မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

(၂၉) မတ်လ၊ ၂၀၁၀ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်

NEJ

မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။

၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။

၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။

၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။

၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။

၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)

ဖြိုခွင်းမှုသစ်များ လုပ်လာနိုင်ကြောင်း ဦးဝင်းတင်ပြော

ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ

မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဆက်လက်ရပ်တည်လှုပ်ရှားမယ် မလှုပ် ရှားဘူးဆိုတာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ် ချဖို့အခြေ ဆိုက်စေခဲ့ပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ခေါ်တဲ့ အာဏာရဗိုလ်ချုပ်တွေ ဟာ ဒီလထဲမှာ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့သဘာဝကို သိထားပါတယ်။ သူချမှတ် တဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက်ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီ ဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်း ကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအား လုံး ပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျုရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အ သိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။

နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေးအကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီ ဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ရှောက်ပါ့မယ်၊ ရွေးကောက် ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ ကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံရမှာဖြစ် ပါ တယ်။

ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ဘူး ဆိုတာပါပဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ် ပစ်နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင် စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့လိုပါတယ်။

ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့" တာ ဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အား လုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေအာဏာ ပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတုအယောင် အ ခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက်မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက်လာမှာ မ ဟုတ်ပါဘူး။

အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေးကောက်ပွဲအ တွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင် တယောက်ပီပီ ပါတီကပဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော် အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။

တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်း စား ချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အ ကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည် အခြေအ နေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ကျနော် တို့တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်းရေးကော်မရှင်" တရပ် ကို ကုလသမဂ္ဂကနေထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလ အထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေးယား ကွင်တားနား မ ကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ်လို့လည်း ကျနော်တို့ ကြားရ ပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေ ညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့် ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။

ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ် ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။

ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ "ဥပဒေတွေ" ကို ဒူးထောက်ဖို့ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ် အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော် တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်း သားလူမျိုးစုများတန်းတူရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုး ရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာ ထင်ရှားပြီး တိုးတက်တဲ့အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရ မှာဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငြိမ်းချမ်း စွာအဖြေရှာရမှာ ဖြစ်ပါတယ်။

ဦးဝင်းတင်
၃၀ မတ် ၂၀၁၀

မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင်တည်ထောင်သူလည်းဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပါတယ်။

နေ့ သစ်မှ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မတ်လ ၂၉ ရက်နေ့ အစည်းဝေးဆုံဖြတ်ချက်နှင့် ပတ်သက်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗဟိုဦးဆောင်ကော်မတီသဘောထား ထုတ်ပြန်ချက်

29 Mar DPNS Stm on NLD Decision

ပါတီ မှတ်ပုံတင်မှာ မဟုတ်ကြောင်း NLD ကြေညာ

29 March 2010 VOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအောက်မှာ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကျင်းပတဲ့ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီရပ်တည်ရေးထက် ပါတီရဲ့ နိုင်ငံရေး ရှင်သန်ရေးကို ဦးစားပေးပြီး ဒီနေ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာပါတယ်။ အပြည့်အစုံကို မညိုညိုလွင်က တင်ပြထားပါတယ်။

၂၉-၃-၂၀၁၀ ဗဟိုဦးစီးအစည်းအဝေးသို့ မိတ္ထီလာ-မြင့်မြင့်အေး၏ တင်ပြချက်စာ တမ်း

Daw Myint Myint Aye (26!3!2010)

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည်ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

လက်ရှိ စစ်အစိုးရလက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။


မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်းတယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှားသေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော်အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြီးတဲ့နောက်၊ အဲဒီကနေပြီးတော့ စပြီးချီတက်တာကို အမှတ်အသားအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေလုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ်ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ်တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ဆိုပြီး လုပ်လာတာတွေ ရှိတယ်''

''ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေအနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''

''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေးဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံးလုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ဆိုပြီး တွင်ကျယ်လာတာပါပဲ''

''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဖက်ဆစ်တော်လှန်နေ့က အမည်နာမအနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆိုလုပ်ကိုင်လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြားတာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့အခါမှာ ဂန္ဓီစာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေးဆိုတာက ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”

“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''

''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''

''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင်ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''

''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေအတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''

''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ်အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ်ဆိုတဲ့အနေနဲ့ လုပ်ကိုင်သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထုအပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'

''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေအပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်းကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''

''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင်ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေကတော့ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘောသဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။ တပ်မတော်သားတွေအတွက် ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်းအလျောက်ပေါ့။ တပ်မတော်သားတွေအနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ်စောင့်ရှောက်တဲ့အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”

''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေးအတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာအလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့်ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစားပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင်နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''

''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ စစ်ဘက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှုနဲ့ တပ်မတော်သားတခုလုံး ညီညီညာညာ ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင်ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလိုမဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်းပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''

''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေအရရော ပိုမိုကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမိုဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စအဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြားဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''

''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင်သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''

အကျပ်အတည်း ကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ

အကျပ်အတည်း ကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် များသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေး၊ ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင်ရေး၊ မပါဝင်ရေး အတွက် မကြာမီ ရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် ဆွေးနွေးကြ တော့မည် ဖြစ်သည်။ ပါတီမှတ်ပုံတင်ပါမှ တရားဝင် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သော်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရန် ဆန္ဒမရှိကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့သည်။ NLD ခေါင်းဆောင်ပိုင်း တွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး သဘောထား ကွဲပြားလျက်ရှိသည်။ ထိုသဘောထားများကို သိရှိရန် ဧရာဝတီက NLD ခေါင်းဆောင်များ ဖြစ်သော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ဦးခင်မောင်ဆွေသည် ၁၄ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ဦးဝင်းတင်က ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်လျက်ရှိပြီး ဦးခင်မောင်ဆွေက ပါတီမှတ်ပုံတင်သင့်သည်ဟု ယူဆနေသည်။

ဦးခင်မောင်ဆွေ

မေး။ ။ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်၍ အဓိက အကြောင်းပြချက် သုံးခုကို ပြောပြပါ။

ဖြေ ။ ။ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင်တင် မကဘူး ပြည်သူလုထုကြီးကပါ လေးစားပြီး အားကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ခွဲထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ထုတ်လို့လည်း မရဘူး။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြတ်သန်းမယ် ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲ။ မှတ်ပုံတင်ရေးဟာ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးတော့ ၆လဒဏ်တွေ၊ ၇လဒဏ်တွေ ကြားထဲမှာ ပြန်ထွက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီရဲ့ အ၀န်းအ၀ိုင်းထဲမှာ ဆက်ရှိနေစေချင်တဲ့ သဘောရှိတယ်။ မလွဲမသွေ ကျနော်တို့ဟာ ပါတီတရပ် လိုတယ်။

နှစ်အချက်က တော့ အခုနေခါမှာ ပါတီနိုင်ငံရေး လမ်းကြောင်းက သွားမှသာလျှင် အခြေခံဥပဒေ ပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အစရှိတဲ့ဟာတွေကို ဥပဒေ အတွင်းကနေ ဖော်ဆောင် နိုင်မှသာလျှင် ဒါဟာ ဖြစ်နိုင်တဲ့ သဘောရှိတယ်။ မကြိုက်တဲ့ ဥပဒေတွေကို မကြိုက်ဘူး အော်နေလို့ မရဘဲနဲ့ ဥပဒေတွေကို ပြင်နိုင်တဲ့ လမ်းကြောင်းက ဥပဒေတွင်း တိုက်ပွဲကသာလျှင် ဖြစ်နိုင်တော့မယ်လို့ ယုံကြည်လို့ ဖြစ်တယ်။

သုံးအချက်ကတော့ အဲဒီလို ဖြစ်နေတဲ့ အနေအထားမှာ ပြန့်ကျဲ နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းမယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန် ပြီးတော့ ပြန့်ကျဲသွားအောင် မလုပ်နိုင်ဘူး။ တချိန်တည်းမှာပဲ လူငယ်မျိုးဆက်တွေက ဒီမိုကရေစီ နိုင်ငံရေးကို သယ်ဆောင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး အစဉ်ကို ခွစီးနိုင်အောင် ပါတီထဲက ရှိနေဖို့လိုတယ် ဆိုတဲ့ အမြင် သုံးရပ်နဲ့ ကျနော်တို့ဟာ ပါတီကို မှတ်ပုံတင်သင့်တယ် ဆိုတဲ့ သဘောထားကို လက်ခံထားတာ ဖြစ်ပါတယ်။

ပါတီဖျက်တယ် ဆိုတာက ဘယ်အခါမဆို ဖျက်လို့ရတယ်။ ရွေးကောက်ပွဲ ၀င်ခါနီးမှာလည်း ကပ်ဖျက်လို့ရတယ်။ လွှတ်တော်ထဲကို ရောက်ခါနီးမှာလည်း ဖျက်လို့ရတယ်။ ပါတီဖျက်တာက လွယ်ပါတယ်။ ပါတီထောင်ဖို့သာ ခက်တယ်။ နိုင်ငံရေး တိုက်ပွဲကို အစီအစဉ် ရှိရှိသွားချင်တယ် ဆိုရင်တော့ ပါတီရပ်တည်ရေးက လိုနေတယ်။ ပါတီ မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ရေရေရာရာ မရှိဘဲနဲ့တော့ ပါတီဖျက်ရေးကို သမိုင်း တရားခံ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘော ကျနော်ရပ်တည် တာပဲ ဖြစ်ပါတယ်။

မေး ။ ။ အကယ်၍များ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုလို့ရှိရင် NLD ပါတီဘာ ဖြစ်လာနိုင်မလဲ။ အကယ်၍များ NLD ပါတီ မယှဉ်ပြိုင်တော့ဘူး ဆိုရင် NLD ပါတီ ဘာဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ၀င်ပြိုင်မယ် ဆိုရင်တော့ ဒီအတိုက်ခံ အင်အားစုတွေဟာ ထင်ထင်ရှားရှား ပေါ်လာမှာပဲ။ နိုင်ငံရေးမှာ အတိုက် အခံ မရှိဘဲနဲ့ လုပ်မယ် ဆိုလို့ရှိရင် တပါတီ ကြီးစိုးပြီးတော့ ပါလီမန်ထဲမှာ အများစု အနိုင်ကျင့်တာကို ခံရမှာ။ အတိုက်ခံ မရှိတဲ့ နိုင်ငံရေးဟာ မှားနိုင်စရာတွေ အများကြီးတယ်။ အဲဒီတော့ ပြည်သူအတွက်၊ နိုင်ငံအတွက် စဉ်းစားမယ်ဆိုရင် အတိုက်ခံ နိုင်ငံရေး အုပ်စုက လွှတ်တော်ထဲမှာ ရှိမှသာလျှင် လုပ်သွားနိုင်တဲ့ အခွင့် အရေးရမှာ မို့လို့ NLD ပါတီဟာ ပါတီရပ်တည်ရေး အပြီးမှာ ရွေးကောက်ပွဲဝင် မယ်ဆိုရင် အများက ဆုံးဖြတ်မယ်ဆိုရင် ၀င်ဖို့၊ အများက မဆုံးဖြတ်ဘူးဆိုရင် မ၀င်ဖို့ဘဲပေါ့။

မ၀င်လို့ရှိ ရင်ဘာဖြစ်မလဲ ဆိုတော့ မ၀င်လို့ရှိရင် ၈၈ အရေးတော်ပုံကြီးနဲ့ အတူမွေးဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ဒီမိုကရေစီ နိုင်ငံရေး ပေါ်မှာ သစ္စာရှိတဲ့ ပါတီမျိုးဟာ နောက်တခါ ပြန်ရဖို့ မလွယ်တော့ပါဘူး။ ပြန့်ကျဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်ရရှိနိုင်ဖို့ သိပ် မလွယ်တော့ဘူး။ နောက်ပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုပြီးတော့ မဲပေးတဲ့ အခါမှာလည်းပဲ စဉ်းစား ချင့်ချိန်နိုင်တဲ့ အင်အား တနေရာတည်းမှာ ရောက်နိုင်မှာ မဟုတ်ဘူး။ အခုနေခါမှာတော့ NLD ဟာ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ မေးလို့သာ ဖြေတာ ဖြစ်ပါတယ်။

မေး ။ ။ အကယ်၍ NLDပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုရင် ၁၉၉၀ တုန်းကလိုပဲ အပြတ်အသတ် နိုင်ပါဦးမလား။

ဖြေ ။ ။ အပြတ်အသတ်ကတော့ ရချင်မှ ရမယ်။ ဒါပေမယ့် ဒီအားပြိုင် နိုင်ငံရေးကို လွှတ်တော်ထဲမှာ တရားဝင် လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ရနိုင်ခြေ ရှိနေသေးတယ်လို့ပဲ ပြောရပါမယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်မယ့် မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ဘယ်လို မြင်ထားတာ ရှိလဲ။

ဖြေ ။ ။ စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်တာကတော့ ဆက်ရှိနေမှာပဲ။ ရှိနေပေမယ့်လည်း ရှိနေတဲ့ အရပ်သားအစိုးရ ထဲမှာ ဌာနတွေ ခွဲကိုင်မယ့် ပုဂ္ဂိုလ်တွေဟာ ဟိုတုန်းကလို တယောက်တည်း ကနေပြီးတော့ ချုပ်ကိုင်တဲ့ အာဏာအောက်မှာ ရှိမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရေး၊ စီးပွား ကုန်သွယ်ရေး အစရှိတဲ့ ဟာတွေမှာ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေလက်ထဲကို အကုန်လုံး ထိုးသိပ်ရနိုင်တဲ့ အခွင့် အရေးတွေ ရမှာမဟုတ်တော့ဘူး။ နောက်ပြီး အခုလက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အပါအ၀င်၊ ပါတီ ဥပဒေ အပါအ၀င်၊ ၅(ည)တို့ (၁၀) က၊ ခ အပါအ၀င် ပြည်သူတွေ အဖို့ မသင့်လျော်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ခွင့်ဟာ အများစုမှာ ရှိနေပါတယ်။

အဲဒီတော့ အများစု ဆန္ဒနဲ့ ဆုံးဖြတ်နိုင် ခွင့်ရှိတဲ့ ကိစ္စကို လွှတ်တော်ထဲမှာ အများစု ဆုံးဖြတ်သွားနိုင်မယ် ဆိုရင် တဖြည်းဖြည်းနဲ့ တဆင့်ပြီး တဆင့် ဥပဒေတွေကို ပြင်နိုင်ခွင့်တွေ ရမှာ ဖြစ်တယ်။ အခြေခံ ဥပဒေ ပြင်ရင်တော့ ၇၅ရာခိုင်နှုန်း plus နဲ့ သွားရမှာပေါ့လေ။ ဒါကတော့ အဆင့်ဆင့် အများကြီး ကျန်တာပေါ့လေ။ ဒီထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ ခံစားနေရတဲ့ လူမှု ဒုက္ခတွေ၊ လူ့အခွင့်အရေး မညီမျှမှုတွေကို လွှတ်တော်ကနေပြီး အတိုင်းအတာ တခု အထိ ဖြည်းဖြည်းချင်း ဆောင်ရွက်သွား နိုင်ခွင့်တွေ ရလာလိမ့်မယ်။ ဒါကို လက်တွေ့ကျမှပဲ တိတိကျကျ သိရမှာပေါ့။

နောက်ပြီးတော့ နိုင်ငံတကာဟာ ဒီမှာ အပြောင်း အလဲတခုကို သူတို့ ကိုယ်တိုင် ၀င်ပြီးတော့ မလုပ်နိုင်ဘူး ဆိုတာ သူတို့ သိနေတယ်။ ဆိုတဲ့ အခါကျတော့ ချက်ချင်း ဒီမိုကရေစီ ရမယ့် အခွင့် အရေးဟာ မရှိတော့ဘူး။ မရှိတော့တဲ့ အခြေအနေမှာ ချက်ချင်း ၀ုန်ဒိုင်း ဒီမိုကရေစီ ရနိုင်ပါတယ်လို့ ထင်မှားနေမယ် ဆိုလို့ရှိရင် သွားမယ့် နိုင်ငံရေး လမ်းကြောင်းဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူလုထုမှာ သွေးထက် သံယို မရှိဘဲနဲ့ အကျအရှုံး အနည်းဆုံးနဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ရွေးခြင်းကသာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။

ဦးဝင်းတင်

မေး ။ ။ အကယ်၍ NLD မပါလို့ရှိရင်၊ ရွေးကောက်ပွဲ ၀င်မပြိုင်ဘူး ဆိုလို့ရှိရင် NLD ပါတီ ဘာဖြစ်မလဲ။ နောက်ပြီးတော့ အဆိုးရွားဆုံး ဘာအခြေအနေတွေကို NLD ကြုံရမလဲ။

ဖြေ ။ ။ ကျနော်တို့ ပါတီ မ၀င်ဘူးဆိုရင် သူတို့လုပ်နိုင်တာက ၂မျိုးရှိတယ်။ တမျိုးက ကျနော်တို့ကို မှတ်ပုံမတင် တဲ့ပါတီ၊ ပျက်ပြယ်သွားတဲ့ ပါတီပေါ့။ တည်ဆဲ အစိုးရမှာ မှတ်ပုံတင်ထားတဲ့ တည်ဆဲ ပါတီက ကျနော်တို့ကို အစိုးရ အသိမှတ်မပြုတဲ့ ဖျက်သိမ်းထားတဲ့ ပါတီအနေနဲ့ ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့ကို မတရားသင်း ကြေညာနိုင်တယ်။ အဲဒီတော့ NLD ပါတီက အပြင်ရောက်ရင် ဘာမှ မထူးဘူး ဒီအတိုင်းပဲ။ ကျနော်တို့က ပါတီ မရှိတော့ဘူး။ ပါတီတံဆိပ်မရှိတော့ဘူး။ ပါတီနာမည် မရှိတော့ဘူး။ ပါတီ အလံမရှိတော့ဘူး စသည်ဖြင့်ပေါ့။ သို့သော် အဲဒီလို လုပ်တဲ့အခါမှာ ဘာဖြစ်လဲဆိုရင် ကျနော်တို့ အကျိုး ဘက်ကြည့်မယ်ဆိုရင် ကျနော်တို့ သိက္ခာက အများကြီးတက်သွား လိမ့်မယ်။ စစ်အစိုးရ ခိုင်းတိုင်း ကျနော်တို့ လုပ်နေတာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို ကျနော်တို့ ရင်ဆိုင်တယ်။ မတရားတဲ့ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကို ကျနော်တို့ လက်မခံဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရှိမယ်။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်မယ်။

နောက်တခုက ပြည်သူ့အင်အားစုတွေနဲ့ ကျနော်တို့ အများကြီး တွဲလုပ်နိုင်မယ်။ နိုင်ငံရေးပါတီ ဆိုတာက ပါတီ တရပ်မှာ နိုင်ငံရေး မရှိလည်း ကိစ္စမရှိပါဘူး။ ပါတီတရပ်ဟာ နိုင်ငံရေး မရှိဘူးဆိုရင် ခေါင်းပြတ်ဖြစ်သွားမယ်။ သို့သော် နိုင်ငံရေးလုပ်မယ် ဆိုရင် ပါတီမရှိလည်း အရေး မကြီးဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရပ်တည်နေတာကိုး။ ဆိုတော့ ပြည်သူရဲ့ အရေးအရာ ကိစ္စတွေကို ကျနော်တို့ လုပ်သွားနိုင်မယ်။ ဒီလိုလုပ်တာ ဦးနုလည်း လုပ်ခဲ့ဖူးပြီ။ ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့လည်း လုပ်ခဲ့ဖူးပြီ။ အခုလောလောဆယ်လည်း တိုင်းရင်းသားတွေ လုပ်နေတယ်။ မတရားအသင်းလာ မကြေညာနဲ့။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်သေးတယ်။ ဒါက ကျနော်တို့ ဘက်က အကျိုးပေါ့။

မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲလိုပဲ NLD ၀င်ပြိုင်ရင် နိုင်ပါ့ဦးမလား။ နောက်ပြီတော့ အပြတ်အသတ်ကော ရနိုင်ဦးပါ့မလား။

ဖြေ ။ ။ ဘယ်ရမလဲ။ ဒါကတော့ ရှင်းပါတယ်။ အခုဟာက ကျနော်ပြောနေတာ ရွေးကောက်ပွဲကိစ္စကို သူတို့ မျှော်လင့်နေကြတယ်။ ကျနော်တို့က ရွေးကောက်ပွဲနိုင်ပြီးရင် လွှတ်တော်ထဲ ရောက်သွားရင် ၂၀၀၈ခုနှစ် အခြေခံဥပဒေ ဘောင်ထဲမှာ လုပ်နေရမယ် ဖြစ်တဲ့အတွက် အစိုးရ မဖွဲ့နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံဥပဒေ အသစ်က ဘယ်သူမှ အစိုးရမဖွဲ့နိုင်ဘူး။ လွှတ်တော် ထဲမှာပဲ ရှိရမှာပဲ။ အကယ်လို့များ NLDက တယောက် နှစ်ယောက် ၀န်ကြီးခေါ်ခန့်ရင် တောင်မှ NLD ကထွက်ရမှာပဲ။ အဲဒီလူတွေ NLDက ထွက်ရမှာ။ ဒါဟာ အခြေခံ ဥပဒေ အရပဲ။

မေး ။ ။ ရွေးကောက်ပွဲ အပြီး ဖြစ်လာနိုင်မယ့် နိုင်ငံရေး အခြေအနေကို အဘ ဘယ်လိုမျိုး မြင်ထားသလဲ။

ဖြေ ။ ။ ဖြစ်နိုင်တာ နှစ်ခုပဲရှိတယ်။ စစ်တပ်ဘက်က ကြည့်ရင် သူတို့ လူတွေ နိုင်လာမယ်။ သူတို့ လက်သင့်ရာ ခေါ်နိုင်တဲ့ ပါတီတွေ နိုင်လာမယ်။ သူတို့ကို ကြောက်လန့်နေတဲ့ တိုင်းရင်းသား ပါတီလေးတွေက ပြည်နယ်တွေမှာ နိုင်လာမယ်။ နောက်ပြီး သူတို့ကိုယ်တိုင် ကြံ့ခိုင်ရေးလို ဟာတွေမျိုး အဖွဲ့ကို ပါတီကြီးလည်း ဖွဲ့မယ်။ ပါတီလေးတွေလည်း ဖွဲ့လို့ဦးမယ်။ ပါတီလေးတွေ ဆိုတာ ပြည်နယ်အလိုက် တိုင်းအလိုက် အမတ်နေရာတွေ ရအောင် လုပ်ဦးမယ် ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ အနေအထားက ၁၉၉၀ ကနဲ့ မတူဘဲနဲ့ သူတို့ရဲ့ လူတွေ သူတို့ရဲ့ သားမြေးတွေ သူတို့ကိုယ်တိုင်က တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ တော်လှန်ရေး ကောင်စီဝင်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ ဖြစ်ပြီးတော့ သူတို့ ကိုယ်တိုင် ၀င်ပါမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အလားအလာဟာ အများကြီး မြင့်လာမယ်။ ဆိုတော့ လွှတ်တော်ထဲမှာ နေရာ ရရှိမှုကလည်း များလာမယ်။

ကျနော်တို့ ပြည်သူတွေဘက် ကြည့်တဲ့ အခါမှာကျတော့ NLD ရှိမယ်၊ နောက်တခါ ဒီမိုကရေစီကို လိုလားတယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ ကိုသုဝေတို့လို့ ပါတီတွေရှိမယ်။ ဒီလူတွေက နည်းနည်းပဲရမယ်။ သိပ်မရနိုင်ဘူး။ မရနိုင်ဘူးဆိုတာက ငွေရေး ကြေးရေး အားဖြင့် မတတ်နိုင်ဘူး။ နယ်မြေအတွင်း လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ဆိုတာ မတတ်နိုင်ဘူး။

အဲဒီတော့ ကြားလူတွေက ဘယ်လို ထွက်လာမလဲ ဆိုရင် ခုနက စစ်ဗိုလ်ကြီးတွေ အသိုင်းအ၀ိုင်းက ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ ဗိုလ်မှူးတွေ ဆိုတာက တခု။ ဒီတလွှာ အပြင်ကို နောက် တလွှာ ဆိုလို့ရှိရင် အစိုးရ အဖွဲ့တို့ ဘာတို့က တလွှာ။ နောက်တလွှာက သူတို့တွေ အားပေးနေတဲ့ ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ ဆိုတဲ့ ဟာတွေက တပြည်လုံး အတိုင်းအတာနဲ့လည်း ရှိမယ်၊ တိုင်းတို့ ပြည်နယ်တို့ အလိုက်လည်း ရှိမယ်။ ပါတီသေးလေးတွေ ရှိမယ်၊ ပါတီကြီးတွေလည်း ရှိမယ်။ တိုင်းရင်းသား ပါတီတို့၊ နောက်တခါ ဦးတေဇတို့လို စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငွေကြေးတတ်နိုင်တဲ့ လူတွေ၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လူတွေကလည်း အများကြီးရှိတဲ့ အခါကျတော့ အလွှာက ဘယ်လိုထွက်လာမလဲ ဆိုရင် စစ်တပ်ကို သက်သက် ဦးဆောင်မယ့် ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ လုပ်မယ့်လူတွေက တလွှာဖြစ်မယ်။ နောက်တလွှာက သူတို့နဲ့ အလွန်ကို ရင်းနှီးတဲ့ ဦးတေဇတို့လို စီးပွားရေး အလွန်တောင့်တင်းတဲ့ အင်းအားစုတွေက တလွှာဖြစ်မယ်။ နောက်တခါ ဒီမိုကရေစီ ဘက်မှာ ရပ်တည်တယ် ဆိုတဲ့ ကိုသုဝေတို့ ဆိုတဲ့ဟာတွေက တလွှာရှိမယ်။ ဒါ့အပြင် တသီးပုဂ္ဂလတွေရှိမယ်။

ပြီးတော့ ဘာဖြစ်လာမလဲ ဆိုရင် လွှတ်တော်က တပိုင်းပေါ်မယ်၊ နှစ်ခုပေါင်းတဲ့ ပြည်သူ့ လွှတ်တော်က တပိုင်း ပေါ်မယ်၊ လူမျိုးစု လွှတ်တော်တွေက တပိုင်းပေါ်မယ်၊ ပြည်ထောင်စု လွှတ်တော်က ရှိမယ် စသည်ဖြင့်ပေါ့။ စစ်အစိုးရရဲ့ အခြေခံဥပဒေ အရ ဆိုရင် စစ်တပ်က ရွေးတဲ့ ဒုသမ္မတ တယောက်၊ လူမျိုးစု လွှတ်တော်တွေက ရွေးတဲ့ ဒုသမ္မတ တယောက်၊ ပြည်သူ့ လွှတ်တော်က ရွေးတဲ့ ဒုသမ္မတ တယောက်။ ဒီရွေးတဲ့ ဒုသမ္မတသုံးယောက် ကနေ တယောက်က သမ္မတလုပ်၊ နှစ်ယောက် ဒုသမ္မတလုပ်။ အစိုးရဖွဲ့မယ် ဆိုတဲ့ အခါကျတော့ ဒီအစိုးရထဲမှာ ဘယ်လိုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့၊ NLD တို့ ဘယ်သူမှ ပါမှာ မဟုတ်ဘူး။ သူတို့ကနေပြီးတော့ မျက်စိကျလို့ ခေါ်ခန့်မယ် ဆိုရင်လည်း အဲဒီလူတွေက ပါတီကနေ ထွက်ရမယ်။

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ဖို့ NLD လူငယ်တွေအကြံပြု




26 March 2010 VOA

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုအနေနဲ့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံ ကန့်ကွက်လိုက်ကြပြီး ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ဒီကနေ့ ကျင်းပခဲ့တဲ့ တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲမှာ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် စည်းဝေးပွဲကို တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အထဲက ၁၁ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။ ရန်ကုန်က အဖွဲ့ချုပ်ဌာနချုပ်မှာကျင်းပခဲ့တဲ့ အဲဒီစည်းဝေးပွဲကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးတက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။

"အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အခါမှာ ကျနော်က နည်းနည်းပါးပါး သွားပြီးတော့ လူငယ်တွေကို ကြီးကြပ်ပေးရတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားပေါ့လေ။ အဲဒီမှာက ကလေးတွေက အားလုံး လူ ၈၀ နဲ့ ၁၀၀ နီးပါးလောက် ရှိမှာပေါ့လေ။ တိုင်းနဲ့ပြည်နယ် ၁၁ ခုက လာကြတာပါ။ ၁၁ ခုက ကိုယ်စားလှယ်တွေပေါ့လေ။ သူတို့က ဒီကိုမလာခင်မှာ မြို့နယ်အသီးသီးက ဒီမိုကရေစီမူအရ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့ သက်ဆိုင်ရာတိုင်းမှာ သူတို့ ဆုံလိုက်တယ်ပေါ့ဗျာ။ တိုင်းမှာဆုံလိုက်ပြီးတော့ အဲဒီတိုင်းကနေပြီးတော့ သဘောထားတွေဘာတွေပေါ့။ တိုင်းမှာဆုံပြီးတော့ သူတို့ စည်းရုံးရေး အခြေအနေတို့ဘာတွေ စသဖြင့် ဆွေးနွေးပြီးတဲ့နောက် သူတို့ဆီက ဘယ်လိုဘယ်လို တင်ပြမယ်ဆိုတဲ့ အချက်ကလေးတွေ ယူပြီးတော့ သူတို့ကိုယ်စားလှယ်အဖွဲ့တွေ လာကြတာပေါ့ဗျာ။"

ဒီကနေ့ကျင်းပတဲ့ တိုင်းနဲ့ပြည်နယ် စည်းဝေးပွဲအတွင်း လူငယ်အဖွဲ့ဝင်တွေချမှတ်ခဲ့ကြတဲ့ ဆုံးဖြတ်ချက် ၆ ချက်ကိုတော့ ရန်ကုန်တိုင်းကို ကိုယ်စားပြုတက်ရောက်ခဲ့တဲ့ လူငယ်အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ကျမတို့ ဒီကနေ့ တိုင်းနဲ့ပြည်နယ်မှာ အစည်းအဝေးဆုံးဖြတ်ချက် ၆ ချက် ချတယ်ရှင့်။ ပထမတချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်ထုအနေနဲ့ နအဖ ကထုတ်ပြန်တဲ့ ကော်မရှင်ဥပဒေကို လက်မခံသဖြင့် မှတ်ပုံမတင်ကြောင်း၊ နံပါတ် (၂) အချက်ကတော့ ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ရပ်တည်သွားမယ် ဆိုတဲ့အကြောင်းရယ်၊ နံပါတ် (၃) အချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်မူအတိုင်းကိုသွားရန် ဆုံးဖြတ်တယ်။ နံပါတ် (၄) အချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁/၀၃၁၀) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစည်းအဝေးတရပ် ပြုလုပ်ပြီးတော့ ရရှိလာတဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်။ နံပါတ် (၅) အချက်ကတော့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့မှာ လူငယ်ကိုယ်စားပြု ၅ ဦးကို တာဝန်ပေးအပ်ရန် တောင်းဆိုတယ်။ နံပါတ် (၆) အချက်ကတော့ လူငယ်ရေးရာတာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ရဲ့အစား ဒုဥက္ကဌ အဘ ဦးတင်ဦးကို လူငယ်ထုကို ကြီးကြပ်ပေးရန် လူငယ်ထုကနေ တောင်းဆိုတယ်။ အဲဒီအချက် ၆ ချက်ပါပဲရှင့်။"

အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦး ပြောပြသွားတာပါ။

လူငယ်အဖွဲ့ဝင်တွေချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို သဘာပတိတယောက်အနေနဲ့ တက်ရောက်နားထောင်ခဲ့ပြီး လာမယ့် မတ်လ ၂၉ ရက်၊ တနင်္လာနေ့မှာကျင်းပမယ့် ပါတီဗဟိုဦးစီးစည်းဝေးပွဲမှာ လူငယ်ကိုယ်စားလှယ်တွေ တက်ရောက် တင်ပြဖို့ သဘောတူခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ အဲဒီ ၂၉ ရက်နေ့ ကျင်းပမယ့် ဗဟိုဦးစီး စည်းဝေးပွဲကို နဂိုက လူငယ် ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ဖို့ သဘောတူထားပေမဲ့ အမျိုးသမီးကိုယ်စားလှယ်တွေပါ တက်ရောက်ခွင့်ရနိုင်အောင် နောက်ထပ် ၂ ဦး ထပ်တိုးပြီး စုစုပေါင်း ၅ ဦးတက်ရောက်ခွင့်ပြုဖို့ သဘောတူခဲ့ကြပါတယ်။

မတ်လ ၂၉ ရက်နေ့ကျင်းပမယ့် ဗဟိုဦးစီး စည်းဝေးပွဲမှာ ပါတီ မှတ်ပုံတင်ရေး မတင်ရေးကိစ္စကို ပြေလည်အောင် အဓိကထား ဦးစားပေးပြီး ဆွေးနွေးသွားမယ့်အကြောင်း ဦးတင်ဦးက ပြောပါတယ်။

"မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတဲ့ကိစ္စပါပဲ။ ကျန်တာတွေကတော့ အရေးတကြီးကတော့ သိပ်ပြီးမရှိလှပါဘူး။ အဲဒီမှာ တကယ်လို့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာလည်း ကျနော်လည်းပဲ မပြောနိုင်သေးဘူးပေါ့ဗျာ။ အဲဒီတော့ အဲဒီနေ့ကျမှာပဲ ထိုင်ပြီးတော့ လုပ်ပုံလုပ်နည်းလေးတွေကို ထပ်ပြီးတော့ ညှိရဦးမှာပေါ့။ အချိန်လည်း သိပ်မကြာရအောင်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လျှောက်ပြီးတော့ အကုန်လုံးပြောနေလည်း ဒီကိစ္စတွေက pros and cons တွေက ရှိကြတာပေါ့။ ဆိုတော့ ပြောကြရမယ်ဆိုတာကိုတော့ ဒီမှာ အလုပ်အမှုဆောင်အဖွဲ့တွေမှာလည်း တော်တော်များများလည်း ပြောပြီးပြီ။ သူတို့လည်းပဲ အပြင်လောကမှာ ပြည်သူလူထုတွေရဲ့ အသံဗလံတွေလည်း သူတို့ ကြားတန်တာကြားကြပြီ။ ပြီးတော့ အပြင် မီဒီယာတွေကနေပြီးတော့ အပြင်မှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောသဘာဝကိုလည်းပဲ ပြောတာတွေလည်း ကျနော်တို့ ကြားတန်သလောက်ကြားနေပြီ ဖြစ်တယ်လေ။ အဲဒီ ၂၉ ရက်နေ့ကျမှာပဲ ဘယ်လိုဘယ်ပုံဘယ်နည်း လုပ်မလဲ ဆိုတာကို ကျနော်တို့ ပုံပေါ်လာမှာပဲလေ။ အဲဒီတော့ ၂၉ ရက်နေ့၊ ၃၀ ရက်နေ့လောက်ကတော့ဖြင့် ၂၉ ရက်နေ့မှာလည်း အဖြေသိချင်ရင် သိမယ်ပေါ့ဗျာ။ ဒါမှမဟုတ် ဆက်ပြီးတော့ နည်းနည်းရှိရင်လည်းပဲ ၃၀ ရက်နေ့လောက်ကတော့ သိနိုင်ဖွယ်ရာ ရှိတယ်ပေါ့။ ဒီအချိန်လောက်မှာတော့ တခုခုတော့ ကျနော်တို့က အဖြေတော့ ပေါ်အောင်လုပ်ရမယ့်သဘော ရှိတယ်လေ။ သို့သော်လည်း အဲဒါနဲ့ပတ်သက်ပြီးတော့ ဆက်ပြီးတော့ ဆွေးနွေးတာတို့ဘာတို့ ပေါ်လာရင်တော့လည်း မပြောတတ်ဘူးပေါ့ဗျာ။"

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာပါ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်းမရှိတာကြောင့် ပါတီမှတ်ပုံတင်မယ့်ကိစ္စကို သဘောမတူဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ရှေ့နေကဆင့် သူ့ရဲ့သဘောထားကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ ပြောခဲ့ပြီးဖြစ်ပါတယ်။

မန္တလေးတိုင်း အထင်ကရသျှမ်းများအား နအဖ၀န်ကြီးများမဲဆွယ်စည်းရုံး

မန္တလေးတိုင်း အထင်ကရသျှမ်းများအား နအဖ၀န်ကြီးများမဲဆွယ်စည်းရုံး

E-mail Print

မန္တလေးတိုင်းရှိ အထင်ကရသျှမ်းလူမျိုး ရပ်မိရပ်ဖများအား လာမည့်ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးခံကြဖို့ နအဖ ၀န်ကြီးများ သွားရောက်မဲဆွယ်စည်းရုံးခဲ့သည်ဟု စုံစမ်း သိရှိရသည်။


“စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းက မနှစ်က ဒီဇင်ဘာတုန်းက တကြိမ်၊ ပြီးခဲ့တဲ့ ဂျန္န၀ါရီတုန်းက တကြိမ်သျှမ်းအဖွဲ့ တွေကိုခေါ်တွေ့တယ်။ ကျန်းမာရေးဝန်ကြီး ဦးကျော်မြင့်လဲ ပြီးခဲ့တဲ့ ၂၁ ရက်နေ့တုန်းက လာတွေ့ သွားတာ”
- ဟု မန္တလေးရောက် သျှမ်းအမျိုးသားတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း ဓါတ်ပုံ myanmarisp.com

၂၀၀၉ နှစ်နှောင်းပိုင်းက စ၍ ယခုအထိ နအဖ ၀န်ကြီး တဦးပြီးတဦး မန္တလေးသို့ စည်းရုံးရေးဆင်းကြစဉ် အခြေခံဥပဒေ အရ ပြည်နယ်နှင့်တိုင်း တခု ခု၌ တိုင်းရင်းသားလူမျိုးတမျိုးတွင် လူဦးရေ ၅၀,၀၀၀ နှင့်အထက် နေထိုင်ပါက ပြည်နယ် (သို့) တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ယောက် ရွေးပိုင်ခွင့်ရှိ ကြောင်းပြောသွားသည်ဟုဆို၏။ အဆိုပါ ကိုယ်စားလှယ်သည် ပြည်နယ် (သို့) တိုင်းဒေသကြီး အစိုးရအဖွဲ့ တွင်လည်း ၀န်ကြီးတယောက်အဖြစ် အလိုလိုပါခွင့်ရှိသည်ဟုလည်းပြော၏။

“ကျနော်တို့ မန္တလေး၊ မေမြို့(ပြင်ဦးလွင်)၊ မိုးကုတ်မြို့နယ်တွေမှာ သျှမ်းလူဦးရေက ၈၀,၀၀၀ ကနေ တသိန်းကြား မှာရှိတယ်တဲ့၊ အဲဒါကြောင့် မန္တလေးတိုင်းထဲက သျှမ်းတွေလေးစားလောက်တဲ့ လူသိများပုဂ္ဂိုလ် တယောက် ၀င်ရွေးခံပါလို့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းကပြောတယ်”
- ဟု ဆင့်ခေါ်တွေ့ဆုံစည်းရုံးစဉ် အသေး စိတ်ကြားသိသူတဦးက ပြောပါသည်။

