မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

စန္ဒာမရှိတော့တဲ့ ကောင်းကင်

အကြောင်းမမြင်ရတဲ့ ကံကြမ္မာက ကွက်ကျားမွှေတယ်။
ကောင်းကင်အပါးမှ စန္ဒာက ထွက်သွားလေတယ်။
မောင်းဝင်လာတဲ့ ဒဏ်ရာရထား ဆက်သွားနေဆဲ။
ပြောင်းချင်လှလည်း အဖန်တရာမက ဆက်မှားနေဆဲ။

စိတ်ဓာတ်ကျခြင်းဆိုတဲ့ သတ္တဝါက အသက်တအားရှည်တယ်။
ပြဿနာ မျိုးဆက်သစ်တွေကိုလည်း ဆက်ပွါးနေတယ်။
ငါနဲ့ ငါ ထပ်တူမကျတော့တဲ့ ရက်အမှားတွေထဲ
မသိစိတ်နဲ့ ပဲ စက်ရုပ်ဆန်ဆန် ဆက်သွားနေခဲ့။

ငါ့ရင်ထဲမှာ စိတ္တဇတစ္ဆေတွေ ကျက်စားနေတယ်။
မြင်မြင်သမျှမှာ တခြားအရောင်တွေထက် အနက်များနေတယ်။
ကြောင်နေတဲ့နားကလည်း အပြစ်တင်သံတွေပဲ ဆက်ကြားနေခဲ့
အိပ်မက်ထဲအထိ နှိပ်စက်နေတာလည်း သူတို့ မျက်နှာနဲ့ ပါးကွက်သားတွေပဲ။

ရှင်သန်လိုစိတ်ဆိုတဲ့ ကိုယ်စောင့်နတ်ကတောင် ငါ့ကိုစွန့် ခွာ ထွက်သွားလေတယ်။
နှလုံးသားနဲ့ ငါရွှေ့ မိသမျှ ကောင်းရှုံးဖြစ်မယ့် အကွက်မှားတွေပဲ
ငါမထိန်းချုပ်နိုင်တဲ့ ငါတွေဟာ ငါ့ရန်သူရဲ့ ဘက်သားတွေပဲ
ရှုံးနိမ့်ခြင်းဟာ အောင်နိုင်သူအဖြစ် ငါ့အပြုအမူတွေကိုဝင်ပူးပြီး ထွက်ကြွားနေဆဲ။
ကောင်းကင်ကို http://kaungkinko.blogspot.com

နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ

 နေ့သစ်
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအ တော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံ အမျိုး မျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှုချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်း စစ်ခဲ့ကြတယ်။
လူမှုရေး၊ စိတ်ပညာ ပညာရှင်တွေကလဲ သူတို့ တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး အကြမ်းဖက်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ သွင်ပြင်လက္ခဏာတွေကိုပါ လေ့လာနေကြတယ်။ နိုင်ငံပေါင်းစုံက အစိုးရတွေရဲ့ မဟာဗျူဟာလေ့လာရေးဌာနတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေမှာလဲ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြား ခန့်အပ်ဆောင်ရွက် ကြရတယ်။ အချို့သော တက္ကသိုလ်တွေအနေနဲ့ကလဲ လိုအပ်လာတဲ့ ပညာရှင်အရေအတွက်နှုန်းကို ပံ့ပိုးပေးနိုင်ဖို့ အကြမ်းဖက်မှု လေ့ လာ ရေးဆိုင်ရာ ဘွဲ့လွန်အောင်လက်မှတ်အထူးသင်တန်းတွေ ဖွင့်လှစ်ကြရပြန်တယ်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေရေးရာ စတဲ့ ဘာသာရပ်တော်တော်များများနဲ့ ဆက်စပ်နေတဲ့ multidisciplinary subject တခုဖြစ်တဲ့ အကြမ်းဖက်မှုလေ့လာရေးဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးတဲ့ ပညာရပ်တခုအနေနဲ့ တ စတစ နေရာယူစိုးမိုးလာခဲ့ပါတယ်။ ပညာရပ်အနေနဲ့တင်မကပဲ နိုင်ငံတိုင်းရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် (National security objectives) တွေအထဲမှာလဲ ထိပ်ဆုံးက နေရာယူလာပါတယ်။ အခုဒီဆောင်းပါးမှာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ မြန်မာ ရေးရာ အခြေအနေများကို ရေးသားတင်ပြလိုပါတယ်။
အကြမ်းဖက်မှုဆိုရာဝယ်အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြတယ်။ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာမှာ နာမည်ကြီးပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က အကြမ်းဖက်မှုဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မှီဖို့အတွက် တရားမ၀င်လက်နက် အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။
အကြမ်းဖက်မှုလေ့လာရေးသင်တန်းအားလုံးမှာ မရှိမဖြစ်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ ‘Inside Terrorism’ ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ အကြမ်းဖက်မှုဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ အကြမ်းဖက်မှုရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကိုသာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းမှု တွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။
အကြမ်းဖက်မှုဆိုတာထဲမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရားပါဝင်တာကြောင့် အကြမ်းဖက်မှု ပြုလုပ်သူများ ကိုင် စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ်အကြမ်းဖက်မှုကို လေ့လာတဲ့ လက်နက်ကျွမ်းကျင် ပညာရှင်များ ကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ၊ အများအပြားသေကျေပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။
စစ်သုံးလက်နက်တွေဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ-၄၇၊ အမ်-၁၆ တို့လို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန် လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stinger နဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု အကြမ်းဖက်မှုတွေမှာ အသုံးပြုကြပါတယ်။ ဥပမာ-မကြာသေးခင်ကမှ ဖြစ်သွားတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုမှာဆိုရင် ဒီအမျိုးအစားလက်နက်တွေကို အသုံးပြုသွားခဲ့ကြတာပါ။
ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ် စတစ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီ ဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။ နောက် တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာ အေးဂျင့်တွေ၊ ဇီဝဆိုင် ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးက တည်းက ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ ဒီလောကထဲမှာ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှု တွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။
ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊
နိုင်ငံတော်အကြီးအကဲတွေ၊ ပေါ်လစီရေးဆွဲ နေသူတွေအတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစား လာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ ထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ ပါဝင်နေတဲ့ အချက်ပါ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက် ပစ္စည်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် နိုင်ငံတော်အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့ အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေး အပေါ်မှာ ဘယ်လောက်ထိခိုက်စေမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တ ချက်ဖြစ်လာပါတော့တယ်။
တကယ်တော့ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စား ၀တ်နေရေး ပြည့်စုံဖူလုံစေဖို့၊ ပညာရေးတိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ လူထုက ရွေးချယ်တာဝန်ပေး၊ အာ ဏာအပ်နှင်းခံထားရတဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာ အာဏာဟာ လူထုက မသက်ဆင်းပဲ လူထုကို ခြိမ်း ချောက်သတ်ဖြတ်ပြီး၊ မတရားအာဏာယူထားတဲ့ အစိုးရတွေ အုပ်ချုပ်နေကြပါတယ်။ ဒီလိုအစိုးရတွေဟာ အကြောက်တရားနဲ့အုပ်ချုပ် ဖို့အတွက် ပြည်သူလူထုကို အန္တရာယ် ပြုတတ်ကြပါတယ်။ လူထုရဲ့ ပညာရည်အဆင့်အတန်းတွေ တိုးတက်မြင့်မားလာရင် တွေးခေါ်မှု အဆင့်အတန်းတွေ တိုးမြင့်လာပြီး နိုင်ငံရဲ့ ပကတိအမှန်တရားကို သိမြင်လာတာနဲ့အမျှ တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာတတ်တာ ဓမ္မတာမို့ ဒီလို အစိုးရတွေဟာ ပညာရည်အဆင့်အတန်း မြင့်မားမှုမရှိအောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးထားတတ်ကြပါတယ်။ ကျန်းမာရေး၊ စားဝတ်နေရေး ပြည့်စုံဖူလုံရေးကိုလည်း စေတနာမှန်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိကြတော့ပါဘူး။ အာဏာတည်မြဲ ရေး အတွက် အာဏာရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့အရေးနဲ့ အင်အားကြီးမားလာဖို့အရေးကိုသာ ရှေးရှု လုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း လူထုကို ခြိမ်းချောက်အကြမ်းဖက်မှုတွေကလဲ တစတစ တိုးမြင့်လာပါတယ်။ ဒီလိုအ ခြေအနေမျိုးကို နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) အမျိုးအစားတွေထဲက state terrorism as domestic policy အဖြစ် ပညာရှင်များက ခေါ်ဆိုသတ်မှတ်ကြပါတယ်။
နိုင်ငံတော်အကြမ်းဖက်မှုဆိုရာဝယ်နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) ဆိုတာကို အချို့က “terrorism from above” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအကြမ်းဖက်မှုအမျိုးအစားက နိုင်ငံတနိုင်ငံရဲ့ အာဏာကို ရယူထားတဲ့ အစိုးရတွေ၊ အစိုး ရ လက်ကိုင်တုတ်အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီလိုကျူးလွန်မှုမှာ ပုံစံနှစ်မျိုးရှိပါတယ်။
ပထမတမျိုးက နိုင်ငံတော်အကြမ်းဖက်မှုကို foreign policy domain ပုံသဏ္ဍာန်နဲ့ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီလိုကျူးလွန်ရာမှာ တချို့နိုင်ငံများက sponsors အနေနဲ့ ကူညီပံ့ပိုးပေးတာရှိသလို၊ တချို့ကလဲ enablers တွေအနေနဲ့ပါ။ ဒီလိုပံ့ပိုးပေးကြရမှာ အတွေးအ ခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု၊ စစ်အင်အားပံ့ပိုးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုကို ကနဦး အစပျိုးပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်မှုဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အခု ဒီဆောင်းပါးမှာ domestic policy domain ကို အဓိကထား ရေးသားမှာ ဖြစ်တဲ့အတွက် အသေးစိတ် မဖော်ပြတော့ပါဘူး။
ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှုပြုလုပ်ရာမှာ အဓိက ပါဝင်လေ့ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကတော့ အာဏာ ရှင်များရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ စစ်တပ်၊ ရဲ၊ အာဏာရှင်စိတ်တိုင်းကျရေးဆွဲထားတဲ့ ဥပဒေကို အကောင်အထည်ဖော်နေကြရတဲ့ ဥပ ဒေဘက်တော်သားတွေနဲ့ အခြားသော လုံခြုံရေးအဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်က ပံ့ပိုးကြိုးကိုင်ထားတဲ့ ပြည်သူ့ စစ်အဖွဲ့တွေ၊ ချေမှုန်းသုတ်သင်ရေးအဖွဲ့တွေလဲ ပါဝင်ပါတယ်။ ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှု ပြုလုပ်ရခြင်းရဲ့ အဓိ က ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အာဏာကို ပြသဖို့နဲ့ အတိုက်အခံများကို အနှောင့်အယှက်ပြုဖို့၊ ဖယ်ရှားဖို့ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတော်တရပ်ရဲ့ အစိုးရဆိုတာမှာ ပြည်သူလူထုအကျိုးအတွက် လုပ်ပိုင်ခွင့်အာဏာတွေ ရရှိပြီးသား ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး ယုံကြည်စွာနဲ့ အာဏာကို အပ်နှင်းကြတာပါ။ ဒါပေမယ့် ပြည်သူလူထုက တရား ၀င် ရွေးကောက်ထားတာမဟုတ်ရင်၊ ရွေးကောက်အောင် အတင်းအကြပ် ဖိအားပေးထားတာဖြစ်နေရင် ဒီလိုအစိုးရမျိုးဟာ မိမိကိုယ်ကို ယုံကြည်ချက် ရှိမနေပါဘူး။ ပမာဆိုရရင် သူတပါးမယားကို ကြာခိုနေရတဲ့ ယောက်ကျားဖျင်း၊ ယောက်ကျားညံ့တယောက်ရဲ့ စိတ်မျိုးဖြစ် နေပြီး၊ ဘယ်အချိန်မှာ ပိုင်ရှင်ပေါ်လာမလဲဆိုတဲ့ စိတ်က မသိစိတ်မှာ လွှမ်းမိုးနေတတ်ပါတယ်။ အဲဒီအခါကျတော့ ပိုင်ရှင်အမှန်ဖြစ်တဲ့ လူထုက အာဏာပြန်တောင်းမှာကို တစတစ ကြောက်လာပါတယ်။ လူတွေဆိုတာ ကြောက်လာပြီဆိုရင် ရမ်းမိရမ်းရာ ရမ်းပြီး၊ မလုပ်သင့် တာတွေ လုပ်တတ်ကြစမြဲမို့ ဒီလိုအာဏာသိမ်းအစိုးရတွေ၊ မသမာနည်းနဲ့ အာဏာရယူထားတဲ့ အစိုးရတွေဟာ လူထုကို အတင်းအကြပ် ဖိနှိပ်ကြပါတော့တယ်။
နိုင်ငံရေးပညာရှင် ပီတ စီဒါဘတ်ခ်က ဒီလို ဖိနှိပ်မှုပုံသဏ္ဍာန်တွေကို vigilante state terrorism, official state terrorism နဲ့ genocidal state terrorism ဆိုပြီး သုံးမျိုးခွဲခြားဖော်ပြခဲ့ပါတယ်။ vigilante state terrorism ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေကို အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကျူးလွန်စေခြင်းဖြစ်ပါတယ်။ official state terrorism ဆိုတာ မှာကျတော့ overt နဲ့ convert ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရတယ်။ overt official state terrorism ဆိုတာက မြင်သာထင်ရှားတဲ့ စစ်တပ်၊ ရဲ ယူနီဖောင်းဝတ်တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပါတယ်။ convert official state terrorism ဆိုတာကတော့ လျှို့ဝှက်ရဲ၊ ထောက်လှမ်းရေးစတဲ့ secret services တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။
genocidal state terrorism ဆိုတာကတော့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးတမျိုး (သို့) လူမျိုးနွယ်တစုကို လူမျိုးသုဉ်း စေတဲ့ ရည်ရွယ်ချက်နဲ့ ချေမှုန်းသတ်ဖြတ်တာဖြစ်ပါတယ်။ genocide ဆိုတဲ့စကားလုံးကို ၁၉၄၃ ခုနှစ်က Dr. Raphale Lemkin ရေးသား ထုတ်ဝေခဲ့တဲ့ Axis Rule in Occupied Europe ဆိုတဲ့ စာအုပ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ geno ဆိုတာ race (or) tribe ဖြစ်ပြီး၊ cide ဆိုတာကတော့ killing (သတ်ဖြတ်ခြင်း) ဖြစ်ပါ တယ်။ နိုင်ငံတနိုင်ငံမှာ အစွန်းရောက်အစိုးရတွေဟာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးခြင်း၊ စစ်တပ်၊ ရဲအင်အားတွေသုံးပြီး ဒီ လူမျိုးစု တွေနေထိုင်ရာ ရွာတွေကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူမျိုးစုဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်နေ ပြီဆိုရင် ဒါကို genocidal state terrorism ကျူးလွန်နေပြီလို့ သတ်မှတ်လို့ရပါတယ်။
အခုဆက်လက်ပြီး မြန်မာနိုင်ငံက နိုင်ငံတော်အကြမ်းဖက်မှုနဲ့ ပတ်သက်တာတွေကို ရေးသားတင်ပြပါမယ်။
မြန်မာနိုင်ငံနိုင်ငံတနိုင်ရဲ့ state authority ကို နိုင်ငံရေးပညာရှင်တွေက typology လေးမျိုးခွဲပြီး လေ့လာသုံးသပ်ကြပါတယ်။ ပထမအ မျိုးအစားကတော့ ဒီမိုကရေစီ အမျိုးအစားပါ။ ဒီမိုကရေစီ state authority ရှိတဲ့နိုင်ငံမှာ စစ်တပ်၊ ရဲစတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security institutions တွေဟာ ဒုတိယနေရာမှာပဲ ရှိပါတယ်။ နိုင်ငံတော်မှာ တရားမျှတမှုရှိတာအတွက်ကြောင့် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ အစိုးရဆိုတာဟာ ပြည်သူက ရွေးကောက်တာဖြစ်တဲ့အတွက် အာဏာဟာ လူထုဆီကပဲ သက်ဆင်းပါတယ်။ နောက်ပြီး နိုင်ငံတခုဟာ ဒီမိုကရေစီ ကျင့်သုံးနေလား၊ မကျင့်သုံးဘူးလားဆိုတာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲလုပ်တာနဲ့ ဒီမိုကရေစီရပြီလို့ မသတ်မှတ်နိုင်ပါဘူး။ အစိုးရရဲ့အာဏာခွဲဝေအသုံးပြုမှု၊ လုံခြုံရေးအဖွဲ့အစည်းတွေကို secondary role မှာ ထားရှိမှု၊ ဘတ်ချက်ခွဲဝေမှု၊ accountability ရှိမှု၊ လူ့အခွင့်အရေးနဲ့ rule of law ကို လေးစားမှု၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ အစိုးရရဲ့ အုပ်ချုပ်နိုင်မှုစွမ်းရည်၊ အစိုးရပေါ်လစီတွေနဲ့ ပတ်သက်ပြီး လူထုကို သတင်းအချက်အ လက်ပေးမှု၊ လူထုက ဝေဖန်ပြောဆိုနိုင်မှု စတဲ့ အချက်အလက်အများကြီးအပေါ်မှာ မူတည်တာဖြစ်ပါတယ်။
နောက်တမျိုးကတော့ authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်ပါ။ ဒီလိုစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ အစိုးရရဲ့ အာဏာဟာ minimal constraint ပဲ ရှိပါတယ်။ အစိုးရဟာ တရားမျှတမှုမရှိတဲ့ ရွေး ကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့ အစိုးရဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကကျတော့ ပြည်သူလူထုက လုံခြုံရေးအဖွဲ့ဝင်တွေက မတရားစော်ကားအနိုင်ကျင့်ရင် ကာကွယ်ပေးနိုင်မယ့် ဥပဒေ မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့ အ စည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။
ဒီလိုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အကန့်အသတ်တွေရှိပါတယ်။လူအများ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြော ကြားခွင့်၊ စုဝေးဟောပြောခွင့် မရှိပါဘူး။ ဥပဒေကို အစိုးရက သူတို့စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး၊ ဥပဒေ၀န်ထမ်းတွေကို အစိုးရဒေါက် တိုင်တွေအဖြစ် အသုံးချလေ့ရှိပါတယ်။
နောက်တမျိုးကတော့ totalitarianism ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင်လဲ စစ်တပ်၊ ရဲစတဲ့ လုံခြုံရေး အဖွဲ့ အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အဆုံးစွန်အထိကို မြင့်မားပါတယ်။ အစိုးရအာဏာဟာ unconstrained authority ဖြစ်သွားပါပြီ။ တရား မျှတမှုတွေ ဆိတ်သုဉ်းနေပါတယ်။ လူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ထားပါတယ်။ အစိုးရဟာ လူ့အဖွဲ့အစည်းကို ထင်ရာစိုင်း အုပ်ချုပ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ဟာ အစိုးရဆီကပဲ သက်ဆင်းပါတယ်။ ဥပမာ- အာဖဂန်နစ်စတန်မှာ တာလီဘန် အုပ် ချုပ်စဉ်က ပုံသဏ္ဍာန်မျိုးပါ။ နောက်ဆုံးတမျိုးကတော့ crazy states ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ လက်နက် ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ နိုင်ငံတော်မှာ central authority မရှိတော့ပါဘူး။ သက်ဆိုင်ရာ ဒေသအလိုက် စစ်ဘုရင်တွေ၊ စစ်သွေးကြွတွေက အုပ်ချုပ်ကြပါတယ်။ state behaviour ဟာ ပုံမှန်မဟုတ်တောပါဘူး။ ဥပမာ- ယူဂန်ဒါ နိုင်ငံမှာ Idi Amin အုပ်ချုပ်စဉ်ကာလက အခြေအနေမျိုးပါ။
နိုင်ငံရေးပညာရှင်တွေက မြန်မာနိုင်ငံကို authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ခေါ် ဆိုကြပါတယ်။ အခုလတ်တလောအခြေအနေမှာ (၂၀၁၀) ရွေးကောက်ပွဲ မြန်မာနိုင်ငံမှာ ကျင်းပမှာနဲ့ ပတ်သက်ပြီး အချို့က မြန်မာနိုင်ငံ မှာပဲ ဒီမိုကရေစီရတော့ မယောင်ယောင် ပြောဆိုနေကြပါတယ်။ အထက်မှာ ကျွန်မဆိုခဲ့သလိုပဲ ဒီမိုကရေစီစနစ်ကျင့်သုံး၊ မသုံးဆိုတာ ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ တိုင်းတာလို့ ရတာမဟုတ်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံ ခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို secondary role မှာ မထားပဲ central role မှာ ထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးကဏ္ဍတွေအပေါ်မှာ လူထုရဲ့အာဏာသက်ဆင်းနိုင်မှု မရှိပါဘူး။ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီးလဲ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ တန်းတူညီမျှခွင့်အတွက် အာမခံချက်မရှိပါဘူး။
တကယ်တော့ နိုင်ငံတော်အာဏာဆိုတာ သုံးပုံတပုံ၊ လေးပုံတပုံ ချိုးဖဲ့စားရတဲ့ ဘီစကွတ်မုန့် မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်တခုလိုပဲ အာရုံ ကြောအဖွဲ့အစည်းတွေ၊ သွေးလည်ပတ်မှုတွေ၊ ခြေလက်အဂါင်္တွေ၊ အတွင်းကလီစာတွေနဲ့ တည်ဆောက်ထားတာမျိုးပါ။ စစ်အုပ်စုလက်ရှိ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဆိုတာက လူကို ခေါင်းဖြတ်ပြီး၊ ကျန်တဲ့ကိုယ်ပိုင်းကိုမှ ပြည်သူ့အာဏာသက်ဆင်းစေတဲ့ ပုံသဏ္ဍာန်မျိုးပါ။ ကမ္ဘာ ပေါ်မှာ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို ကျင့်သုံးတဲ့နိုင်ငံမျိုးရှိတယ်လို့လဲ မကြားဖူးပါ။ ခေါင်းမရှိတဲ့ကိုယ်ကြီးကို အသက်သွင်းဖို့ဆိုတာ အလွန်ပင် ခဲယဉ်းပါလိမ့်မယ်။
ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးနဲ့ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတော်အကြမ်းဖက်မှုတွေကို တားဆီးနိုင်ခြင်း ရှိမရှိဆိုတာကိုလဲ အလေးထားပြီး ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ state terrorism အမျိုးအစားများကို ဆက်လက် လေ့လာကြည့်ကြပါစို့။
မြန်မာနိုင်ငံနှင့်နိုင်ငံတော်အကြမ်းဖက်မှု

နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်အမျိုးအစားများကို အသုံးပြုပြီး လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်သုံးမျိုးလုံး ဖြစ်ပွားနေတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ပထမအမျိုးအစားဖြစ်တဲ့ Vigilante state terrorism ကိုတော့ စစ်အုပ်စုဟာ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို အသုံးချပြီး ကျူးလွန်နေပါတယ်။ ဒီပဲယင်းသတ်ဖြတ်မှုအရေးအခင်း၊ စက်တင်ဘာတော်လှန်ရေး ကနဦးစ အခြေအနေများမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို နိုင်ငံတော်က ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ကျူးလွန်စေခဲ့ပါတယ်။

နောက်ထပ်ပုံသဏ္ဍာန်တမျိုးဖြစ်တဲ့ official state terrorism ကိုလဲ နအဖစစ်အုပ်စုမှ ကျူးလွန်ခဲ့ကြောင်း ရှစ်လေးလုံးလူထုတိုက်ပွဲ၊ ၉၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြအရေးဆိုမှု၊ စက်တင်ဘာ တော်လှန်ရေးပုံရိပ်များက သက်သေခံထားပြီ ဖြစ်ပါတယ်။ ဒါတွေတင်မက တိုင်း ရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေက မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့မှုတွေဟာလဲ မြင်သာထင်ရှားတဲ့ overt official state terrorism တွေဖြစ်သလို၊ စစ်ကြောရေးစခန်းတွေထဲက နှိပ်စက်ညှဉ်းပမ်း ရိုက်နှက်မှုတွေ၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်မှုတွေ၊ ခြိမ်းချောက် မှုတွေဟာလဲ convert state terrorism ကျူးလွန်မှုများကို ညွှန်ပြနေတာ ဖြစ်ပါတယ်။
အဆိုးဆုံးကတော့ genocidal state terrorism လို့ခေါ်တဲ့ လူမျိုးသုဉ်း နိုင်ငံတော်အကြမ်းဖက်မှု တွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေခြင်းပဲ ဖြစ်ပါတယ်။ Genocidal acts ဆိုတာက အချို့က physical extermination လို့ပဲ ထင်နေကြပေမယ့် ဒီအထဲမှာ လူမျိုးစုတွေရဲ့ ကိုးကွယ် ယုံကြည်မှု၊ စာပေနဲ့ အခြားအစဉ်အလာဓလေ့တွေ အပေါ်မှာ အတင်းအကြပ်တားမြစ်မှု၊ ခြိမ်းချောက်အနိုင်ကျင့်မှု၊ ကိုယ်ရောစိတ်ပါ ထိ ခိုက်နာကျင်စေမှုတွေလဲ ပါဝင်တာ ဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာနယ်မြေတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ဆင်ရေးလက်နက်တခုအဖြစ် အသုံးချမှုတွေ၊ ကျေးရွာများ ပြောင်းရွှေ့နေရာချမှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ စာပေ နဲ့ ယဉ်ကျေးမှုအပေါ် ချုပ်ချယ်ကန့်သတ်မှုတွေဟာ genocidal state terrorism ကျူးလွန်မှုတွေပဲ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အကြမ်းဖက်မှုကို ကျူးလွန်နေတဲ့ အကြမ်းဖက်သမားများ ဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ စုပေါင်းတော်လှန်ဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
“ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး- ဒို့အရေး ”
“ ဒီမိုကရေစနစ်ထွန်းကားရေး- ဒို့အရေး ”
“ နိုင်ငံတော်အကြမ်းဖက်သမားများ- အလိုမရှိ ”
ခင်မမမျိုး (၂၊ ၄၊ ၂၀၀၉)

ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ

 ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ
မင်းလွမ်းနောင်(ပန်းတနော်)- 31,5, 2011

ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ် စာမျက်နာ ပေါ်တွင် တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ်လာပြီး လက်ခံသူ လက်မခံသူများ အကြားလဲ စိတ်ဝမ်းကွဲမှု.များ ဖြစ်ပေါ်နေပါတယ်။

