မင်းနိုင်သူNEJ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
“သူ့အပေါ်မှာ နေအိမ်အကျယ်ချုပ်အမိန့် မရှိတော့ဘူး။ ဒါကြောင့် သူ့အိမ်ကို သူ့မိတ်ဆွေတွေသွားရောက် ရှင်းလင်းပေးဖို့ လုပ်တာကို အာဏာပိုင်တွေက အ၀င်မခံတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အတော်လေး မကျေမနပ်ဖြစ်ရတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကို ဘာ့ကြောင့် အိမ်ကိုပြန်မအပ်သေးတာလဲ။ အ၀င်မခံတာလဲလို့မေးတော့ အထက်အမိန့်မရသေးလို့လို့ ပြောပါတယ်” ဟု ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
အင်းစိန်ထောင်အရာရှိရိပ်သာတွင် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများက ယနေ့သွားရောက်တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းတရားရုံးက ယမန်နေ့တွင် ချမှတ်ခဲ့သော သက်သေခေါ်ဆိုရေး ပြင်ဆင်မှုနှင့် ပတ်သက်ကာ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေ (၃၀) ရက် ဒီပဲယင်းအရေးအခင်းအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ပြီးနောက် ယခုနှစ် မေ (၂၆) ရက်တွင် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖရဲချုပ်ကိုယ်တိုင် အကြောင်းကြားခဲ့သည်။
သို့သော် နေအိမ်အကျယ်ချုပ်တားဆီးမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။
ယနေ့ ရှေ့နေများ သွားရောက်ဆွေးနွေးခဲ့ကြသည့် သက်သေပြင်ဆင်ခေါ်ခွင့်အတွက်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်လိုက်သဖြင့် မနက်ဖြန်တွင် ဗဟိုတရားရုံးသို့ အယူခံဝင်မည်ဖြစ်သည်။
အကျယ်ချုပ်မိန့် ရုပ်သိမ်းပြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဆက်လက်ထိန်းသိမ်း
Wednesday, 10 June 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment