မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ချစ်သူဘာကြောင့်ဝေး

ချစ်သူဘာကြောင့်ဝေး
ကိုမွှေး

ဘေဘီ ... လုံမရေ ...
အားတွေတလှေကြီး
ကောက်လှိုင်းပုံကြီးလို တင်းလို့
မင်းကို ပြောလိုက်မယ်။

ချစ်လျက်နဲ့ ယာယီဝေးရတာဟာ
ရန်သူနဲ့ တအိပ်ရာထဲ မိုးချုပ်ရတာထက်
အဓိပ္ပါယ်ရှိတယ်
အပြစ်ကင်းပါတယ် အသည်းတုံးရဲ့။

ပကတိမှာက
အလံထူမထားတဲ့ တောင်ကုန်းတခုလို
ထင်းရှူး၊ မြက်ခင်း၊ လေပြေညှင်းနဲ့
ညင်ညင်သာသာ ဖြစ်တည်ချင်တယ်။

ဘေဘီရေ ...
လွင်ပြင်မြက်ရိုင်းခင်းထဲက
ကျောက်တုံးတတုံးလို ထီးတည်းဖြစ်မှုတွေနဲ့
စိတ်ကူးယဉ်မိတာပါ။

ကျိန်းသေစေချင်တဲ့အထဲမှာ
ပထမဆုံးက
ငရဲဆိုတာ
ဘာသာရေးဆိုင်ရာ ပစ္စည်းသက်သက်မဟုတ်ဘူးဆိုတာ ...။

သိလား ...
ဘာလို့လဲသိလား ဘေဘီ
မျှော်လင့်ချင်သေးလို့
နောက်ဆုံး ခဏတဖြုတ်ပဲဖြစ်ဖြစ်
ကောင်းကင်ဘုံကို ယုံကြည်ချင်သေးလို့ပေါ့ကွယ်
ယုံကြည်ချင်သေးလို့ပေါ့။

နွေးထွေးမှုဆိုတာ ဖျားနာမှုကို လက်ခံလိုက်မှ
ရရှိနိုင်တော့မယ့်အရာတခုဖြစ်လာချိန်မှာ ...

ကြည်နူးခွင့်ဆိုတာ
အဆင့်မြင့်နည်းပညာတွေ ပေါင်းကူးထားတဲ့
လူ့ယဉ်ကျေးမှုအသစ်တခုရဲ့ ထုတ်ကုန်ပစ္စည်းသာသာ
ဖြစ်မှန်းမသိဖြစ်လာချိန်မှာ ...

တခါတရံတော့ အတိတ်ကို ပြန်ပြန်တမ်းတဖြစ်တာ
ကျန်းမာရေးဆန်တဲ့ ဘရန်ဒီတခွက်လို အရေးပါသပေါ့။

ခေါင်းမဖော်နိုင်အောင် မူးယစ်မှ
သတိပြန်ရတတ်လာချိန်တိုင်းလေ
သန်းခေါင်ယံမှာမှ ကြယ်တွေကြွေတာမဟုတ်ဘူး ဘေဘီလို့
တယောက်တည်း ထထယောင်မိပြန်ရဲ့ ...။

ဘာရယ်မဟုတ်ဘူး
ငါ့လုံမရေ ...
မင်းကို သိပ်ချစ်ကြောင်းပြဖို့
ဘာစီလိုးနား ပဘယ်လ်ယန်မှာ ညစာတည်ခင်းနိုင်ဖို့ မလိုပါဘူး
သန်လျက်တခု မလိုပါဘူး
စီးတော်ဆင် မလိုပါဘူး
ပဒေသရာဇ်ဖြစ်ဖို့ မလိုပါဘူး
သူကြွယ်ဖြစ်ဖို့ မလိုပါဘူး ...။

တကယ်က နားသယ်စလေးတွေနား
စကားဖွဖွ သဲ့သဲ့နဲ့
လရဲ့အရောင်
ညရဲ့အမှောင်ကို တိုးခွဲချိန်မှာ
သစ္စာတွေဖွဲ့ဖို့ မေတ္တာတွေချဲ့ဖို့
အပြစ်အနာတွေ ငဲ့ဖို့ ချစ်သဒ္ဓါတွေ မယဲ့ဖို့ မဟုတ်လားကွယ် ...။

အပြစ်အနာတွေ မငဲ့ဖို့က
လုံမရဲ့ ညှာတာမှုပဲဖြစ်မှာ
အဲဒီညှာတာမှုနဲ့
ကျုပ်ကတော့ ဘာသာတခုလို့ ယုံကြည်လိုက်ခဲ့တာ
အဲဒီမှာပဲ သာယာမှုတွေနဲ့ ဈာန်ရလို့
ပြန်မရနိုင်တဲ့ ဖြစ်စဉ်တွေဖြစ်သွား
ဖြစ်သွားတာတွေ ပျက်သွား ...
သင်္ခါရ ခြစား ...
ကာလတွေပဲ့ကြွေ
မျက်ရည်တွေယိုစီး
ယိုစီးခြင်းတွေ ခမ်းခြောက်
ဟောသမှာ လမ်းပျောက်ခဲ့ပြီ လုံမရေ ...
ကျုပ် ... လမ်းကလေး ပြန်ရှာပေးပါ
တကတည်း အကန်းတယောက်လို တမ်းတ
လွမ်းရပါရဲ့။

ဒီမှာပဲ ကျွဲပြဲတွေစီးပြီး
တချို့တွေ ... မုန်းသူချင်း ရင်ကြားစေ့ချိန်မှာ
ချစ်သူတွေ ယာယီဝေးလို့
လွမ်းတေးတွေ ... ဆို ။ ။

ကိုမွှေး (ဒေါက်တာလွဏ်းဆွေး blogမှကူးယူဖော်ပြပါသည်။)

အိုးဝေ ဂျာနယ်အမှတ်(၄) ၂၈.၀၈.၂၀၀၉

Oway No.4 Pcversion

ခန္တီနှလုံး အပြုံးမျက်နှာ


လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုစိတ်ထား၊ မုန်းစိတ်ပွားလည်း
ငါ့အားရန်ပြု၊ ငါမမှုပေ
ပြုံး၍နေအံ့ ။

ငါသည်သော်ကား၊ ဘုရားသားတော်
မြတ်ထေရ်ကျော်မို့
သင်တို့ရန်ပြု၊ စိတ်ထားနုလည်း
မုခမညို၊ ရန်မလိုဘဲ
အချိုမျက်လုံး၊ အမြဲသုံးလျက်
အပြုံးဖြင့်သာ နေလိုက်ပါမည်
ဆယ်ကမ္ဘာတိုင် မုန်းစေသော် ။

အရှင်တေဇ၀န္တ (စလင်း) ရွှေကံမြေ

------------------------------
----------------------------------------------
ပြည်တွင်းထုတ်
"မေတ္တာရှင်" ဘာသာယဉ်ကျေးမှုမဂ္ဂဇင်း
အမှတ် (၂)၊ ၂၀၀၉၊ သြဂုတ်လ၊ စာမျက်နှာ (၇) မှ ကဗျာအား
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အကြိုအဖြစ်
ကူးယူဖော်ပြအပ်ပါသည်။ညိုကြီး blogမှကူးယူဖော်ပြပါသည်။

နအဖ၀ါဒဖြန့်  အွန်လိုင်းကြေးမုံသတင်းစာ၏ ဖေါ်ပြချက်အား တော်လှန်ရေးအင်အားစုကြီးများမှ တုန့် ပြန်ချက်။

Counter for Online Mirror

ရှမ်းအိမ် သုံးရာကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီး


ရှမ်းအိမ် သုံးရာကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီး

မျိုးကြီး
တနင်္လာနေ့၊ သြဂုတ်လ 24 ရက် 2009 ခုနှစ် 19 နာရီ 57 မိနစ်


ရွှေလီ (မဇျွိမ) ။ ။ ရှမ်းပြည် (တောင်ပိုင်း) ရှိ မြို့နယ်များအတွင်းမှ အိမ်ခြေ ၃၀၀ ကျော်ကို ဒေသတွင်း အခြေစိုက် မြန်မာ့တပ်မတော် စစ်ကြောင်းများက လွန်ခဲ့သည့်လအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၂၇ ရက်နေ့က စတင်၍ှ အိမ်ခြေ ၃၀၀ ကျော်ကို အစိုးရစစ်တပ် တပ်ရင်း ၆ ရင်းက မီးရှို့ခဲ့ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) ၏ နိုင်ငံရေး ဦးဆောင်ကောင်စီဖြစ်သည့် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ - RCSS က ယခုလ ၂၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အသိုင်းအဝိုင်း အဖွဲ့အစည်းတွေကို အထူးသဖြင့် အာဆီယံနဲ့ UN လူ့အခွင့်အရေးအဖွဲ့တွေ သိစေချင်တယ်။ နအဖ စစ်အုပ်စုက ရှမ်းပြည်သူပြည်သားများ အပေါ်ရော၊ မြန်မာ ပြည်သူပြည်သားများ အပေါ်မှာရော လူ့အခွင့်အရေး ချိုးဖောက်နေတာကို ရပ်တန်းကရပ်ဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်” ဟု ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် ပုန်ကန်နေသော SSA (S) ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က မဇျွိမကို ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်အလယ်ပိုင်း ဒေသ၌ နအဖ စစ်တပ်နှင့် SSA (S) တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့သည်။ ကျေးရွာသားများသည် ရှမ်းသူပုန်များကို အားပေးအားမြှောက် ပြုသည်ဟုဆိုကာ ဒေသခံများနှင့် လက်နက်ကိုင် သူပုန်တို့အကြား အဆက်အသွယ် ပြတ်တောက်ရေး ဖြတ်လေးဖြတ် မူဖြင့် ရွာများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မီးရှို့ရွှေ့ပြောင်းခိုင်းခံရသည့် ကျေးရွာများမှာ ရှမ်းပြည် (တောင်ပိုင်း) မှ မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲခြား၊ ပင်လုံ၊ နမ့်ပန်၊ မိုးနဲနှင့် ကွန်ဟိန်းမြို့နယ်များရှိ ရွာပေါင်း ၄၀ ကျော်မှဖြစ်ပြီး၊ ဒေသခံပြည်သူများမှာ တောတွင်း၌ပင် လှည့်လည်ပုန်းအောင်းနေကြောင်း သိရသည်ဟု စိုင်းလောဝ်ဆိုင်က ပြောသည်။

