မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ရှင်သန်နေသော အားမာန်များ


လူရယ်လို့ ဖြစ်လာရင် မျှော်လင့်ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေ လိုအပ်ပါတယ်။ လူတိုင်းဟာ မျှော်လင့်ချက်တွေ၊ ချစ်ခြင်း မေတ္တာတွေနဲ့ပဲ ရှင်သန်နေကြရတာပါ။ စိတ်ပုံမှန်မဟုတ်တဲ့သူတွေလို့ သတ်မှတ်ခံ ထားရတဲ့သူတွေတောင်မှ မျှော်လင့် ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေ လိုအပ်ပါတယ်။
မျှော်လင့်ချက်တွေ၊ ချစ်ခြင်းမေတ္တာလုံးဝမရှိတဲ့ အရပ်ကို မနေသင့် မနေအပ်တဲ့ အရပ်(ပစ္စုဒ္စေရ အရပ်) လို့ ခေါ်ပါတယ်။ ကျမတို့ တိုင်းပြည်ရဲ့ နေရာအနှံမှာ ပစ္စုဒ္ဓေရ အရပ်ရှိပါတယ်။ အဲဒီအရပ်မှာ အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင် မယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် နေထိုင်နေရသူတွေ၊ ပြီးတော့ မိမိကိုယ်တိုင် မကောင်းမှုတွေကျူးလွန်ခဲ့လို့ နေရသူတွေ ရှိနေကြပါတယ်။ အဲဒီနေရာဟာ အားလုံးအတွက် မပျော်ရွှင်နိုင်တဲ့နေရာပါ။ မကောင်းမှုကိုလုပ်ခဲ့သူတွေနဲ့ အာဏာရှင်ကို အံတုသူတွေဟာ နံရံပါးပါးလေးပဲခြားပါတယ်။ အဲဒီနံရံက နောင်တတရားတွေနဲ့ ခြားထားတာပါ။ အာဏာရှင်ကို  အံတုသူ တွေမှာ နောင်တမရှိဘူး။ အားမာန်တွေပဲ တိုးပွားလာတယ်။ ပိတ်နှောင်မှုတွေတိုးလာတိုင်း သူတို့ဟာ အားမာန်တွေပိုလို့ ပိုလို့ များလာတယ်။ အားလုံးက လင်ကွန်း ပြောတဲ့ “သွေးကွဲရင် ဘာမှ အောင်မြင်မှာမဟုတ်ဘူး” ဆိုတာကို လက်ခံခဲ့ ကြသူတွေဖြစ်ပြီး အကြပ်အတည်းကိုရင်ဆိုင်ရတိုင်း တဦးနဲ့ တဦး ချစ်ခြင်းတွေပိုတိုးလာကြတယ်။ အဲဒီနေရာမှာပဲ နူးညံ သိမ်မွေ့တဲ့ အမျိုးသမီးတွေနေရတယ်။ အမျိုးသမီးတွေဆီမှာလည်း တံတိုင်းပါးပါးလေးရှိတယ်။ အဲဒီတံတိုင်းရဲ့ တဖက်တ ချက်မှာ ပြစ်ဒဏ်ခံနေရသူတွေနဲ့ တခြားတဖက်မှာ အာဏာရှင်ကိုအံတု သူတွေပေါ့။
ကျမနဲ့ ကျမတို့ရဲ့ သူငယ်ချင်းတွေက ယုံကြည်ချက်ကြောင့် မနေအပ်တဲ့ အရပ်ကိုရောက်နေခဲ့ရသူတွေပါ။ ဒါပေမဲ့ ကျမ တို့ စိတ်ဓါတ်ကျမနေပါဘူး။ ကျမတို့တွေ ဒီအရပ်မှာရှိနေတာဟာ တရားမျှတမှုမရှိဘူးဆိုတာကို ဖေါ်ညွန်းနေပါတယ်။  ဒါ ကြောင့် ကျမတို့အဲဒီအရပ်မှာ မပျော်ပေမဲ့ ဖြစ်အောင်နေခဲ့ကြပါတယ်။ အဲဒီနေရာမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ တက္ကသိုလ်က နည်းပြတွေ၊  ဌာနဆိုင်ရာက အရာရှိကြီးတွေ၊ စိတ်ဓါတ်ရှိတဲ့  ပြည်သူတွေ၊ ကျောင်းသားတွေ ထောင်ဂ ဏန်းတော့ရှိတယ်။ အဲဒီထက်လည်း ပိုနိုင်ပါတယ်။
အဲဒီအရပ်ကနေ နယ်ချဲ့တွေကိုတော်လှန်ခဲ့တယ်။ အဲဒီနေရာကနေ ဖက်ဆစ်တွေကိုအံတုခဲ့တယ်။ အဲဒီနေရာကနေ မိမိ ယုံကြည်တဲ့ ၀ါဒအတွက် အုပ်ချုပ်သူတွေကို ဆန့်ကျင်ခဲ့တယ်။ အဲဒီနေရာကနေ တစ်သွေးတစ်သံတစ်မိန့်ဟာ တရားမ၀င် ကြောင်းပြောပြခဲ့ကြတယ်။ အဲဒီနေရာဟာ သမိုင်းဝင်နေရာ။ အဲဒီနေရာကို မြေခွေးတွေက ထိန်းချုပ်ထားပေမဲ့ ကျမတို့ တွေရဲ့ အားမာန်ကိုတော့ ၀ါးစားလို့မရခဲ့ဘူး။
အဲဒီအရပ်မှာ သတင်းစကားလဲ အများကြီးမကြားရ၊ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှုတယ်လို့ မထင်ရအောင်ကို မှောင် တဲ့ ဖတ်စရာဆိုလို့ ဆေးလိပ်ဖင်စီခံကိုတောင် ခိုးချောင်ခိုးဝှက်နဲ့ ကျမတို့ဖတ်ခဲ့ရတာလေ။ ဒါပေမဲ့ ကျမတို့ ရှင်သန်နေ တယ်။ မရှိမဲ့ ရှိမဲ့မျော်လင့်ချက်နဲ့ပေါ့လေ။ အရင်က ချစ်ခြင်းမေတ္တာတွေကို ပြန်လည်တမ်းတရင်း၊ မိသားစုတွေအတွက် မေတ္တာပို့ရင်း တက္ကသိုလ်ရဲ့ လွမ်းမောဖွယ်ရာတွေကို သတိတရပြန်ပြောကြရင်း၊ ကျမအပါအ၀င် တစ်ချို့တွေအတွက် ကိုယ့်မှာရှိတဲ့ ဗဟုသုတ ဖားခြေရာခွက်လေးကို တစ်ခြားသူတွေထံဝေမျှ၊ တစ်ခြားသူတွေက သူတို့ရဲ့ ဗဟုသုတ ပင် လယ်ကြောမှာ မျောပါသွားအောင်ဝေမျှကြရင်း  တစ်နေ့ပြီးတစ်နေ့ ၀ါးစားကြတယ်။
တစ်ချို့က နှစ် ၂၀၊ တစ်ချို့ကတော့ ၁၀ နှစ်၊ ကျမတို့က ၇ နှစ်၊ အနည်းအကျဉ်းက သေဒဏ်။ အခုတော့ ၆၅ နှစ်နဲ့ ၆ လ။ အနည်းဆုံး နှစ် ၂၀။
ကျမတို့ဟာ သာမာန်အတိုင်းဆိုရင် ၆ နှစ်နဲ့ ၂ လ ကြာရင် ချစ်ခြင်းမေတ္တာနဲ့ ပြန်လည်ထိတွေ့ခွင့်ရမယ်။ သာမာန်မဟုတ် တဲ့ တစုံတခုကြောင့်ဆိုရင်တော့ ဘယ်တော့မှ လွတ်မလဲဆိုတာကို ဘယ်သူမှ ပြောမပြနိုင်ဘူး။ ၁၀ (က) ရဲ့ အကျယ်အ ၀န်းက ၅ နှစ်၊ ဆန္ဒရှိရင် နှစ်တိုး ၁ နှစ်ထပ်ထားလို့ရတယ်တဲ့။ ကျမတို့ နေခွင့်ရှိတဲ့နေရာမှာ ညီအမအရင်းထက်ပိုချစ်တဲ့ အမျိုးသမီးငယ် ၈ ယောက်နေကြတယ်။ နောက်နဲနဲကြာတော့ ၆ ယောက်ဆက်နေတယ်။
ကျမတို့နေခဲ့တာ ၆ နှစ်ပြည့်တဲ့အချိန်မှာ အားလုံးက ကျမကို ၀ိုင်းမေးကြတယ်။ အမရေ… မနေအပ်တဲ့နေရာက ထွက်ခွါ ခွင့်သာရခဲ့ရင် အမ ဘာဆက်လုပ်မှာလဲတဲ့။ ကျမအတွက် တက္ကသိုလ်နယ်မြေမှာနေခွင့်မရှိတော့ဘူး။ ကျမ နောက်ဆုံး နှစ် စာမေးပွဲကို အောင်မြင်ခဲ့ပြီးပြီ။ ကျမတက်လက်စ ပြင်သစ်ဘာသာသင်တန်းကို ပြန်တက်ရမယ်။ နောက်ပြီး ကျန်ခဲ့တဲ့ ညီမတွေ အမတွေအတွက် သူတို့ဆန္ဒရှိတဲ့အရာတွေကို လုပ်ပေးချင်သေးတယ်။ ပြီးတော့ ကျမရဲ့ ရပ်တည်ချက်အတွက် ကျမတစ်စုံတစ်ခု လုပ်သင့်တယ်လေ။ အဲဒီတုန်းက ကျမအသက် ၃၀ ပြည့်ပြီးပြီ။
ဒီလိုနဲ့ ကျမ ၆ နှစ် ၃ လ ပြည့်ချိန်မှာ ချစ်ခြင်းမေတ္တာတွေရှိရာကို ပြန်ရောက်ခဲ့တယ်။ ကျမရဲ့ အပြင်းထန်ဆုံးဆန္ဒက ကျမ ဖေဖေနဲ့ စကားတွေအများကြီးပြောချင်တယ်။ ဒါပေမဲ့ လူတိုင်းမလွဲမသွေ သွားရမည့်လမ်းကို ဖေဖေက ကျမကိုမစောင့်ပဲ သွားနှင့်ပြီ။ ဖေဖေ မသွားခင်က ကျမအတွက် အားပေးတဲ့မေတ္တာစာတွေကို ပေးခဲ့ဘူးတယ်။ ကျမက ဖေ့ဖေ့စာတွေ ကြောင့် မသေအောင်နေနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း အားရပါးရပြောပြခဲ့ချင်တာ။ ကျမမှာ မျှော်လင့်ချက်တွေကို သား ပိုက်ကောင်က သူ့ရင်သွေးကိုသယ်ဆောင်ထားသလို သယ်ဆောင်ခဲ့တယ်ဆိုတယ်ကို အားရပါးရပြောပြချင်ခဲ့တာ။  ကျန် ရစ်တဲ့ အမေက ကျမငိုမှာကို စိုးရိမ်နေခဲ့ပေမဲ့ ကျမ မငိုတော့ဘူး။ ဘာလို့လဲဆိုတော့ ပစ္စုဒ္ဓေရ အရပ်က ကျမကို သင် ကြားပေးခဲ့ပြီးပြီ။ ကျမကို ဖေဖေက ရန်သူ့ဆီမှာ ဒူးမထောက်မိစေနဲ့တဲ့။ ကိုယ့်အသက်ရှင်နေမှ အာဏာရှင်ကို တိုက်ခိုက် နိုင်မှာမို့လို့ အသက်ရှင်နေဖို့လိုတယ်လို့ ပြောခဲ့တာကိုး။
နောက်နေ့မှာပဲ ကျမဆီကို ထောက်လှမ်းရေးတစ်ယောက် ရောက်လာခဲ့တယ်။ ဟန်ဆောင်စကားလုံးတွေရဲ့ နောက် ကွယ်မှာ မြေခွေးတကောင်ရဲ့ ကောက်ကျစ်ယုတ်မာပုံမျိုးနဲ့ ကျမတို့ကို သနားနေသတဲ့လေ။
သဲထဲကိုရေသွန်ရင်တောင် အရာကျန်အုံးမယ် ကျမရဲ့မျှော်လင့်ချက်တွေက အရာမကျန်ပါဘူး။ ၁၉၉၅ ခုနှစ်တုန်းက ကျပ် ၇၀၀ ပေးရတဲ့ ပြင်သစ်သင်တန်းက ၆ နှစ်ကြာပြီးတဲ့ အချိန်မှာ ၇ ဒေါ်လာ ကျသတဲ့။ အဲဒီအချိန်က ၁ ဒေါ်လာ ကို ငွေ ၉၅၀ လောက်ပေါက်တယ်။ ကျမက အလုပ်အကိုင် မရှိသေးတဲ့လူလေ။ ဒီလောက်ဘယ်တတ်နိုင်မှာလည်း၊ ဒါကြောင့် အဲဒီရည်ရွယ်ချက်ကို မေ့ထားလိုက်ရတယ်။

ငယ်သူငယ်ချင်းတွေဆီကိုသွားလည်မိတော့ သူတို့က အလုပ်များကြတယ်။ အေးလေ ၆ နှစ်ကျော်ဆိုတဲ့ အချိန်အတွင်း သူတို့ဟာ ဘ၀တစ်ခုကိုအကောင်းဆုံးတည်ဆောက်မိနေပြီ။ သူတို့မှာ ကျမအတွက် အချိန်မပိုနိုင်ကြဘူးလေ။ ပိုဆိုးတာ က ကျမကို တရားကြလာအောင်သူတို့က ဟောပြောကြတယ်။ သူတို့ရဲ့ စေတနာက တကယ်ကောင်းပေမဲ့ ကျမက ခံရ ခက်နေတာဆိုးတယ်။ ဒါကြောင့် လက္ခဏာတူသူတွေထံကိုပဲ ပြန်သွားဖြစ်တယ်။ ငယ်သူငယ်ချင်းတွေနဲ့ ကျမက လက္ခ ဏာ မတူနိုင်ဘူးလေ။
နောက်တော့ ကျမ ၀ါသနာပါတဲ့ စာပေအလုပ်ကို သူငယ်ချင်းတွေကောင်းမှုနဲ့ ကျမရလိုက်ပါတယ်။ ကျမတို့ကို ပုံပြင်ထဲ က မြေခွေးလို သနားတဲ့ လူတွေက ထုတ်ဝေသူကို တွန်းအားပေးလို့ ကျမထွက်ပေးလိုက်တယ်။ ဒီလိုပဲ မြေခွေးလိုသနား တတ်တဲ့ လူတွေကြောင့် တင်တင်ညိုက ဆွဲကြိုးချသွားတယ်။ ချယ်ရီက ဆေးသောက်တယ်။ ကျမကတော့ အလုပ်က ထွက်လိုက်တယ်။ ဆေးကျောင်းသားတွေက ကျူရှင်ဆရာ၊ ပြင်သစ်သင်တန်းနည်းပြ၊ တချို့က ပြည်ပ အသံလွှင့်ဌာန တွေမှာ အလုပ်ရသွားကြတယ်။
တင်ထွန်းနိုင်ကတော့ မြေပေါ်မှာလမ်းလျောက်ရင်း အဆက်အစပ်မရှိတဲ့စကားတွေကို တတွတ်တွတ်ရွတ်နေတယ်။ အိမ် ကလူတွေကို မယုံတော့ဘူး။ စည်သူ၊ကိုသုတ၊ ကိုဘိုနီအောင်တို့ကတော့ ခရီးဝေးကိုအပြီးသွားကြတယ်။ ကိုပေါ်၊ ကိုမင်း ဇေယျာ၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ မီးမီး၊ နီလာ၊ ရွှီးတို့ ကတော့ ယုံကြည်ချက်အတိုင်း ပစ္စုဒ္ဓေရအရပ်ထံ ခရီးထွက် သွား ကြတယ်။ သူတို့အကြောင်းကြားရတဲ့လူတိုင်းက အံသြတကြီး သက်ပြင်းချပေမဲ့ သူတို့က မတရားမှုကို တကမ္ဘာလုံးက ပြည်သူတွေသိရအောင် မနေအပ်တဲ့အရပ်မှာ နေနေကြတယ်။
တစ်ချို့က မျှော်လင့်ချက်တွေရှိတဲ့နေရာမှာ မျိုးဆက်သစ်တွေအတွက် ပညာသင်ကြားတဲ့ လုပ်ငန်းကိုလုပ်ကြတယ်။ ဒါ ပေမဲ့ မြေခွေးတွေက သိပ်မကြိုက်ဘူး။ ဒါကြောင့်နှောက်ယှက်ကြတယ်။ ဒါပေမဲ့ ကြေမွမသွားကြတာကတော့ ကျမတို့ တွေရဲ့ စိတ်ဓါတ်ခွန်အားကြောင့်လို့ပဲ ကျမထင်ပါတယ်။ သူတို့ဘယ်လိုပဲ လုပ်ပါစေ၊ အာဏာရှင်တွေကို ဆန့်ကျင်တော် လှန်ဖို့ ဘယ်တော့မှ နောက်တွန့်သွားမှာ မဟုတ်ပါဘူး။ ဆန္ဒတွေကတော့ ဘယ်တော့မှ မပျောက်နိုင်ပါဘူး။ ဘာလို့လည်း ဆိုတော့ အာဏာရှင်စနစ်ကြောင့် လာဒ်ပေးလာဒ်ယူဖြစ်တယ်။ အာဏာရှင်စနစ်ကြောင့် ကျမတို့တိုင်းပြည် အဆင်းရဲဆုံး နိုင်ငံတွေထည်းမှာ စာရင်းဝင်သွားတယ်။ ဒီစနစ်ကြောင့် မတရားမှုတွေအများကြီးရှိနေတာကို ကျမတို့ သိကြတယ်။ ကိုပေါ်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုကြီးသန်းတင်၊ မီးမီး အားလုံးသော ယုံကြည်ချက်ပြင်းပြသူတွေဟာ ဘ၀တွေ အတွက်၊ ချစ်ခြင်းမေတ္တာတွေအတွက်၊ မျော်လင့်ချက်တွေအတွက် အမြဲတမ်းအသင့်ရှိနေကြပါတယ်။ ပစ္စုဒ္ဓေအရပ်ထဲက နံရံလေးဘက်အတွင်းမှာ လှပခြင်းတွေရှိနေတယ်။ ကမ္ဘာ့ကဗျာနေ့က ကဗျာဆရာတွေက ကဗျာရေးတယ် “ကျဲပြန့်နေ သောအရာတွေက မလှပဘူး” တဲ့။ ဒါပေမဲ့ ကိုဌေးကြွယ်၊ ကိုပေါ် တို့ မီးမီး၊ နီလာ၊ အာဏာရှင်ကိုတော်လှန်ဝင့်တဲ့လူတွေ ရှိတဲ့နေရာမှာ လှပခြင်းတွေရှိတယ်။သူတို့မှာ သိပ်သည်းတဲ့ ညီညွတ်ခြင်းတွေနဲ့ လက်ဆက်ထားနိုင်သူတွေပါ။ သူတို့က သန်း ၆၀ သော မြန်မာပြည်သားတွေကို ချစ်ခင်ကြင်နာတတ်သူတွေဖြစ်တယ်။ ပြည်သူတွေနဲ့လည်း ညီညွတ်မှုကို ရယူ ထားနိုင်သူ   တွေဖြစ်ပါတယ်။
သူတို့က အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်ဖို့ ကျိုးစားနေကြတယ်။ ကျမတို့က မြန်မာပြည်ကို လှမ်းမြင်နိုင်တဲ့ မြို့လေးမှာ  သူတို့ကိုလွမ်းနေကြတယ်။ လွမ်းနေရုံနဲ့တော့ ကျမတို့အားလုံးရဲ့ ဆန္ဒတွေဘယ်ပြည့်ဝမှာလဲ၊ ကျမတို့တွေ စည်းလုံးညီ ညွတ်တယ်ဆိုရင် သူတို့ ၀မ်းသာကြမှာပေါ့။ ဒါကြောင့် ကျမတို့ စည်းလုံးညီညွတ်ကြပါစို့။
ခင်ငြိမ်းသစ်

