တရွေ့ရွေ့ဆိုရင်…တနေ့နေ့ကိုလည်းမြင်နိုင်တယ်
ဆောင်းယွန်းလ
အချိန်တွေပြုန်းတီးသွားခဲ့ရတဲ့ လမ်းမမှာ
ရောင်စုံစိတ်ကူးတွေက တလက်လက်တရှရှ…
မိုးမဆုံး မြေမဆုံးတော့တဲ့ အသုံးအနှုန်းခံတပ်ကြီးထဲက
ကျည်ဆံတွေလို တသည်းသည်းရွာကျလာတဲ့ စကားလုံးတွေက
လေထဲ တွဲခိုပျံဝဲနေကြသလို
မြေကမ္ဘာအနှံ့ ရွှဲစို ပြန့်ကျဲနေကြတော့တယ်…
အလစ်အငိုက်ဆို လေစိမ်းတွေ တဟူးဟူးတိုက်တယ်….
တခါတခါ..နတ်သူရူးတွေရဲ့အလိုတော်ကျ လက်သီးရိုင်းတွေက
မှောင်မှောင်မည်းမည်းထဲက ဓားသွေးပြတတ်ကြတယ်…
တချို့ကပြောတော့လည်း…
မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့..
ကျနော်တို့တတွေ…
ပြီးတော့…ခင်ဗျားတို့ကိုယ်တိုင်
ယဉ်ကျေးမှုတံခါးရွက်တွေကို အရိုးသားဆုံးနည်းနဲ့ တွန်းဖွင့်နိုင်ဖို့အတွက်
တမနက်လောက် ခက်ခက်ခဲခဲ ကြိုးစားကြည့်ခဲ့ကြဖူးသလား….
.
ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားသလိုမျိုး
တချက်ပစ်ရင် တယောက်မကသေတဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေရမှုက ကောင်းဘွိုင်ကားတွေထဲက ဇာတ်ရံသာသာပါပဲ…
ခေတ်မီတိုးတက်လှတဲ့
တက်ကနိုလိုဂျီရဲ့ တန်ခိုးအာနုဘော်တွေအောက်မှာ
ကမ္ဘာဟာ တဖြေးဖြေးကျဉ်းမြောင်းလာခဲ့ပေမယ့်
တည့်တည့်မလျှောက်မချင်းတော့ ဘယ်ကိုမှမရောက်နိုင်ဘူး….
မိစ္ဆာလူရိုင်းတွေ အတ္တနဲ့ဒုန်းစိုင်းနေကြတဲ့ လမ်းမမှာတော့
မုန်တိုင်းက တဝုန်းဝုန်းတဒိုင်းဒိုင်း ခါးကိုင်းအောင် တိုက်နေခဲ့ဦးမှာပဲ…။ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment