မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

အကြောက်တရားနွံထဲက

နေ့ သစ်
အကြောက်တရားကိုပဲ အရသာလို့သုံးနေတဲ့ အလင်္ကာဆရာတို့ရဲ့ ဘယာနကရသ က တိုင်းပြည်ကို တော်တော်ဒုက္ခပေးနေတာပါ လား။ ဒါကြောင့်ကိုပဲ ဒေါ်စုက အကြောက်တရားမှ ကင်းဝေးခြင်းကို စာတစောင်ပေတဖွဲ့လုပ်ရေးရတာလေ။ ဒီအကြောက်တရားကို လက် ကိုင်ပြုပြီး တတိုင်းပြည်လုံး ငြိမ်နေအောင် ဝပ်နေအောင် ပိနေအောင် ပြားနေအောင် အာဏာရှင်ကြီး ဦးနေဝင်းက ထင်တိုင်း ကြဲခဲ့တာ မဟုတ်လား။ ဘယ်လောက်ပဲအကြောက်တရားတွေနဲ့ နှိပ်ကွပ် နှိပ်ကွပ် ဖိရာကကြွရ ဒါလဲ အရသာတခုဆိုတာ သမိုင်းသက်သေ တ ခုရခဲ့ပါပြီ။ ဒါကပဲ အကြောက်တရားနွဲထဲက ပေါက်လာတဲ့ ကြာပန်းလို့ ဆိုလိုက်ချင်တယ်။

ယခု နှစ်ပေါင်း နှစ်ဆယ့်နှစ် ကြာလာပေမယ့်စိတ်ပိတ်ကားထဲက ရုပ်ပုံကားချပ်တွေက တုန်ခြင်းမှုံခြင်းကင်းစွာ ခလုတ်နှိပ်လဲပေါ်။ ခ လုတ်မနှိပ်လဲပေါ်နေဆဲပါ။ နှလုံးသားကျောက်ပြားးထက်မှာ ကိုယ်တိုင်ရေးစာတန်းတွေ ကိုယ်တိုင်လှုပ်ရှားမှု မြင်ကွင်းတွေကတော့ လူ တိုင်းကိုယ်စီ ရှိကြတယ်လေ။ အဲ့ဒီတုန်းက အခုလို ပီပီပြင်ပြင်အတိုက်အခံဆိုတာ ရှိခဲ့တာမှ မဟုတ်ပဲ။ လူတိုင်းကိုယ်စီမှာရှိနေတဲ့ မ ကျေနပ်စိတ်ကပဲ တိုက်ပွဲကြီးတခုလုံးကို ဦးဆောင်သွားကြတာ။ ဒီအဖြစ်အပျက်တွေကို တယောက်စီက တတ်နိုင်သမျှရေးကြ။ မှတ် တမ်းပြုကြမယ်ဆိုရင် နှောင်းလူတွေကိုမရှုပ်ထွေးစေမှာ အမှန်ပါပဲ။ ခုတောင် တင်သန်းဦးတို့လိုလူတွေက သမိုင်းကိုရုပ်ပျက်ဆင်းပျက် လုပ်နေပြီ။ သူလိုရာ သူရေးနေတာကို ဖြတ်သန်းခဲ့ဘူးသူတွေက ဘာမှပြန်မပြောဘဲနေမယ်ဆိုရင် မသိလိုက်ကြတဲ့သူတွေက အ ဟုတ် ထင်နေကြမယ်။ သူတို့မှန်မကန်လုပ်နေတာကို သိသူတွေက ငြိမ်ပြီးခွင့်ပြုပေးရာရောက်နေပါတယ်။ ဦးဇင်းတို့ကတော့ သိပ်ကြီး ကြီးကျယ်ကျယ် ခေါင်းဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဖြတ်သန်းခဲ့တာလေးတွေကိုတော့ နိုင်သမျှပြောပြထားမယ်။

မဆလ ကို မကျေမနပ်ဖြစ်နေတာကတော့ တောရောမြို့ပါမကျန် ဖြစ်နေတဲ့အချိန်လို့ ဆိုရမယ်။ ဦးဇင်းတို့မြို့ကနေ စာဝါပိတ်ချိန်ပြန် ပြီဆို မိဘဆွေမျိုးတွေရဲ့ ညည်းညူသံတွေက ပထမတော့နားမခံနိုင်စရာပါ။ နောက်တော့ ရင်ပါမခံနိုင် ဖြစ်လာရတယ်။ လယ်သမား မိ သားစုတွေရဲ့ဘဝဟာ တော်တော်ရင်နာစရာပါလားဆိုတာ တွေ့လိုက်ရတယ်။

ကိုယ့်လယ်ကိုယ်စိုက်ပြီး ကိုယ့်စပါးကိုယ်ပြန်ခိုးစားနေရတယ်လေ။ တာဝန်မကျေလို့ သွပ်ခွါရောင်းပေးရတယ်။ ဒါတွေကိုမြင်တော့ ဇာတ်ထဲက ချစ်တီးတွေ ကိုပြေးမြင်မိခဲ့တယ်။ အင်္ဂလိပ်တပည့် ချစ်တီးတွေသာ ဒီလိုလုပ်တယ်ထင်ခဲ့ တာခုတော့။ မင်းကို ရန်သူမျိုးငါး ပါးထဲမှာ ဘာလို့ထည့်ထားတာလဲဆိုတာကိုပါ သဘောပေါက်လာတယ်။ ၁၉၈၇ ခုနှစ်မှာလုပ်လိုက်တဲ့ အစိုးရရဲ့လုပ်ရပ်ကတော့ အစိုးရ အပေါ်တိုင်းပြည်ကဘယ်လိုမှ ခွင့်မလွတ်ချင်အောင် ဖြစ်ခဲ့တော့တာပါပဲ။ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေငြာလိုက်တဲ့ ကိစ္စ ဟာ မဆလ ကိုယ့်သေတွင်းကိုယ်တူးလိုက်ပြီဆိုတာ အဲ့ဒီအချိန်က သူတို့ သဘောမပေါက်ခဲ့ကြပါဘူး။ ငါတို့လုပ်သမျှလူအတွေ လူ ကြောက်တွေက ဘာပြန်ပြောရဲတာမှတ်လို့ ဆိုတဲ့အသိက သူတို့ခေါင်းထဲ စွဲနေကြတာလေ။

တကယ်လဲ တလျှောက်လုံးကြောက်ခဲ့ကြတာမဟုတ်လား။ ပြည်သူဆိုတာ နလပိန်းတုန်းတွေဆိုတဲ့အထင်ကလဲ သူတို့ကို ထင်ရာစိုင်း ခွင့်ပေးလိုက်သလို ပါပဲ။ ဒါကတော့ ရှစ်လေးလုံးမတိုင်ခင် တောရွာတွေမှာဖြစ်နေတဲ့ နောက်ခံမြင်ကွင်းပုံကြမ်းလေ ပါပဲ။ တကယ်ကို တောသားတွေမှာ ကျားလဲကြောက်ရ။ ကျားချေးလဲကြောက်ရ ဆိုတဲ့ကိန်းလေ။ ခုနောက်ပိုင်း ကြက်ကြောက်အိတ်လို့ခေါ်တဲ့ အိတ်ဆွဲ လာသူတိုင်းဟာ လယ်သမားတွေရဲ့ ကြောက်ရမည့်သူတွေပါ။ ကျန်တဲ့အကြောင်းအရာတွေကတော့ လူတိုင်းပြောနေကြမို့ မပြော တော့ပါဘူး။ ရှစ်လေးလုံးမတိုင်ခင် လပိုင်းရက်ပိုင်းအတွင်းတွေက ဖြစ်ပျက်နေတဲ့ အခင်းအကျင်းလေးတွေက အစီအရီပေါ်လာတယ် ဖုန်းမော်ကိစ္စဖြစ်လာတာ နောက် တံတားနီအရေးအခင်း ဒါတွေအပြီး ဇွန်လမှာဖြစ်တဲ့ ကျောင်းထဲကကျောင်းသားတွေ မြို့ထဲအထွက် မြေနီကုန်းမှာဖြစ်သွားတဲ့ကိစ္စတွေက တခုပြီးတခု ဆက်တိုက်လိုဖြစ်လာတာပါ။