ငလျင်ကြောင့် လူ ၁၃၀ ကျော် သေဆုံး

           

ဆရာတော် ဦးဇ၀နနှင့် တွေ့ဆုံ မေးမြန်းခန်း

ရှမ်းပြည်ငလျင်

စစ်တွေတွင် ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကပ်

ရခိုင်ပြည်မြို့တော် စစ်တွေတွင် ယနေ့နံနက်က ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကို နေရာ အနှံ့အပြားတွင် ကပ်၍ တွေ့ကြရကြောင်း မြို့ခံများက ပြောသည်။


sittwe-posta-in-khanba.jpg
အမည်မဖေါ်လိုသူ အမျိုးသမီး တစ်ဦးက " မနက် ၆ နာရီ မိုးလင်းတာနဲ့ ပိုစတာတွေကို တွေ့ရပါတယ်။ အစပိုင်းတော့ အစိုးရက ကပ်တဲ့ ပိုစတာလို့ ထင်ခဲ့ပါတယ်။ ရဲတွေက လိုက်ခွာနေတာကို တွေ့ရမှ ဒီပိုစတာတွေဟာ ဒီမိုရေစီ အရေး လူပ်ရှားနေသူတွေက ကပ်သွားတယ်ဆိုတာကို သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ကပ်သွားတယ်ဆိုတာတော့ မသိပါဘူး" ဟု ပြောသည်။

အဆိုပါ ပိုစတာထဲတွင် အပေါ်ပိုင်းတွင် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ဟု ပါရှိပြီး အလယ်တွင် တိုင်းရင်းသား လူမျိုး ၈ မျိုးက လက်ချင်းချိတ်ပြီး မြန်မာ့ လွတ်လပ်ရေး ကျောက်တိုင်ကို ၀ိုင်းရံထားကာ အောက်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့ဟု ပါရှိသည်။ ပိုစတာ၏ အောက်ဆုံးတွင် ၂၁ ရာစုပင်လုံသို့ ဟု ပါရှိကြောင်း သိရသည်။

တခြား လူငယ် တစ်ဦးကလည်း " ကျောင်းဆိုင်းဘုတ်တွေနဲ့ အစိုးရ ဌာနဆိုင်ရာ ဆိုင်းဘုတ်တွေ မှာလည်း ကပ်ထားတာကို တွေ့ရပါတယ်။ စစ်တွေ တမြှို့လုံးမှာ ကပ်ထားတာကို တွေ့ရပါတယ်။ ပိုစတာလေးက ထူးထူးခြားခြား ဖြစ်နေတာ့ လူတွေက စိတ်ဝင် တစား ကြည့်ကြပါတယ်။ မနက် ၈ နာရီမှာတော့ ရဲတွေက မော်တော် ဆိုင်ကယ်တွေနဲ့ လာပြီး ကပ်ထားတဲ့ ပိုစတာတွေကို ခွာပြီး သိမ်းယူသွားပါတယ်" ဟု ပြောသည်။

အဆိုပါ ပိုစတာ ကပ်မူကြောင့် ဖမ်းဆီးမူများ၊ မေးမြန်းမူများ ယခုအချိန်ထိ မရှိသေးကြောင်းနှင့် အခြေအနေမှာ ပုံမှန် အနေအထား အတိုင်းပင် ရှိနေကြောင်း သူက ပြောသည်။

သို့သော်လည်း ပိုစတာတွင် ငြိမ်းချမ်းရေးနှင့် ၂၁ ရာစုပင်လုံဟူ သော စာသားများ ပါဝင်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များကို သံသယ ဖြစ်နိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

နိရဉ္စရာ သတင်း

မဲဆောက်မှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ကဗျာနေ့ ကဗျာရွတ်ဆိုပွဲ

အမှိုက်ပုံထဲက ရွှေမြန်မာများ

ခင်ဦးသာ  Monday, 21 March 2011 15:35  ဧရာဝတီ

“ဒီငါးတွေက အမှိုက်ပုံကရတဲ့ ငါးတွေလေ၊ ညနေ ဟင်းစားအတွက်ပေါ့” လို့ ပလတ်စတစ် ဇလုံငယ်လေး တလုံးထဲက နနွင်းရောင် တောက်နေတဲ့ ချက်ပြုတ်ဖို့ အဆင်သင့် ငါးတွေကို ကြည့်ရင်း ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ဒေါ်ညိုညိုက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့စွန်က အမှိုက်ပုံဘေးမှာ တန်းစီဆောက်ထားတဲ့ တဲအိမ်လေးတခုရှေ့က ညနေစာ ချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်း တခုပါ။

g5
မဲဆောက် အမှိုက်ပုံမြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ဒေါ်ညိုက ညစာချက်ပြုတ်ဖို့ ပြင်ဆင်နေသလို၊ တချို့ကလည်း ကားပေါ်က စွန့်ပစ်လိုက်တဲ့ အနံ့အသက် မကောင်းတဲ့ အမှိုက်တွေကို မွှေနှောက်ပြီး ရောင်းလို့ရနိုင်မယ့် ပစ္စည်းတွေကို ကောက်ထည့် နေသူကထည့်၊ တူးဆွသူက တူးဆွနဲ့ အမှိုက်ပုံ တ၀ိုက်မှာ မြန်မာ နိုင်ငံသားတွေရဲ့ အသံက လွှမ်းမိုး စည်ပင်နေပါတယ်။

သူတို့တွေရဲ့ အားကြိုးမာန်တက် အမှိုက်ကောက်နေ ကြပုံဟာ လတ်တလော ကြည့်လိုက်ရင် ပျော်စရာကောင်းတဲ့ မြင်ကွင်းလို့ ထင်ရပေမယ့် တခြားသူတွေ အတွက်ကတော့ စိတ်မကောင်းစရာ မြင်ကွင်းတခုလို့ ဆိုရမှာပါ။

ဒေါ်ညိုပြောတဲ့ အမှိုက်ပုံက ရတဲ့ငါးဆိုတာ အမှိုက်ပုံနဲ့ ကပ်လျက်က လုံးဝ မကြည်လင်တဲ့ ရေကန်ထဲက ရတဲ့ငါးကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် အသားညိုညို၊ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာ ပိုင်ရှင် ဒေါ်ညိုဟာ သူ့ရှေ့က သံစည်ပုံးခွံ တခုကို အပေါက် ဖောက်ပြီး လေလုံအောင် ပြုလုပ်ထားတဲ့ ခေတ်သစ်မီးဖိုတခုနဲ့ ဆားနဲ့ နနွင်း နယ်ထားတဲ့ ငါးတွေကို ညစာ ချက်ပြုတ်ဖို့ ပြင်ဆင် နေပါတယ်။