မန္တလေးတိုင်းအတွင်း အထင်ကရ နှင့် သျှမ်းရပ်မိရပ်ဖ ၃ ဦးတွေ့ရှိထားသည်ဟုဆို၏။ (၁) လက်ရှိသျှမ်းသာရေး နာရေး ဒုဥက္ကဌ (ဗီ ၁ ဟိုတယ် နှင့် ဂဠုန်နဂါး သင်္ကန်းတိုက်ပိုင်ရှင်) စိုင်းနွမ် ၊ (၂) ရွှေပျားမင်း ဘော်ဒါပိုင်ရှင်(နမ့်ခမ်းကောင်စီ ခေတ် လူကြီးဟောင်း) စိုင်းကျော်အေးဝင်း ၊ (၃) ကျမ်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် နှင့် ပုဂ္ဂိုလ်ရေးအရရင်းနှီးသည့် နိုင်ငံကျော်တေးရေးဆရာ (၀န်ကြီးကိုယ်တိုင် တောင်းဆို ထားသည်ဆိုသည့် သတင်း ထွက်ရှိ) ဒေါက်တာစိုင်းခမ်းလိတ် တို့ဖြစ်ကြသည်။

“သူတို့ကို ပါတီဖွဲ့ခိုင်းတာလား၊ ဒါမှမဟုတ် နအဖရဲ့ပါတီထဲကနေပြီး ရွေးခိုင်းမှာလား၊ အဲဒါအသေအချာမသိ ဘူး၊ ပါတီအသစ်တော့ မဖွဲ့ခိုင်းလောက်ဘူး၊ ဘာလို့လဲဆိုတော့ ဦးအောင်သောင်းကိုယ်တိုင်က ‘ကျနော်တို့ကို ၀န်းရံပေးကြပါလို့’ အဲဒီခရီးစဉ်မှာပြောတယ်ဆိုတော့၊ နိုင်ငံရေးပါတီဖြစ်လာမယ့် ကြံ့ဖွတ်အသင်း ကနေဘဲ ပါဝင်ခိုင်းထင်တယ်”
- ရွေးကောက်ပွဲအခြေအနေ လေ့လာသူမန္တလေးသားတဦးကပြောပါသည်။

စစ်မှု (၁) ၀န်ကြီး ဦအောင်သောင်းသည် မန္တလေးလူထုအား တွေ့ဆုံသကဲ့သို့ ပြင်ဦးလွင်၊ မိုးကုတ်မြို့ရှိ ဒေသခံ သျှမ်းများနှင့်လည်းတွေ့ဆုံခဲ့သေးကြောင်း၊ မိုးကုတ်သျှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ (သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့ ဇာတိ) စိုင်းနော်ကို လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ရန် ရာထားသည်ဟု သတင်းထွက် နေသော်လည်း ကာယကံရှင်များဘက်မှ လက္ခံ/ငြင်းဆန်/ဖြေဆို/ဆုံးဖြတ်ခြင်း ရှိမရှိကိုမူ တစုံတရာ မကြား သိရသေးပေ။


ရွှေဂုံတိုင်နှင့် ရပ်တည်ရန် တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်


25 March 2010 VOA

မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်း ဖြစ်လာမယ့် မတည်ငြိမ်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့်ကိစ္စ ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်က ပြောလိုက်ပါတယ်။ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲတခု အပြီးမှာ ဗြိတိန်သံအမတ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအားလုံးက ဒီသဘောထားအတိုင်း ရှိနေကြတာတော့ မဟုတ်ပါဘူး။ အဲဒီ မတူကွဲပြားနေတဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မတ်လ ၂၄ ရက်နေ့က လုပ်ခဲ့တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambia) က မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာပါ။

ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ကိစ္စကို ဗြိတိန်ဝန်ကြီးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ စာရေးသား တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးဖြစ်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိန်နိုင်ငံရဲ့ သဘောထားကတော့ ရှင်းလင်း ပြတ်သားတယ်လို့ ဆိုရပါလိမ့်မယ်။

“အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြောင့် ဖြစ်လာမယ့် မတည်မငြိမ်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအစဉ်တွေထဲမှာ ထည့်သွင်း ဆွေးနွေးရေးဆိုတဲ့ ကိစ္စဟာ လုံးဝကို မှန်ကန်တဲ့ကိစ္စ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် ဆာ မာ့ခ် ဂရန့်တ် (Sir Mark Grant) ပြောသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာပိုင်ကိစ္စ သက်သက်ပဲဖြစ်ပြီး ဒါကို လေးစားသင့်ကြောင်းနဲ့ မြန်မာနိုင်ငံ ကိစ္စဟာလည်း ဒီအချက်နဲ့ အကျုံးဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ပြောတဲ့အပေါ် ဗြိတိန်သံအမတ်က အခုလို တုံ့ပြန် ပြောကြားသွားတာပါ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ဝေဖန်ပြောဆိုဖို့၊ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ဖို့တွေမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ မရှိဘူးလို့ တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကတော့ မိမိတို့အနေနဲ့ ဒါကို သဘောမတူကြောင်း၊ မြန်မာ့အရေးဟာ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် အစီအစဉ်တွေထဲမှာ ရှိနေကြောင်း၊ ဆွေးနွေးတာလည်း ရှိခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းထုတ်ပြန်ချက်တွေ ရှိခဲ့ဖူးကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်တာကြောင့် ဒီလိုနိုင်ငံမျိုးမှာ ရွေးကောက်ပွဲတွေ ကျင်းပရတဲ့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူးလို့လည်း တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အထောက်အကူ ပြုစေမယ့် အပြုသဘောဆောင်ပြီး ခိုင်မာ အားကောင်းတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး ဖန်တည်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂတို့က ကူညီ လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လီ ဘောင်ဒေါင်း (Li Baodong) ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ အဆင့်ထိ ရောက်နေဖွယ်ရှိပြီး နိုင်ငံတကာ ရာဇ၀တ်တရားခုံရုံး (ICC) မှာ တင်ပြီး စစ်ဆေးဖို့ အထောက်အထား အခိုင်အလုံ ရှိတယ်လို့ သူယုံကြည်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အစီရင်ခံ တင်ပြထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံတခု မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တဆင့်သာ ဒီကိစ္စကို လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလိုကိစ္စမျိုး ဖြစ်လာဖို့ လုံခြုံရေးကောင်စီထဲမှာ လုံလောက်တဲ့ သဘောတူညီချက် ရှိတယ်လို့ သူ မထင်ကြောင်း ဗြိတိန်သံအမတ်က ပြောပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီကိစ္စမျိုးကို ထောက်ခံမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မာ့ခ် ဂရန့်တ်က ပြောသွားပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ယာယီ အကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားက လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတာကို ပယ်ချလိုက်တဲ့ကိစ္စ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကိစ္စ၊ မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲဥပဒေ ၅ ခုကိစ္စတို့ ဖြစ်တယ်လို့ ဗြိတိန်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ပြီးကတည်းက ဆိုရင် အခုတကြိမ်ဟာ ပထမဆုံး ပြန်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့ကျရင်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး ကျင်းပဖို့ အတွင်းရေးမှူးချုပ်က အကြောင်းကြား ခေါ်ယူထားပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအများအပြားက မြန်မာ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကို ဖော်ပြ ပြောဆိုခဲ့ကြတယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။ ဒါပေမဲ့လည်း ကောင်စီထဲမှာကိုက မြန်မာ့အရေးအပေါ် သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ပြဿနာတွေ ပြေလည်သွားအောင် လုံခြုံရေးကောင်စီက တကယ်တမ်း ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်နိုင်မှာလား ဆိုတာကတော့ ခုချိန်ထိ အဖြေမထွက်သေးတဲ့ မေးခွန်းတခုအဖြစ်ပဲ ဆက်ရှိနေပါသေးတယ်။

အက်တလတ်စ် သို့မဟုတ် မိုးကောင်ကင်ကို အောင်နိုင်သူ

စာအုပ်များကို လှန်လှောရင်းက ဒိုင်ယာယီစာအုပ်တအုပ်ကြားမှ နှင်းဆီပွင့်ခြောက်ကလေးတခုကို တွေ့ရသည်။ အရောင်လွင့်ပြယ်နေပြီ ဖြစ်သော်လည်း ကျွန်တော်နမ်းကြည့်တော့ နှင်းဆီပန်းရနံ့ရနေသလို ခံစားရသည်။ ထိုနှင်းဆီပွင့်နှင့် ပတ်သက်သော အဖြစ်အပျက်များက ကျွန်တော့ခေါင်းထဲမှာ အစီအရီ ပေါ်လို့လာလေသည်။ သည်တုန်းက ကျွန်တော်က ဆယ်တန်းအောင်ခါစ ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ ကျွန်တော်၏ ဇာတိ ချောက်မြို့ကလေးမှ ဦးလေးရှိရာ ရန်ကန်မြို့ကြီးသို့ ပြောင်းရွှေ့ရသည်။ ဦးလေးက ရန်ကုန်မှာ " သရပါ" အမည်ရှိသော လက်ဖက်ရည်ဆိုင်လေးဖွင့်ထားသည်။ ကျွန်တော်က စားပွဲထိုး ၀င်လုပ်ရသည်။ တနေ့တွင် ထောင်ထောင်မောင်းမောင်း လူကြီးတယောက်နှင့် လူငယ်ငါးယောက် ဆိုင်ထဲသို့ ၀င်လာသည်။ လူကြီးမှာ ရုပ်ရည်တည်ကြည်ခံ့ညားသည်။ တောင့်တင်းသန်မာပြီး ယောက်ျားပီသသူဖြစ်သည်။ စားပွဲထိုးကောင်လေးက "စာရေးဆရာကြီး တခွက်" ဟု အော်လိုက်သည်။ ကျွန်တော်က စာအလွန်ဖတ်သူဖြစ်သည်။ စာရေးဆရာဆိုသည်နှင့် စိတ်ဝင်စားသွားသည်။ ဦးလေးကို မေးကြည့်တော့ " အဲဒါ စာရေးဆရာကြီး ဗန်းမော်တင်အောင်ပေါ့ကွ" ဟု ဖြေသည်။ ထိုစာရေးဆရာကြီး ရေးခဲ့သော ဘုန်းမောင့်တယောက်တည်းရယ်၊ ဒေါက်တာရေချမ်းစသော ၀တ္ထုများကို ကျွန်တော်သိပ်ကြိုက်သည်။ လူငယ်တွေက သူတို့နှစ်သက်ရာ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်များ မှာလိုက်ကြသည်။ ထို့နောက် စာရေးဆရာဗန်းမော်တင်အောင်ကို မေးခွန်းများ တရစပ်မေးနေလေသည်။

"အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ဘာကြောင့်စစ်တိုက်ရတာလဲ ဆရာ" " မြန်မာနိုင်ငံကထွက်တဲ့ ရေနံ၊ ကျွန်းသစ်၊ ကျောက်သံပတ္တမြား စတဲ့ သယံဇာတပစ္စည်းတွေ လိုချင်လို့ပေါ့ဗျာ" " ဒါတွေရတော့ သူတို့ချမ်းသာတာပေါ့" ဒါပေါ့ဗျာ….. သယံဇာတပစ္စည်းတွေ ခွတုတ်ခွင့်ရတော့ ချမ်းသာတာပေါ့။ ကျွန်တော်တို့ ပြည်သူတွေမှာသာ ဘာအကျိုးခံစားခွင့်မှမရဘဲ မွဲပြီးရင်းမွဲ လူမွေးတောင်မပြောင်တဲ့ဘ၀ ရောက်ခဲ့ရတယ်။

စာရေးဆရာကြီးက လူငယ်လေးများကို ခင်ဗျား၊ ကျွန်တော်ဖြင့် တလေးတစားပြောဆိုနေသည်။

မြန်မာတွေက ဘာကြောင့် စစ်ရှုံးတာလဲ…

လူမျိုးညံ့လို့မဟုတ်ဘူး။ အနော်ရထာ၊ အလောင်းဘုရားစတဲ့ သူရဲကောင်းတွေ ထွန်းကားခဲ့တဲ့နိုင်ငံပဲ။ မဟာဗန္ဓုလစစ်သူကြီးဆိုရင် အင်္ဂလိပ်တွေကတောင် လေးစားခဲ့တဲ့ သူရဲကောင်းတဦးပေါ့။ အင်္ဂလိပ်တွေက သေနတ်နဲ့ ပစ်တယ်။ မြန်မာတွေက ဓားနဲ့ခုတ်တယ်။ လက်နက်အားကွာတော့ စစ်ရှုံးရတာပေါ့။

သူက လက်ဖက်ရည်ကို တစိမ့်စိမ့် အရသာခံပြီးသောက်နေတယ်။

သူရဲကောင်းဆိုတာ ဘယ်လိုလူကို ခေါ်တာလဲဆရာ

အများအကျိုးအတွက် ကိုယ်အသက်ကိုမငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားသူကို ခေါ်တယ်။

သူရဲကောင်း ဖြစ်ချင်ရင် ဘယ်လို ဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံဖို့ လိုသလဲ

ရဲ…. ဆိုတဲ့ စကားလုံးနဲ့ လိုက်ဖက်အောင် သတ္တိရှိပြီး ရဲရင့်ရတယ်။ ကောင်းဆိုတဲ့ ဆိုတဲ့ စကားလုံးနဲ့ ညီညွတ်အောင် စိတ်ထားကောင်းဖို့လိုတယ်။ အဲဒီအချက်နှစ်ချက်နဲ့ ပြည့်စုံမှသာ သူရဲကောင်းဖြစ်နိုင်တယ်….

ကြောက်တဲ့သူတွေက သူရဲကောင်း မဖြစ်နိုင်ဘူးပေါ့..

ဟုတ်တယ်… ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့ စကားရှိတယ်။ ကြောက်တဲ့လူဟာ အခွင့်ကောင်းတွေကို လက်လွတ်ဆုံးရှုံးစေတယ်။ သူရဲကောင်းဖြစ်ချင်ရင် ကြောက်စိတ်မမွေးမိဖို့လိုတယ်။ စကားပုံတခုရှိတယ်ဗျား။ ကြောက်စိတ်ဟာ ၀ံပုလွေကို ရှိရင်းစွဲအရွယ်ထက် နှစ်ဆပိုကြီးစေတယ်တဲ့။ ဆိုလိုတာက ကြောက်စိတ်ဟာ ရန်သူကို ပိုကြောက်ရွံ့စေတယ်။ လောကမှာ ကြောက်စရာကောင်းဆုံးအရာက အဲဒီ့ကြောက်စိတ်ကိုယ်တိုင်ပဲ။

သူက နံပြားထောပတ်သုတ် တဖက်ကို ကောက်ဝါးနေပြန်သည်။ သတ္တိရှိပြီး ရဲရင့်ရုံတခုတည်းနဲ့ သူရဲကောင်း မဖြစ်နိုင်ဘူးလားဆရာ…

မဖြစ်နိုင်ဘူးဗျ

သူရဲကောင်းတာ အများအကျိုး၊ တနည်းအားဖြင့် ပြည်သူလူထု အကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ရတဲ့အလုပ်ကိုး။ ဒါကြောင့် စိတ်ထားကောင်းဘို့လဲ လိုအပ်တယ်။ စိတ်ထားကောင်းသူတွေမှသာ မေတ္တာအားကြီးတယ်။ မေတ္တာအားကြီးသူမှသာ အများအပေါ် ငဲ့ညှာ ဂရုဏာ ထားတဲ့ အလုပ် လုပ်နိုင်တယ်။ စိတ်ထားမကောင်းတဲ့သူကြောင့် အများအပေါ် မေတ္တာ မထားနိုင်ဘူး။ အများအကျိုးကို မကြည့်ဘူး။ ကိုယ့်နဲ့ ကိုယ့်မိသားစု ကိုယ်အသိုင်းအ၀ိုင်းကောင်းဖို့ပဲကြည့်တယ်။ အတ္တသမားတွေပေါ့ဗျာ။ အတ္တသမားဟာ ဘယ်တော့မှ သူရဲကောင်းမဖြစ်နိုင်ဘူး။

သူက ယပ်ခပ်ပေးနေသော ကျွန်တော့အား ပြုံးပြလိုက်သည်။

သူရဲကောင်းဆိုတာ ပညာတတ်ဖို့ လိုသလားဆရာ..

ဟာ….

လိုတာပေါ့ဗျာ.. ပညာရှိမှ သူတော်ကောင်းတရားကို နားလည်တယ်။ သူတော်ကောင်းတရားနားလည်မှ အများအကျိုး ဆောင်ရွက်နိုင်တယ်။ အများအကျိုးဆောင်ရွက်မှ သူရဲကောင်းဖြစ်မှာပေါ့။

ပညာဆိုတာ ဘာလဲဆရာ…

ပညာ ဆိုတာ အသိနဲ့၊ အတတ်ကို ပညာလို့ခေါ်တယ်

ဘယ်ဟာအမှန်၊ ဘယ်ဟာမှား၊ ဘယ်ဟာ တရား၊ ဘယ်ဟာမတရား သိတဲ့ပညာကို အသိပညာလို့ခေါ်တယ်။ အသက်မွေးမှုပညာ၊ စစ်ရေးပညာ၊ စီးပွားရေးပညာ ၀ိဇ္ဇာ၊ သိပ္ပံစတဲ့ အတတ်တွေကို အတတ်ပညာလို့ခေါ်တယ်။

စာရေးဆရာကြီးက လက်ဖက်ရည်ကို မော့သောက်ပြီး လက်စသတ်လိုက်သည်။ နောက်နံပြားထောပတ်သုတ်ကို ယူစားနေပြန်သည်။

သူရဲကောင်းက ဘာလို့ ပညာတတ်ဘို့ လိုတာလဲ….

သူရဲကောင်း ဆိုတာ မှန်တဲ့တရားတဲ့ဘက်က ရပ်တည်ရတယ်။ အမှား အမှန်၊ မတရား တရား ခွဲခြားသိဘို့ အသိပညာရှိမှ ဖြစ်မှာပေါ့။ ဒီလိုမှမဟုတ်ပဲ မှားတဲ့ဘက်၊ မတရားတဲ့ဘက်က ရပ်တည်နေရင် လူဆိုး လူယုတ်မာ ဖြစ်သွားတော့တယ်။ ဒီတော့ သူရဲကောင်းမှ မဟုတ်ဘူး။ လူတိုင်း ပညာတတ်လေ ကောင်းလေပဲ။ ပညာတတ်ရင် အမှန်တရားထွန်းကားတယ်။ အမှတ်တရားထွန်းကားမှ တိုင်းပြည်ငြိမ်းချမ်းတယ်။

အမှန်ဆိုတာ နှစ်မျိုးမဖြစ်နိုင်ဘူးလားဆရာ…. ပိုက်ဆံတပြားရဲ့ ခေါင်းနဲ့ ပန်းလိုပေါ့၊ ဆရာ့ဘက်က ကြည့်တော့ ခေါင်း၊ ကျွန်တော့ဘက်က ကြည့်တော့ ပန်း။ ကဲ နှစ်ခုစလုံးမှန်မနေဘူးလား။

စာရေးဆရာက ခေါင်းညိတ်လိုက်ပြီး မှန်ပါတယ်။ ခင်ဗျားပြောသလို အမှန်ဆိုတာ အနည်းဆုံး နှစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ တရားကတော့ နှစ်မျိုးမရှိဘူး။ လောကီရော သံသရာပါ ကောင်းတဲ့တရား တမျိုးပဲရှိတယ်။

ကျွန်တော့ကို နားလည်အောင် ရှင်းပြပါအုံး….

အမှန်တရားဆိုတာ ခင်ဗျားတို့ ကြားဖူးတယ်မဟုတ်လား….

ဟုတ်ကဲ့… ကြားဖူးပါတယ်..

ခင်ဗျားတို့ပြောသလို အမှန်ဟာ အနည်းဆုံးနှစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ လူလောက ဖြစ်စဉ်ထဲက အမှန်တွေကိုတော့ တရားနဲ့ မှတ်ကျောက် တင်ကြည့်ရတယ်။ တရားနဲ့ အမှတ်ကျောက်တင်ခံနိုင်မှသာ အမှန်တရားလို့ခေါ်တယ်။ တနည်းအားဖြင့် တရားမှသာ အမှန်ဖြစ်တယ်။ မတရားတာ မှန်သမျှ အမှားပဲ။

ထပ်ရှင်းပါအုံး ဆရာ….

ကောင်းပြီး မြန့်မာ့သမိုင်းကို ပြန်ကြည့်ရင် တောင်သူလယ်သမားအရေးတော်ပုံဆိုတာ ခင်းဗျားတို့ တွေ့ရမယ်။

ဆရာစံနဲ့ တောင်သူလယ်သမားတွေ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ အရေးတော်ပုံမဟုတ်လား။

ဟုတ်တယ်

ဒီကိစ္စမှာ လယ်သမားတွေ သူပုန်ထတာကို အင်္ဂလိပ်အစိုးရက မလိုလားဘူး၊ မှားတယ်လို့ပြောတယ်။ သူတို့အတွက် အမှန်က မြန်မာနိုင်ငံကို ဆက်လက်ကျွန်ပြုပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်ဖို့ပဲ။ လယ်သမားတွေဘက်ကကြည့်တော့ ဒီတိုင်းပြည်က တို့တိုင်းပြည် ကျွန်ဖြစ်ရတာ အနေဆင်းရဲ အစားဆင်းရဲနဲ့ သေတောင်မှတည့် သြော် ကောင်း၏ ဘ၀မို့လို့ သူပုန်ထတာ မှန်တယ်။ ဒီအမှန်နှစ်ခုကို တရားနဲ့ မှတ်ကျောက်တင်ကြည့်ရင် ဘယ်လိုအဖြေထွက်မလဲ။

လယ်သမားတွေ သူပုန်ထတာ အမှန်တရားပဲ…

ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ်က သူများတိုင်းပြည်ကို မတရားသိမ်းပိုက်ထားတာကိုး စာရေးဆရာက ကျေနပ်စွာ ပြုံးလိုက်ပြီး မှန်တယ် ခင်ဗျားပြောတာမှန်ပါတယ်။ အမှန်တရားကို ရွေးချယ်နိုင်မှ သူရဲကောင်းဖြစ်နိုင်တယ်။

တနည်းအားဖြင့် သူရဲကောင်းဟာ အမှန်တရားဘက်က ရဲရဲကြီး ရပ်တည်ရမယ်။ ကိုယ်က သူရဲကောင်း မဖြစ်ခဲ့တောင်မှ သူရဲကောင်းတွေရဲ့ လုပ်ရပ်ကို လက်ခုပ်တီး အားပေးရဲတဲ့ ပြည်သူကောင်းတော့ ဖြစ်ရမယ်။ အချောင်သမား မဖြစ်ပါစေနဲ့…

စာရေးဆရာက စီးကရက်တလိပ်ထုတ်၍ မီးညှိလိုက်ပြီး ဖွာရှိုက်နေပြန်သည်။

အချောင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ ဆရာ…

သာမှပေါင်းတယ်

နိုင်မှ တိုက်တယ်ဆိုတာ

အချောင်သမားပဲ၊ အဲဒီလူတွေဟာ ဟိုဘက်လိုလို ဒီဘက်လိုလို ကြားနေသလို ၀ါးတားတား လုပ်တတ်ကြတယ်။ သူရဲကောင်းဆို ကြားမနေဘူး။ အမှန်တရားဘက် ရဲရဲကြီး ရပ်တည်တယ်။ ကြားနေတယ်ဆိုတာ လူကြောက်၊ ဒါမှမဟုတ် အချောင်သမားပဲ။ အမှန်တရား ဘက်က ရပ်တည်ခြင်းမရှိဘဲ ကြားနေတာဟာ အမှား၊ ဒါမှမဟုတ် မတရားကို သွယ်ဝိုက်သော နည်းနဲ့ အာပေးထောက်ခံတာပဲ။ အမှန်တရား မှေးမှိန် အားနည်းလေ၊ အချောင်သမားများလေပဲ။ သူရဲကောင်းဟာ ဘယ်လို အခြေအနေမှာမဆို အမှန်တရားကို သစ္စာမဖောက်ဘူး။

အသိပညာကတော့ ဟုတ်ပါပြီ။ အတတ်ပညာကကော သူရဲကောင်းတယောက်အတွက် လိုတာပဲလား။

သိပ်လိုတာပေါ့ဗျာ။

မြန်မာတွေ အင်္ဂလိပ်တွေကို စစ်ရှုံးခဲ့တာဟာ အတတ်ပညာချို့တဲ့လိုပဲ။ သူတို့က သေနတ်နဲ့ ပစ်တယ်။ ကိုယ်က ဓားနဲ့ခုတ်တယ်။ အားမတန်တော့ ရှုံးရတာပေါ့။ အောင်မြင်တဲ့ သူရဲကောင်းဖြစ်ချင်ရင် ရန်သူကို ယှဉ်နိုင်တဲ့ အတတ်ပညာရှိဖို့ လိုတယ်။သူရဲကောင်းမှမဟုတ်ဘူး။ လူတိုင်းပညာတတ်လေ ကောင်းလေပဲ။ ကိုယ်တတ်တဲ့ပညာက သူများတိုင်းပြည်ထက်သာရင် ကိုယ့်တိုင်းပြည် ရှေ့တန်းရောက်မယ်။ ပညာမတတ်ရင်တော့ သူများနောက် ရောက်မှာပဲ။ သူက စီးကရက် တရှိုက်မတ်မတ် ဖွာရှိုက်နေပြန်သည်။

သူရဲကောင်းတယောက်ရဲ့ အကောင်းဆုံးလက်နက် ဘာလဲဆရာ။

သူရဲကောင်းတယောက်ရဲ့ အကောင်းဆုံးလက်နက်ဟာ သူရဲ့ စိတ်ဓာတ်ပဲ။ ဘုရင် ဧကရာဇ်တပါးဟာ သူရဲကောင်းတယောက်ကို အကျဉ်းချချင်ချ၊ ဒါမှမဟုတ် သစ်ပစ်နိုင်တယ်။ ဒါပေမဲ့ သူရဲ့ စိတ်ဓာတ်ကိုတော့ အရှုံးပေး အညံ့ခံအောင် ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး။ ငါ၏ ဦးခေါင်းကား သွေးသံတို့ဖြင့် ချင်းချင်းနီ၏၊ သို့သော် မညွှတ်ဆိုတဲ့စကားကို ကြားဖူးတယ်မဟုတ်လား။

ဟုတ်ကဲ့

ဗိုလ်ချုပ်အောင်ဆန်း သိပ်ကြိုက်တဲ့ စကားမဟုတ်လား

ဟုတ်တယ်

ဗိုလ်ချုပ်က အဲဒီစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့လို့ မြန်မာပြည် လွှတ်လပ်ရေးရခဲ့တာပေါ့။

စာရေးဆရာက လူငယ်တယောက်ငှဲ့ပေးသော ရေနွေးပန်းကန်ကို ယူသောက်နေပြီး….

ဓားလှံကိုင်မှ သူရဲကောင်းဖြစ်တာလားဆရာ…

ဓားလှံမကိုင်ဘဲနဲ့လဲ သူရဲကောင်းဖြစ်နိုင်ပါတယ်။ အဖိနှိပ်ခံပြည်သူလူဘက်က ရပ်တည်သူ မည်သူမဆို သူရဲကောင်းဖြစ်နိုင်ပါတယ်။ ဥပမာ စားရေးဆရာ၊ ကဗျာဆရာ၊ သတင်းဆရာတွေဟာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးမှာ၊ ကလောင်လက်စွဲပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော် စာရင်းထဲမှာ ရန်သူနံပါတ်တစ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံ့ပါတ်ငါးအဆင့်ပဲ ရှိခဲ့တယ်။ အဲဒီထိအောင် ကလောင်က လက်စွမ်းထက်ခဲ့တယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဒီသုံးခုအတွက် တိုက်ပွဲဝင်သူ မည်သူမဆို သူရဲကောင်းပါပဲ။ စားသောက်ပြီးနောက် သူ့အဖွဲ့သားများ သရပါဆိုင်ကလေးထဲမှ ထွက်ခွာသွားကြသည်။ သို့သော် သူရဲကောင်းနှင့် ပတ်သက်သော အယူအဆများက ကျွန်တော့ရင်ထဲမှာ စွဲမက်ကျန်ရစ်ခဲ့လေသည်။

နေ့လည်တိုင်းတွင် စာရေးဆရာက ကျွန်တော်တို့ သရပါ လက်ဖက်ရည်ဆိုင်လေးသို့ ရောက်လာတတ်သည်။ အပေါင်းသင်းမင်သူဖြစ်၍ သူနှင့် အတူ လူအုပ်တမကြီး ပါလာလေ့ရှိသည်။

စာရေးဆရာတခွက်ဟု လှမ်းအော်လိုက်တိုင်း သူက နှစ်လိုဖွယ်အပြုံနှင့် ကျွန်တော့ကို နှုတ်ဆက်လေ့ရှိသည်။ ကျွန်တော်သတိထားမိသော သူ၏ အမူအကျင့်တခုမှာ စီးကရက်စွဲအလွန်အကျွံသောက်ခြင်းဖြစ်သည်။ မိုးခိုးမစဲအောင် သောက်လေ့ရှိပြီး စီးကရက်စွဲနေဟန်တူသည်။ တခါသော် ကျွန်တော်တို့ဆိုင်သို့ အကြာကြီးမလာဘဲ ပျောက်ချက်သားကောင်းနေသည်။ တနေ့မှာ ဆယ်နှစ်အရွယ်ခန့်ရှိ သူ့သားလေးကို လက်တွဲပြီး ဆိုင်ထဲကို ၀င်လာသည်။ သူ့ခန္ဓာကိုယ်မှာ မယုံနိုင်စရာ ပိန်ချုံကျသွားသည်။

ဆရာကြီး ပျောက်ချက်သားကောင်းလှချည့်လား..

ဆေးရုံတက်နေရလို့ မလာနိုင်တာပါ…

စီးကရက် မှာဦးမလား ခင်ဗျား…

နေ…နေ …. ကိုယ်စီးကရက် ဖြတ်လိုက်ပြီ

သူ့သားလေးကို ရုပ်ရှင်ပြလာဟန်တူသည်။ သားကလေးက ကြည့်ခဲ့သော ရုပ်ရှင်အကြောင်း စမြုံ့ပြန်နေသည်။

ဟာကြူလီက တော်တော်တောင့်တာပဲ။ လူဆိုးနှစ်ယောက်ကို လက်တဖက်စီနဲ့ အသာလေးမထားနိုင်တယ်နော် ဖေဖေ..

အဲဒါလေးမလို့ ကြွက်သားတုပ်ခိုင်လာတာပေါ့ သားရဲ့။ ယောက်ျားဆိုတာ ယောက်ျားပီပီသသနဲ့ တောင့်တင်းသန်မာရတယ်

ဟာကြူလီထက်သန်တဲ့လူ ရှိသေးလားဟင်

ဂရိပုံပြင်ထဲက အက်တလတ်စ် ဘီလူးကတော့ လောကမှာ အသန်မာဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူက တောင်ထွတ်တခုပေါ်ကနေ မိုးကောင်းကင်ကြီးကို ဒူးထောက်ပြီး ထမ်းထားနိုင်လို့ပဲ

ဟာ…. မိုးကောင်ကင်ကြီး တခုလုံးကို ထမ်းထားနိုင်တယ်ဆိုတော့ တော်တော်သန်တာပေါ့။ ဒါနဲ့ သူက ဘာကိစ္စ မိုးကောင်းကင်ကို ထမ်းထားရတာလဲ

လူသားတွေအပေါ် မိုးကောင်းကင်ကြီး ပိကျလာမှာစိုးလို့ပေါ့ သားရဲ့…

သူပခုံးမနာဘူးလား ဖေဖေ….

နာတာပေါ့ကွယ်။ နောက်ဆုံး မခံနိုင်တော့ ပါးဆီးယပ်စ်ခေါ်တဲ့ သူရဲကောင်းကို အကူအညီတောင်းရတယ်…

ဘယ်လို အကူအညီတောင်းတာလဲဟင်..

ပါးဆီးယပ်စ်က သူရဲကောင်းတဦးပေါ့၊ သူ့ကို အေသင်မြို့စောင့် နတ်သမီး အေသီနာက စုန်းမကြီး ဂေါ်ဂွင်မဒူဆာရဲ့ ဦးခေါင်းကို ဖြတ်ခိုင်းတယ်။ ဒီစုန်းမကြီးရဲ့ခေါင်းက ဆံပင်တွေက မြွေတွေဖြစ်နေပြီး လူက တောင်ပံတွေနဲ့ ဂဠုန်ပုံဖြစ်နေတယ်။ ကြောက်စရာအကောင်းဆုံးက သူ့မျက်လုံးတွေပဲ။ မြင်ရသူကို ကျောက်ရုပ်ဖြစ်သွားစေတယ်။ ပါးဆီးယတ်စ်က လူသန်ကြီး အက်တလတ်စ်ကို ဂေါ်ဂွင်မဒူဆာနေတဲ့ နေရာကို လမ်းညွှန်ပေးဖို့ အကူအညီတောင်းတယ်။ အတ်တလတ်စ်က မိုးကောင်းကင်ကို ထမ်းထားရတာဆိုတော့ သူ့ဦးခေါင်းက တိမ်တွေအပေါ်ရောက်နေပြီး ဂေါ်ဂွင်မဒူဆာနေတဲ့ နေရာကို လှမ်းမြင်ရတာကိုး။ အက်တလတ်စ်က ကောင်းပြီး။ မင်းကို မဒူဆာရှိတဲ့နေရာကို လမ်းညွန်ပေးလိုက်မယ်။ ဒါပေမဲ့ ဒီမိုးကောင်ကင်ကြီးကို ထမ်းထားရတဲ့အတွက် ငါ့တကိုယ်လုံး ညောင်းညာ ကိုက်ခဲလှပြီ။ ဒီဝေဒနာလွှတ်မြောက်အောင် မဒူဆာရဲ့ ဦးခေါင်းပြတ်ကို ရခဲ့ရင် ငါ့ကို အရင်ပြပါ ဆိုပြီး တောင်းဆိုလိုက်တယ်။ ဒီလိုနဲ့ မဒူဆာရဲ့ ဦးခေါင်းကို ဖြတ်ပြီးတော့ ပါးဆီးယတ်စ်က အက်တလတ်စ်ကို ပြလိုက်တယ်။ ချက်ချင်းပဲ အက်တလတ်စ်ဟာ ကျောက်တောင်ကြီးအဖြစ်ပြောင်းလဲ သွားတယ်ကွဲ့…

သဘာဝတရားအတိုင်း ကောင်းကင်က သူ့ဘာသာသူ မိုးပေါ်မှာနေတာ။ အလကား မြေပေ ရောက်လာပါ့မလား။ ရောက်လာဦးတော့ ပိရင် အများကသေမှာပဲ။ ဘာကြောင့် ကိုယ်က အများအတွက် ပခုံအနာခံပြီး ထမ်းပိုးနေမလဲ။ တော်တော်ရူးတဲ့ ဘီးလူးပဲ…

သား၏ စကားကို ဖခင်စာရေးဆရာက သဘောကျစွာ ပြုံးရယ်နေလေသည်။ ပြီးမှ…

အများအတွက် ပခုံးအနာခံပြီး ထမ်းပိုးနေတဲ့ အက်တလတ်စ်ဘီးလူးကို အရူးလို့ ထင်ရပေမဲ့ ပုံပြင်ထဲကလိုသာ သူ့ကြောင့် လူတွေ အသက်ရှင်ခွင့်ရခဲ့ရင် အက်တလတ်စ်ကို သူရဲကောင်းလို့ ဖေဖေတို့ မှတ်ယူသင့်တယ်။ ကောင်းကင်က သူ့ဘာသာသူ မိုးပေါ်ရှိနေသင့်ပေမဲ့ တခါတရံ မြေပေါ်ကျလာပြီး ကောင်းကင်ပိတဲ့အဖြစ်မျိုးတွေ ဖြစ်လာတတ်တယ်ကွဲ့။ သားလေးကြီးတော့ ဒီလိုကောင်းကင်ပိတဲ့ အဖြစ်မျိုး ကိုယ်တိုင်ကြုံကောင်းကြုံရပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ အဖိနှိပ်ခံ လူသားတွေအတွက် ကိုယ်တိုင်က အက်တလတ်စ်ဘီးလူးလို ထမ်းပိုးနိုင်ရင် ထမ်းပိုး၊ မထမ်းပိုးနိုင်ရင် ပါဆီးယပ်စ်လို သူထမ်းပိုးနေတဲ့ ဝေဒနာကို သက်သာအောင် လုပ်ပေးသင့်တယ်။ ဟု တွေးတွေးဆဆ ပြောနေသည်။ ထို့နောက်သူ့သားလေးကို လက်တွဲပြီး သရပါဆိုင်ကလေးက တရွေ့ရွေ့ ထွက်ခွာသွားလေသည်။ ထိုမြင်ကွင်းမှာ စာရေးဆရာကြီး ဗန်းမော်တင်အောင်ကို ကျွန်တော်နောက်ဆုံး တွေ့ခဲ့ရသော မြင်ကွင်းဖြစ်သည်။ မကြာမီ သူ ဒုတိယအကြိမ် ဆေးရုံတက်ရည်။ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားရသည်။ ကျွန်တော်လေးစားသော စာရေးဆရာကြီးဖြစ်၍ နောက်ဆုံးဂါဝရပြုသည့်အနေဖြင့် သူ၏အသုဘသို့ ကျွန်တော်သွားရောက်ခဲ့သည်။ ဆရာဗန်းမော်တင်အောင်မှာ လူချစ်လူခင်များသူဖြစ်ကြောင်း သူ့အသုဘကို ကြည့်၍ သိနိုင်သည်။ လူထုလူတန်းစားအသီးသီးက လိုက်ပါပို့ဆောင်ကြပါသည်။ အသုဘမှာ ကြက်ပျံမကျ စည်ကားလှသည်။ သူ့အတွက် ပန်းခွေ၊ ပန်းခြင်းတို့မှာ ရေတွက်၍ မကုန်နိုင်တော့။ သူ့ကို သင်္ဂြီုလ်ပြီးချိန်မှာ လူထုက ပန်းခွေပန်းခြင်းများမှ နှင်းဆီနီနီတပွင့်ကို ယူထားလိုက်သည်။

လူတယောက်ရဲ့ သမိုင်းဟာ လူ့လောကကြီးက သူ့ပခုံးအပေါ် ပစ်တင်လိုက်တဲ့ တာဝန်ကို သူဘယ်လောက် ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။

ဆိုသော စာရေးဆရာကား ကွယ်လွန်သွားခဲ့ပြီ။ တကယ်တော့ သူသည် အက်တလ်စ်ဘီလူးလို မိုးကောင်ကင်ကို ပခုံးဖြင့် ထမ်းပိုးထားခဲ့သူ သူရဲကောင်းတယောက်ဖြစ်သည်။ လူသေသော်လည်း သမိုင်းမသေ…နှင်းဆီနီနီကလေးက အခုတော့ ခြောက်သွေ့သွားခဲ့ပြီ။ သို့သော် နှင်းဆီပန်းရနံ့ကို ကျွန်တော်ရှူရှိုက်မိဆဲ ဖြစ်ပါသည်။

နတ်မှူး



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List