မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်


19 March 2010 VOA

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ရှေ့သီတင်းပတ်အတွင်း နယူးယောက်မြို့မှာ ခေါ်ယူကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရအောင် တမင် ရည်ရွယ်ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ဥပဒေတွေဖြစ်တာကြောင့် ဗြိတိသျှဝန်ကြီးချုပ်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတွင်းရေးမှူးချုပ်ထံ စာရေးသား တောင်းဆိုခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာဖြစ်တယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပစ်မှတ်ထားပြီး စာနာမှု ကင်းမဲ့စွာနဲ့ တဖက်သား အထိနာအောင် လုပ်တာဖြစ်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီကိစ္စကို အရေးပေါ်စည်းဝေးပွဲ ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက တောင်းဆိုခဲ့တာပါ။

ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းတောင်းဆိုတဲ့စာကို ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ လက်ခံရရှိခဲ့တဲ့အတွက် မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ရှေ့သီတင်းပတ်အတွင်း ကျင်းပဖြစ်မယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တွဲဖက် ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ဂေါ်ဒွန်ဘရောင်းဆီက စာကို ကျနော်တို့ လက်ခံရရှိတဲ့ မှတ်တမ်းအရဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ရက် အင်္ဂါနေ့က ဖြစ်ပါတယ်။ ကျနော် ပြောနိုင်တာကတော့ မြန်မာ့မိတ်ဆွေများ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ ဒါကိုတော့ မတ်လ ၂၅ ရက်နေ့မနက်ပိုင်းမှာ လုပ်သွားမှာဖြစ်ပါတယ်။"

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကိုယ်တိုင် စိတ်ပါဝင်စားစွာ ကြိုးစား လုပ်ဆောင်နေသူတဦး ဖြစ်ပြီး စစ်အစိုးရက အခုလို မတရားတဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာ ပေါ်လွင်လာတယ်လို့ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ယူဆပါတယ်။

မစ္စတာ ဂေါ်ဒွန်ဘရောင်း ခေါ်ခိုင်းတဲ့ အရေးပေါ်စည်းဝေးပွဲ လုံခြုံရေးကောင်စီမှာ မလုပ်ဖြစ်အောင် တရုတ်ဖက်က အတွင်းရေးမှူးချုပ်ကို ဖိအားပေးလာတယ် ဆိုတဲ့အသံတွေ ထွက်လာတာကြောင့် မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ စည်းဝေးမနေတော့ဘဲ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲအဆင့်နဲ့သာ အတွင်းရေးမှူးချုပ်က ချွေးသိပ်ဖို့ကြိုးစားတာလားဆိုတဲ့ မေးခွန်ပေါ်ထွက်လာတာနဲ့ ပတ်သက်လို့တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်ပါတယ်။

"အဲဒါကတော့ လမ်းကြောင်းမတူဘူးခင်ဗျ။ လမ်းကြောင်းက Friends of Burma က အထွေထွေညီလာခံက ချထားတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားတဲ့ mandate ပေါ့၊ လုပ်ပိုင်ခွင့်အာဏာအခြေခံပေါ်မှာ ဖွဲ့ထားတဲ့ mechanism တခုပေါ့။ လုံခြုံရေးကောင်စီလမ်းကြောင်းက နောက်တခုပေါ့။ လုံခြုံရေးကောင်စီ agenda အပေါ်မှာ မြန်မာပြည်နိုင်ငံရေးကိစ္စက ရရှိနေတဲ့အပိုင်းမှာပေါ့။ ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ဒါဟာ တခုပြီးမှတခု လုပ်တယ်တော့ မဟုတ်ဘူးပေါ့။ ရရှိလာတဲ့အနေအထားနဲ့ ဖြစ်နိုင်တဲ့ အနေအထားတွေမှာ ဖြစ်တာကိုတော့ ကျနော်တို့ စလုပ်ရမယ်။ ကျနော်တို့ ရည်မှန်းချက်တွေကတော့ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးစေချင်တယ်။ ကျနော်တို့ကိုယ်တိုင် လိုက်လံပြီးတော့ ဆော်သြနေတဲ့အပိုင်းက သာမန် သံအမတ်ကြီးအဆင့်တင်မဟုတ်ဘဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ လုပ်စေချင်တယ်။ လုပ်တဲ့အခါမှာလည်း နယူးယောက်မှာတင် လုပ်တာမဟုတ်ဘဲနဲ့ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ကို ကမကထလုပ်ပြီးတော့ လုပ်စေချင်တဲ့အပိုင်းပေါ့။"

ဒါပေမဲ့ မကြာသေးခင် ရက်ပိုင်းလေးကပဲ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မြန်မာ စစ်အစိုးရအပေါ် ဝေဖန်ပြောဆိုမှုတွေကို တရုတ်ကိုယ်စားလှယ် လုချမ်းက ကာကွယ်ပြောဆိုသွားပြီး စစ်အစိုးရ အနေနဲ့ နိုင်ငံရေးအရ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေမှုတွေကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာ သောင်းထွန်းရဲ့ အမြင်ကတော့ -

"အကျိုးစီးပွားအနေအထားအရ တရုတ်အနေနဲ့ multilateral level မှာ လူ့အခွင့်အရေး ကောင်စီအစည်းအဝေး၊ အကျိုးစီးပွားအရရော သူ့နိုင်ငံရဲ့ ယူနစ် အနေအထားပေါ့။ သူ့နိုင်ငံရဲ့ ယူနစ်အနေအထား ဆိုတာက သူ့နိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေ ရှိတယ်။ ဆိုတော့ အဲဒီအခါမှာ position ယူတာ၊ သဘောထားယူတာ တပိုင်းပေါ့နော်။ ဒါက တကန့် စဉ်းစားရမှာဖြစ်သလို တဘက်မှာ သူ့အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ နယ်စပ်ပြဿနာ၊ နယ်စပ်တည်ငြိမ်ရေး ပြဿနာ၊ ဒါက သူ့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်တဲ့ကိစ္စ ဖြစ်တယ်။ ဒီအပိုင်းမှာတော့ သူ့ရဲ့ ပေါ်လစီ အတိအကျ ရှိတယ်ဆိုတာ တွေ့ရတယ်။ အဲဒီအကျိုးစီးပွား အပေါ်မှာ အခြေခံနေတဲ့ သီးခြားတည်ရှိနေတဲ့ ပေါ်လစီချဉ်းကပ်မှုတွေကို တကမ္ဘာလုံးက နားလည်လက်ခံထားတဲ့ မြန်မာပြည်နိုင်ငံရေး တစုံလုံးဆိုင်ရာ ဖြေရှင်းဖို့ကြိုးစား ဆောင်ရွက်မှုတွေနဲ့ ဘယ်လိုဆက်စပ်ပေးမလဲ။ ဆက်စပ်မှုအပေါ်မှာ ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ ကျနော်တို့ဘက်က ကြိုးစားဖို့လိုသလို ကျနော်တို့ မိတ်ဆွေနိုင်ငံတွေကလည်း ချဉ်းကပ်ပြီးတော့ ခေါ်ဆောင်ဖို့ လိုတယ်ပေါ့။"

အဝေးရောက် ညွှန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာပါ။ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအ၀င် အာရှနဲ့ ဥရောပတိုက်က အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်ပါတယ်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List