ဒီတော့ကျနော့်အနေနဲ. ဗမာစစ်တပ်နဲ.ဗမာစစ်သားဆိုတာလေးကို ထုတ်နုတ်ပြီးတော့ ပြောချင်ပါတယ်...
(ဆရာလုပ်ခြင်းမဟုတ်ပါ ပညာရှိသတိဖြစ်ခဲ ဆိုသလို ထောက်ပြပေးခြင်းသာဖြစ်ပါတယ်)

ကျွန်တော် အမြင်အရတော့ ကြံ့ဖွံ့အစိုးရ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တပ်မတော်သည် တိုင်းရင်းသား အားလုံးနှင့် ပေါင်းစပ်ဖွဲ.စည်းထားသော တပ်မတော်(၀ါ) စစ်တပ်ဖြစ်ပါသည်။

မည်သည့်အစိုးရတက်တက် တပ်မတော်သည် တိုင်းပြည်ဧ။်လိုအပ်ချက်အရ တည်ရှိနေရမည်သာ ဖြစ်ပါသည်။
ဒီနေရာမှာ ပြောပြချင်တာကတော့ ကျွန်တော်ဟာ စာရေးဆရာ မဟုတ်သလို ဝေဖန်ရေးသမားလဲ မဟုတ်ပါဘူး/

အားလုံးဟာ အသိဥာဏ်ပညာရှိသူတွေပါ ..ဒီတော့ကျွန်တော့် ဘက်ကလဲ အပြုသဘော ဆောင်တဲ့ ဖြစ်ရပ်မှန် လေးတွေကို ပြောပြထောက်ပြပေးဖို. ရေးချင် လာတာကြောင့် ဆောင်းပါးလေးကို ရေးသား တင်ပြရခြင်းပါ...။....။


ဒီတော့ ဗမာစစ်တပ် ဗမာစစ်သား လို. သုံးနှုံးခဲ့တာတွေကိုပြန်လေ့လာကြရပါမယ်...
ယခုလက်ရှိတပ်မတော်(၀ါ)စစ်တပ်သည် တိုင်းရင်းသားများပါဝင် သည့်တပ်မတော် ဖြစ်ပါတယ်..

ဒီလိုပြောလို. ကျွန်တော်အနေနဲ.ကိုယ်တွေ.လေးတစ်ခု ပြောပြချင်ပါတယ်
ကျွန်တော်တပ်ထဲဝင်တော့ အသက်က ၁၉ နှစ်ပါ တပ်ထဲကို စ၀င်တော့ တွေ.ရတဲ့အတွေ. အကြုံလေးတွေ ကတော့ မမေ့ စရာပါပဲ ။
(မှတ်မှတ်ရရတသသဆောင်းပါးမှာ တင်ပေးထားပါတယ်..)

ကျွန်တော် တို.အသုတ်မှာ တသသလို.ခေါ်တဲ့ တပ်သားသစ်တွေဟာ ၂၅၀ ယောက်ပါ တပ်စု(၃)စုနဲ. ခွဲပြီး ထားပါတယ်...
အဲဒီမှာ ကျွန်တော် မြင်တွေ.ခဲ့ရတဲ့ တိုင်းရင်းသားတွေပေါ့ဗျာ..
ရခိုင် ပါတယ်(ကျွန်တော့်တပ်စုက) ကရင်ပါတယ် မွန်ပါတယ် ..
နောက်ပြီး ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ယောနယ်တို. ဆောနယ်တို. ဘက်က တိုင်းရင်းသားတွေတောင်ပါလေရဲဗျာ ..

တစ်ချို.ကလဲ မိမိဘာသာဝင်တယ် တစ်ချို.ကလဲ အပြစ်မကင်းလို. တစ်ချို.က အတင်းစစ်တပ်ထဲ ထည့်လိုက်လို.။
အချို.ကလဲ စားဝတ်နေရေးမပြေလည်လို. တချို. ကလဲ အရောင်း ခံရလို. ပေါ့ အစုံပါပဲဗျာ..။

ဒီတော့ ကျွန်တော် ပါဝင်တဲ့တပ်ခွဲ လေးတစ်ခွဲမှာတင် တိုင်းရင်းသား (၆)မျိုး လောက် တွေ.မြင်လိုက်ရပါတယ် ။

(၂၅၀)မှာ (၈၀)ကျော်လောက်က တိုင်းရင်းသားတွေပါ ။
ကျန်သူတွေကတော့ အမေကကရင် အဖေကရခိုင် ဆိုတာလို အမေဗမာ အဖေကရင် ဆိုတာတွေများပါတယ် ။



ကျွန်တော်ကိုယ်တိုင် အဖေကကရင်ပါ အမေကဗမာ ဆိုပေမဲ့ မွန်သွေးစပ်ပါတယ်။
အမေ့ရဲ.အမေကျွန်တော်အဖွားက မွန်လူမျိုးပါ..။
ဒီတော့ ကျွန်တော်ဆိုလိုချင်တာက ဗမာ စစ်စစ် ဆိုတာ ကို ရှာကြည့်ကြပါအုံး ... ။
ရှိပါတယ် ဒါပေမဲ့ စစ်တမ်းကောက်ကြည့်ပေါ့နော်..ဗမာဆိုတာလဲ တိုင်းရင်းသားပါပဲ ...။

ဒီတော့ တိုင်းရင်းသား တွေစုပေါင်းထားတဲ့တပ်ကို ဗမာစစ်တပ်လို.ခေါ်သင့်ပါသလား ။

တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ တပ်ဖြစ်လို. တပ်မတော်လို့ ခေါ်သင့် ပါသလား.. စဉ်စားချင့်ချိန် သင့်လှပါတယ်..။
နောက်ပြီးတပ်တွင်းမှာ အရာရှိ စစ်သည်အများစု ထဲမှာ တိုင်းရင်းသားတွေ အတော်များများပါဝင် ပါတယ် ဆိုတာလဲပြောချင်ပါတယ်..။ဒီတော့သမိုင်းကို ပြန်ကြည့်ကြ စို.နော်..။

...... သမိုင်းလေးတစ်ကြောင်းပေါ့ ။
(ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ သူရဲကောင်း အာဇာနည် ရဲဘော်သုံးကျိပ်တို့ဟာ (၁၉၄၁) ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA) ကို စတင်စုဖွဲ့ တည်ထောင် ခဲ့ရာမှ ဗမာ့ ကာကွယ်ရေး တပ်မတော် (BDA) ဗမာ့အမျိုးသား တပ်မတော် (BNA) ဗြိတိသျှနယ်ချဲ့တို့ အခေါ်အဝေါ် အရ မျိုးချစ်တပ်မတော် (PBF) ရယ်လို့ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၎င်းတပ်မတော်သုံးရပ်ရဲ့ ဦးစီးခေါင်းဆောင် စစ်သေနာပတိဟာ တပ်မတော်ရဲ့ မူလ ပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်း သာ ဖြစ်ခဲ့ ပါသည်။


သမိုင်းအစဉ်အလာအရ ဖခင်ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်တို့ရဲ့ ၀ါစဉ်ဟာ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေ၀င်း စသည်ဖြင့် ရှိခဲ့သည်။

(၁၉၄၅) ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ ကန္ဒီစာချုပ်အရ အမြဲတမ်း တပ်မတော် အဖြစ် ပြင်ဆင် စုဖွဲ့ခဲ့ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်မှ ထွက်ပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းသွားခဲ့ပါသည်။

ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း (၆) ဦးသာ အမြဲတမ်း တပ်မတော်မှာ စစ်မှုဆက်ထမ်း ခဲ့ကြသည်။
သခင်ထွန်းအုပ်ရဲ့ မေတ္တာရပ်ခံချက်အရ ဗိုလ်နေ၀င်းဟာ အမြဲတမ်းဗမာ့ တပ်မတော်မှာ ဗိုလ်လင်္ကျာ ပြီးလျှင် နံပါတ်(၂)နေရာမှာ ရခဲ့ပြီး ဗိုလ်ဇေယျက နံပါတ် (၃) နေရာရခဲ့သည်။ )....။

အဲဒီမှာ ကြည့်ရင်တော့ ဗမာ့တပ်မတော်လို.သုံးထားတာတွေရပါမယ်..။
အဲဒါကလဲ အဲဒီအချိန်က (BURMA)လို.အသိများတဲ့ တိုင်းပြည်ဖြစ်နေလို. ဘားမား တပ်မတော်လို ခေါ်ဆိုကြတာပါ ။

တိုင်းပြည်ကိုကိုယ်စားပြုတဲ့သဘောပါ ..ဗမာလူမျိုးကိုကိုယ်စားပြုထားတာမဟုတ်ပါဘူး..။

နာက်ထပ် သာဓကလေးတစ်ခုကတော့ဒီမှာပါ။
( မြန်မာနိုင်ငံခေါ် တရားဝင်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သည် အရှေ့တောင်‌ အာရှ၏ ပင်မကုန်းမြေ ပေါ်တွင် ပထဝီ အကြီးမားဆုံးသော တိုင်းပြည် ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ ( အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာ နိုင်ငံတော် အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။

နောက်ပိုင်းတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လည်းကောင်း၊
ပြည်ထောင်စု မြန်မာ နိုင်ငံတော် အဖြစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင်လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ ) ဆိုတော့ ဘားမားကနေ မြန်မာကိုအဆင့်ဆင့်ပြောင်းလဲလာပုံလေးပါ..။

ဒီတော့ တပ်မတော်ကိုအခေါ်အဝေါ်တွေပါ ပြောင်းလဲလာရပါတယ် ..မြန်မာ့တပ်မတော် လို.လေ...။
ဒီတော့ တိုင်းရင်းသားအားလုံးဟာ နိုင်ငံတွင်းမှာမွေးပြီးနေထိုင်ကြတာဖြစ်လို. မြန်မာနိုင်ငံသား တွေဖြစ်ကြ ပါတယ် ...။
ကရင်လဲမြန်မာ ကယားလဲမြန်မာ ကချင်လဲမြန်မာ ရခိုင်လဲမြန်မာ စတဲ့တိုင်းရင်းသား အားလုံးဟာ ပြည်ထောင် စုဖွား မြန်မာနိုငိငံသားများ ဖြစ်ကြ ပါတယ်။ ...

တိုင်းရင်းသားများပါဝင်ထမ်းဆောင်နေကြတဲ့ တပ်မတော်ဖြစ်လို. ဗမာစစ်တပ် မဟုတ်ပဲ မြန်မာ နိုင်ငံကို ကိုယ်စားပြုတဲ့ မြန်မာ့တပ်မတော်သာ ဖြစ်ပါကြောင်း ကျွန်တော်ပြောလိုပါတယ်.။

နောက်တစ်ခုကျနော်က အာဏာရှင်ကိုတိုက်ထုတ်ပြီး အမှန်တရားကိုဖော်ပြလိုသူသာဖြစ်သည်။

နောက်တစ်ခုက တပ်မတော်အတွင်းမှာ လဲ ဒီမီုကရေစီ အရေးစိတ် ပါဝင်စားတဲ့ စစ်သည်ပေါင်း များစွာလဲ ရှိကြပါတယ်။



အမှန်တကယ် နိုင်ငံတိုးတက်ရေးကို ထောက်ပံ့ ကူညီချင်တဲ့ တပ်မတော် သားများအနေနဲ.လဲ ဒီဗမာစစ်သား ဗမာစစ်တပ် ဆိုတဲ့ အခေါ်အဝေါ်ကို မနှစ်မျို. ကြတာတော့ အမှန်ပါပဲ..။

ကျနော့်အနေနဲ. တိုက်တွန်းလိုတာကတော့ နိုင်ငံအရေး ဆောင်ရွက်နေတဲ့ မည်သည့်အဖွဲ. အစည်းမဆို တပ်မတော်အတွင်းမှ အရာရှိ/ စစ်သည်များ ထဲမှ ပူးပေါင်းပါဝင် ချင်သူများကို စည်းရုံးသင့် ပါကြောင်း တိုက်တွန်းလိုပါတယ်..။

ကျနော်အနေနဲ.ကတော့ တိုင်းပြည်တစ်ခုရဲ. မရှိမဖြစ် လိုအပ်သော တပ်မတော်(၀ါ) တိုင်းရင်းသားများ ပါဝင်ဖွဲ.စည်းထားသော တပ်မတော်ကို ဖြိုခွဲံလိုခြင်း မဟုတ်ပါ။

ဒါကြောင့် ကျွန်တော်အမြင်ကို ကျွန်တော်မိတ်ဆွေများအား( ဗမာစစ်သား ဗမာစစ်တပ် )ဟု သုံးနှုံးနေခြင်းကို ထောက်ပြခြင်းသာ ဖြစ်ပါတယ်..။

အာဏာရှင်များကိုဆန်.ကျင်ရာမှာ ကျွန်တော်ကိုယ်တိုင်အားပေးသော်လဲ ယခုကဲ့သို.သော အသုံးအနှုံး မှားခြင်းကြောင့် တပ်မတော်တွင်းမှ မျိုးချစ်စစ်သည်များ နိုင်ငံအရေး ပါဝင်လှုပ်ရှား ချင်သူ စစ်သည်များနှင့် နိုင်ငံ ကောင်းကျိုး အတွက်လှုပ်ရှား တိုက်ပွဲ ၀င်နေသော မိတ်ဆွေများ အကြား အထင်အမြင် လွဲစေမှု.ဖြစ်စေသော အသုံးအနှုန်းကိုတော့ ထောက်ပြနေမှာပါ ...

တပ်မတော်အတွင်းက ကောင်းခြင်းဆိုးခြင်းများကို ကိုယ်တွေ.သိမြင်ခဲ့ခြင်း တွေကို အမှန်အတိုင်း ဘက်လိုက်ခြင်း မရှိပဲ တိတိကျကျ ရေးသာ တင်ပြပေး သွားမှာပါ..။

ကောင်းတာတွေ.ခဲ့ရင်ကောင်းတာကိုရေးမယ် ..။မကောင်းတာ တွေ့ ရင်မကောင်းတာကို ရေးမယ် ဒါကတော့ ကျနော့်ရဲ. ခံယူချက် လေးပါ...။


မိတ်ဆွေများအနေနှင့်လဲ ဘက်လိုက်ပြီး ရေးသားခြင်းမျိုး သတင်းအမှားများရေးသား တင်ပြခြင်းမျိုး များကို အထူးသတိပြု သင့်ပါပြီ...။

သတင်းအမှားများ လုပ်ကြံသတင်းများ အတွက် လဲ သတင်းဌာန အများစု ဖြေရှင်း နေရသည်မှာလဲ မိတ်ဆွေများ အသိပင်..။

နောက်ဆုံးအနေနဲ. မိတ်ဆွေများအနေနှင့် မြန်မာနိုင်ငံအတွင်း ရှိအားလုံးသော သူများ အမှန်တရားကို သိရှိပြီး ပါဝင်လှုပ်ရှား လာအောင် စည်းရုံးသင့်ပါကြောင်း နှင့် မိမိနှင့်အမြင်မတူကရန်သူဆိုသည့် ၀ါဒများလက်ကိုင်မထားပဲ တပ်မတော်သားများဧ။် အမှောင်ဖုံး ထားခံရသော ဘ၀ကို နားလည် ပေးပြီး အမှန်မြင်ရဖို. ၀ိုင်းဝန်းဆောင်ရွက် ကြစို.လို.ပြောကြားရင်း မိတ်ဆွေများ အားလုံးကို လေးစားပါတယ်ဗျာ.။ ။

မင်းလွမ်းနောင်(ပန်းတနော်)


မင်းလွမ်းနောင် (ပန်းတနော်)
မေ-၃၁- ရက် ၂၀၁၁


----------------------------------------------------------
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြ ပေးပါမည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတောနိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 

ပြည်ပရောက်မြန်မာ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ၏ သတင်း မီဒီယာ … -
www.hittaing.org
www.hittai.org
www.hittai.net

ဒေါ်စုပြောတဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန်

           

ဂျာမဏီမှာ လုပ်မယ့် မြန်မာနိုင်ငံ အပြောင်းအလဲဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ


ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅ နိုင်ငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ ရှေ့တွင် လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)

2011-05-01

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာဟာ အပြောင်းအလဲလား၊ အတုအယောင်လားဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့ ဒီမိုကရေစီရေး နိုင်ငံတကာ ဆွေးနွေးပွဲတခုကို ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ လာမယ့် မေလ ၄ ရက်နေ့မှာ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံက လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ ပြောရေးဆိုခွင့် ရမရ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်၊ မြန်မာနိုင်ငံရဲ့ အလားအလာ၊ အစိုးရအဖွဲ့တွင်းက တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမှာ ဖြစ်သလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ EU ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု ဆက်လက် ထားရှိသင့် မသင့်ကိုလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က RFA ကို အခုလို ပြောပါတယ်။

“ကျနော်နဲ့ ဧရာဝတီ ဦးအောင်ဇော်ကတော့ လူ့အခွင့်အရေး ရှုထောင့်ဘက်က၊ နောက်တခါ ဒီမိုကရေစီ လှုပ်ရှားတဲ့ အတိုက်အခံ အင်အားစုတွေ ရှုထောင့်ဘက်က ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ် သုံးဦးကတော့ မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုမှာ နိုင်ငံရေးအရ မတိုးတက်လာရင် သူတို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ပြန်ပြီး ရုတ်သိမ်းသင့်တယ် ဆိုတဲ့ဘက်က ဆွေးနွေးမယ်လို့ ကျနော်တို့ သိထားပါတယ်”

ဒီပွဲမှာ တက်ရောက်ဆွေးနွေးမယ့် မြန်မာကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီက ဦးရှင်ထွန်း၊ မြန်မာအီးဂရက်စ် အဖွဲ့ခေါင်းဆောင် ဒေါက်တာနေဝင်းမောင်၊ Euro-Burma ရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ၊ ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်နဲ့ ဘာလင်အခြေစိုက် Burma Project အဖွဲ့က ဦးခင်မောင်ရင် တို့ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ဂျာမဏီအခြေစိုက် Burma Initiative Asiahouse အဖွဲ့နဲ့ မြန်မာပရိုဂျက်-ဘာလင် အဖွဲ့က စီစဉ်ကျင်းပမှာ ဖြစ်ပြီး ဂျာမန်လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက အဖွင့်မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးထဲက ကလေးအလုပ်သမားများ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့

India Than Gyat 2011 by ronal50
Thangyat Complete

အိုဘယ့် ကယ်တင်ရှင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ယနေ့ ဗမာပြည်တွင် လက်တဆုပ်စာမျှသော “ဘုရား” အထူးခံ ရေပေါ်ဆီ လူ့မလိုင်တချို့နှင့် ၎င်းတို့နှင့် အလွမ်းသင့်သော အရောင်ပြောင်း ပုတ်သင်ညိုတချို့မှအပ ကျန် သန်း ၅ဝ ကျော် လူထုမှာ နှစ်ပေါင်းများစွာ ဆင်းရဲခြင်း ဝဲသြဃအတွင်း မြုပ်တလှည့် ပေါ်တလှည့် ဖုတ်လှိုက်ဖုတ်လှိုက် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်ပြီး ဤအခြေအနေတွင် မျှော်လင့်ချက် ကောက်ရိုးတမျှင်ပေးကာ ဝါးကူထိုးပေးသူသူတို့ မနည်းမနောရှိပါသည်။ သည်အထဲတွင် ကယ်တင်ရှင်အမည်ခံ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် သူရဲကောင်းဖြစ်ချင်ကြသော နိုင်ငံရေးသမားအတုအယောင်များက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

မကြာသော ကာလတွင် ဗမာပြည်သို့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်တော့မည် ဖြစ်သည်။ မဟာကရုဏာရှင်များသည် ၎င်းတို့ ထုံးစံအတိုင်း ဖယောင်းတိုင် ကိုယ်စီထွန်းကာ ဝမ်းနည်းခြင်းသရုပ်ကို ပြကြဦးမည်လား။ ထိုသုံးနှစ်တာ အတောအတွင်း နိုင်ငံတကာမှ ရရှိသော အလှူငွေ သန်းပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အဘယ်မျှသော အတိုင်းအတာအထိ အောင်မြင်ခဲ့သည်ကို ဆန်းစစ်ရသော် တာပေါ်လင်စ ပြာပြာလွင်လွင်ဖြင့် ဆီးကြိုနေမည့် တဲအိမ်ငယ်များ၊ မြစ်ကမ်းဝဲယာတလျှောက်မှ ရေပေါ်တွိုင်းလက်များ၊ အကြွေးလည်ပင်းခိုက်နေသော လယ်သမား၊ ငါးဖမ်းသမားနှင့် ဘောက်သမားများ၏ ဘဝအဖုံဖုံနှင့် မြင်ကွင်းစုံတို့သည် အလှူရှင်ထံသို့ အလိုကျ အသုံးတော်ခံမည့် အစီရင်ခံစာများနှင့် တမူကွဲပြားနေပါလိမ့်မည်။

အကြွေးလည်ပင်းခိုက်နေသော လယ်သမား၊ ငါးဖမ်းသမားနှင့် ဘောက်သမားများ၏ ဘဝအဖုံဖုံနှင့် မြင်ကွင်းစုံတို့သည် အလှူရှင်ထံ သို့ အလိုကျအသုံးတော်ခံမည့် အစီရင်ခံစာ များနှင့် တမူကွဲပြားနေပါလိမ့်မည်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ရပ်ရွာလူထုမှာ အဆိုးချည်းမဟုတ်ဘဲ အဆိုးထဲမှ ဖြေသိမ့်စရာ အပြုသဘောဆောင်သော တိုးတက်မှုပြယုဂ်များ ပေါ်ပေါက်လာရန် မျှော်လင့်စရာရှိပါသည်။ သို့သော် အလှူငွေကို သွားရည်တမြားမြားဖြင့် အသာငမ်းငမ်းဖြစ်နေကြသော အုပ်ချုပ်သူများနှင့် ငတက်ပြားအကြီးစား အဲန်ဂျီအိုများ၏ ကောင်းမှုကြောင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်တို့၏ ဒါနမှန်သမျှသည် အိတ်ပေါက်နှင့် ဖားကောက်ရသည့်နှယ် ရေစက်ပင် မချလိုက်ရဘဲ ပျောက်စေတန်ခိုးဖြင့် အငွေ့ပျံခဲ့ရလေသည်။

ဤအခြေအနေမှာပင် ဆင့်ပါးစပ် နှမ်းပက် ထောက်ပံ့မှုကို ရရှိထားသူများအား အလှူရှင်ထံ၌ မျက်နှာပန်းလှလိုမှုတခုတည်းအတွက် ဇွတ်အတင်း သာဓုခေါ်ခိုင်းနေသည်မှာ မခက်ပါလော။ “တိုးတက်လာပါသည်၊ ကောင်းမွန်လာပါသည်၊ စီမံကိန်းများ အောင်မြင်လာပါသည်၊ သို့သော် လိုအပ်မှုများကား ရှိနေဆဲ၊ အလှူငွေများ ထပ်မံလိုအပ်ဆဲဖြစ်သည်” ဟူ၍ အစည်းအဝေးများ၊ အစီရင်ခံစာများ၊ အဆိုပြုလွှာများတွင် အပ်ကြောင်းထပ်အောင် ပြောကြ၊ ဆိုကြ၊ ရေးကြသည်မှာလည်း မရိုးနိုင်သေးသော ဇာတ်ကွက်များ ဖြစ်နေသေးသည်။ ၎င်းတို့၏ စိမ့်ပေါက်၊ ယိုပေါက်နှင့် မဟာဗျူဟာနည်းကျ လုပ်ငန်းစဉ်ဟု ခပ်မြင့်မြင့် သညာပြုထားသော စီမံကိန်းအကောင်အထည်ဖော်မှု ခြေလှမ်းအမှားများကို ဂဃဏန မဆန်းစစ်ဘဲ ဇွတ်အတင်း ခရီးနှင်လျှင် အဆိုပါ လူမှုကူညီရေးအဖွဲ့အစည်းတို့မှာ နောင်တချိန်တွင် လှုပ်လေ မြုပ်လေ အနေအထားသို့ ရောက်ရှိတော့မည်။ မျက်မှောက် အနေအထားအရတောင်မှ အဲန်ဂျီအိုက လူထုကို ကူညီကယ်မနေသည့် အသွင်မဟုတ်ဘဲ လူထုကသာ အဲန်ဂျီအိုများ ရှင်သန်ရေးအတွက် ပံ့ပိုးကျားကန်ပေးနေရသည့် ပုံစံဖြစ်နေသည်ကို သတိပြုနိုင်ပါသည်။

နာဂစ်၏ ကျေးဇူးဖြင့် ခါတော်မီ ပေါ်ပေါက်လာသော Local NGO ခေါ် ပြည်တွင်း လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို  ကြည့်ပြီး ဗမာပြည်၌ လူမှုရေးအဖွဲ့အစည်းများ တိုးပွားလာသည်၊ ၎င်းတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာသည်ဟု အလောတကြီး ကောက်ချက်မချသင့်ပါ။ ရပ်ရွာအခြေပြုအဖွဲ့လေးများ အရေအတွက်အားဖြင့်သာ များပြားလာပြီး ၎င်းအဖွဲ့များ ရေရှည်ခိုင်မာ တိုးတက်ရန်မှာ ခရီးဝေးဆဲဖြစ်၏။ ဥပမာဆိုရလျှင် နာဂစ်မုန်တိုင်းဒဏ်ခံရွာများသို့ လူမှုကူညီရေးအဖွဲ့အစည်း အသီးသီး လာ၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာ၏ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ထည့်သွင်းစဉ်းစားပြီး ကျေးရွာအကျိုး သယ်ပိုးနိုင်မည့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ရွာလူထု သဘောကျ ရွေးထားသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်လေ့ရှိကြသည်။ လယ်သမားကော်မတီ၊ ရေလုပ်သားများ ကော်မတီ၊ အမျိုးသမီး ဝင်ငွေတိုးအဖွဲ့၊ သန့်လေးသန့် ကော်မတီ၊ မြေယာမဲ့ ဘောက်သမားများ ကော်မတီ၊ ကျန်းမာရေးကော်တီ စသဖြင့် ကော်မတီပေါင်းများစွာ ဖွဲ့စည်းခဲ့ကြလေသည်။ ခက်သည်က ရွာတရွာတွင် အဖွဲ့အစည်းတခုတည်း လာရောက် လုပ်ကိုင်ခြင်းမဟုတ်။ အဖွဲ့အစည်းအမျိုးမျိုးက တရွာထဲမှာပင် စီမံကိန်းများကို အပြိုင်အဆိုင် အကောင်အထည်ဖော်နေကြသည်မို့ သူ့အဖွဲ့ကလည်း သူ့မူနှင့် ကျေးရွာကော်မတီဖွဲ့၊ ကိုယ့်အဖွဲ့ကလည်း ကိုယ့်မူနှင့် ကော်မတီတွေ ထပ်ဖွဲ့။ တရွာထဲမှာပင် ကော်မတီတွေ ပွထနေပြီး ရပ်ရွာအကျိုးအတွက် မျှော်ကိုး၍ ဖွဲ့စည်းထားသော ကျေးရွာအဖွဲ့ကလေးများခမျာ အဆိုပါ အဲန်ဂျီအိုများ တယောက်တမျိုး ကြိုးဆွဲရာသို့သာ ဇာတ်ဆရာအလိုကျ အသုံးတော်ခံရတော့သည်။

တရွာထဲမှာပင် ကော်မတီတွေ ပွထနေပြီး ရပ်ရွာအကျိုးအတွက် မျှော်ကိုး၍ ဖွဲ့စည်းထားသော ကျေးရွာအဖွဲ့ကလေးများ ခမျာ အဆိုပါ အဲန်ဂျီအိုများ တယောက်တမျိုး ကြိုးဆွဲရာသို့သာ ဇာတ်ဆရာအလိုကျ အသုံးတော် ခံရတော့သည်။
ဤသို့ဆိုလျှင် အဖွဲ့အစည်းမျိုးစုံက အပြိုင်အဆိုင်လုပ်ကြ၍ ပံ့ပိုးမှုများ ပိုလျှံနေပြီလားဟု တွေးစရာရှိသည်။ ထိုသို့လည်း မဟုတ်ပြန်။ အဲန်ဂျီအိုတို့မည်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို ထုနှင့် ထည်နှင့် ပြနိုင်ရန်သာ စိတ်အားထက်သန်ကြသည်။ ဆိုရလျှင် ကျေးရွာလူထု အသက်မွေးဝမ်းကျောင်း ပြန်လည် ထူထောင်ရန် ငွေပေးရခြင်းထက် ရွာတွင် တံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ရေကန်တူးပေးခြင်းကို ပိုလုပ်ဆောင်လိုကြသည်။ သည်နည်းဖြင့် အဖွဲ့အစည်း အမှတ်တံဆိပ်ကပ်ကာ အလှူရှင်ကို ၎င်းတို့ မည်မျှ ဆောင်ရွက်ခဲ့သည်ကို သက်သေထူနိုင်ပေတော့မည်။ ကျေးရွာလူထုအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ထောက်ပံ့ငွေမှာ ငါးသောင်းမှသည် အများဆုံး တသိန်းခန့်သာ ရှိ၍ အကျိုးခံစားရသူအတွက် အကြွေးဆပ်ရုံသာ တတ်နိုင်တော့သည်။ အခြားလုပ်ငန်း ထူထောင်ရန်လည်း သည်ငွေနှင့် မလောက်င။ အဖွဲ့အစည်းအနေဖြင့်လည်း သည့်ထက်ပိုပြီး မပေးနိုင်။ တရွာလုံး အဆင်းရဲဆုံးသူကိုသာ ထောက်ပံ့မည်ဟု ဇကာစစ်ချလိုက်လျှင်တောင် ရွာလူထု ၉ဝ ရာခိုင်နှုန်းမှာ မပေးမဖြစ် ထောက်ပံ့ရမည့် အနွမ်းပါးဆုံး အုပ်စုဖြစ်၍ နေတော့သည်။  ထို့ကြောင့်ပင်လျှင် Infrastructure ခေါ် အဆောက်အအုံ တည်ဆောက်ရေးကိုသာ အသီးသီး အာရုံစိုက်ကြ၍ ရွာထဲက ရေကန်တကန်ထဲကိုပင် အဖွဲ့အစည်းသုံးခုက အပြိုင်အဆိုင် ခြံစည်းရိုး သုံးထပ်ခတ်ပြီး ဆိုင်းဘုတ်အသီးသီးတပ်ကာ ပဏာယူထားကြသည့် အဖြစ်မျိုး နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ရွာအချို့တွင် တွေ့နိုင်ပါသည်။ လုပ်တာက နည်းနည်း ကြွားချင်တာက များ၍နေတော့သည်။

ထို့ပြင်တဝ ဂျဲန်ဒါ (ကျား၊ မ လူမှုကဏ္ဍ) ညီမျှရေးနှင့် အမျိုးသမီးများအတွက် ဦးစားပေးဆောင်ရွက်ရေး ဆိုသည့်ကိစ္စမှာ နာဂစ်နောက်ပိုင်း အဲန်ဂျီအိုတို့၏ ပရောဂျက်တော်တော်များများတွင် အတော် ရေပန်းစားလျက်ရှိသည်။ ဤအကြောင်းအရာမှာ အလှူရှင်တို့၏ သည်းခြေကြိုက်ဖြစ်၍ အဖွဲ့အစည်း တော်တော်များများကလည်း ကျေးရွာကော်မတီတွင် အမျိုးသမီး ဦးရေ မည်မျှပါမည်၊ အကျိုးခံစားခွင့်ရှိသူများတွင် အမျိုးသမီး မည်မျှ ပါဝင်သည် စသဖြင့် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြကြလေသည်။ အကျိုးဆက်အားဖြင့် ယင်းတို့ဆိုသလို အမျိုးသမီးများကား ကျေးရွာကော်မတီတို့တွင် အရေအတွက်အားဖြင့်တော့ ပါဝင်လာပါ၏။ သို့သော် ဤသည်မှာ ကိန်းဂဏန်းတခုကို ကိုယ်စားပြုသော ဟန်ပြမျှသာဖြစ်၍ အမျိုးသမီးတို့၏ ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ချက်ချနိုင်ခွင့် မည်မျှတိုးတက်လာသည်ကိုတော့ တိုင်းတာခြင်းမပြုကြပါ။

ဆိုရသော် အဖွဲ့အစည်း အသီးသီးတို့မှာ ရန်ပုံငွေရရှိရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေသည်ကို တွေ့ရမည်။ ကျေးရွာလူထုကိုယ်တိုင် တင်ပြလာသော ၎င်းတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းမျိုး မဟုတ်ပါချေ။ ကယ်တင်ရှင် လူမှုရေး အဖွဲ့အစည်းတို့၏ မူဝါဒနှင့်အညီ၊ သို့မဟုတ် အလှူရှင်၏ တောင်းဆိုချက်နှင့် အညီ သတ်မှတ်ထားသော ပုံစံခွက်ထဲသို့ မဝင်ဝင်အောင် အတင်းဖန်တီးနေကြခြင်းသာ ဖြစ်သည်။

အနီးစပ်ဆုံး အကြောင်းအရာကို ပမာပြကာ ဆန်းစစ်ရပါလျှင် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြသော ပရောဂျက်များကြောင့် ရပ်ရွာလူထု၏ ခံနိုင်ရည်စွမ်းအား (Community Resilience) မည်မျှ တိုးတက်ခဲ့သနည်း။ သေချာသည်မှာ ယခုနေ နောက်တကြိမ် မုန်တိုင်းတိုက်လျှင်လည်း ရှေးကကဲ့သို့ အသက်အိုးအိမ် ဆုံးရှုံးကြရလိမ့်ဦးမည်။ သို့သော် ဘယ်သူသေသေ၊ ငတေကား မာနေဆဲဖြစ်၍ အဆိုပါ ကယ်တင်ရှင် အဖွဲ့အစည်းများသည် ယခုအခါ နာဂစ် စီမံကိန်းများနှင့် ပတ်သက်လျှင် ပွဲပြီး မီးသေနေပြီး နာဂစ်မှသည် ဂီရိ၊ ဂီရိမှသည် တာလေ ဂါထာကို ပြောင်းလဲ ရွတ်ဆိုကုန်ကြလေပြီ။

ကယ်တင်ရှင် လူမှုရေး အဖွဲ့အစည်းတို့၏ မူဝါဒနှင့်အညီ၊ သို့မဟုတ် အလှူရှင်၏ တောင်းဆိုချက်နှင့် အညီ သတ်မှတ်ထားသော ပုံစံခွက်ထဲသို့ မဝင်ဝင်အောင် အတင်း ဖန်တီးနေကြခြင်းသာ ဖြစ်သည်။
ဗမာပြည်တွင် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ရထားသည့်  ၂၈ဝ ကျော်မျှသော ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း လူမှုကူညီရေးအဖွဲ့အစည်းတို့ ဆင်းရဲမွဲတေမှု လုပ်ငန်းဆောင်ရွက်လာသည်မှာ ဆယ်စုနှစ် နှစ်ခါလည် ရှိခဲ့ပါပြီ။ ငါးနှစ်အောက် ကလေးအသေအပျောက်နှုန်း မြင့်မားဆဲ၊ ကျောင်းထွက်သည့် ကလေးဦးရေ များပြားဆဲ၊ အိပ်ခ်ျအိုင်ဗီရောဂါ ကူးဆက်ခံရမှု တိုးတက်ဆဲ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ထိပ်တန်းရောက်ဆဲ။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ ထုတ်ပြန်သော ၂ဝ၁ဝ  Human Development Report အရ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ် အဆင့် ၁၃၂ တွင် ရှိနေဆဲဖြစ်သည်။ အဖွဲ့အစည်းတော်တော်များများကမူ ၎င်းတို့၏ စီမံကိန်းများ စိတ်သွားတိုင်း ကိုယ်ပါသလောက် အကောင်အထည် မဖော်နိုင်သည်မှာ အိမ်နီးချင်း နိုင်ငံများဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားတို့နှင့် နှိုင်းယှဉ်သော် ပံ့ပိုးမှုပမာဏ နည်းလွန်းသောကြောင့်ဟု ဆိုကြသည်။ လက်ရှိအစိုးရအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကိုပါ ဆွဲထည့် ပြောကြသေးသည်။ ရရှိသော အလှူငွေများကို မည်မျှ အတိုင်းအတာအထိ ထိရောက်အောင် အသုံးချခဲ့သည်၊ မည်သည့်အရာတွေ မှားယွင်း ချွတ်ချော်နေသည်ကိုမူ ဆန်းစစ်ကြည့်ရန် မေ့လျော့နေကြလေသည်။ ၎င်းတို့ မကြာခဏ ကြွေးကြော်နေသော တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု (Accountability) နှင့် ပွင့်လင်းထင်သာမြင်သာရှိမှု (Transparency) ဆိုသည်မှာ လူကြားကောင်းရုံ စကားသက်သက်လေလားဟု မေးရတော့မည်။

ထိုသို့ မှန်းချက်နှင့် နှမ်းထွက် မကိုက်သည်က လူမှုရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေရခြင်း၊ ထိုအဖွဲ့အစည်းများကို အစိုးရက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ကာ ဖိနှိပ်နေခြင်းကြောင့်ဟု ဆိုက ဆိုနိုင်ပြန်သေးသည်။ သည်တော့ စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ အဆင်ပြေ ချောမွေ့စေရန် အစိုးရ၏ ကိုင်းပွားအဖွဲ့လေးများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟူ၍ ဆိုကြပြန်သည်။ ဤလမ်းကြောင်းသည် အစိုးရနှင့် လက်တွဲအလုပ်လုပ်ခြင်း (with government) သာ ဖြစ်ပြီး အစိုးရအတွက် ဆောင်ရွက်ပေးခြင်း (for government) မဟုတ်ကြောင်း ရှင်းပြပြောဆိုကြပြန်သည်။ သို့သော် ယနေ့အချိန်အထိ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော မည်သည့်ကိစ္စတွင်မဆို အစိုးရဘက်မှ သဘောထားတင်းမာနေပါက အတိုက်အခံပြု၍  မည်သည့်အဖွဲ့အစည်းကမှ စွန့်စွန့်စားစား ရှေ့နေမလိုက်ပေးပါချေ။ ၎င်းတို့၏ ရှေ့နေလိုက်ဆောင်ရွက်ပေးခြင်း Advocacy သည် မည်သို့သော Advocacy ဖြစ်သနည်း။ အန္တရာယ်ကို စိုးရိမ်ခြင်းဆိုသည်မှာ အဖွဲ့အစည်း ရေရှည်မတည်တံ့မှာကို စိုးရိမ်ခြင်းလား၊ ကျေးရွာလူထုအတွက် စိုးရိမ်ခြင်းလား။ စိုးရိမ်ရပါသည်၊ စိုးရိမ်မိပါသည်။ စိုးရိမ်စရာကောင်းနေပါဦးမည်နှင့် ဘာကို စိုးရိမ်မှန်းမသိ၊ စိုးတော့ စိုးရိမ်နေကြသည်။ မိမိ စားပေါက်ပိတ်မှာကို စိုးရိမ်နေရခြင်းအား “လူထု” အတွက်ဟူ၍ ခေါင်းစဉ်လှလှ သုံးကာ ရေအစုန်၌ ကိုယ်ဖော့မျှောနေကြခြင်း ဖြစ်လေသည်။

အဲန်ဂျီအို ဝန်ထမ်းဆိုလျှင် လစာကောင်းသည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုအဝန်းအဝိုင်းသို့ တိုးဝင်လာကြသူသာ များပြီး စေတနာအရင်းခံဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မည့်သူမှာမူ နည်းလေသည်။ ပိုပြီး ဆိုးဝါးသည်မှာ အဲန်ဂျီအို ဝန်ထမ်းဟု ဆိုလိုက်သည်နှင့် မိမိကိုယ်မိမိ အခွင့်ထူးခံ လူတန်းစားများ၊ တဖန် အထက်တန်းလွှာများဟု စိတ်ကြီးဝင်သွားကြသည်မှာ ခက်သည်။ ထို့ကြောင့်ပင်လျှင် လက်တဆုပ်စာမျှသော မျက်နှာဖြူများ၏ အုပ်ချုပ်မှုအောက်၌ လူသားချင်းစာနာကူညီမှု ခေါင်းစဉ်တပ်လျက် အဲန်ဂျီအို စီးပွားရေး တခေတ်ဆန်းနေသည်ကို သိသိလျက်ပင် မိမိ ထိုင်ခုံပြုတ်မည်စိုး၍ ကိုယ့်လူမျိုးအရေး ဖြစ်နေတာတောင်မှ မျက်နှာလွှဲ နှုတ်ဆိတ် နေနိုင်ရက်ကြသည်မှာ အသည်းနာစရာ ကောင်းလှပါသည်။

အန္တရာယ်ကို စိုးရိမ်ခြင်းဆိုသည်မှာ အဖွဲ့အစည်း ရေရှည်မတည်တံ့မှာကို စိုးရိမ်ခြင်းလား၊ ကျေးရွာ လူထုအတွက် စိုးရိမ်ခြင်းလား။
စေတနာရှေ့ထားကာ အမှန်တကယ် ဆောင်ရွက်ပေးနေသော ဝန်ထမ်းများလည်းရှိကြပါသည်။ အထူးသဖြင့် လူထုနှင့် နီးနီးကပ်ကပ် လုပ်ကိုင်နေကြသော အောက်ခြေဝန်ထမ်းလေးများမှာ အပြောမဟုတ်၊ လက်တွေ့ဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ပေးနေကြသူများဖြစ်သည်။ တိုင်းရင်းသား လူမှုရေးအဖွဲ့အစည်းများလည်း ထိုနည်းလည်းကောင်းပင်။ ၎င်းတို့သည် ရုံးချုပ်တွင် လေအေးပေးစက် တပ်ဆင်ထားသော အခန်းအတွင်း၌ ထိုင်ကာ ဒေါ်လာဖြင့် ယပ်ခတ်နေသော ဝန်ထမ်းများကဲ့သို့ မဟုတ်ဘဲ မစို့မပို့ လစာငွေလေးဖြင့် တောထဲတွင် အနေဆင်းရဲ၊ အစားဆင်းရဲခံကာ လူထုအကျိုး သယ်ပိုးနေရသူများဖြစ်ပါသည်။ ထိုဝန်ထမ်းလေးများသည် ရန်ကုန်ဟိုတယ်ကြီးများ၌ အလုပ်ရုံဆွေးနွေးပွဲများ ကြီးကြီးကျယ်ကျယ် ကျင်းပပြီး သဘောတရားရေးရာများ ဖောင်းပွအောင် ပြောနေကြသည့် နိုင်ငံတကာ အတွေ့အကြုံရင့်ကျက်သူများထက် ဖွံ့ဖြိုးရေးအကြောင်းအရာများကို လက်တွေ့ကျကျ ပိုရှင်းပြနိုင်ပါသည်။

နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့အစည်းများမှာမူ ခေါင်းစဉ်အမျိုးမျိုးဖြင့် တနေကုန် တနေခမ်း အစည်းအဝေး ကျင်းပလိုက်၊ လုပ်ငန်းဆောင်ရွက်ရေး ပူးပေါင်းမှုအဖွဲ့ (working group) အမျိုးမျိုးဖွဲ့လိုက်၊ အပြန်အလှန် ဆွေးနွေးရင်း အငြင်းပွားလိုက်၊ ဖန်တရာတေအောင် လုပ်ငန်းအစီအစဉ် (work plan) ရေးဆွဲလိုက်၊ အဖွဲ့အစည်းအတွင်း အလုပ်မဖြစ်သည့် ပေါ်လစီအမျိုးမျိုး ထုတ်လိုက်၊ ဗျူရိုကရေစီ ယန္တရားတို့၏ ထုံးစံအတိုင်း အသေးအမွှား ကိစ္စကိုပင်လျှင် အထက်အောက် အလီလီ လွန်းထိုးကာ ဆုံးဖြတ်ချက် ရယူလိုက်၊ အထိမ်းအမှတ်နေ့များ၌ ကြွေးကြော်သံမျိုးစုံ အော်လိုက်ကြဖြင့် ကိစ္စပြီး၍ နေကြလေသည်။

သို့ဆိုလျှင် တွန်းကား တွန်း၏ မရွေ့ဟု ပြောနေကြခြင်းမှာ သဘာဝကျပါ၏လော။ ကြာလျှင် ပျိုတိုင်းကြိုက်သော အဲန်ဂျီအိုလောကတွင် ကိုယ်ကျိုးရှာ ငို့ဘသမားများသာ တိုးလာဖွယ်ရှိပြီး လူထုအတွက် ပြောင်းလဲတိုးတက်ခြင်းကား အလှမ်းဝေးဆဲဖြစ်ပါသည်။


သော်တာသစ်

၈၈၈၈ ပြည်သူ့သတင်းစဉ်

8888 People Power – Vol 7 No9 - April 1 2011


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List