အဲ့ဒီရက်တွေတုန်းက ဦးအောင်ကြီးရဲ့ လေးဆယ့်နှစ်မျက်နှာအိပ်ဖွင့်ပေးစာက လူတိုင်းတီးတိုးပြောစရာတခု ဖြစ်နေတာပါ။ ဘာပဲပြော ပြော ဦးအောင်ကြီး ဘာဆိုတာသေချာမသိပေမယ့် (ဘယ်သူတွေဘာဆိုတာ မသိအောင် သမိုင်းမျက်ချေဖြတ်ထားမှုရဲ့ အကျိုးဆက် ပေါ့) အစိုးရဘာလုပ်လုပ် ပြန်မပြောရဲ့တဲ့ခေတ်ကြီးမှာ သူကိုလူတွေတော်တော်များများက သတိထားရမည့်သူ ဖြစ်လာပါတယ်။ စာ ရွက်စာတန်းတွေ ဝေနေမှုကလည်း ဟိုနားသည်နား မှာပေါ်လာနေပါပြီ။ ခုအချိန်မှာ ရသမျှ စာရွက်စာတန်းတွေစုဆောင်း ပြီးပြန်လည် လက်ဆင့်ကမ်းတဲ့အလုပ်က ကိုယ့်ဘာသာကိုယ်တာဝန်ကိုယ်ပေးပြီး နေ့စဉ်လုပ်နေတဲ့ အလုပ်ပါ။ နေ့တိုင်း ထူးခြားမှုတွေကိုသိရဖို့ ည ၈ နာရီ ၁၅ ကို စောင့်ဆိုင်းနေသူတွေကတော့ မြန်မာပြည်အနှံ့လို့တောင် ပြောလို့ရမယ်။ ဒါကတော့ သတင်းတွေကို မှောင်ချထားမှုရဲ့ အကျိုးဆက်လို့ထင်ပါတယ်။ လူတိုင်းငတ်နေတဲ့ စားစရာကို ရသမျှဝေငှပေးနေတဲ့ ဘီဘီစီဟာ တနိုင်ငံလုံး သတင်းငတ်နေသူတွေအ တွက် အားကိုးရာသတင်းဌာနကြီးပါပဲ။ ကောလာဟာလမျိုးစုံကိုလဲ လူတွေကပြောနေကြပြီ။ သတင်းတွေကို လူတွေနဲ့အဆက်ဖြတ်တဲ့ အကျိုးကို မဆလ ခံစားနေရတာပါ။ လူတွေက အစိုးရသတင်းဌာနကို လုံးဝကိုမယုံကြည်တော့ပါဘူး။ ပိုစတာတိုက်ပွဲမှာ ခေတ်စားနေ တာကတော့ ဘီဘီစီ ဟီးရိုး ဘီဘီအက်စ် ဇီးရိုးတဲ့။ နောက် ၈ နာရီ မြန်မာအသံက သတင်းကြေငြာတဲ့ ကာတွန်းမှာ…

“မြန်မာစံတော်ချိန် ည ၈ နာရီ ရှိပါပြီ သတင်းများကိုကြေငြာပါတော့မယ်ရှင်” တဆက်တည်း စံတော်ချိန်တီးလုံးကို ကာတွန်းက… “တူနှယ် တူနှယ် ဗြောင်လိမ် ဗြောင်လိမ်”

အခုပြောတဲ့ဟာက အဲ့ဒီအချိန်ကခေတ်စားတောတွေထဲက တခုလောက်ပါ။ မှတ်မိတာတခုက မဆလပါတီကလဲ သူမဟန်တော့တာ ကို သဘောမပေါက်နိုင်တာပါ။ ဒါပေမယ့် သဘောပေါက်သူတဦးကတော့ရှိတယ်။ ဒါကတော့ လူလည်ကြီး ဦးနေဝင်း ပါပဲ။

အရေးပေါ်ပါတီညီလာခံခေါ်။ သူနှုတ်ထွက်။ ဒါကတော့ တိုင်းပြည်ရဲ့ဖြစ်ပျက်နေတဲ့ကိစ္စတွေကိုတာဝန်မဲ့စွာမျက်နှာလွှဲခဲပစ်လုပ်လိုက် တာပါပဲ။ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ဖြစ်အောင် သူကြိုးစားအားထုတ်ခဲ့တဲ့ အကြိုးဆက်ကို လူထုကြီးခံစားပေရော့လို့ ပြောလိုက်သ လိုပါပဲ။

