုဇနတို့ရဲ့ အစီအစဉ်တွေပဲ။ တချို့တပ်တွေက သဘောမတူတာတွေ လက်မခံတာတွေ ရှိနေတုန်းပဲ။ ပြောရရင်တော့ ဒီကေဘီအေထဲမှာလည်း အခြေအနေက သိတ်တော့ မကောင်းဘူး” ဟု ပြောသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီကေဘီအေတပ်ရင်း တပ်ဖွဲ့အသီးသီးကို ယခုလ (၂၄) မတိုင်မီ နောက်ဆုံးထား၍ လက်နက်နှင့် တပ်ဖွဲ့ဝင်စာရင်း ပေးပို့ရန် ဗဟိုမှ အမိန့်ပေးထားသော်လည်း စာရင်းမပေးသည့် တပ်အချို့ရှိနေသည်ဟုလည်း သိရသည်။
ဒီကေဘီအေမှ တပ်မှူးတဦးက “အသွင်ပြောင်းမယ့်ကိစ္စကို ဗဟိုက သဘောတူ လက်ခံလိုက်ပေမယ့် လူတိုင်းရဲ့သဘောတော့ မဖြစ်ပါဘူး။ ဒီလ (၂၈) ရက်နေ့ ကျော်ရင်တော့ ကျနော်တို့ဆီမှာ အဖြူ အမည်း ကွဲမှာပါ” ဟု ပြောသည်။
ဒီကေဘီအေအပါအ၀င် နအဖနှင့်ပူးပေါင်းသွားသည့် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတဖွဲ့တည်းသာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း အတိအလင်း ကြေညာထားသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။

ဥရောပသမဂ္ဂ ပိတ်ဆို့အရေးယူမှု ဦးဝင်းတင်ကြိုဆို


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကို တနှစ်ထပ်တိုးလိုက်ခြင်းအား ကြိုဆို သော်လည်း အားမရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ဆထက်တံပိုး တိုးပြီးတော့ ဖိအားပေးတာ လိုချင်တယ်လို့ ကျနော်တို့က ပြောနေတဲ့အချိန်မှာ တဘက်က သူတို့ (အာဏာပိုင်) နဲ့ သွားဆွေးနွေးမယ်ဆိုတော့ ကျနော်တို့ အားမလို အားမရ ဖြစ်ရတယ် ” ဟု ဗဟိုအလုပ်မှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု မရှိသဖြင့် ပိတ်ဆို့မှုများကို တနှစ် ထပ်တိုးကြောင်း လူဇင်ဘတ်နိုင်ငံတွင် ယမန်နေ့က EU နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းဝေး ဆုံးဖြတ်ချက်များထဲ၌ စစ်အစိုးရနှင့် တွေ့ဆုံရန် ကိုယ်စားလှယ်တဖွဲ့ စေလွှတ်ရေးလည်း ပါဝင်သည်။

အနောက်နိုင်ငံများ အနေဖြင့် ဗီဒိုအာဏာပိုင် တရုတ်၊ ရုရှ ကဲ့သို့ နိုင်ငံကြီးများကို စည်းရုံးချဉ်းကပ် ၍ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ လက်နက်ပိတ်ဆို့မှု၊ ပြင်းထန်သည့် သံတမန်ရေး ဖိအား ပေးမှုများ ဆောင်ရွက်စေလိုသည်ဟု ဦးဝင်းတင်က ပြောသည်။

EU က ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ လက်နက်မတင်ပို့ရန်၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစု များ၊ သူတို့နှင့် နီးစပ်သည့် အင်အားစုများအား ပြည်ဝင်ခွင့်ပိတ်ခြင်း၊ လူသားချင်းစာနာမှု အထောက်အကူမှလွဲ၍ အခြားအကူအညီများကို ရပ်ဆဲထားခြင်း၊ စစ်အစိုးရအရာရှိကြီးများ၏ ပြည်ပဘဏ်စာရင်းများကို ထိန်းချုပ်ခြင်း၊ သံတမန်ဆက်ဆံရေး ကန့်သတ်ခြင်း တို့ကို ချမှတ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားဆွဲဆို၍ ပြစ်ဒဏ်ချမှတ်ခဲ့သည့် တရားသူကြီးများကိုလည်း ပိတ်ဆို့မှုများတွင် ယမန်နှစ်က ထည့်သွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရန်လည်း EU က တောင်းဆိုထားသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား ၂ဝဝ၆ ခုမှစ၍ ယခုအထိ ဆန့်ကျင်လှုပ်ရှားနေသည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဌ ဦးအေးလွင်ကမူ EU ၏ ပိတ်ဆို့မှုသည် လက်တွေ့မကျဟုဆိုသည်။

“ဒီမိုကရေစီဘက်ကို သွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်အလမ်းတွေကို အသိမှတ်ပြုမှု မရှိတဲ့ လုပ်ဟန်တခုလို့ပဲ ပြောပါမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

EU ၏ ထုတ်ပြန်ချက်တွင် နအဖ၏ ဥပဒေများအရ ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ထည့်သွင်းထားခြင်းသည် (NLD နှင့် အဖျက်သိမ်းခံ တိုင်းရင်းသားပါတီများ) ၏ လိုလားချက်နှင့် မညီသောကြောင့် ယင်းသို့ပြောခြင်း ဖြစ်သည်ဟုလည်း သူက သုံးသပ်သည်။

ပိတ်ဆို့မှုများသည် စစ်အစိုးရကိုသာမက ပြည်သူများကိုလည်း ထိခိုက်နေပြီး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် စာနာကြောင်း ပြသရာရောက်စေရန် ပိတ်ဆို့မှုများကို အမြန်ရုတ်သိမ်းပေးသင့်သည် ဟုလည်း ဆက်ပြောသည်။

“ထုနဲ့ထည်နဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုတ်နှံမှုတွေ မလုပ်နိုင်တော့ဘူးပေါ့ဗျာ။ အဲဒါ အနုတ် လက္ခဏာပေါ့။ မိသားစုတခုမှာ အိမ်ထောင်ဦးစီးကို နလန်မထူအောင် လုပ်ထားရင် သူ့ မိသားစုကို မထိခိုက်ဘဲ နေမလားဗျာ” ဟု သူက ပြောသည်။

ဦးဝင်းတင်ကမူ ပြည်သူများလည်း ထိခိုက်သည်ကို လက်ခံသော်လည်း စစ်အစိုးရထိပ်ပိုင်း အပါအဝင် နီးစပ်သူများကို ပိုထိခိုက်စေသည်ဟု ဆိုသည်။ “မီးလောင်နေတဲ့ အိမ်ကို ရေနဲ့ပက်ရုံတင် မဟုတ်ဘူးဗျ။ တခါတလေကျတော့လည်း ခေါင်မိုးတို့ ထရံတို့ ဆွဲခွာရတာမျိုးလည်း ရှိတာပေါ့ဗျာ” ဟု သူက ဆိုသည်။

မြန်မာ့အရေးကို နိုင်ငံတကာ၌ စည်းရုံးလှုံ့ဆော်နေသည့် ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ဘားမား ကန်ပိန်း (ယူကေ) အဖွဲ့ကြီးကလည်း EU ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ပိတ်ဆို့မှုများကို ရုတ်သိမ်းပါက စစ်အစိုးရအား လွတ်လွတ်လပ်လပ် လူ့အခွင့်အရေး ချိုးဖောက်ခွင့်ပြုသကဲ့သို့ ဖြစ်သွားမည်ဟု ယူဆသည်။

EU ၏ ထုတ်ပြန်ချက်၌ ကုလလူ့အခွင့်အရေးကောင်စီသို့ တင်ပြသော မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာကုလအထူးသံ မစ္စတာကွင်တားနား၏ အစီရင်ခံစာကို ကြိုဆိုပြီး ကုလ အထူးသံနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းထားသည်။ အစီရင်ခံစာအတွင်း၌ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂကို အကြံပြုထားသည်။

ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲမှုအပေါ် အမြင်အမျိုးမျိုး


27 April 2010 VOA
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င် ၀န်ကြီးတချို့ဟာ စစ်ရာထူးတွေက ဒီသီတင်းပတ်အတွင်း အနားယူဖို့ အစီအစဉ် ရှိတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်တွေက ဆိုပါတယ်။ အခုလို စစ်ဘက်ကနေ အရပ်ဘက်ပြောင်း အနားယူလိုက်တာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခြေလှမ်းတရပ်လည်း ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတော့ အခုလို ပြောင်းလဲမှုအပေါ် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားသူ တချို့ရဲ့ အမြင်ကို ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က စုစည်းတင်ပြထားပါတယ်။
ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေ စစ်ရာထူးတွေက အနားယူလိုက်တာနဲ့ ပတ်သက်လို့ စစ်ဘက် သတင်းရပ်ကွက် တချို့ကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပေမဲ့ အစိုးရပိုင် မီဒီယာတွေမှာတော့ အတည်ပြု ဖော်ပြတာ မရှိသေးပါဘူး။ အခုလို အရပ်ဝတ်လဲဖို့ရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်လည်း မကြာခင် ထွက်ပေါ်လာနိုင်တယ်လို့ အများက ယုံကြည်ထားကြတာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက အရပ်သားအနေနဲ့ ရွေးကောက်ပွဲ ၀င်တာကို လက်ခံတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ နားလည်သလောက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ၀င်ချင်ရင် အရပ်သားတယောက် ဖြစ်ရင် ၀င်ပေါ့။ အဲဒါကို လက်ခံပါတယ်။ လက်ရှိ အာဏာကလည်း ရှိထား၊ အရှိန်အ၀ါကလည်း ရှိနေမယ်၊ ငွေရေးကြေးရေးကလည်း ပြည့်စုံမယ်၊ ဒါကတော့ အမှန်ပဲလေ။ တခြား နိုင်ငံရေး ပါတီတွေတော့ မသိဘူး၊ ကျနော်တို့ကတော့ မပြည့်စုံဘူးပဲ၊ မပြည့်စုံဘဲနဲ့ ကျနော်တို့ ပြိုင်ရမှာပဲ။”
အာဏာ၊ ငွေကြေး ပြည့်စုံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ယှဉ်ပြိုင်တယ် ဆိုပေမဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်လို့ ဦးသုဝေက ဆက်ပြောပါတယ်။
“သူတို့ဘက်က တပန်းသာသော်လည်း ကျနော်တို့က သိပ်ပြီး မစိုးရိမ်ပါဘူး။ တခုပဲရှိတယ်၊ ရွေးကောက်ပွဲ လုပ်တဲ့အခါ လွတ်လပ်သလား၊ တရားမျှတမှု ရှိသလား၊ အဲဒီအပေါ်မှာပဲ တည်ပါတယ်။ တရားမျှတတယ်၊ လွတ်လပ်စေချင်တယ်။ အဲဒီလိုဆိုရင် ကျနော်တို့ ပြိုင်ရဲပါတယ်။ ကျိန်းသေတော့ ဘယ်ပြောနိုင်မလဲ။ လုပ်တဲ့လူတွေ အပေါ်မှာ တည်တာပေါ့။ ဒီထဲမှာ မသမာမှုတွေလည်း ရှိမှာပဲလေ။ တချို့လူတွေက အာဏာသိပ်လိုချင်တဲ့ အခါကျတော့ မတရားတာတွေလည်း လုပ်ချင်လုပ်မှာပေါ့။ သို့သော် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း တရားမျှတသင့်သလောက် မျှတခဲ့တယ်လေ။ အဲဒီလိုဖြစ်ရင်တော့ မစိုးရိမ်ပါဘူး။ အဲဒီလောက်မှ မမျှတဘူး ဆိုရင်တော့ မပြောတတ်ဘူးလေဗျာ။”
တရားမျှတတယ်လို့ နိုင်ငံတကာနဲ့ ပြည်သူလူထုက လက်ခံထားတဲ့ ၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကိုတော့ မြန်မာစစ်အစိုးရက အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေကတော့ စစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲ အသွင်ပြောင်းပြီး ယှဉ်ပြိုင်ပါစေ၊ မတူညီတာတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
“စစ်ဗိုလ်ချုပ်ကြီးတွေ ဘောင်းဘီချွတ်ပြီးပဲ လုပ်လုပ်၊ ကြိုက်တာလုပ်ဗျာ၊ ဘာလုပ်မှာလဲပဲ အရေးကြီးတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ လယ်ယာမြေပေါ်လစီ၊ ကျနော်ပြောနေတာ ကြာပြီ။ မဆလခေတ် ကတည်းက၊ ဟိုးအရင်ခေတ် ကတည်းကဟာ၊ နိုင်ငံပိုင် စနစ်ကြီးက ပုဂ္ဂလိကလက်ထဲ ပြောင်းမယ်၊ အဲဒီ ဘောင်းဘီချွတ်လာတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက အဲဒီပေါ်လစီကို သဘောတူပြီး ပြောင်းမယ်ဆိုရင် ကျနော်နဲ့ တသဘောတည်းပဲ။ မပြောင်းဘူး၊ လွှတ်တော်ထဲမှာ သူတို့က နိုင်ငံပိုင်စနစ်ပဲ ဆိုရင် ကျနော်တို့နဲ့ အယူအဆရေးရာ အရ အကြိတ်အနယ် ငြင်းခုံရလိမ့်မယ်။ ဒါပါပဲ။”
၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ရမှာ ဖြစ်ပြီး ကျန်တဲ့ ၇၅% ထဲမှာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်လိုလားသူတွေ အများအပြား ပါလာနိုင်သေးတယ် ဆိုတော့ အတိုက်အခံတွေ တင်သွင်းတဲ့ အဆိုဟာ အောင်မြင်နိုင်ဖွယ် မရှိဘူးလို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အရပ်သားအစိုးရ တက်လာရင် ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်ဖို့လိုတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံပိုင်လုပ်ငန်း အချို့ကို ဒီနှစ်ဆန်းပိုင်းကစပြီး ပုဂ္ဂလိကလက်ထဲ ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကို စစ်အစိုးရနဲ့ နီးစပ်သူတွေ၊ ဒါမှမဟုတ် စစ်တပ်နဲ့ ပတ်သက်တဲ့ ဦးပိုင်ကုမ္ပဏီကနေ ရသွားတာဖြစ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ ရန်ပုံငွေ လိုအပ်နေတာကြောင့် အကယ်လို့ စစ်အစိုးရဘက်က ဥပဒေဘောင် အတွင်းကနေ ငွေကြေးထောက်ပံ့မယ် ဆိုရင်လည်း လက်ခံမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းကတော့ ဘယ်သူပဲ ၀င်ပြိုင်ဝင်ပြိုင် ပြည်သူတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်ထားသူပါ။
“ရွေးကောက်ပွဲ လမ်းကြောင်းက ဖြတ်သန်းမယ်ဆိုတဲ့ သဘောထား ရှိတာကို ကြိုဆိုပါတယ်။ စစ်တပ်အနေနဲ့ နေရာတခုကို ငါတို့သဘောနဲ့ငါတို့ အမည်စာရင်း တင်သွင်းပြီး ရပ်တည်မယ် ဆိုတာထက် ငါတို့ကိုယ် ငါတို့ ပြည်သူလူထုကြားမှာ မှတ်ကျောက်တင်ခံပြီး အရွေးခံမယ် ဆိုတဲ့စိတ်ကို ကြိုဆိုပါတယ်။ ဒီမိုကရေစီမှာ ဒီလိုပဲ နိုင်ငံတကာမှာ စစ်ခေါင်းဆောင်တွေ အရပ်ဘက် ပါတီတွေ ထူထောင်ပြီး ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်တာတွေ ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူလူထုဟာ အပြောင်းအလဲကို လိုချင်နေပါတယ်။ စစ်အုပ်ချုပ်ရေးကို ဆက်ပြီး မတည်ရှိချင်တော့ပါဘူး။”
ပြည်ထောင်စု ဒီမိုကရေစီပါတီ အနေနဲ့ကတော့ ရွေးကောက်ပွဲ ဥပဒေမှာ ပါတဲ့အတိုင်း ပါတီတခုခုက အာဏာသုံးပြီး နိုင်ငံပိုင်ပစ္စည်း၊ ငွေကြေးတွေကို အသုံးပြုလာခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားမယ်လို့ ဆိုပါတယ်။
မနေ့ကအထိ နိုင်ငံရေးပါတီ ၂၁ ခု မှတ်ပုံတင်ခဲ့ကြပြီး ၅ ပါတီကို တည်ထောင်ခွင့် ပြုပြီးပြီလို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ဘက်အကြီးအကဲတွေ စစ်ရာထူးတွေကနေ အနားယူတာဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပထမ ခြေလှမ်းအဖြစ် နိုင်ငံရေး အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ စစ်တပ် တာဝန်ရှိသူတွေ အနေနဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့သာ ကြီးကြပ်သင့်သလို စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းပြီး စစ်တပ်အာဏာနဲ့ ရွေးကောက်ပွဲကို ၀င်မယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေကတော့ ပြောပါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပြပါတယ်။
“တပ်အနေနဲ့က နိုင်ငံရေးပါတီ သဘောမျိုး မဖြစ်သင့်ဘူး။ နိုင်ငံရေးပါတီ သဘောမျိုး လုပ်ရင်တော့ တိုင်းပြည် နစ်နာမှာပဲ။ စစ်တပ်က စစ်တပ်လို နေရမှာပေါ့။ စစ်တပ်က ၀န်ထမ်းပဲ။ ၀န်ထမ်းက ၀န်ထမ်းလို နေရမှာပေါ့။ ၀န်ထမ်းက နိုင်ငံရေးမှ မလုပ်ရဘဲ။ သူက ကြားနေပဲ။ အမှန်က စစ်တပ်ကလည်း ကြားနေပြီးတော့ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ရွေးကောက်ပွဲမှာ လုပ်ကြရဲ့လား၊ မလုပ်ဘူးလား၊ တရားမျှတမှု ရှိလား၊ မရှိဘူးလား၊ သူက ဘေးက လုပ်ရမှာပေါ့။
“နိုင်ငံရေး လုပ်ချင်ရင် စစ်တပ်ကထွက်ပြီး သတ်သတ်လုပ်။ စစ်တပ်က နောက်ခံကြီးနဲ့ စစ်တပ်အင်အားနဲ့ ရွေးကောက်ပွဲ ၀င်တယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ ဘယ်လိုလုပ် တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တော့မလဲ။
“အရပ်ဝတ် ပြောင်းထားတော့လည်း သူတို့က အရပ်ဝတ် အနေနဲ့၊ ပါတီအနေနဲ့ ၀င်ရမှာပေါ့။ ဒီအချိန်မှာ စစ်တပ်အနေနဲ့က ကြားနေရမှာပေါ့။ သူတို့က စစ်တပ်နဲ့ မဆိုင်တော့ဘူးလေ။ စစ်တပ်က ထွက်သွားရင်တော့ စစ်သားလူထွက် ဖြစ်သွားပြီ။ ဖြစ်သွားရင် စစ်သားလူထွက်ပါတီ အနေနဲ့ တခြားပါတီတွေအတိုင်း အခွင့်အရေး အညီအမျှ ယူပြီးတော့ ရွေးကောက်ပွဲ ၀င်ဖို့ ဖြစ်မှာပေါ့။ စစ်တပ်က ဒီလူတွေကိုပဲ နိုင်အောင် အားပေးလာတယ် ဆိုရင်တော့ ဒါ တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလေ။
“အရေးကြီးတာ ကမ္ဘာကပါ အသိအမှတ်ပြုဖို့ လိုတာကိုး။ ကိုယ့်ဘာသာလုပ်ပြီး ကိုယ့်ဘာသာ နိုင်နေရုံနဲ့ မပြီးသေးဘူး။ အမှန် တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရကိုသာ ကမ္ဘာက လေးစားမှာ၊ လက်ခံမှာပေါ့။ အညီအမျှမယူဘဲ သူက စစ်တပ်ကထွက်ပြီး စစ်တပ်ကသာ ထွက်တာ၊ စစ်တပ်အာဏာနဲ့ စစ်တပ်ရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲနိုင်အောင် လုပ်ရင်တော့ ဒါ ဘယ်လိုမှ ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလေ။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး။”
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ပြောသွားတာ ဖြစ်ပါတယ်။

ဆက်တိုက်မယ်


အထူး ထုတ်ပြန်ကြေငြာချက်
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူလူထုအား လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြစည်းရုံးခြင်း၊မတရား ပြုလုပ်လျှက်ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေးအတိုင်း ချပြစည်းရုံးခြင်းများနှင့်မတရား အုပ်ချုပ်မင်းလုပ်နေပြီးပြည်သူတရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည်အထိ အကြောက်တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
ယခု အခါ စစ်အာဏာရှင် တစုနှင့်နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း အပါအဝင် ( ၇ )ယောက်အား မတရား ဖမ်းဆီးခြင်း၊ကိုယ်ပိုင် ဟန်းဖုန်းများသိမ်းယူခြင်းများကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က ဖြစ်ပွါးခဲ့သော ဗုံးကွဲမှုများကို မိမိ တို့ မလုပ်ကိုင်ရပါပဲ မတရား စစ်ဆေး မေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။
၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့)ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာပေါက်ဆီဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့်ပတ်သတ်သရောင်ရောင် စစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။
ထို့ကြောင့် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့အနေဖြင့်
မူဝါဒလမ်းစဉ်များ၊လှုပ်ရှားဆောင်ရွက်ခဲ့မှုများအားလုံးတွင် အကြမ်းဖက်မှုများ လုံးဝမပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် မတရား အမှုဆင်ဖမ်းဆီးစစ်ဆေးနေမှုများအား အမြန်ဆုံး ရပ်တန့်ပေးရန်နှင့်ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများရှိနေပါစေ ခေါင်းငုံ့မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူလူထုတရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့်သွားမှာ မဟုတ်ပဲ အရှိန်မြှင့်လှုပ်ရှားဆောင်ရွက်ပြီး ပြည်သူလူထုတရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေးလိုက်သည်။
ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့်ပြည်သူလူထုတရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည်မပြုသလို၊၂၀၁၀ ရွေးကောက်ပွဲကိုလည်း ငြိမ်းချမ်းသော နည်းနာများသုံးကာ ဖယ်ရှားတော်လှန်သွားမှာ ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်သည်။

မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
ဆက်သွယ်ရန်-
www.thebestmanure.org
tbmstk1@gmail.com

မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ရွာသားများ အိုးအိမ်စွန့်ကြပြီ



မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ရွာသားများ အိုးအိမ်စွန့်ကြပြီ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့၏ စစ်ရေးပဋိပက္ခဖြစ်ပေါ်နိုင်သည့် အရိပ်အယောင်များ မြင်တွေ့နေရသည့်အတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှ ရွာသားများ အိုးအိမ်စွန့်ကာ စစ်ဘေးမှ လွတ်ကင်းနိုင်မည့် အရပ်သို့ ရှောင်တိမ်းနေကြသည်။

ရာချီရှိသော ရွာသားများ ရေးမြို့သို့ ပြောင်းရွှေ့လာကြပြီး၊ ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းသို့လည်း ရာချီရောက်ရှိလာကြကြောင်း ဒေသခံတို့က ပြောသည်။

“ရေးမြို့ကို ပြောင်းလာတဲ့ လူတွေကတော့ ရေးမြို့မှာ သူတို့ဆွေမျိုးတွေ ရှိကြတယ်၊ အများအားဖြင့် ကျုံလောင်း၊ ဝယ်ဇင်၊ ဖလန် စတဲ့ရွာတွေက များတယ်၊ အရေအတွက် ဘယ်လောက်ရှိမလဲဆိုတာတော့ ခန့်မှန်းဖို့ ခက်တယ်၊ ရာချီရှိလိမ့်မယ်ထင်တယ်” ဟု ရေးမြို့ အောင်မင်္ဂလာရပ်ကွက်သားတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီက စစ်အစိုးရ ကမ်းလှမ်းထားသည့် ပြည်သူ့စစ်အသွင်ပြောင်းခြင်းကို ဧပြီလ ၂၂ ရက်နေ့တွင် တရားဝင် ငြင်းပယ်ပြီးနောက် လာမည့် ဧပြီလ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီအား မတရားအသင်းအဖြစ် ကြေညာပြီး၊ ထိုးစစ်ဆင်မည်ဟူသော သတင်းများနှင့် စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့နေရခြင်းကြောင့် ယခုကဲ့သို့ ရွာသားများ အိုးအိမ်စွန့်ကာ တိမ်းရှောင်ရခြင်း ဖြစ်ကြောင်း တိမ်းရှောင်နေသူတို့က ပြောသည်။

“ကျနော်တို့ရွာမှာဆို လူတောင်မရှိတော့ဘူး၊ ဈေးဆိုင်တွေဆို အားလုံးမသယ်နိုင်လို့ လျှော့ဈေးနဲ့ အကုန်ရောင်းတယ်၊ ဘီယာတစ်ဗူးကို ၅၀၀ ကျပ်နဲ့ရောင်းတယ်၊ ကြက်သားဆို တစ်ပိဿာ ၁၈၀၀၊ ဆန်တစ်တင်းကို ၈၀၀၀ ကျပ်နဲ့ ရောင်းတယ်၊ ဒါပေမယ့် ဝယ်တဲ့သူ မရှိဘူး” ဟု ဖလန်ရွာမှ ရေးမြို့သို့ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

“စစ်သားတွေ ထော်လာဂျီကားနဲ့ သွားနေတာ တွေ့နေရတယ်၊ တစ်ကားဆို စစ်သားအယောက် ၂၀ လောက်ပါမယ်၊ လက်နက်အပြည့်အစုံပဲ၊ ထော်လာဂျီကားနဲ့ဆို အဝေးက လာတာ မဖြစ်နိုင်ဘူး၊ ဒီရေးမြို့နယ်မှာ ရှိတဲ့ စစ်တပ်ကပဲ ဖြစ်နိုင်မယ်၊ ဝယ်ဇင် (မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ) ဘက်ကို တက်မယ်လို့ ကြားတာပဲ” ဟု ရေးမြို့အဏ္ဏဝါရပ်ကွက်သားတစ်ဦးက ပြောသည်။

စစ်ပွဲဖြစ်ပွားခဲ့ပါက ထိုင်းနိုင်ငံအတွင်းသို့် ပြေးဝင်ရန်အတွက် ထိုင်းနိုင်ငံနယ်စပ် ခလောက်ခနီမွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၄၀၀ ခန့် ရှိကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီက ပြောသည်။

လတ်တလောတွင် ဒုက္ခသည်များကို စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် အသိမိတ်ဆွေအိမ်များတွင် နေရာချထားပေးပြီး၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှတဆင့် မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီက စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ “ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ" နှင့် ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ “ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ" နှင့်
ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း
မိုးမခက ပြန်လည်တင်ဆက်သည်
ဧပြီ ၂၅၊ ၂၀၁၀



ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။
ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။
Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။
ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။
ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။
ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။
 ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။
အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့
အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။
ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။
အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။
ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။
ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။
ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။
အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။
ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။
ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။
အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။
ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။
ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။
ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။
ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။
အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။
(၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။ -ဘားမားပါပါရာဇီ -

ကျိုင်းတုံစစ်ဒေသ သျှမ်းပြည်တပ်မတော် နှင့် နအဖတပ် ဆက်တိုက် တိုက်ပွဲဖြစ်

E-mail Print
စ၀်ယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် ကျိုင်းတုံစစ်ဒေသ နှင့် တြိဂံတိုင်းလက်အောက်ခံ စကခ ၁၈ နှင့် စကခ ၁၄ တို့အကြား ယခုလအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“လဆန်းပိုင်းက ဖြစ်တဲ့တိုက်ပွဲက နအဖ ဘက် သေကြေဒဏ်ရာရတဲ့သူတော်တော်များမယ်၊ ခမရ ၃၂၉ နဲ့ ခလရ ၂၄၄ တို့ စစ်ကူဖြည့်ပြီး ကား ၂ - ၃ စီးနဲ့ ဒဏ်ရာရသူတွေ အလောင်းတွေ ပြန်တင်လာတာ တွေ့ရ တယ်” - အမည် မဖေါ်လိုသည့် ဒေသခံ တဦးကပြောပါသည်။

ဧပြီ ၂၁ ရက်နေ့ မနက် ၇ နာရီ မှ ၈ နာရီ အထိ မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံတပ်ရင်းနှင့် မိုင်းဆတ် အခြေစိုက် စကခ ၁၄ လက်အောက်ခံ တပ်ရင်း ၃-၄ ရင်း ပူးပေါင်းပြီး လားဟူပြည်သူ့စစ်နှင့်အတူရှေ့တန်း ထွက်ချိန် မိုင်းဆတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀ ကျော် မိုင်းကုတ်ကျေးရွာအုပ်စုအတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ တနာရီကြာဖြစ်ပွားခဲ့၏။

“တိုက်ပွဲဖြစ်တဲ့ နှစ်နေရာစလုံးက မြေပြန့်လေ၊ တိုက်ပွဲပြီးတော့လဲ ၀င်ရောက်စစ်ဆေးဖို့က မလွယ်ဘူး၊ ပစ်ခတ် နေချိန် နအဖဘက်က လဲကျတာတွေ အများကြီးတွေ့ရတယ်၊ ဘယ်လောက်သေကြေလဲတော့မသိဘူး၊ ကျနော် တို့လူတယောက် ကျဆုံးတယ်၊ သိမ်းဆည်းရတဲ့ပစ္စည်းမရှိသလို ဆုံးရှုံးတာလဲမရှိဘူး”
- ဟု SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပသည်။

ထို့အတူ ဧပြီ ၄ ရက်နေ့ မွန်းတည့်ချိန်မှ မွန်းလွဲ ၁၄း၄၅ နာရီအထိ တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ နအဖ စစ်တပ်ဘက် သေကြေဒဏ်ရာရသူ ဦးရေအတိအကျမသိရှိရသော်လည်း တိုက်ပွဲနှစ်ခုစလုံး ၇-၈ ယောက် ထက်မနည်း (သို့မဟုတ်) ဆယ်ယောက်ကျော် ဒဏ်ရာရဖွယ်ရှိကြောင်း၊ သျှမ်းပြည်မတော်မတာ် (ကျိုင်းတုံစစ် ဒေသ) အမှတ် ၁ စစ်ဒေသ မှ တဦး ကျဆုံးကြောင်း အမည်မဖေါ်လိုသည့် အဆိုပါအရာရှိက အတည်ပြုပါသည်။

“နအဖ ဘက်က ခမရ ၃၂၈ ဗိုလ်ကြီးဖြိုးအောင် ဦးဆောင်တယ်၊ လားဟူ (မိုင်းဖြတ် - နမ့်ယုံး) ဂျဆေးဘို ပြည် သူ့စစ်က ဂျလားနဲ့ဂျဆီတို့ဦးဆောင် (ပူးပေါင်း) အင်အား ၆၀ ကျော်က နှစ်ဖွဲ့ခွဲပြီး SSA နယ်လှည့်တပ်ဖွဲ့ နောက်ယောင်ခံလိုက်လို့ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲ ၂ နာရီကျော်ကြာတယ်ဆိုတော့ နအဖဘက်လဲအများကြီး သေ ကြေဒဏ်ရာရတယ်”
- ဟု ဒေသခံ ရွာသားနောက်တဦးကပြောပါသည်။

တိုက်ပွဲနှစ်ခုစလုံး၌ နအဖ စစ်တပ်ဘက်မှ ၈၁ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟုလည်း သျှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသ တပ်မှူး တဦးကပြောပါသည်။

အသွင်ပြောင်းရေး တနှစ်ပြည့်သည့်နေ့၌ ၀ တပ်ဖွဲ့လူအင်အားစာရင်းပေးပို့ရန် ဒက်လိုင်းပေးထားသည့်အတိုင်း နအဖက ဖိအားအကြိမ်ကြိမ်ပေးခဲ့သော်လည်း လက်မခံသော တောင်ပိုင်း ၀ တပ်ဖွဲ့အား ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ရန် ကြိုးပမ်း နေချိန် သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”

“လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေအနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။

အသက် ၈၃ နှစ်အရွယ်ရှိ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး၌ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။

u-tin-oo
မေး။    ။ ပါတီမှတ်ပုံတင်ဖို့ ကုန်ဆုံးမယ့် ရက်ကလည်း နီးကပ်လာပါပြီ။  NLD အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ မလုပ်နိုင် တော့မှာကို စိုးရိမ်နေကြတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။    ။ ဒီလိုရုံးနဲ့ အလံတော်နဲ့ ဆိုတာက အဖွဲ့ချုပ် တခုအနေနဲ့ ဒါဟာ ပြည့်စုံတယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့လေ။ သို့သော်လည်းပဲ အဖွဲ့ချုပ်က အလံတော်တို့ ဆိုင်းဘုတ်တို့ မရှိကြသော်လည်း နိုင်ငံရေးဆိုတာက လူတွေရဲ့နေရေးထိုင်ရေး စားရေးသောက်ရေး စသည်ဖြင့် စနစ်တခုချပြီးတော့ လုပ်ဖို့အရေးမှာ အားလုံးသိတဲ့ အတိုင်းပဲ ဒီမိုကရေစီရေး ဖြစ်လာတာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ကျောခိုင်းသွားတာမျိုးမှ မဟုတ်ဘဲ။ ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ် အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်။ အဘတို့ အနေနဲ့ ဆောင်ရွက်နိုင်မယ့် အနေအထားလည်း ရှိပါတယ်။

အရင်တုန်းကလည်း ဒီလိုပဲ ဖြုတ်ချလို့ အလံမရှိဘဲနဲ့ ရုံးမရှိဘဲနဲ့တောင် လုပ်လို့ရအောင် လုပ်ခဲ့ကြသေးတာပဲ။ အဲဒီတုန်းကလည်း အဖွဲ့ချုပ်ရုံးကြီးထဲ ၀င်စီးနင်းပြီးတော့ သုံးလေးလလောက် ပိတ်ထားခဲ့တယ်။ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို အကျဉ်းချပြီး နှစ်ရှည်လများ ထောင်တွေထဲ ပို့ခဲ့တာပဲ။ အဲဒါလည်းပဲ ဆက်လက်ကြိုးပမ်းတာပဲ။ အပြင်မှာ ကျန်တဲ့သူတွေနဲ့တော့ ရှင်လျက်သန်လျက် လုပ်လျက်ကိုင်လျက်ပါ။ ဘဘတို့ကတော့ အသက်ရလာပြီ၊ ရလာတော့ကာ အခု မျိုးဆက်သစ်အနေနဲ့က သိပ်တက်ကြွကြတာပဲ။

အဖွဲ့ချုပ်မှာရှိနေတဲ့ လူငယ်တွေပဲဖြစ်ဖြစ် အခြားခြားသော အဖွဲ့အစည်းမှာရှိနေတဲ့ လူငယ်တွေကပဲဖြစ်ဖြစ်၊ နောက်ပြီး အထူး သဖြင့် ကျောင်းသားထုကလည်း ဒီမိုကရေစီအရေးမှာ ပါဝင်လာကြမှာပဲ။ ဘဘတို့ အနေနဲ့ အသက်တွေကြီးလို့ မပါနိုင်ရင် တောင်မှပဲ ဒီနေ့မျိုးဆက်သစ် အပိုင်းတွေက ဒီမိုကရေစီရေးနဲ့ ပတ်သက်တာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာ သူတို့ လုပ် သွားကြမှာပဲ။

လုပ်သွားတဲ့ နေရာမှာ သူတို့က ပေါင်းစပ်ပြီးတော့ ဒီမိုကရေစီ အင်အားစုဖြစ်သွားမှာပဲ။ ဘဘတို့က အဲဒါကို ယုံကြည်တယ်၊ တခုတော့ ရှိတာပေါ့၊ လူငယ်တွေကို ပြောနေရတာ စိတ်လိုက်မာန်ပါ မလုပ်ဖို့။ လူထုကတော့ မှန်ပါတယ်၊ သူတို့ကတော့ အားကိုးတကြီးနဲ့ ဖြစ်နေတာ၊ ဘဘတို့လည်းပဲ အားကိုးတကြီး ဖြစ်နေမှန်းလည်း သိတယ်။ သို့သော် အားကိုးတကြီး ဖြစ်နေတဲ့ အတိုင်းအတာလောက်နဲ့ ရွေးကောက်ပွဲကို အခုလို ၀င်လိုက်ပြန်ရင်လည်း လုပ်နိုင်မလားဆိုတဲ့ မေးခွန်းက ဘဘတို့ ကိုယ့်ဟာကိုယ် မေးကြည့်တာပါပဲ၊ မလုပ်နိုင်ပါဘူး။

ထုတ်ပြန်ထားတဲ့ ၂၀၀၈ ခုနှစ် ဥပဒေကြီးကိုက ဘယ်လိုမှ လက်ခံပြီး မလုပ်နိုင်ပါဘူး။ သူတို့ပြောတာကိုပဲ နားထောင်ပြီးတော့ နောက်ဆုံး ဒါသဘောတူလား တူပါတယ်ဆိုပြီးတော့ လုပ်ကိုင်ပေးရမယ့် အဖွဲ့ကြီးတွေ ဖြစ်မှာပဲ။ အခုလည်း ၀င်တာနဲ့ပတ်သက် လို့ ကြည့်လိုက်၊ ဘယ်သူ များသောအားဖြင့် ၀င်လည်းဆိုတော့ သူတို့နဲ့ သဟဇာတဖြစ်တဲ့ အဖွဲ့ကြီးတွေပဲ အများဆုံးဝင်ကြ တာ ပါပဲ။

အဲဒီလို ဘဘတို့ မလုပ်တော့ဘဲနဲ့ လူထုလိုလားတဲ့ ကိစ္စရပ်အ၀၀ကို၊ လူထုကိုဘယ်တော့မှ ကျောခိုင်းမသွားပါဘူး၊ မျက်ကွယ်မပြုပါဘူး။ လုပ်လို့ရတဲ့ အနေအထားအတိုင်းကတော့ဖြင့် ကြုံးပြီးကုန်းပြီးတော့ လုပ်ရမှာပါပဲ။ အသက်ကြီးရင်းနဲ့ ဖြစ်စေကာမူ တက်တက်ကြွကြွမို့လို့ သိပ်ပြီး သောကရောက်စရာ မရှိပါဘူးလို့ ဘဘကတော့ လူထုကို အခုလိုပဲ ပြောလိုက်ချင်ပါတယ်။

မေး။    ။ ပါတီမှတ်ပုံမတင်ရေးမှာ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက်ဆိုတာကို လူထုနားလည်အောင် ဘယ်လို ပြောပြချင်ပါသလဲ။ အခြေခံဥပဒေဟာ ဘယ်လို မျိုးလဲဆိုတာကို နားလည်တဲ့သူက လက်ချိုးရေတွက်လို့ရအောင် နည်းပါးကြပါတယ်။

ဖြေ။    ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အပိုင်းမှာ ထုတ်ပြန်ထားတဲ့ဥပဒေက အရမ်းတင်းကျပ်ထားတယ်၊ ဒါကို သိတဲ့လူတွေကတော့ အထူးပြောစရာမလိုဘူးပေါ့။ ဒီဥပဒေက အားလုံးကို မလှုပ်နိုင် မကိုင်နိုင်အောင်ကို သူတို့က လုပ်ထားတဲ့ ဥပဒေပါ။ ပြောရရင် ဥပဒေလို့တောင် ပြောဖို့ခက်ပါတယ်၊ ဥပမာ လူထုနားလည်အောင် ပြောရမယ်ဆိုရင် လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ပါတီကနေ ဖယ်ထုတ်ပစ်ရမယ် စသည်ဖြင့် လူထု ထောက်ခံအားပေးမယ့် သူတွေကို ရွေးကောက်ပွဲ မပါနိုင်အောင် လုပ်ထားတယ်။

ဒါတင်မကသေးဘူး၊ ပိုပြီး သိသာမြင်သာအောင် ပြောရမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စပေါ့။ အဘကတော့ ပြင်ဆင်မှုတို့ အယူခံတို့ အချိန်အခါကြားမှာ လူတယောက်အနေနဲ့ အပြစ်ကျပြီလို့ ယူဆလို့ မရသေးဘူးလေ။ အယူခံတင်ထားတုန်း အချိန်အခါမျိုးမှာတောင်မှ ဒီပုဂ္ဂိုလ်ကို ၀င်ခွင့်မပေးရဘူး ဆိုတာတွေက တရားမျှတမှုမရှိဘူး။ ဒီမိုကရေစီရေးမှာ ဒါမျိုးတွေ မလုပ်ရဘူး။ မဖြစ်သင့်ဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် လူထုထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လည်းပဲ ပယ်ပစ်ရမယ်။ ဒီလောက်တောင် တရားမျှတမှုမရှိဘူး၊ သိက္ခာ ကျလွန်းအားကြီးတော့ ဘဘတို့က ဘယ်လာ လုပ်လို့ ရမလဲ။ သို့သော် ပြည်သူကို ပန်ကြားတဲ့အထဲမှာ အဲဒီလို ဒုက္ခသုက္ခတွေ ဖြစ်ငြားသော်လည်းပဲ NLD က လုပ်ခဲ့နိုင်သလောက် လုပ်ခဲ့တာတွေရှိပါတယ်၊ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ အေးအေးချမ်းချမ်း ညှိနှိုင်းလို့ရ လည်း ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးတော့ ဆက်လက် လုပ်ကိုင်သွားကြဦးမှာပါ။

မေး။    ။ အခု ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတွေကိုရော အဘ ဘယ်လို မြင်ပါသလဲ။ တကယ်တမ်း ရွေးကောက်ပွဲမှာ မဲထည့်ရတော့မယ်ဆိုရင် လူထုအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ။    ။ အဲဒီဟာနဲ့ပတ်သက်လို့ ဘာမှမပြောပါဘူး။ လူထုက သူငယ်နှပ်စားမဟုတ်ပါဘူး၊ လူထုကသိပါတယ်။ အသိဉာဏ်ရှိပါတယ်။ လူထုဟာ တကယ် ဒီမိုကရေစီလိုချင်တယ်။ အဲဒါနဲ့ ပတ်သက်တာ အားလုံးခေါင်းထဲမှာရှိပါတယ်။ ရှိတဲ့အတိုင်းပဲ အသည်းကြားထဲက မဲတပြားကိုပဲ သူတို့အသုံးချနိုင်တဲ့နည်းနဲ့ ကြိုက်သလိုအသုံးချပါတယ်။ လူတယောက်ရဲ့ ဆန္ဒနဲ့ ပတ်သက်တာ အားလုံးကိုတော့ ဘယ်လိုပြောမလဲ။ ဘယ်သူလုပ်ပါ ဘယ်လိုလုပ်ပါ မီဒီယာကို ပြောလိုက်လို့ရှိရင် တော်ကြာ သူတို့ (စစ်အစိုးရ) က လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD က မှတ်ပုံတင်ခြင်း မပြုရုံသာမက လူတွေကိုပါ  သွေးဆောင်တိုက်တွန်း ပျက်စီးရာပျက်စီးကြောင်း လုပ်တယ်၊ အနှောင့်အယှက် ပြုနေတဲ့သူများ ဖြစ်တယ်ဆိုပြီး သတင်းစာထဲ ထည့်လိမ့်မယ်။

လူထုက မညံ့ပါဘူး။ သူတို့ သိပ်နားလည်ပါတယ်။ အဲတော့ နားလည်တဲ့ အတိုင်းအတာနဲ့ ပညာရှိရှိသူတို့ လိုချင်တဲ့ ပုံသဏ္ဌာန်ဖြစ်အောင် သူတို့ဟာသူတို့ ဖန်တီးဆောင် ရွက်ဖို့ပဲ။ ဒီလိုပဲပြောရမှာပဲ။

မေး။    ။ ဒီမိုကရေစီရေး တိုက်ပွဲဟာ အခုမှ စလာတာလား၊ အရင်တုန်းကတည်းက တိုက်နေခဲ့ကြတာလား။ အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုမျိုး တိုက်ပွဲဝင်ခဲ့ကြတာပါလဲ။

ဖြေ။    ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁၉၆၂ ခုနှစ်က စပြီးတော့ ဒီနေ့အထိ အခြေအနေမှာ ဒီမိုကရေစီအရေးပေါ့၊ သို့သော်လည်းပဲ ဒီနောက်ပိုင်း နအဖ စစ်အုပ်ချုပ်ရေးအနေနဲ့က နှစ်ပေါင်း ၂၀ ကျော်ရှိလာပြီ။ ဒီအတောအတွင်းမှာ အဖွဲ့ချုပ်အနေနဲ့ လုပ်ခဲ့ရတဲ့ သက်တမ်းတလျှောက်ပြန်ကြည့်ရင် အစအားဖြင့်တော့ အဖွဲ့ချုပ်ဖွဲ့ပြီး ၁၉၉၀ ၀န်းကျင်မတိုင်ခင်၊ ရွေးကောက်ပွဲဥပဒေ မထွက်ခင်ကတည်းက အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့၊ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပေါ့၊ စပြီးတော့ အချုပ်ထဲရောက်နေပြီ။ ကျန်တဲ့လူတွေအနေနဲ့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင် သွားရတဲ့အတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုဆန္ဒ တခဲနက် ရယူခဲ့ပြီးဖြစ်ခဲ့တာပဲ။