သူ ညနေစာ ချက်ပြုတ်နေတဲ့ ပုံစံက ညစ်ပတ် နံစော်ပြီး ယင်ကောင်တွေ ပျံသန်းနေတဲ့ အမှိုက်ပုံအနားမှာ ချက်ပြုတ်နေတဲ့ ပုံစံနဲ့မတူဘဲ အညာ ကျေးလက် ဒေသတွေက ခြံဝင်းကျယ်ထဲမှာ ချက်ပြုတ်နေတဲ့ အိမ်ရှင်မ တဦးနဲ့ တူနေပါတယ်။

“စောစောချက်ပြုတ် စားထားရတယ်လေ။ စောစောအိပ်ရာ ၀င်ရတယ်။ ရဲတွေက အိပ်ပျော်နေတုန်း လာဖမ်းတတ်တာမျိုးတွေ ရှိလို့ပါ” လို့လည်း သူကဆိုလိုတာပါ။

ထိုင်းရဲတွေရဲ့ ရန်ကရှောင်ရှားနိုင်ဖို့ စောစောစားသောက်ပြီး မီးရောင်တွေ လင်းမနေအောင် ညစောစောအိပ်ရတယ်လို့ ဒေါ်ညိုညိုက ဆိုပါတယ်။

ဒီ အမှိုက်ပုံ တ၀ိုက်မှာနေကြတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့် လက်မှတ် ရထားသူတွေ မဟုတ်လို့ ဘယ်အချိန်မှာ ထိုင်းရဲက လာဖမ်းမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အမှိုက်ကောက်တဲ့ အလုပ်ကို လုပ်နေရတာ ဖြစ်ပါတယ်။

ဒေါ်ညိုညို ချက်ပြုတ်နေတဲ့ နေရာနားမှာပဲ အမှိုက်ပုံတ၀ိုက် လှည့်ပတ်ဆောက်ထားတဲ့ ၁၀ ပေ ပတ်လည်လောက်ရှိမယ့် ယိုင်နဲ့နဲ့ တဲအိမ်ငယ်လေး ၁၀ လုံးကျော်ရှိပါတယ်။

အဲဒါနဲ့ မလှမ်းမကမ်းက တောင်ခြေရင်းမှာတော့ အိမ်ခြေ ၈၀ ကျော်လောက် ရှိတယ်လို့ ဒေါ်ညိုရဲ့ခင်ပွန်းဖြစ်သူ ဦးစိုးဝင်းက ညွှန်ပြ ပါတယ်။ ဦးစိုးဝင်းတို့ ဇနီးမောင်နှံဟာ ပဲခူးဇာတိ ဖြစ်ကြပြီး မဲဆောက် အမှိုက်ပုံဒေသကို ရောက်တာ ၁၀ နှစ်လောက် ရှိပြီလို့ ဆိုပါတယ်။

ရဲတွေ လာဖမ်းတော့မယ်လို့ အသံကြားတာနဲ့ သူတို့နေတဲ့ တဲတွေကို ချက်ချင်းဖျက်၊ ထမင်းအိုး၊ ဟင်းအိုးတွေ၊ ခွက်တွေနဲ့ တချို့ ပစ္စည်းတွေကို အမှိုက်ပုံထဲမှာ ၀ှက်၊ အမှိုက်တွေနဲ့ ဖုံးဖိထားခဲ့ကြပြီး လူတွေက နီးစပ်ရာ တောအုပ်ထဲကို အပြေးအလွှား သွားပုန်း နေကြရတယ်လို့ သိရပါတယ်။ အမှိုက်ပုံနဲ့ နည်းနည်း အလှမ်းဝေးတဲ့ နေရာမှာ စိမ်းစိုနေတဲ့ တောအုပ်ကြီး ရှိပါတယ်။

တဲအိမ်တွေအားလုံးဟာ လေကြမ်းတချက်ဝှေ့လိုက်တာနဲ့ အမြစ်ကနေ ကျွတ်ပါသွားနိုင်တဲ့ ယာယီ တဲလေးတွေပါ။

အဲဒီတဲအိမ်တွေမှာ နေကြတဲ့ အမှိုက်ကောက်သမားတွေ အားလုံးဟာ မြန်မာနိုင်ငံ အရပ်ရပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက် လုပ်ကိုင် စားသောက်နေရ သူတွေပါ။ ကလေး၊ လူကြီး ၂၀၀ ကျော်လောက် ရှိပါတယ်။

သူတို့အားလုံးဟာ အမှိုက်ပုံမှာနေ၊ အမှိုက်ပုံမှာစား၊ အမှိုက်ပုံမှာ ညအိပ်ရင်းနဲ့ နေလာခဲ့တာ တချို့က ဆယ်စုနှစ် တခုချီ ရှိပြီ လို့ သိရပါတယ်။

မဲဆောက် အမှိုက်ပုံဒေသမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လူဦးရေ ဆယ်ဂဏန်းလောက်ပဲ ရှိခဲ့တာပါ။ မြန်မာ နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်တွေကြောင့် မတတ်သာလို့ အမှိုက်ပုံကို ရောက်လာကြတာပါလို့ ဆိုကြပါတယ်။

“မနက် ၆ နာရီကနေ ညနေ ၆ နာရီလောက်အထိ အမှိုက်ကားတွေနဲ့ လာပစ်ချတဲ့ အမှိုက်တွေထဲက ရောင်းလို့ရတာတွေကို ကောက်ယူပြီး အ၀ယ်ဒိုင်မှာ ပြန်သွင်းတယ်။ တနေ့ကို ဘတ် ၅၀ (ကျပ် ၁၈၀၀) ကနေ ၇၀ (ကျပ် ၂၁၀၀) အထိ ရပါတယ်” လို့ ဦးစိုးဝင်းက ဆိုပါတယ်။

သူတို့တွေ ရွေးချယ်ကောက်ယူကြတဲ့ အမှိုက်တွေမှာ ပုလင်းခွံ၊ ဘူးခွံတွေမျိုးစုံ၊ ဖော့တုံးတွေ၊ သားရေပစ္စည်းအစုံ၊ ပလတ်စတစ် စတဲ့ ပစ္စည်းတွေပါဝင်တယ်။

လူကြီးတွေနဲ့အတူ ကလေးတွေလည်း တနိုင်တပိုင် အမှိုက်တွေကောက်၊ ဖောင်းပွနေတဲ့ အမှိုက်အိတ် အကြီးကြီးတွေထမ်းပြီး အ၀ယ်ဒိုင်ကို သွားသွင်းနေကြတာ တွေ့ရသလို၊ တချို့ကလေးဆိုရင် အရွယ်နဲ့ မမျှတဲ့ အမှိုက်ထုပ်ကြီးကို မနိုင်မနင်းထမ်းပိုးနေကြတာ တွေ့ရပါတယ်။

g5
မဲဆောက်အမှိုက်ပုံနားက ကလေးငယ်များကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
“သားက ကျောင်းလဲ တက်တယ်၊ ကျောင်းမတက်တဲ့ အချိန်မှာ အမှိုက်ကောက်ပြီး ရောင်းတယ်၊ တနေ့ ဘတ် ၃၀ (ကျပ် ၉၀၀) တို့  ၂၀ (ကျပ် ၆၀၀) တို့ရတယ်” လို့ ၉ နှစ်အရွယ် မောင်မင်းထွန်းက ပြောပါတယ်။

အမှိုက် ၁ ကီလိုကို ၂ ဘတ် (ကျပ် ၆၀) ရတယ်လို့ ပြောပါတယ်။

အမှိုက်ကောက်ပြီး ဘ၀ရပ်တည် နေကြတဲ့ မြန်မာကလေးတွေ အတွက် အမှိုက်ပုံနဲ့ အနည်းငယ် အလှမ်းကွာတဲ့ နေရာမှာ “ကောင်းကင်ပြာ” လို့ ဆိုင်းဘုတ် တပ်ထားတဲ့ မူလတန်းအဆင့် တထပ်ဆောင် စာသင်ကျောင်းလေး တခုတွေ့ခဲ့ရပါတယ်။

သူတို့သင်နေရတဲ့ ပညာရေးဟာ ရေးတတ်ရုံ၊ ဖတ်တတ်ရုံကလွဲပြီး ရေရှည်ပညာရေး အတွက် မဟုတ်ပါဘူး။

အမှိုက်ပုံဒေသမှာ နေထိုင်ကြတဲ့ ကလေး အရေအတွက်ဟာ ၁၀၀ နီးပါး ရှိတယ်လို့သိရပြီး အများစုက အမှိုက်ကောက်တဲ့ အပြင် ကျောင်းလည်း တက်ကြပါတယ်။

ကလေး အများစုဟာ ညစ်ပတ်ပေတူးနေတဲ့ အ၀တ်အစားတွေ၊ တချို့က ကိုယ်လုံးတီးတွေ ဖြစ်နေကြတာ တွေ့ရပြီး တချို့ကလေး တွေကလည်း သနပ်ခါး အဖွေးသားလေး တွေနဲ့ပါ။

အနံ့ပေါင်းစုံ ထွက်နေတဲ့ အမှိုက်ပုံကြီးမှာ အမှိုက်ကောက်နေကြတဲ့ လူကြီးတွေရော ကလေးတွေပါ နှာခေါင်းနဲ့ ပါးစပ်ကို အကာအကွယ် လုပ်ထားတာ ဘာတခုမှ မတွေ့ရပါဘူး။ လတ်တလော ရပ်တည်နိုင်ရေး၊ စားဝတ်နေရေး အတွက်ကိုပဲ အလေးထားကြပုံရပြီး သူတို့ရဲ့ ရေရှည် ကျန်းမာရေးကို အလေးထားနိုင်ကြတဲ့ပုံ မပေါ်ပါဘူး။


“လူကြီးတွေရော၊ ကလေးတွေပါ ရောဂါ ကြီးကြီးမားမား ဖြစ်တာ မရှိပါဘူး။ ခေါင်းကိုက်တာ၊ နှာစေးတာလောက်ပဲ တခါတလေ ဖြစ်တတ်ပါတယ်” လို့ အမှိုက်ထုပ်ကို ဘေးမှာချပြီး တနှစ်သားအရွယ် ကလေးငယ်ကို နို့တိုက်နေတဲ့ မချိုက ဆိုပါတယ်။

လတ်တလော အခြေအနေမှာ ကျန်းမာရေးကောင်းမွန်နေကြတာကပဲ သူတို့ရဲ့စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်နေပုံ ရပါတယ်။

သူတို့တွေဟာ ကိုယ့်နိုင်ငံမှာသာ နေထိုင် လုပ်ကိုင်စားသောက် လိုကြပေမယ့် စားဝတ်နေရေးပြဿနာ၊ ၀င်ငွေမလုံလောက်မှု၊ စစ်တပ်ရဲ့ ခြိမ်းခြောက်မှု၊ အာဏာပိုင်တွေရဲ့ နိုင့်ထက်စီးနင်း ပြုမှု စတဲ့ အခြေအနေတွေကြောင့် သူများတိုင်းပြည်မှာ အမှိုက် ကောက်တဲ့ အလုပ်ကို လုပ်နေကြရတာလို့ သူတို့ထဲက တချို့က ပြောပါတယ်။

“ကိုယ့်နိုင်ငံမှာက အခက်အခဲတွေ အများကြီးပဲလေ။ ရတဲ့ငွေနဲ့ ထမင်းစားဖို့က မလွယ်ဘူး။ ဒီမှာက တနေ့ ဘတ် ၆၀ လောက်ရှိရင် မိသားစု ထမင်းစားလို့ရတယ်။ ထိုင်းရဲတွေ လာဖမ်းမယ့်ဟာ တခုကိုပဲ သတိထားရတယ်” လို့ ဦးစိုးဝင်းက ဆိုပါတယ်။

ဦးစိုးဝင်းနဲ့ ဒေါ်ညိုတို့ ဇနီးမောင်နှံမှာ “ကောင်းကင်ပြာ” ကျောင်းမှာ တက်နေတဲ့ သမီးလေး တယောက်ရှိတယ်လို့ ဆိုပါတယ်။သူတို့ ဆွေမျိုးသားချင်း အများစုဟာလည်းပဲ အမှိုက်ကောက်တဲ့အလုပ်ကို လုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့စွန်မှာ တည်ရှိတဲ့ အမှိုက်ပုံကြီးဟာ မဲဆောက်တမြို့လုံးက အမှိုက်တွေကို လာရောက်စုပုံတာ ဖြစ်လို့
စွန့်ပစ် ပစ္စည်းအစုံအလင် ပါဝင်တတ်ပြီး တခါတလေ ကောင်းတဲ့ ပစ္စည်းတွေ ပါတတ်တယ်လို့ ဆိုကြပါတယ်။

မဲဆောက် အမှိုက်ပုံဟာ ရှည်လျားကြီးမားပြီး အနံ့ပေါင်းစုံ ထွက်နေတာတွေ၊ ခြင်၊ ယင်၊ ကြွက်တွေ ပေါများနေတာတွေကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ပြောနိုင်ပေမယ့် ဒီအမှိုက်ပုံကြီးကပဲ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို နှစ် ဆယ်ဂဏန်းချီပြီး ထမင်းကျွေးထားတဲ့ ထမင်းအိုးကြီးလို့ ပြောရင်လည်းရပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာသူတွေဟာ အရင်ကဆိုရင် ကရင်ပြည်နယ်အတွင်းက စစ်ပြေး ဒုက္ခသည်တွေသာ များခဲ့ပေမယ့် ၁၉၈၈ အရေးအခင်း ကာလအလွန် နအဖ အစိုးရလက်ထက်မှာ တနိုင်ငံလုံးနီးပါးက ပြည်သူတွေဟာ ထိုင်းနိုင်ငံနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာရတဲ့ အရေအတွက် များလာခဲ့ပါတယ်။

အမှိုက်ပုံဒေသမှာ နေထိုင်စားသောက်နေတဲ့ လူတွေအားလုံးနီးပါးဟာ စားဝတ်နေရေး အဆင်မပြေတာ တခုတည်းနဲ့ မြန်မာနိုင်ငံက ထွက်လာကြတာလို့ သိရပြီးနိုင်ငံရေးကိစ္စတွေ၊ တခြားကိစ္စတွေကြောင့် ရောက်လာသူ မရှိသလောက် နည်းပါးတယ်လို့သိရတယ်။

နယ်စပ်တွေကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ သန်း ဂဏန်းရှိပါတယ်။ အများစုဟာ မဲဆောက်၊ မဟာချိုင်၊ မယ်ဆိုင် စတဲ့ဒေသတွေက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြပြီး ထိုင်းရဲတွေ ဖမ်းဆီးတာကိုလည်း မကြာခဏ ခံကြရပါတယ်။ တချို့ကလည်း ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြ ပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြသူတွေရဲ့ နေထိုင်စားသောက်ရေး ကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပေးနေကြသလို၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း အတန်အသင့် ရကြပါတယ်။

g5
ကျောင်းအားချိန်တွင် ကလေးများလည်း မိဘများကို ကူညီ၍ အမှိုက်ရှာပေးကြသည် (ဓာတ်ပုံ - ဧရာဝတီ)
ဒါပေမယ့် အမှိုက်ပုံဒေသမှာ နေထိုင်လုပ်ကိုင် စားသောက် နေကြတဲ့ မြန်မာနိုင်ငံသား တွေကိုတော့ ဘယ်အဖွဲ့ အစည်းတွေကမှ ကူညီထောက်ပံ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးတာမရှိဘူးလို့ သိရပါတယ်။

စားသောက် စရာတွေ တခါတလေ လာလှူတဲ့သူ ရှိပေမယ့် ရတဲ့သူကရ၊ မရတဲ့သူက မရဘူးလို့ ဆိုကြပါတယ်။သူတို့အတွက် အဓိက လိုအပ်နေတာက စားစရာဆန် ဖြစ်တယ်လို့ အမျိုးသမီး တချို့က ဆိုကြပါတယ်။

တခါတလေတော့ ပုဂ္ဂလိက အလှူရှင်တချို့ လာလှူတာလည်း ရှိတယ်လို့ သိရပါတယ်။

အမှိုက်ကောက်လို့ရတဲ့ တနေ့ဝင်ငွေဟာ တနေ့ စားသောက်တာ တခုတည်းနဲ့ ကုန်သွားရတာဖြစ်ပြီး အပိုငွေဆိုတာ လုံးဝ မရှိကြဘူးလို့ သိရပါတယ်။ ရလိုက်စားလိုက် ဘ၀နဲ့ သံသရာ လည်နေကြပါတယ်။

“ဒီနေ့ ထမင်းစားပြီးရင် မနက်ဖြန် ဘယ်လိုစားရမလဲ” ဆိုတဲ့အသိက သူ့တို့ရဲ့ အနာဂတ် ရည်မှန်းချက်လို ဖြစ်နေကြပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကို ဘယ်နေ့ ပြန်နိုင်ပါ့မလဲ ဆိုတာကလည်း သူတို့ရဲ့ရည်မှန်းချက် တခုလို့ အမှိုက်ပုံသား တချို့က ဆိုပါတယ်။

“ကျမတို့ရဲ့ အနာဂတ် ရည်မှန်းချက်က အဆင်ပြေတဲ့နေ့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ပြန်ဖို့ပါ။ အမှိုက်ကောက်စားတယ် ဆိုပြီး  သူများတွေက အထင်သေးတာ ကြုံဖူးတယ်။ ဘယ်သူကမှ နံစော်နေတဲ့ အမှိုက်ကို မကောက်ချင်ပါဘူး၊ အခြေအနေအရပါ” လို့ မချိုက ဆိုပါတယ်။

ဦးစိုးဝင်းနဲ့ဒေါ်ညိုညိုတို့ ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ မပြန်ချင်သေးဘူးလို့ ပြောကြပါတယ်။

“ပြန်ရင်လဲ ဘာလုပ်စားလို့ရမှာလဲ။ ဟိုမှာ အိမ်ကအစ ဘာမှမရှိတော့တာ။  အလုပ်အကိုင်က တအားရှားတယ်။ ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ဒေသမှာပဲ နေချင်တာပေါ့” လို့ ဦးစိုးဝင်း က ပြောပါတယ်။

သဘာဝ သယံဇာတတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ သဘာဝဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ မွေးဖွား ကြီးပြင်း လာခဲ့ကြတဲ့ သူတို့အားလုံးဟာ အမှိုက်ကောက် ရောင်းစားနေရတဲ့ ဘ၀ကနေ လွတ်မြောက် ရုန်းထွက်နိုင်မယ့် အချိန်ကာလ တခုကို စောင့်မျှော်နေကြတယ် ဆိုတာကတော့ သေချာလှပါတယ်။     ။

အလင်းဖြူ တမ်းချင်း

(Photo: AP)
ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။

လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။

ဟိုဘက် အလံရိပ်ဆီကလည်း ဘုရားဆီမှာ ဆုတောင်း
ဒီဘက် အလံရိပ်ဆီကလည်း အဲဒီ့ဘုရားဆီမှာပဲ ဆုတောင်း
လောဘရှေ့ထားတဲ့ ပူဇော်မှုတွေနဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား နေကြပုံတွေက
ဘုရားတွေဟာ ကိုယ်ခွဲများစွာနဲ့
နှစ်ဘက်ချွန်တွေ ကျနေတာပဲ။

သြော်…
လူတွေ လူတွေ…
အမြင်အာရုံ တံခါးတွေစေ့
ဘုရားတွေရှေ့မှာ ဓားသွေးနေကြပါလား။

၂၁ရာစုဦး ကျမ်းသစ်ထဲမှာ
လောကစောင့်နတ်မင်းဟာ
လူသားတွေကို သည်းခံနိုင်မှု ကုန်ဆုံး
ကောင်းကင် ကို လက်သီးနဲ့ ဝုန်းခနဲ ထုလိုက်တယ်။

မိုးကြိုးမုန်တိုင်းတွေ…ငလျင်တွေ…မီးတောင်ပေါက်ကွဲမှုတွေနဲ့
စစ်ပွဲတွေ…အကြမ်းဖက်မှုတွေ…သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုတွေ
ဘုရားက လူတွေကို ဒဏ်ခတ်နေတာ မဟုတ်
လူတွေက လူတွေကို ဒဏ်ခတ်နေတာ။

ဘာသာရေး၊ မျိုးချစ်စိတ်၊ နိုင်ငံတော်အေးချမ်းသာယာရေး
နာမည်လှလှလေးတွေတပ်
သူတို့ လူသတ်ခဲ့ကြတယ်။

ငြိမ်းချမ်းရေး၊ လူသားဝါဒ၊ လွတ်လပ်မှု
ဒါတွေကို အရေးတကြီး ဟစ်ကြွေးနေရခြင်းကိုက
ဒါတွေ ရှိမနေခြင်းရဲ့ သက်သေပဲ။

မမှတ်မိနိုင်တော့တဲ့ မျက်နှာနဲ့
ဒီနေ့ ဂြိုလ်ကမ္ဘာမှာ
ရှေ့ဆုံးကလူကလည်း သေနတ်နဲ့
အကျိုးစီးပွါးကို အဓိကထား
အသက်တွေနဲ့ ဆော့ကစားတယ်။
နောက်ကလူတွေကလည်း မီအောင် မနည်းလိုက်
သြော်
ကမ္ဘာ့နိုင်ငံရေးဆိုတာ
ပန်းပန်ထားတဲ့ လူမိုက်ပါပဲ။

ရွာကြီးကိုက ဒုစရိုက်မို့ 
အားလုံးက တုတ်ဆောင် ဓားဆောင်
ကြောက်စိတ်နဲ့ အမောက်ထောင်နေရတယ်။

ရာဇဝင် အခန်းခန်းကလည်း
ယဉ်ကျေးမှု ဖန်ဆင်းခဲ့သူ ကဝေတွေထက်
စစ်ဘုရင်တွေကို credit ပေး
သမိုင်းကို မြှောက်ထိုးပင့်ကော် ရေးခဲ့ကြတယ်။

ဇာတ်ခုံတခုပေါ်မှာတော့
ဖိနပ်အမျိုးမျိုး ပြောင်းစီးနေသူတသိုက်
အချင်းချင်း လက်ဝါးရိုက်
မြေစာပင်တွေကို မီးတိုက်ကြတော့မယ်။

ဒေါသတချောင်းချောင်းနဲ့ ကျည်ဆံတွေကို
ရင်ဘတ်ချည်းသက်သက်နဲ့ခုခံရင်း
အသံတွေ မြစ်ဖျားခံရာဆီ လှမ်းကြည့်လိုက်တယ်။
တကယ့်အရေးအကြောင်း ကျတော့
ကမ္ဘာစောင့်နတ်တွေဟာ ကြက်ပျောက် ငှက်ပျောက်
သူတို့ စုဆောင်းထားတဲ့ တန်ခိုးတွေ
ဘယ်ရောက်ကုန်ပြီလဲ။

ငရဲခုန်ဝင်လာတဲ့ ဖန်သားပြင်ကို
ဇွတ်အတင်း ရုန်းကန် စိုက်ကြည့်
တစုံတရာကို အထိတ်တလန့် သိလိုက်တယ်။
ကမ္ဘာဟာ ကမ္ဘာနဲ့ တိုက်မိပြီး ပျက်စီးနိုင်တယ်။

မျက်လုံးတွေကို အတင်းအကြပ်ပြန်မှိတ်
နှလုံးခုန်သံကို ပုတီးလုပ်ပြီး စိပ်လိုက်တယ်။
ငိုသံ မျှင်းမျှင်းလေးတခု
မိုးခြိမ်းသံလို ဆူညံမှုပါပဲ။

ဗုံးတွေ ပလူပျံနေတဲ့ ခေတ်ဘီလူးမှာ
ရန်သူ့ရင်သွေးကို နို့ တိုက်နေတဲ့မိခင်တဦးကို
ထူးထူးဆန်းဆန်း ဖူးချင်တယ်။

ခြောက်သွေ့ နွမ်းညို
မျက်ဝန်းဂူစိုစို တွေထဲမှာ
အလင်းဖြူလေးတွေ တွေ့ချင်တယ်။

ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
ကောင်းကင်ကို 
http://kaungkinko.blogspot.com

- စစ်အစိုးရက SSPP/SSA အား ထိုးစစ်ဆင်မှုအပေါ် မဒတမှ ကန့်ကွက်ရှုတ်ချ


NDF St on agt Attack on SSPP _Bur_ -

သမိုင်းရဲ့ လက်များ(မွန်းအောင်)

မတ်လ (၁၆) ရက်နေ့ - တံတားနီနေ့ 

Copy from niknayman
မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ လို့  သမိုင်းမှတ်တမ်းတင်ခဲ့ရတာကတော့ - ၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ အာဏာရူးတွေရဲ့  လက်ပါးစေသေနတ်ကိုင်သမားတွေဖြစ်တဲ့ လုံထိန်းလို့ ခေါ်တဲ့ လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်တွေကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ နေ့ တစ်ရက်ဖြစ်ခဲ့တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အင်းလျားကန်စောင်းပေါ်မှာ ကျခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  သွေးတွေကြောင့် အင်းလျားကန်မြေမှာ သွေးလွှမ်းခဲ့ရသလို အင်းလျားကန်စောင်းပေါ်က အဖြူရောင် တံတားဖြူလည်း အနီရောင်ပြောင်းခဲ့ရတဲ့အတွက် ဒီနေ့ ကို ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ တံတားနီနေ့ ရယ်လို့  သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာရူး နေ၀င်းရဲ့ လက်ထက် ၁၉၆၂ ခုနှစ်က ပြည်သူ့ အာဏာကို လက်နက်နဲ့  အဓမ္မ စတင်သိမ်းပိုက်ခဲ့ရာမှ စလို့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးနဲ့  ယခုလက်ရှိ သန်းရွှေတို့  မတရားအုပ်ချုပ်မှုအောက်မှာ ကျောင်းသားကျောင်းသူတွေရဲ့  အသက်သွေးတွေ ဆုံရှုံးခဲ့ကြတာကို ဘယ်သောအခါမှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားစိတ်ဓါတ် ရှင်သန်နေသူတိုင်းကလည်း အာဏာရူးတွေကို ဘယ်သောအခါမှ ကမ္ဘာကြေမှာ မဟုတ်ပါဖူး။ ခေတ်အဆက်ဆက်တိုင်းမှာလည်း ကျောင်းသားစိတ်ဓါတ် ကျောင်းသားဝိညဉ်နဲ့  ကျောင်းသားတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေဟာ လက်ဆင့်ကမ်း ရှင်သန်ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ (၁၃ဂ ရက်နေ့ မှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုဖုန်းမော် ကိုစိုးနိုင်တို့  အာဏာရူးတွေရဲ့  မတရားပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတာကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူအပေါင်းဟာ မတ်လ (၁၆) ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝန်းအတွင်းမှာ စုစည်းခဲ့ကြပြီး အာဏာရှင် မဆလ နေ၀င်းအစိုးရကို ပြင်းထန်စွာ ဆန့် ကျင်ဆန္ဒပြကြပါတယ်။

ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့  ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် အာဏာရှင်ဆန့် ကျင်ရေး ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းအတွင်းရှိ အဆောင်နေ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသားများလည်း စက်မှုတက္ကသိုလ်နဲ့  ရန်ကုန်တက္ကသိုလ်ကျောင်းသားများနဲ့ အတူ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း ဆန္ဒပြကြွေးကြော်နေရင်း ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်ရှိရာ အင်းစိန် ကြို့ ကုန်းဘက်ဆီသို့ ချီတက်ဆန္ဒပြကြဖို့  လှုံ့ဆော်လိုက်ရာမှ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပြီး ဆန္ဒပြကျောင်းသားများအားလုံး စုစည်းညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းကနေ ကျောင်းပြင်ပသို့  စတင်ထွက်ခွာခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းက အဓိပတိလမ်းကနေ စတင်ထွက်ခွာလာတဲ့ ဆန္ဒပြကျောင်းသူကျောင်းသားများဟာ ထိပ်ဆုံးမှာ သမိုင်းဝင်ခွပ်ဒေါင်းအလံကြီးကို လွှင့်ထူပြီး ပြည်လမ်းဘက်ကို ဦးတည် ချီတက်ထွက်ခွာလာခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်းသားထုကြီးတစ်ရပ်လုံး ဆန္ဒပြချီတက်လာကြတာကို မြင်တွေ့ ကြရတဲ့ ပြည်သူတွေက အားပေးခဲ့ကြတဲ့အပြင် အထက်တန်းကျောင်းသူကျောင်းသားတွေလည်း နောင်တော် တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ ချီတက်ဆန္ဒပြမှုထဲ အားဖြည့်ဝင်ရောက် ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။ နေ၀င်း အာဏာရူးရဲ့  ကျောင်းသူကျောင်းသားတွေအပေါ် မတရားဖိနှိပ်ချူပ်မှုတွေကို ခံစားနေကြရတဲ့၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်တို့ ကို သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်ခဲ့မှုကို မခံမရပ်နိုင်ဖြစ်ပြီး နာကျည်းနေကြတဲ့ ကျောင်းသားထုကြီးဟာ ရဲဝန့် စွာနဲ့  ချီတက်ဆန္ဒပြကာ အာဏာရှင်စနစ်ကို ဆန့် ကျင်တော်လှန်ခဲ့ကြပါတယ်။ ညီညွတ်စွာ သံပြိုင်ကြွေးကြော်နေကြတဲ့ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဟာ မိုးထိတိုင်အောင် လွှမ်းမိုးနေခဲ့ပါတယ်။

ဒီလိုနဲ့  ဆန္ဒပြ ကျောင်းသားထုကြီးဟာ ရန်ကုန် ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် အင်းလျားကန် တံတားဖြူရှိရာ ကန်ဘောင်ကို ကျော်လိုက်တဲ့အချိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ အင်းလျားကန် တံတားဖြူကန်ဘောင် အကျော်မှာ နေ၀င်း အာဏာရူးရဲ့  လက်ပါးစေ စစ်ခွေးတွေဟာ သံဆူးကြိုးခွေများနဲ့ ပြည်လမ်းမကို ပိတ်ဆို့ ကာရံထားတာ တွေ့လိုက်ရလို့  ဖြစ်ပါတယ်။ အာဏာရူးလက်ပါးစေ စစ်ခွေးတွေဟာ အေးချမ်းစွာ ချီတက်ဆန္ဒပြလာတဲ့ ကျောင်းသားထုဘက်ကို လူသတ်သေနတ်များနဲ့ ချိန်ထားပြီး ဘရင်းကယ်ရီယာများကလည်း ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားခဲ့ပါတယ်။

ပြည်လမ်းပေါ်မှာ ဒီလို ဆန္ဒပြချီတက်လာတဲ့ ကျောင်းသားထုကို အာဏာရူး လက်ပါးစေ စစ်ခွေးတွေက အရှေ့ ဘက်က လူသတ်လက်နက်များနဲ့  ချိန်ရွယ်ထားနေစဉ်မှာ ကေက်ကျစ်စဉ်းလဲလွန်းလှတဲ့ အာဏာရူးလက်ပါးစေ လုံထိန်း (နေ၀င်းအာဏာရူးရဲ့  လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်) တွေဟာ ဆန္ဒပြကျောင်းသားထုရဲ့  နောက်ဘက်ကနေ ရုတ်တစ်ရက် သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံခဲ့ကြပါတယ်။ အရှေ့ဘက်မှာ အာဏာရူးလက်ပါးစေ စစ်ခွေးအုပ်စု၊ အနောက်ဘက်မှာလည်း အာဏာရူးလက်ပါးစေ လုံထိန်းလူသတ်ကောင်တွေ၊ ညာဘက်က အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ လူနေအိမ်တွေရဲ့  ကာရံထားသော ခြံစည်းရိုးများနဲ့ လေးဘက်လေးတန် ပိတ်မိနေပြီဖြစ်တဲ့ ဆန္ဒပြကျောင်းသားထုဟာ အာဏာရူးတွေရဲ့  သတ်ကွင်းထဲကို ရောက်ခဲ့ရပါတယ်။

ဒီလို အာဏာရူးလက်ပါးစေ လူသတ်ကောင်တွေရဲ့  ကောက်ကျစ်ယုတ်မာစွာနဲ့  ပိတ်ဆို့ မှုအောက်မှာ ရောက်ရှိနေကြစဉ်မှာ လူမဆန်လွန်းတဲ့ အမိန့် ပေးသံနဲ့ အတူ နောက်ဘက်က လုံထိန်းကောင်တွေဟာ အေးချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားထုကို လက်ကိုင်တုတ်များနဲ့  အကြမ်းဘက်စွာ ၀င်ရိုက်ပါတော့တယ်။ ရက်စက်ရမ်းကားစွာ ရိုက်နေတဲ့ နံပါတ်တုတ်များနဲ့ ရိုက်သံဟာ ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေခဲ့ရပါတယ်။ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ဆန္ဒပြ ကျောင်းသားများဟာ ခြေဦးတည့်ရာကို ထွက်ပြေးကြရပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြခဲ့ရတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာခဲ့ကြရတယ်။ သွေးဆာနေတဲ့ လူသတ်ကောင် လုံထိန်းများဟာ မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ခဲ့ကြပါတယ်။

ဆန္ဒပြကျောင်းသူကျောင်းသားများဟာ သွေးအလိမ်းလိမ်းနဲ့ ပြည်လမ်းမပေါ်မှာ အတုန်းအရုံး လဲကျကုန်ကြခဲ့ရတယ်။ နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြရသူတွေဟာ အနည်းစု ဖြစ်ခဲ့ပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသူကျောင်းသားတွေနောက်ကို လူသတ်ကောင် လုံထိန်းတွေဟာ အတင်းအဓမ္မ လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေများကိုလည်း အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ခဲ့ကြပါတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ အင်းလျားကန်ရဲ့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူတို့ ရဲ့ သွေးတွေနဲ့  နီနီရဲကာ တံတားနီအဖြစ်ကို ကြေကွဲစွာ ရောက်ရှိခဲ့ရပါတယ်။

အဲ့ဒီနောက်မှယ အသင့်စောင့်ဆိုင်းနေခဲ့ကြတဲ့ လုံထိန်း အချူပ်ကားများ မောင်းဝင်လာပြီး ပြည်လမ်းပေါ်တစ်လျှောက် ဒဏ်ရာဒဏ်ချက်နဲ့  လဲကျနေသူ ကျောင်းသူကျောင်းသားတွေ၊ သေဆုံးသွားရတဲ့ ကျောင်းသူကျောင်းသားတွေ၊ မသေမရှင်နဲ့  ညီဒညူအော်ဟစ်နေကြတဲ့  ကျောင်းသူးကျောင်းသားတွေ၊ ဖမ်းဆီးမိတဲ့ ကျောင်းသူကျောင်းသားတွေကို အချူပ်ကားတွေပေါ်အတင်းဆွဲပြီး ပစ်တင်ခဲ့ကြပါတယ်။ ရာပေါင်းများစွာသော ကျောင်းသူကျောင်းတွေထဲက လုံထိန်းအချူပ်ကားအတွင်း ရောက်ရှိခဲ့ရသူတွေဟာ အချူပ်ကားအတွင်းမှာ ထပ်မံသေဆုံးခဲ့ကြရပါတယ်။

အာဏာရူး လက်ပါးစေ လုံထိန်းတွေရဲ့  အချူပ်ကားတွေ မောင်းထွက်သွားတဲ့အခါမှာ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် သွေးစွန်းနေတဲ့ လမ်းမ၊ အင်းလျားကန်ဘောင်နဲ့ တံတားဖြူကို ရေပက်ဖြန်းပြီး ဆေးကြောသုတ်သင်ခဲ့ပါတယ်။

ဒီလို ကျောင်းသူကျောင်းသားတွေရဲ့  သွေးမြေကျခဲ့ရတဲ့ မတ်လ (၁၆) ရက်နေ့  ညမှာဘဲ ရင်နာစဖွယ် ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေကို အာဏာရူးလက်ပါးစေတွေဟာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ည (၁၂) နာရီခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်မှာ ပါလာသော လူသတ်ကောင် လုံထိန်းများဟာ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ချထားခဲ့ပါတယ်။ အဲ့ဒီ ကျောင်းသူ မိန်းကလေး (၃) ယောက်ဟာ အောက်ပိုင်း တစ်ခုလုံး သွေးများနဲ့ မြင်မကောင်းအောင် ဖြစ်နေပါတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက်ဖြစ်ပြီး သေလုမြောပါးဖြစ်နေတဲ့ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့ က အနီးဆုံး လဘက်ရည်ဆိုင်ထဲကို တိတ်တဆိတ် သယ်ခဲ့ကြပြီး နောက်နေ့  မနက် မိုးလင်းချိန် နံနက် (၅) နာရီလောက်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ကြပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ ကျောင်သူအရွယ် မိန်းကလေးများ ရောက်ရှိလာခဲ့တယ်လို့ တာဝန်ကျနေကြတဲ့ သူနာပြုဆရာမများက ပြောပြပါတယ်။ ကျောင်းသူ မိန်းကလေးတွေ အာဏာရူးလက်ပါးစေတွေရဲ့  အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြရတယ်လို့  ပြောပါတယ်။ ဒီလို မတလလ (၁၆) ရက်နေ့  မှာ ရိုက်ပုတ်ပစ်ခတ်ဖမ်းဆီးပြီး လုံထိန်းအချူပ်ကားတွေနဲ့  ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြကျောင်းသူတွေဟာ အာဏာရူးလက်ပါးစေ လူသတ်ကောင် လုံထိန်း မိစ္ဆာကောင်တွေရဲ့  လူမဆန်သော ယုတ်မာမှုကို ခံခဲ့ကြရပါတယ်။

“ခင်ဗျားတို့ ကို စိန်ခေါ်တယ်”
(၁)။

ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)။

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။

ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက် ဖြစ်ပါတယ်)။

အာဏာရူးတို့ ရဲ့  မတရားဖိနှပ်ချူပ်ချယ် ညဉ်းပမ်းသတ်ဖြတ်မှုများကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်တိုက်ပွဲဝင်ရင်း ခေတ်အဆက်ဆက်မှာ အသက်သွေးပေးဆပ်ခဲ့ကြရတဲ့ ကျောင်းသားကျောင်းသူအပေါင်းအား ဦးညွှတ်ဂုဏ်ပြု အလေးပြုအပ်ပါတယ်။

ကျောင်းသားကျောင်းသူအပေါင်းရဲ့  သွေးနဲ့  နီစွေးခဲ့ရတဲ့ အင်းလျားကန်ဘောင်က တံတားနီကို အာဏာရူးတွေ ပြုတ်ကျစေမယ့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့  အောင်ပွဲနဲ့ အတူ ပြန်လည်ဖြူစင်စေရမယ်။

မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ ရဲ့  သမိုင်းမှတ်တိုင်နဲ့ အတူ ပြည်သူပြည်သားတွေရဲ့  အောင်ပွဲကို မကြာခင်မှာ စိုက်ထူမယ်။

မြန်မာပြည်မှာ အာဏာရူးတွေမှန်သမျှကို ဆန့် ကျင်တော်လှန်တိုက်ပွဲဝင်နေမယ့် ကျောင်းသားထုရဲ့  တော်လှန်ရေးနဲ့  ကျောင်းသားစိတ်ဓါတ်ဟာ အစဉ်ရှင်သန်နေမယ် ဟေ့။

တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ ဗိုလ်မှူးချုပ် စောလှဘွယ်ရဲ့ စကား

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးများနေ့ ရာပြည့်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးများနေ့ ရာပြည့်
မိုးမခအထောက်တော် အမှတ် ၀၀၁
မတ် ၈၊ ၂၀၁၁
 
photo: guardian.co.uk
ယနေ့ ကျရောက်သည် နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်နေ့ အထိမ်းအမှတ်များ ပြုလုပ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားကြသည်ကို တွေ့ရသည်။
          လန်ဒန်အခြေစိုက် The Guardian သတင်းစာက "ကမ္ဘာ့ သြဇာအရှိဆုံးအမျိုးသမီး ၁၀၀" ကို ယနေ့ ရွေးချယ် ဖော်ပြထားရာ ထိုအမျိုးသမီးများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။
          လန်ဒန်အခြေစိုက် နောက်သတင်းစာကြီးတစောင် ဖြစ်သည့် The Independent တွင်လည်း ဒေါ်စုအကြောင်းကို ယနေ့ အမျိုးသမီးများနေ့ ရာပြည့် အချိန်တွင် ဖော်ပြထားသည်။ ရေးသားသည့် ဆောင်းပါးရှင်မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း ဖြစ်သည်။
          ဂေါ်ဒွင်ဘရောင်းက ဒေါ်စုသည်  ဒီမိုကရေစီအရေး လှုပ်ရှားသည့် သူတို့မျိုးဆက်တွင် အကြီးကျယ်ဆုံးသောပုဂိုလ်ဖြစ်ကြောင်း၊ ဒေါ်စုနှင့် တွေ့ဆုံရန် ပြည်ဝင်ခွင့် ထပ်မံ လျှောက်ထားသော်လည်း မြန်မာအာဏာပိုင်တို့က မပေးခဲ့ကြောင်း  အစချီပြီး ရေးသားထားသည်။
အာဏာပိုင်တို့က ဒေါ်စုကို လွှတ်ပေးလိုက်သည် ဆိုသော်လည်း ဒေါ်စုက ပြည်ပမှ ဧည့်သည်များကို လက်ခံတွေ့ဆုံခွင့် မရကြောင်း၊ နိုင်ငံအတွင်းတွင်လည်း လွတ်လပ်စွာ သွားလာခွင့် မရကြောင်း သူက ရေးသားထားသည်၊
          The Guardian သတင်းစာက ဖော်ပြရာတွင် မြန်မာစစ်အုပ်စုသည် လူထုကို အကြမ်းဖက်နှိပ်စက်နေကြောင်း၊ အမျိုးသမီးများမှာ ထိခိုက်မှု အရှိဆုံးဖြစ်ကြောင်း ဟု ဆိုသည်။
          အာဏာရှင်တို့ စီမံမှု အသုံးမကျသဖြင့် ဖြစ်ပေါ်လာသော ဆင်းရဲမွဲတေမှုဒဏ်ကို အမျိုးသမီးတို့က ပိုမို ခံရကြောင်း၊ မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်တခုသဖွယ် အသုံးပြုခြင်း အပါအ၀င် စော်ကား နှိပ်စက်မှုများနှင့် ကြုံတွေ့နေရကြောင်း The Guardian က ရေးထားသည်။
          ပြည်သူတို့လွတ်မြောက်ရေးအတွက် ဒေါ်စုက အကြမ်းမဖက်သည့် လမ်းစဉ်ဖြင့် ဆက်လက် ဦးဆောင်နေခြင်းကိုလည်း ချီးကျူးထားသည်။ ထို့ကြောင့် နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်နေ့ကို The Guardian က အထိမ်းအမှတ်ပြု ကျင်းပရာတွင် ဒေါ်စုကို သူရဲကောင်းအဖြစ် မြင်ရကြောင်း ရေးထားသည်။

ဂါမဏိ - တော်လှန်ရေးအောင်ရာသော အကြောင်းများ

revolution lessons                                                                                                   

ကိုနေဇော်နိုင်၏ကျွန်တော်ဆွဲဖွင့် မိသောတံခါးများ

ကျောင်းသား၊ လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆဲ

၂၀၁၀ ရွေးကောက်ပွဲပြီး၊ ကြံ့ဖွံ့အစိုးရ ကြံ့ဖွံ့လွှတ်တော် ပေါ်လာသော်လည်း ကျောင်းသား၊ လူငယ် အင်အားစု များက ပါတီစုံအမည်ခံ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နေကြပါသည်။
ယနေ့ မတ်လ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ ကြည့်မြင်တိုင်မြို့နယ်၊ လသာမြို့နယ်နှင့် အလုံ မြို့နယ်များတွင် “ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူကျောင်းသားလူငယ်များအင်အားစု”က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုတွင် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး…ဒို့အရေး၊ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး…ဒို့အရေး၊ အမျိုးသားတန်းတူညီမျှရေး၊သွေးစည်းရေးနှင့်ငြိမ်းချမ်းရေး…ဒို့အရေး”စာသားများပါသည့် လက်ကမ်းစာရွက်များကို ကျောင်းသား၊ လူငယ်များက ဖြန့်ဝေခဲ့ကြပါသည်။
ယခုရက်ပိုင်းအတွင်း လုံခြုံရေးများ တင်းကြပ်နေသည့်ကြားက ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားသူကျောင်းသားလူငယ်များအင်အားစုမှ ကျောင်းသား၊ လူငယ်များသည် လက်ကမ်းစာရွက်များကို ပြည်သူများ ကြားတွင် နည်းမျိုးစုံဖြင့် ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။
ABFSU(FAC)




ကျောင်းသား၊ လူငယ်များ ဖြန့်ဝေခဲ့သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ။


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List