လဲခြားမြို့နယ် တပ်မောက်၊ ဝမ်ဟိုလုံးရွာတွင် အိမ်ခြေ ၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း - ခလရ ၁၂ မှ ဗိုလ်မှူးကျော်သူလှနှင့် ဗိုလ်မှူးဇော်မျိုး ဦးစီးသည့် စစ်ကြောင်းများက ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မဇ္ဈိမအထောက်တော်များက မှတ်တမ်းတင် ဗီဒီယို ဓာတ်ပုံများဖြင့် သီးခြားသတင်း ပေးပို့ချက်တခုတွင် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာကို ဇူလိုင်လ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၁၅၄ လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး လူ ၆၄၁ ယောက် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း ပါရှိသည်။

ဆုံးရှုံးမှုတွင် ဆန်စက်ငယ်တလုံး၊ ဆိုင်ကယ် ၆ စီး၊ ထော်လာဂျီတစီးနှင့် နွားလှည်း အစီး ၅ဝ လည်းပါရှိရာ ရွာသူ ရွာသားများမှာလည်း ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

အိုးအိမ်မဲ့ ဒုက္ခသည်များမှာ နီးစပ်ရာကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် မိုင်းကိုင်မြို့ပေါ်ရှိ အမျိုးအဆွေများထံတွင် ကပ်နေကြရသည်။

”ထွက်ပြေးရတာ၊ ဘာမှ မယူနိုင်ဘူး။ အဝတ်အစားလောက်၊ အိုးခွက်လောက်ပဲ သယ်ရတယ်။ စပါးတွေဆို အကုန်ကုန်တာ” ဟု အခြေအနေကို စောင့်ကြည့်နေသူ မဇ္ဈိမ သတင်းထောက်တဦးက ပြည်တွင်းမှ သတင်းပေးပို့သည်။

၁၉၉၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ ရှမ်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းများ ပြုစုထားပြီးဖြစ်ကြောင်း စိုင်းလောဝ်ဆိုင်က ပြောကြားလိုက်ရင်း “စစ်အစိုးရက စနစ်တကျနဲ့ ရှမ်းပြည်သူများကို ဖြတ်လေးဖြတ် စီမံကိန်း ပြုလုပ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်နေတာဆိုရင် ပြောင်းရွှေ့ရတဲ့ ရွာပေါင်းက ထောင်နဲ့ချီပြီး ရှိပါတယ်။ နောက်ပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရှမ်းပြည် တိုင်းရင်းသားများဟာ ၂ သန်းနီးပါး ရှိပါတယ်” ဟု ဆိုသည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီးပေါင်း ၇၁၈ ဦးရှိခဲ့ပြီး၊ အမျိုးသမီး ၁၂ ဦးမှာ အသက်ပါ ဆုံးရှုံးခဲ့သည်ဟု RCSS ကြေညာချက်က ဆိုသည်။




ခွဲကြစို့ 


ခွဲကြစို့ 

ငါ သေရင်
လသာဆောင်ကို ဖွင့်ထားပါလေ

သူငယ်လေး လိမ္မော်သီးတွေ စားနေတယ်။
(ငါ့  လသာဆောင်ကနေ သူ့  ကို မြင်ရတယ်)။

တံစဉ်သမားက စပါးရိတ်နေတယ်။
(ငါ့ လသာဆောင်ကနေ သူ့  အသံ ကြားရတယ်)။

ငါသေရင်

လသာဆောင်ကို ဖွင့်ထားပါဖိ။


ဆရာသာနိုးဘာသာပြန် Lorca, Garcia(1898-1936)

ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း




21 August 2009 VOA


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့သတ်မှတ်ချက်တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံထားပါတယ်။ အဓိက မရှင်းလင်းတာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက မေးမြန်း စုံးစမ်းထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံး နှစ်ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ကို အိမ်ပြန်ပို့ခဲ့တာပါ။

ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်းခံရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင်ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြားခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမယ့် ဒီကနေ့ထိတော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့်ရှိတယ်လို့ ပါရှိပေမယ့် ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။

"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"

သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝန်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုးကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိကလက်သည်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ်ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။

ခြေလှမ်းများ







ခြေလှမ်းများ

ငါ့ ငြိမ်ဆိတ်ခြင်းရဲ့  သားငယ်များ၊ မင့် ခြေလှမ်းများဟာ
မွန်မြတ်စွာ၊ ဖြည်းညှင်းစွာ လှမ်းလို့ မို့ ၊
ငါ့ရဲ့  သတိ ဝီရိယ အိပ်ရာဆီ
အသံမဲ့စွာ၊ အေးစိမ့်စွာ လာနေကြရဲ့ ။

သန့် စင်သူငဲ့၊ နတ်ဒေဝါ အရိပ်ငဲ့၊
မင့် ခြေလှမ်းများ ရုတ်လိုက်ပုံက လှပါဖိ။
နတ်မင်းတို့ ….. ငါ မှန်းဆခဲ့တဲ့ လက်ဆောင်များ
ဒီ ဗလာ ခြေတွေနဲ့  ငါ့ဆီ လာနေပါပေါ့ ။

ပေးနှင်းလာတဲ့ မင့် နှုတ်ခမ်းများနဲ့ ၊
ငါ့အတွေးများထဲမှာ နေထိုင်သူကို
ငြိမ်ကျသွားစေဖို့ ၊ အနမ်းတခုရဲ့ 
အာဟာရဓါတ်ကို မင်း ပြင်ဆင်ခဲ့ရင်

အဲဒီ့ နူးညံ့တဲ့ အမှုကို မသော့ပါလေနဲ့ ၊
ဖြစ်ဖို့ နဲ့  မဖြစ်ဖို့  ချိုမြိန်ခြင်းကိုလေ၊
မင့်ကို စောင့်ဖို့ ပဲ ငါ အသက်ရှင်နေခဲ့ပါတယ်၊
ငါ့  နှလုံးသားဟာ မင့် ခြေလှမ်းများပါပဲ။

ဆရာသာနိုး ဘာသာပြန် စီတေဖနယ် မာလာမေ (၁၈၄၂ - ၉၈)

ဆွန်း

စက်တင်ဘာ သုညခွန်

ဆွန်း

သြဂုတ် ၁၈၊ ၂၀၀၉ မိုးမခ
ဒါဟာ ချောက်ချား ကြောက်လန့်အောင်
ဇာတ်လမ်း ဇာတ်ကွက်ဆင်ထားတဲ့
ပုံပြင်တပုဒ် မဟုတ်ဘူး...
အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်..။

အမှန်တကယ့်ကို
ဖြစ်ခဲ့ ပျက်ခဲ့တယ်..။ ကြားဖူးနားဝထဲမှာ
သင်အံဖူးတဲ့ အထဲမှာ
ဖြတ်သန်းလာသမျှ ထဲမှာ
ဒီစာမျက်နှာရဲ့
သွေးနံ့တွေက အညှီဆုံးပေါ့...။

သူတို့ဟာ လူတယောက်ကို လက်ယဉ်ယဉ်နဲ့ သတ်နိုင်ဖို့
စနစ်တကျနဲ့ လေ့ကျင့် သင်အံခဲ့ကြတာ၊
သူတို့ဟာ သူတို့ အလိုရမ္မက်အတွက်
ကိုယ်သမိုင်းကို တံတွေးနဲ့ ရေးရဲတာ၊
သူတို့က သူတို့ရောက်နေတဲ့ အရပ်ဟာ
ချိုင့်ဝှမ်းမှန်း တောင်တန်းမှန်း မသိနိုင်လောက်အောင်
အတ္တတွေ ပိန်းပိတ်နေခဲ့တာ၊
သူတို့ဟာ လက်တလုံးခြား လှည့်စားတတ်သလိုမျိုး
ပြောင်လိမ်ဖို့လည်း ၀န်မလေးကြဘူး …
သူတို့ဟာ အံ့သြစရာကောင်းလောက်အောင်
အနှစ်နှစ်ဆယ်လုံးလုံး လုပ်ဇာတ် ကနိုင်ခဲ့ …။

သားသတ်မုဆိုးရဲ့ ရက်စက်မှုလား
အမဲလိုက်ခွေးတွေရဲ့ စိတ်ဆာလောင်မှုလား
အရိုးရှင်းဆုံး မေတ္တာ တံတားတွေပေါ်မှာ
စစ်ဖိနပ်သံတွေ ပြင်းထန်သွားခဲ့ပြီ.။

ဆရာတော်ဦးဥတ္တမ ဟာ
မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားမှာ
နံပတ်တုတ်နဲ့ခေါင်းကို အရိုက်မခံခဲ့ရဘူး..
ဘုရား သားရဲ့…သွေးစိမ်းရှင်ရှင်တွေ ဘုရားရဲ့မြေမှာ မစွန်းပေခဲ့ရဘူး။

ဆရာတော်ဦးဝိစာရဟာ
သေနတ်သံတွေကြားမှာ သင်္ကန်းတဖါးဖါးနဲ့ မပြေးရရှာဘူး
လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒင်နဲ့အဆောင့်မခံခဲ့ရဘူး
ဘယ်သူ့လက်ချက်မှန်းမသိပဲ ရေထဲမှာ အလောင်းမမျောခဲ့ရဘူး။