နောက်ပိုင်းကျတော့ သူတို့ (စစ်အစိုးရ) က ကတိကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ အများကြီးပြောခဲ့တာပဲ။ ဒါပေမယ့် လက်တွေ့ ကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင် မကိုင်နိုင်အောင် လုပ်တယ်။ မကြာခဏ ဖမ်းဆီးထိန်းသိမ်းတယ်။ ဒါတွေကလည်း တိုက်ပွဲတွေပါပဲ။ ပြီးတော့ အမျိုးသားညီလာခံ ခေါ်ပြတယ်၊ ညီလာခံထဲမှာလည်း ပြောခွင့်မရ ဆိုခွင့်မရ၊ ပြောပြန်ဆိုပြန်တော့လည်း အရေးယူမယ်ဆိုပြီး ကန့်သတ်ချုပ်ချယ်တယ်။ ချုပ်ချယ်ပြီး လူထုအရေးတွေ ပြောလို့မရ ဆိုလို့မရအောင် လုပ်တယ်။ အဲလို လွန်လာတော့ ညီလာခံကနေ ထွက်ခဲ့ကြတယ်။

ဒါပေမယ့်  ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြန်တော့လည်း ဒီအခြေအနေ အ၀၀ကို ရှင်းလင်းပြီးတဲ့နောက် ညီလာခံတက်ဖို့ ကြိုးစားတာပဲ။ ကြိုးစားတာ ဘာလဲဆိုတော့ အဖွဲ့ချုပ်က တင်ထားတဲ့ ကိစ္စရပ်အ၀၀ကို   ညီလာခံမှာ ဆွေးနွေးခွင့်ပြုပါ၊ ဆွေးနွေးခွင့်ပြုမယ်ဆိုရင် ညီလာခံကို ဆက်လက်ပြီးတော့ တက်ပါမယ် ဆိုတဲ့သဘောမျိုးနဲ့ ပြောသော်လည်း တုံ့ပြန်မှုတောင် မလုပ်ဘူး။ သဘောက ငါတို့ ဒါလုပ်တာ ငါတို့မှာ လက်နက်ရှိတယ်၊ အားရှိတယ် စသည်ဖြင့် လုပ်တာ။ သူတို့မှာ လက်နက်ရှိ တယ်၊ အာဏာရှိတယ်၊ သူတို့မှာ မရှိတာက ပြည်သူလူထုပဲ။ သူတို့အနေနဲ့ မတွက်ဘူးလေ။ သူတို့က လေးလေးနက်နက် မလုပ်ခဲ့တော့ ညီလာခံမတက်နိုင်တဲ့ အခြေအနေထိဖြစ်ခဲ့တာပေါ့။

အဲဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် သိတဲ့အတိုင်းပဲ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးပဲ ၃ နှစ်နီးပါးလောက်  အကျဉ်းထောင်ထဲ ထည့်တဲ့သူ ထည့်တယ်။ အိမ်ချုပ်ချတဲ့လူ ချတယ်။ နောက်ပြီးတော့ တပ်ချုပ်ချတဲ့လူ ချတယ်။ အဲဒီလိုနဲ့ နေခဲ့တာ ဘာမှမလုပ်နိုင် မကိုင်နိုင်တဲ့ အခြေအနေမျိုးပါပဲ။ လူးလှိမ့်ပြီးတော့ နေရတာပဲ။ ဒါလည်း ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေတာပါပဲ။ အဲလိုလုပ်ရင်းကနေပဲ အချိန်မရွေး အဖွဲ့ချုပ်ရဲ့ မြို့နယ်တွေမှာရှိတဲ့ အဖွဲ့အစည်းက လူတွေကိုလည်း ဖိအားပေးပြီး အဖွဲ့ချုပ်က ထွက်သွားအောင် လုပ်တယ်၊ အင်အားလျော့သွားပြီ ဆိုပြီးတော့ တပ်ထဲက အုပ်ချုပ်ရေးအပိုင်းက ပါတဲ့လူတွေနဲ့ ကော်မရှင်ဆိုတာလုပ်ပြီးတော့  အဖွဲ့တွေဖျက်ပစ်၊ မလုပ်နိုင်အောင် တားပစ်၊ ဆိုင်းဘုတ်တွေ ချခိုင်းလို့ချ၊ လုပ်ခဲ့တာ တောက်လျှောက်ပဲ။

ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထပ်ပြီး ထိန်းသိမ်းခံရ၊ ဘဘတို့လည်း အတူတူ ထိန်းသိမ်းခံရပြီး ပြန်ထွက်လာတဲ့ အခါကျတော့ စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်တွေပြန်တင်နိုင်ဖို့ ကြိုးစားခဲ့ကြတာပဲ။ လုပ်ရင်းလုပ်ရင်းနဲ့ သူတို့ဟာသူတို့ အမြင်မကြည်၊ သံသယတွေဝင်ပြီးတော့ အဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်တွေကို ဒီပဲယင်းထိတောင် ရိုက်တယ်နှက်တယ် ဖြစ်တာပါပဲ။

အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့အခါမှာလည်း ဒီပဲယင်း ဖြစ်တာကဖြစ်တာပဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ က ညီလာခံတက်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ ရုံးတွေ ကနားတွေ၊ မြို့နယ်ကဟာတွေ ပြန်ဖွင့်ပေးပါ။ ညီလာခံတက် ဖို့ အခြေအနေတခု ဖန်တီးပြီးတော့ အဖြေရှာဖို့အတွက်  တွေ့ဆုံဆွေးနွေးပါရစေ။ ဘာတခုမှလည်း မလိုက် လျောတဲ့အပြင် ထပ်မံပြီးတော့ အကျဉ်းချတယ်၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုလည်း ကန့်သတ်မှုတွေ၊ အနှောင်အဖွဲ့တွေနဲ့ လုပ်ခဲ့တာ တောက် လျှောက်ပဲ။ ပြန်စဉ်းစားကြည့်ရင် အဖွဲ့ချုပ်ဟာ ကိုယ့်ဟာကို လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား လွတ်လွတ် ကျွတ်ကျွတ် မရှိခဲ့ ဘူး။ အကျဉ်းချ၊ ဖမ်းဆီး အချုပ်အနှောင် ကြားထဲမှာလုပ်တာ အခုလည်းပဲ နည်းတာမဟုတ်ဘူး၊ တပုံ တခေါင်း ထည့်ထား တာပဲ၊ အဖွဲ့ချုပ်က တကယ်ကို ကျဉ်းကျဉ်းကျပ်ကျပ်ထဲကနေ ဒီမိုကရေစီအရေးလုပ်လာခဲ့တာ အခုမှ မဟုတ်ပါဘူး စတည်ထောင် ကတည်းကနေ လုပ်လာခဲ့တာပဲ။

မေး။    ။ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့က နိုင်ငံရေးကိစ္စတွေကို အတူတူတွဲလုပ်ကြသလို၊ ဒီပဲယင်းကာလကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြ တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘဘရဲ့အမြင်ကို သိပါရစေ။

ဖြေ။    ။ သူက အိမ်ချုပ်ကျရင် ဘဘလည်း အိမ်ချုပ်၊ သူက အိမ်ချုပ်ကနေ ထောင်ဒဏ် အရှည်ကျရင် ဘဘက အင်းစိန်ထောင်ကျ၊ နောက်တခါ သူကအိမ်ချုပ် ဘဘကရဲမွန် အကျဉ်းထောင်ကိုသွား၊ တခါ ကိုယ်က ပြန်လွတ်လာ၊ သူကတခါပြန်လွတ်၊ အဲလိုသွားရင်းနဲ့ သိလာတယ်။

ဘာပဲဖြစ်ဖြစ် လူထုက ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ ပွဲတွေကျတော့ ပြည်နယ်တွေကရော၊ တိုင်းရင်းသားတွေကရော လူငယ်တွေ များလာတယ်။ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း သမီးဆိုပြီးတော့ လူလတ်ပိုင်းနဲ့ အကြီး ပိုင်းတွေပေါ့လေ။ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်ဘူး၊ သွားတဲ့နေရာမှာ လူငယ်တွေ ကျောင်းသားတွေပဲ၊ အဲလိုဖြစ်လာတဲ့အခါကြတော့ နအဖက  စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ်ခရီးက စပြီးတော့ ပစ်ရင်းခတ်ရင်း လုပ်လာတာပဲ။ ပစ်တယ်ဆိုတာကလည်း သေနတ်နဲ့ပစ်တာ မဟုတ်ဘူး။ လောက်စာလုံးတို့၊ ခဲတို့နဲ့ ပစ်တာတို့၊ ကားသွားရင် ကားကို ခဲနဲ့ ပစ်ပေါက်တာတို့ လုပ်လာတယ်။ နောက်ဆုံးကျတော့မှ ဒီပဲယင်းမှာ တော်တော်ကို ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာပေါ့။

နဂိုကတည်းက လာတာကိုက သူက အောင်မြင်အောင် တတ်သလောက်မှတ်သလောက် လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတာ။ ဟိုဟာဖြစ်ဖို့ ဒီဟာဖြစ်ဖို့ ဆိုတာမျိုး တခုမှ မပါဘူး။ အဲဒီတော့ လိုလည်း မလိုချင်ဘူး၊ သူကိုယ်တိုင်ကလည်း ဘာရယ်ညာရယ် ဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်လည်း မရှိဘူး။ သူ့စိတ်ထဲမှာ ခေါင်းထဲမှာရှိတာက သူ့အဖေဟာ လွတ်လပ်အောင် လုပ်ပေးသွားခဲ့တာကို ပြန်လွတ်လပ်အောင် လုပ်ချင်တယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ရှိရင်လည်းပဲ လုပ်ပေးချင်တယ်။ ဒီစိတ်ကူးတွေ ရှိပြီးတော့ လာခဲ့တာ လုပ်ခဲ့တာပဲ။ အခုထိလည်း သူက ဒီမိုကရေစီရေးမှာ နောက်ဆုတ်မှာ မဟုတ်ဘူး၊ လုပ်ဦးမှာပဲ၊ လုပ်ရဦးမှာပဲ။

မေး။    ။ ငယ်ဘဝ ပုံရိပ်တချို့နဲ့ နိုင်ငံရေးလောကထဲ ရောက်ရှိလာပုံကို ပြောပြပေးပါဦး။

ဖြေ။    ။ ဘဘ ငယ်ငယ်တုန်းက ကောလိပ်ကျောင်း သိပ်နေချင်တာ၊ ဆရာဝန်လည်း သိပ်ဖြစ်ချင်တယ်၊ ဒါပေမယ့် စစ်ကြီးဖြစ်သွားတော့ စိတ်ကူးတွေ အကုန်ပျောက်သွားတယ်၊ အထက်တန်းကျောင်း တက်ပြီးတော့ စစ်ကြီးဖြစ်သွားတဲ့အခါ တပ်ထဲရောက်သွားပြီး ပညာရေးက Gap ဖြစ်နေတာပေါ့။ စိတ်ကူးတွေက အကုန် ပျောက်သွားပြီး အဖေသေတော့ သာမဏေဘ၀နဲ့ နေလိုက်တာ တော်တော်ကြာတယ်။

နောက်တခါ စစ်ဖြစ်တော့လည်း သာမဏေကနေထွက် တပ်ထဲကိုဝင်၊ ဒီလိုနဲ့ စစ်သား ပြန်ဖြစ်လာတာပေါ့လေ။ တော်လှန်ရေး ပြီးတော့လည်း ဆက်မလုပ်တော့ဘူးလားပဲ။ ဒါနဲ့ ရန်ကုန်ရောက်လာရော၊ အဲဒီမှာလည်း ကံက ပြန်ပါလာတယ် ထင်တယ်။ သူများတွေ ဗိုလ်ရွေးတာထဲမှာ မပါဘူး၊ တော်တော်များများ ပြုတ်ကျတယ်၊ အားလုံး အများကြီးထဲကမှ ၁၅၀ လောက် ရွေးတာ၊ ဘဘက ၁၅၀ ထဲ ပြန်ပါသွားပြန်တယ်။ အဲလိုပါတော့ လုပ်လိုက်တာ။ စိတ်ထဲမှာကတော့ ငယ်ငယ်တုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ ပြန်ပြန်စဉ်းစားမိပြီး အဲလိုပဲ ဖြစ်ချင်တယ်ပေါ့လေ။ ရဟန်းဘ၀တုန်းကလည်း မထွက်တော့ဘူးလို့ နေတာ ဒါပေမယ့်လည်း အိမ်က မပြေမလည်ဆိုတော့၊ သားသမီးတွေကလည်းပဲ အိမ်မှာ ကြည့်မယ့်သူ မရှိ၊ ပျက်စီးကုန်တော့မှာပဲဆိုပြီး စိုးရိမ်တာနဲ့ ရဟန်းဝတ်နေရာကနေ ထွက်လိုက်တာ၊ ထွက်ပြီးတော့ Law ဖြေတာပဲ။

Law ဖြေတော့လည်း RL ကော LLB ရော ပြီးသွားတယ်။ မာစတာ ဆက်တက်မလို့ လုပ်နေရင်းနဲ့ ပရော်ဖက်ဆာ ဦးတင်အုန်း ကလည်း ဆုံးသွားတယ်။ ဆုံးသွားတဲ့အချိန်မှာ ၈၈ ကလည်း ကောက်ဖြစ်တော့ အကုန်လုံးပဲ တပည့်တွေက တိုင်းမှူးဟောင်း တွေရော လာခေါ်တယ်၊ တိုက်တွန်းတယ်။ အဲဒီမှာ ဦးအောင်ရွှေတို့ တို့နဲ့ ပေါင်းလိုက်တဲ့ အချိန်၊ တခါ  ဒေါ်အောင်ဆန်းစုကြည် လည်း ပေါ်လာရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို သဘောကျတာနဲ့ သူက ထက်လည်းထက်မြက်တယ်လေ။ ဘဘတို့က တပ်ထဲမှာ နေပြီးတော့ တပ်လိုပဲနေတယ်။ သူကတော့ စာပေလောက ကဆိုတော့ နှံ့စပ်တယ်။ သူ့အမြင်လေးတွေ ကလည်း ကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီးလည်း ဖြစ်တယ်။ သူ့အမြင်ကလည်း မလွတ်လပ်တာကို လွတ်လပ်အောင် နဲ့၊ ဒီမိုကရေစီဆုံးရှုံးတာ ပြန်ရအောင်လုပ်ရင်းနဲ့ ပါလာပြီး နောက်ဆုံးကျတော့ ဒီနေ့အထိ လက်တွဲပြီး လုပ်ဖြစ်သွားတာပေါ့။


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List