ဒီရက်တွေအတွင်းမှာ ဘီဘီစီကလည်း စစ်ကြောရေးစခန်းတွေမှာ အမျိုးသမီးငယ်တွေကို လုံထိန်းတွေက အဓမ္မပြုကျင့်သည့် အ ကြောင်းကို ထုတ်လွှင့်ပေးလိုက်တယ်။ နောက် ၈ ရက် ၈ လ ၈၈ နေ့မှာ လူထုကြီးတရပ်လုံး မဆလအစိုးရကို ဆန့်ကျင်ကြဖို့ လမ်းပေါ် ထွက်ကြဖို့ နေ့သတ်မှတ်ပေးလိုက်တယ်။ လူအများ မျှော်လင့်နေတဲ့ ၈ ရက်နေ့က မြင်ကွင်းလေးကိုတော့ ဘယ်တော့မှ မမေ့ပျောက် နိုင်တော့ဘူး။ မနက်ခင်းထဲက ဘာဖြစ်မလဲလို့ တယောက်ကို တယောက်တွေ့တာနဲ့ မေးခွန်းထုတ်တဲ့အကြည့်တွေနဲ့ …

ဦးဇင်းတို့နေတဲ့ ရန်ကင်း ကန်ဘဲ့ဘူတာရုံလမ်းက ပဉ္စနိကာယ သာသနာ့ဗိမာန်မှာ သံဃာတွေအချင်းချင်း တခုခုတော့ဖြစ်ကြတော့ မယ်ဆိုတာ ပြောဆိုနေကြတယ်။ တနေရာရာကပဲ ဒို့အရေးလို့ အော်နေသလို အသံမျိုးဝင်လာတယ်လို့ စိတ်ကိုတပ်လှန့်နေတယ်။ ဒါပေမယ့် မနက်ခင်းမှာတော့ ဘာမှမဖြစ်ပါဘူး။ ရန်ကုန်မြို့ထဲတွေမှာ စာတွေကပ်တယ်။ စာတွေဝေတယ်ဆိုတဲ့သတင်းကတော့ မြို့ ထဲကပြန်လာသူတွေဆီက ကြားနေရတယ်။ ဦးဇင်းတို့လိုချင်တာ ဖြစ်စေချင်တာက စာရွက်ဝေတာ စာရွက်ကပ်တာလောက် မဟုတ် ဘူးလေ။

လမ်းပေါ်လူတွေထွက်စေချင်တာ။ နေ့လည် ၁၂ နာရီထိုးလောက်မှာ တောင်ဥက္ကလာဘက်က လူတွေထွက်လာပြီဆိုတဲ့ ကျောင်း အောက်က အော်သံတစ်ခုကြားလိုက်ရတယ်။ ချက်ချင်းပဲ မိုးကောင်းလမ်းဆုံရောက်အောင် အလျင်အမြန် ပြေးထွက်လိုက်တယ်။ ကိုယ့်လိုပဲ အိမ်တိုင်းအိမ်တိုင်းကလူတွေ လမ်းမကြီးဆီ ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ မိုးကောင်းဘုရားနားရောက်တော့ တောင်ဥက္ကလာဘက်ကို ကြည့်နေတဲ့ လူအုပ်ကြီးက ဟိုဘက်ဒီဘက် မနည်းဘူး။ လမ်းဘေးအပြည့်လို့တောင် ဆိုနိုင်တယ်။ ဦးဇင်း လှမ်းကြည့်တော့ ဘာမှ မတွေ့ရသေးဘူး။ ဘယ်မှာလဲလို့ မေးလိုက်တော့ လာနေပြီလို့ တယောက်ကပြောတယ်။ ဦးဇင်းလည်း လှမ်း ကြည့်နေတယ်။ သံလမ်းဘက်ကနေ အလံတခုကိုင်ပြီးထွက်လာတဲ့ လူတစ်စုကိုတွေ့ရတယ်။ စိတ်ထဲမှာ အလံကိုင်ထားတဲ့ လူတွေနဲ့ ပူးပေါင်းချင်စိတ်က တအားကို ဖြစ်ပေါ်လာတယ်။ ဘယ်စိတ်ကနှိုးဆော်လိုက်တယ်မသိဘူး။ ဦးဇင်းလမ်းမအလယ်ခေါင် ရောက်နေ တယ်။ ဟိုဘက်ဒီဘက် ညွှတ်နေအောင်ရှိတဲ့ လူအုပ်ကြီးကို အသံကုန်ဟစ်ပြီးတော့ အော်လိုက်တယ်။

“ဘာရပ်ကြည့်နေကြတာလဲ ငါတို့ လွတ်မြောက်ဖို့အတွက် ငါတို့ကိုယ်တိုင်လုပ်ရမယ် အခုဟိုကလာနေတဲ့ လူတွေကို ရပ်ကြည့်နေရုံနဲ့ မရဘူး အတူပူးပေါင်းပြီးတော့ ကိုယ့်အရေးကိုယ်လုပ်ရမယ် အားလုံးပါဝင်ကြပါ”

လမ်းလယ်ခေါင်က ရပ်ပြီး ဦးဇင်းအော်လိုက်တော့ လူရော ဘုန်းကြီးပါ အယောက် ၂၀ ခန့်က ဟုတ်တယ် ဟိုလူတွေသွားကြိုကြမယ် ဆိုပြီး ထွက်ချလာတယ်။ အလံကိုင်တဲ့ လူတွေနားရောက်တော့ သူ့နောက်မှာ လူအယောက် ၃၀ ခန့်လောက်ပဲ ရှိတယ်။ ဦးဇင်းတို့ သွားကြိုတဲ့ လူအုပ်နဲ့ပေါင်းပြီး မြို့ထဲဘက်ကို ထွက်လာခဲ့ကြတယ်။ ဦးဇင်းလည်း အလံကိုင်တဲ့ဘေးကနေ လမ်းဘေးကလူတွေကို အော်တယ်။

“ခင်ဗျားတို့ ဘာရပ်နေကြတာလဲ ကိုယ့်အခွင့်အရေးအတွက် ကိုယ့်အရေး ကိုယ်ကိုတိုင်လုပ်ရမယ် ထွက်ခဲ့ကြ”

ပထမတော့ ကိုယ်ကကြိုသူ၊ အခုတော့ အလံကိုင်ဘေးမှာ ဆော်သြသူဖြစ်နေတာကို သတိတောင်မထားမိဘူး။ ဦးဇင်းတို့ လူအုပ်ကြီး ဆရာအတတ်သင် ကျောင်းရှေ့ရောက်တော့ရပ်လိုက်ကြတယ်။ နောက်ကိုပြန်ကြည့်တော့ ဘေးကရပ်ကြည့်နေသူတွေဟာ ဦးဇင်းတို့နဲ့ အတူပါလာတာကို သိလိုက်ရတယ်။ လူလည်း အယောက် ငါးရာကျော်လောက်ရှိနေတယ်။ နောက်ကလည်း …

“ဘုန်းဘုန်း ဘယ်လမ်းကသွားမလဲ စီစဉ်ပါဘုရား” လို့ ၀ိုင်းပြီး ဦးဇင်းကို စီစဉ်ခိုင်းတယ်။ ဦးဇင်းလည်း ချက်ချင်းစဉ်းစားရတယ်။ လမ်း နီလေးဘက်ထွက်ရင် အစိုးရရုံးတွေချည်းပဲ။ နောက်ကနေ လိုက်ထွက်လာမယ့်လူ မရှိဘူး။ ငါတို့ ဆယ့်နှစ်လုံးတန်းဘက်က သွားမယ် လို့ ဦးဇင်းအော်ပြောလိုက်တယ်။ လူအုပ်ကြီးလည်း ဘာကြွေးကြော်သံတိုင်လို့ တိုင်ရမှန်းမသိဘူး။ ပါးစပ်ထဲပေါ်တာတွေ ကောက် အော်နေကြတယ်။ ကြွေးကြော်သံတွေကလည်း အခု ပြန်ကြည့်ရင် ရယ်စရာ …

“ဆန်တပြည် နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ”

“ဆန်တပြည် ဆယ်ပြား အောင်ကြီးလာမှစား”