ဒါဟာ ဘာသာမတူ လူမျိုးမတူသူတွေရဲ့လက်အောက်
ကျွန်သဘောက်ဖြစ်နေတုန်းကပေါ့..
ဒါဟာ တို့သမိုင်းထဲက ရဟန်းအာဇာနည်တွေပေါ့ ...
ဒါတွေလည်း အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ် …

အရိုးသားဆုံး ဓမ္မရှင်တွေဟာ
ဘာ အလိုရမ္မက်မှမပါပဲ
ဆန္ဒကို ဆန္ဒအတိုင်း
ရိုးရိုးသားသား ဖေါ်ထုတ်ခဲ့ကြတာ …
အမွန်မြတ်ဆုံးမေတ္တာဓါတ်တွေဟာ
ဘယ်လို ကိုယ်ကျိုးဖက်မှုမမပါပဲ
သူတို့စွမ်းဆောင်နိုင်သမျှ ၊ သူတို့ ကယ်တင်ခဲ့ကြတာ …

အခု...
မေတ္တာသုတ်ရွတ်သံတွေကို ယမ်းခိုးတွေနဲ့မှိုင်းတိုက်လို့ …
ရွှေဝါရောင်သင်္ကန်းတွေကို သွေးရောင်လွှမ်းစေခဲ့ကြ …
အပြစ်မဲ့ပြည်သူတွေကို အမဲကောင်တွေလို သဘောထားပြီး
ရွှေတိဂုံရင်ပြင်ကို လူသတ်ကုန်းလို သဘောထားရဲကြ …
ဒါတွေဟာ အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်။

အခြေအနေအားလုံးကို မျက်လှည့်ပြလိုက်သလိုမျိုး
တိတိကျကျ ပြောင်းပြ န်လှန်ပြလိုက်နိုင်တဲ့
တစ်ဘက်ကမ်းခတ်
ကလိန်ဉာာဏ်များကလည်းလက်ဖျားခါချင်စရာ ..
မီဒီယာနည်းနာကို မီးကုန်ယမ်းကုန် ချတတ်ပုံများကလည်း သြချစရာ …
သူတို့ဟာ ဟစ်တလာလို
ကြီးကြီးကျယ်ကျယ် လိမ်ခဲ့ပြီး
သူတို့ဟာ နရသူမင်းလို
အာဏာကို ဘာသာ နဲ့လည်း လဲ ရဲ တယ်..။

ကြည့်ကြ … !!
ပါးစပ်က ဘုရား ဘုရား ဆိုခဲ့သမျှ ...
ကို့ယို့ကားယားနိုင်လွန်းလှတဲ့ လက်တွေလေ၊
ဝါဆိုသင်္ကန်း ကပ်ပြဖူးတဲ့လက်
ကထိန်သင်္ကန်း ကပ်ပြဖူးတဲ့လက်
ဆွမ်းဆန်စိမ်းတွေ လောင်းလှူပြခဲ့တဲ့လက်..
ဘုရားထီးတော်ကို မတန်တရာ တင်ပြဖူးတဲ့လက်

အဲဒီ့လက်တွေမှာ ...
ဘယ်သံသရာ ရောက်ရောက် ဖျက်မရနိုင်တဲ့
သွေးတွေနဲ့ ... … ။ ။

ပြည်တွင်းအင်အားစုတွေနဲ့ ဆွေးနွေးမှုမရှိဘဲ အကျိုးမဖြစ်နိုင်ဟု ဒေါ်စု ဝေဖန်




18 August 2009 VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့လိုတယ် လို့ ပြောလိုက်တဲ့အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရှုတ်သိမ်းရေးအတွက် လုပ်ဆောင်တာမှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက် က အချက် ၂ချက် ပြန်ပြောခဲ့တယ်လို့ မနေ့က သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

“ပထမ အချက်က Interaction လုပ်ဖို့ ဆိုတာ အဲဒါက ပြည်တွင်းမှာ အရင် လုပ်ရမှာ။ တခြားနိုင်ငံနဲ့ အရင်လုပ်ရမှာ မဟုတ် ဘူး။ ပြည်တွင်းမှာ interaction မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုးမရှိဘူးဆိုတာကို သူရှင်းပြတယ်။ နောက် တခုက saction နဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်ကတည်းက ဆက်ဆံရေး ၀န်ကြီးနဲ့ တွေ့နေတဲ့ ကာလမှာ အဲဒီတုန်းက ထုတ်ခဲ့ တဲ့ သူတို့ရဲ့ အကြောင်းကြားစာရှိတယ်လေ။ confrontation တို့ out of devastation တို့ sanction တို့ blockage တို့ ဒါတွေကို မလုပ်တော့ပါဘူး၊ ရှုတ်သိမ်းပါတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့မယ်ဆိုပြီး ဟိုတုန်းက စာထွက်တယ်။ အဲဒီကတည်းက ဆွေးနွေးတဲ့အခါမှာ သူက ပြောတယ်တဲ့ sanction နဲ့ ပတ်သက်လို့ နှစ်ဘက် ပူးတွဲ သဘောထား ထုတ်ပြန် လိုတယ်။ နှစ်ဘက် ပူးတွဲပြီးတော့ sanction တွေ ရှုတ်သိမ်းအောင် ဆောင်ရွက်လိုတယ်လို့ အဆိုပြုခဲ့တယ်တဲ့။ အဆိုပြုတာ တွေကို ပထမပိုင်းမှာ သဘောတူသယောင် ရှိပြီး နောက်ပိုင်း မလုပ်နိုင်ဘူးလို့ အဲဒါကို သူ ဂျင်မ် ၀က်ဘ် ကို သူရှင်းပြ ခဲ့ တယ် တဲ့”

အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်သူတဦးအဖြစ် အမေရိကန် နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ထင်ရှားသူတဦး ဖြစ်တဲ့အပြင်၊ အခုလို သူ့ရဲ့ ပြောဆိုမှုတွေ အများအမြင်မှာ ထင်ရောင်ထင်မှား ဖြစ်နိုင် စရာရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်း ပေးရေး အတွက် သဘောတူသယောင်ယောင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီကိစ္စ အပေါ် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲအပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာ တွေ ထဲမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်မေးမြန်းခဲ့တဲ့အကြောင်း ပြောပြပါတယ်။

“ကျွန်တော်က ဒီနေရာမှာ မေးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းကြားတာကတော့ ယိုးဒယားမှာ ဂျင်မ် ၀က်ဘ်က ရှင်းတာ လည်း ကြားတယ်၊ နောက် လန်ဒန်က သတင်းစာ တစောင်မှာလည်း Tourism Sanction ကို ဒေါ်အောင်ဆန်းစုကြည် ရုတ်သိမ်းလိုတယ်လို့ ရေးတယ်လို့ ကြားတယ်။ အဲဒါကို ကျွန်တော်တို့က ပြောတော့။ သူက သူ အဲဒီလို လုံးဝ မပြောခဲ့ဘူးတဲ့၊ သူပြောတာက sanction နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မယ်၊ ရုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်း ထုတ်ပြန် မယ်၊ ဒါ ပူးပေါင်းဆောင်ရွက်ပါ့မယ်ဆိုတာကို သူအဆိုပြုခဲ့တဲ့ အကြောင်းကို သူရှင်းပြပါတယ်။ အဓိကက သူမပြောဘူး၊ သူပြောတဲ့ sanction က အစိုးရနဲ့ အာဏာပိုင်းတွေနဲ့ ရုတ်သိမ်းဖို့လိုရင် ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့ အဆို ပြုတယ်၊ သူက ဒါပဲ ပြောပြခဲ့တာတဲ့။”

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ချမှတ်ကျင့်သုံးလာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှုတွေကြောင့်လည်း မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ ဂျင်မ် ၀က်ဘ်က မြင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်းပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စစ်အစိုးရအပေါ် အတိုင်းအတာတခုအထိ သြဇာသက်ရောက်မှု ရှိတဲ့ တရုတ် နိုင်ငံကို နိုင်ငံတကာ ၀ိုင်းဝန်း ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက သြဇာ သက်ရောက်မှု ရှိတယ်၊ အင်အားကြီး နိုင်ငံမို့ ကြောက်ရွှံ့ရတယ်ဆိုတဲ့ ပုံစံမျိုး အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် သဘောထားချင်း ကွာခြားနေတာကို တွေ့ရပါတယ်။

“အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တချို့အချက်တွေ ပြောတယ်။ ဥပမာ သူ တခုပြောတာက ဂျင်မ်ဝက်ဘ် က ပြောတယ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးမို့ စိုးရိမ်ထိတ်လန့်တဲ့သဘောမျိုးကို သူက အဲဒါကို ပြော တယ်တဲ့။ ဒီစကားလုံးကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့အနေနဲ့တော့ တရုတ်ကို အိမ်နီးနားချင်း ကောင်းအဖြစ် မိတ်ဆွေ နိုင်ငံအဖြစ်၊ သူဒီလိုပဲ သဘောထားတယ်တဲ့။ စောစောကလို ပြောတဲ့စကားလုံးမျိုးကို သူ့အနေနဲ့ မကြိုက်ဘူးဆိုတာကို သူရှင်းပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်း ဒါနဲ့ ပတ်သက်ပြီး ပြောတာက ကမ္ဘာပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် သြဇာရှိတာက တခု၊ အမေရိကန်၊ နောက်ပြီး အိမ်နီးနားချင်းက အိန္ဒိယ၊ တရုတ် ဒီနိုင်ငံတွေနဲ့အတူ အဆင်ပြေပြေ မိတ်ဆွေ အဖြစ်ပဲ ကျွန်တော်တို့ ဆက်ဆံလိုတယ်လို့ သူ အဲဒီလို ပြောပြခဲ့တယ်တဲ့။”

နှင်းဆီဖြူ (သို့ ) အဖြူရောင်





နှင်းဆီဖြူ (သို့ ) အဖြူရောင်

အဖြူရာင်ပန်း၊ ငါမနွမ်းစေ

ငါ၏သစ္စာ၊ ငါ့ခန္ဓာအား

ငါ၏ပန်းသို့ ပေးပါ၏…..

သို့ ပါသော်လည်း၊ နွမ်းခဲ့ရပေါ့ 

နွမ်းသောပန်းကို၊ ငါမြတ်နိုး၏

ဥယျာဉ်မှူးမဟုတ်သည့်ငါ…..

ပန်းပျိုးမတတ်၊ ပန်းချစ်သူငါ

ပန်းတိုင်းပွင့်စေသော…..

မောပမ်းလှသော၊ ငါ့ ပန်းသခင်

စောင့်မျှော်လျှက်ပါ…..

ပန်းချစ်သူကို၊ စာနာစွာဖြင့်

ပြန်လာခဲ့ပါ ပန်းသခင်…..

ဘဝခရီး၊ မည်သို့ ကြမ်းစေ

ငါ့ သခင်အား၊ မြတ်နိုးစွာဖြင့်

အကျွန်ထာဝရ၊ ကာကွယ်လို၏


အဖြူရောင်သူငယ်ချင်းအတွက်အမှတ်တရ

မြတ်နိုး

ကမ္ဘာမကျေတေး

kbte tw23

သစ္စာ မဏ္ဍိုင်



(သရုပ်ဖေါ် ပန်းချီထိန်လင်း -www.kaungkin.com မှ ရယူထားပါသည်။)

ဒီနေ့ ဒီအချိန်မှာ…..
တော်လှန်ရေးငှက်တွေ… အိပ်ပျော်နေကြသလား……?
ဒါဟာ…. ဇာမဏီ မစစ်လို့ပဲ….။
တကယ်ဆို….. သံသရာရထားဟာ….
အမှန်တရားဆီရောက်ဖို့… ခုတ်မောင်းနေတယ်ဆိုတာ..
သတိရှိပါ…..။

အချိန်ကြာကောင်းကြာမယ်….၊
ရောက်ရမဲ့တစ်နေ့…သမိုင်းမှတ်တိုင်တိုင်းမှာ…..
သက္ကရာဇ်ကို ရိုက်ချိုးပြီး….. အမှန်တရားရဲ့ ခြေတော်ရင်းမှာ….
သစ္စာရှင်အစစ် ရှိ… မရှိ ဆိုတာ…
စစ်ကြောနေခြင်းသာဖြစ်တယ်…..။

တစ်ပြည်လုံးနဲ့ တစ်ယောက် အချိုးကြသလား…..
တစ်ယောက်သောသူ……. သူသာအမှန်တရားရဲ့…
သခင်အစစ်ဖြစ်ကြောင်း… အာဇာနည်ဖြစ်ကြောင်း
လူတိုင်းကို ရင်ဖွင့် ပြထားတယ်…။

တစ်ယောက်တည်း… ကမ္ဘာမကြေကို…. ကြိတ်ဆိုနေတာမဟုတ်ဘူး….
ဒီတိုင်းပြည်အနာဂါတ် အတွက်…. တစ်လောကလုံးသိအောင်
သက်သေပြနေခြင်းပါ…..။

မွေးကတည်းက… သေသည်အထိ…..
မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်…
အာဏာကို အမွေရမလာဘူး…..။
အာဇာနည်သွေးသာ… အမွေရကြောင်း….။
အာဇာနည် မျိုးဆက် ပီသကြောင်းကို….
သူမ…. အောင်ဆန်း ဂုဏ်ကို ဖော်ရင်း….
မပြီးဆုံးခဲ့တဲ့… လွတ်လပ်ရေးကြေငြာစာတမ်းကို
ထပ်ရေးနေခြင်းဖြစ်တယ်….။

ရိုင်းတယ်ထင်ရင်တော့… ရိုင်းရိုင်းပဲဟေ့…။
ဒီနေ့ ခေတ် ဗမာ့တပ်မတော်ကြီး တစ်ခုလုံးဟာ…..
“ထမိန်” တစ်တည် ကို ကြောက်လန့်နေရတယ်…..။

သစ္စာတရားရဲ့ ”မာန်”ကို ဘယ်သူမှ
ချိုးနှိမ်လို့ မရဘူးဟေ့…..။

လက်ပိုက်ခေါင်းညိမ့် နေသူတွေ……
အ၀ီစိကို သွားဖို့ …. တူးနေတဲ့ ဂူတွေ….
အိပ်ပျော်နေတဲ့ ဇာမဏီတွေ…..
သမိုင်းဆိုတာ….. လှိုင်းလုံးပါဘဲ…..။

မင်းသစ်တည် (11.8.09) ကိုထိုက် blog မှကူးယူဖော်ပြပါသည်။

သခင်အောင်ဆန်း ရဲ့ တဘဝစာ နဲ့ မြန်မာပြည် အရေး

BOGYOKE AUNG SAN-MYANMAR CUPID

ကိုမင်းကိုနိုင်ရဲ့ ဓါးသွား

Get this widget | Track details | eSnips Social DNA

ငြိမ်ခံနေရင် ဘယ်တော့မှ လွတ်မြောက်တော့မှာ မဟုတ်ဖူး။

Statementonvedictingdassk Bur[1]

ဒေါ်စုကို၁၈လအကျယ်ချုပ်ချမှတ်ခဲ့ကြောင်းမြန်မာ့အသံမှကြေငြာချက်

Get this widget | Track details | eSnips Social DNA

ခုတလော

ခုတလော
ရှုရှိုက်နေရတဲ့လေကိုက မှောင်မှောင်မည်းမည်းကြီး ခုတလော
နေ့တွေက ငါ့ကိုနေထိုင်သွားကြတယ် ခုတလော
ညတွေက ငါ့ကို ၀င်အိပ်သွားကြတယ် ခုတလော
ရစ်လုံးတလုံးနဲ့ချည်နှောင်ရင်း
ကောင်းကင်ထဲ ဆွဲကြိုးချသေသူ စက္ကူစွန်တစင်းရဲ့ဈာပနမှာ
ခုတလော
အာဖရိကတောနက်ထဲ ပဒူတွင်းတက်နင်းမိသလို ခုတလော
မြွေပြွေးသိုက်ထဲ လက်နှိုက်ပြီး ချိုးဥပျောက်လိုက်ရှာနေမိတယ်
ခုတလော
ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ညသီချင်းကိုဆိုရင်း မျက်ရည်ကျနေတုံးပဲလားရဲကြီးရေ
ခုတလော­­
ဒေ၀ဒတ်နဲ့အဇာတသတ်မျိုးစပ်ထားတဲ့ကောင်တွေနဲ့
ခုတလော
ခုတလော ဟိုတလောက နှစ်တွေအတိုင်း ခုတလော
စောစောက မစောတော့ဘူးပြောပေမဲ့
ငါလား အနှစ်နှစ်ဆယ် အကျောပေးထားတာပါကွာလို့
ရယ်ရယ်မောမောနဲ့
စောစောကို အရှက်ပြေပြန်ပြောရဦးတော့မယ့် ခုတလော
ဟိုတလောကနှစ်တွေအတိုင်းပါပဲ ခုတလော

(၄။ သြဂတ်စလ။ ၂၀၀၉) သစ်ကောင်းအိမ်

ခေါက်ရှာငှက်ကလေးများ (ကဗျာ)






သီချင်းဟောင်းတွေကြောင့် ကမ္ဘာဟောင်းခဲ့ရတယ်
မနေ့ကလည်း ဒါပဲ
ဒီကနေ့လည်း ဒါပဲ

ဟောင်းပြီးရင်း ဟောင်းနေတော့တယ်
အကာအကွယ်မရှိဘဲ ဟင်းလင်း
အတင်းအကျပ် စီးနင်းခံရ
လောကကြီးကို လေ့လာကြည့်တော့
ဘာမှန်းမသိတော့ဘူး
ဘ၀ကို တစ်စစီ လိုက်လိုက်စမ်းရ
ဒီလောက်တောင် ရှူံးရပြီလား
ပေါက်ကွဲချင်တယ်
မျိုသိပ်ပေးလိုက်ရ
အနာဆုံး ဒဏ်ရာပါပဲ
စိတ်နှလုံး ခြောက်ခြားဖွယ်ရာပါလား
ဝန်စည်စလယ်တွေ လေးလေးလံလံ ထမ်းပိုးခဲ့ရ
ဘာတွေမှန်းမသိ
လိုအပ်တာထက် ပိုမိုလှပသာယာလာ
ဒီဘ၀မှာ
ငါပေါင်းရတဲ့ အရာတွေမှန်သမျှ မကောင်း
ငါမပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့
ပျော်စရာနေ့ရက်တွေ ပျောက်ဆုံးခဲ့
နေ့ရက်တိုင်း ညှိုးငယ်ခဲ့ရတယ်
သုညမှ ဘာမှမရှိ
စပါးပိုး ကောက်ပိုး အသီးအနှံပိုးတွေ
ဖောက်ချည်ရက်ခဲ့
လေချိုလေအေးတွေ အရှိန်အဟုန်ပြင်းပြင်း
ငါ့ခရီးစဉ်မှာ
ဉာဏ်ကြောင့် ဒုက္ခရောက်ရသည်တဲ့။ ။

မောင်ချောနွယ် ဒေါက်တာလွဏ်းဆွေ blogမှကူးယူဖော်ပြပါသည်။


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List