“အရေးတော်ပုံအောင်ရမယ်”

“ဒီမိုကရေစီ ရရှိရေး ဒို့အရေး” ဆိုတာရဲ့ နောက်ကနေ အော်တဲ့အသံတွေက ခေါင်းခွဲတာတွေရော စုံနေတာပဲ။

ဘာပဲပြောပြော လူအုပ်ကြီးကတော့ များသထက်များလာတယ်။ ဂွတ်တလစ်နားကိုရောက်တော့ အနောက်ကလူအုပ်ကို မတွေ့ရ တော့ဘူး။ ဒါနဲ့ ဆက်ထွက်လာတာ ရွှေဂုံတိုင်အရောက်မှာ လူပင်လယ်ကြီးထဲ ဦးဇင်းတို့ ရန်ကင်းတောင်ဥက္ကလာ အုပ်စုက ရောပါ သွားကြတယ်။ တာမွေကနေ သိမ်ဖြူလမ်းအတိုင်းမြို့ထဲကို လူအုပ်ကြီးက စီးမျောနေတယ်။ ကြွေးကြော်သံပေါင်းစုံကလည်း ဆူညံနေ တယ်။ လမ်းပေါ်မှာကားတွေကလည်း တစ်စီးမှ မရှိတော့ဘူး။ ဒါနဲ့ ဦးဇင်းတို့ ဆူးလေဘုရားရောက်တော့ ညနေစောင်းနေပြီ။ လူလည်း ပင်ပန်းနေပြီ။ ကျောင်းကို ပြန်ချင်နေတယ်။ မြောက်ဥက္ကလာဘက်သွားမယ့် ကြပ်ညပ်နေတဲ့ ကားတစီးပေါ်အတင်းတိုးတက်ပြီး ရန် ကင်းကိုပြန်ခဲ့တယ်။ လမ်းနီလေးကနေ ကုန်းကြောင်းလျှောက်ပြန်ရတာ လမ်းမှာတွေ့တဲ့ စစ်သားတွေက …

“ဦးဇင်းမြို့ထဲက ပြန်လာတာလား” လို့မေးတယ် …
ဦးဇင်းက ခေါင်းညိတ်ပြတော့ သူတို့လည်း ဦးဇင်းတို့နဲ့ တသဘောတည်းရှိကြောင်း အမူအရာနဲ့ပြတယ်။ ကျောင်းကိုပြန်ရောက်တော့ ကျောင်းမှာကျန်နေခဲ့တဲ့ သံဃာတွေကဝိုင်းပြီး ဦးဇင်းကိုမေးကြတယ်။ သူတို့လည်း အားတွေတက်လာကြတယ်။ ညနေခင်းကြီးကို မြို့ ထဲဆက်ထွက်နေသူတွေ ရှိတုန်းပဲ ထိုသူတွေနဲ့အတူ ကျောင်းတိုက်က ဘုန်းကြီးတွေတော်တော်များများ ထွက်သွားကြတယ်။ ဒါက တော့ ၈ ရက်နေ့မြင်ကွင်း တစိတ်တပိုင်းလေးပါ။ ဒီနောက် အဖြစ်အပျက်တွေဟာ တနေ့အကြောင်းအရာကို စာတပုဒ် ရေးရင်တောင် လောက်ငှမှာမဟုတ်ဘူး။ သိတဲ့သူတွေက ကိုယ်ဖြတ်သန်းခဲ့တာတွေကို ဖော်ထုတ်ကြမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ကိုယ်လိုရာဆွဲ ရေးသူတွေရဲ့ လက်ခုပ်ထဲကရေအဖြစ်မှ သက်သာရာရလိမ့်မယ်။ အကြောက်တရားတွေ ဘယ်လောက်ရှိရှိ ထိုအ ကြောက်တရားတွေကို တွန်းလှန်ရခြင်းဟာ ကိုယ့်လွတ်မြောက်ရေး ကိုယ်လုပ်တယ်ဆိုတာ သက်သေပြခဲ့ပါပြီ။

အကြောက်တရားနွံထဲက ရဲရင့်ခြင်းကြာပန်းများ ဖူးပွင့်နိုင်ကြပါစေ။

အရှင်ဇဝန

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List