မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း


ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း

31 July 2009 VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့ စီရင်ချက်ချဖို့ ချိန်းဆိုထားပေမယ့် တရားသူကြီးက ရုံးချိန်းထပ်ပေးပြီး စီရင်ချက်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အမှုကိုဆုံးဖြတ်ဖို့ရာ ဥပဒေရေးရာ ပြဿနာတွေ ရှိနေသေးတယ်ဆိုပြီး တရားရုံးက အကြောင်းပြတယ်လို့ အကျိုးဆောင်ရှေ့နေကြီးတဦးက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထား ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီမှာ စီရင်ချက်ချမယ် ဆိုပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်၊ အင်္ဂါနေ့မှာ တရားသူကြီးက ရုံးချိန်း ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာတော့ စီရင်ချက်မချဘဲ ရွှေ့ဆိုင်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကပြောပါတယ်။

"ဒီကနေ့ အမိန့်မချဘူးခင်ဗျ။ ၁၁ ရက်နေ့ မနက် ၁၀ နာရီကို ရွှေ့ပါတယ်။ အကြောင်းပြချက်ကတော့ ဒီအမှုကို ဆုံးဖြတ်ဖို့ရာအတွက် ဥပဒေ ပြဿနာတွေ ရှိနေတယ်၊ အဲဒါတွေကို သုံးသပ်နေရလို့ ဆိုပြီးတော့ အကြောင်းပြပါတယ်။"

ဘယ်လိုဥပဒေပြဿနာတွေ ရှိနေတယ် ဆိုတာကိုတော့ တရားသူကြီးက တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ နေအိမ် ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တော ကို အဲဒီအချိန်က နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဟာ အကျယ်ချုပ် ချထားတဲ့ တားဆီးမိန့်ကို ဖောက်ဖျက်တာ ဆိုပြီးတော့ တရားလိုတွေဘက်က စွပ်စွဲထားပါတယ်။ ဒီလိုစွပ်စွဲတာမှာ သူတို့ဘက်က အသုံးပြုတဲ့ဥပဒေတွေဟာ ၁၉၈၈ ခုနှစ်က ဖျက်သိမ်းခဲ့ပြီးသားဖြစ်တဲ့ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေပါ ပြဌာန်းချက်တွေဖြစ်တာကြောင့် အကျုံးမ၀င်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းတို့ ဘက်က ပြန်ပြီး ချေပထားတာပါ။ အခု တရားရုံးကပြောတဲ့ ဥပဒေပြဿနာတွေဆိုတာ အဲဒီလိုအချက်တွေ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ဦးဉာဏ်ဝင်းကပြောပါတယ်။

"ကျနော်တို့မြင်တဲ့ ဥပဒေပြဿနာကတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ သုံးလို့ရမရရယ်၊ နောက်ပြီးတော့ ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ၂၀၀၃ ခုနှစ်ကတည်းက ထိန်းသိမ်းခဲ့ခြင်းဟာ တရားဝင်မှု ရှိမရှိ ဆိုတာရယ်၊ ဒီပြဿနာ ၂ ခု ရှိနေတယ်လို့တော့ ကျနော်တို့ဘက်က မြင်တာပေါ့။ ဥပဒေရေးအရ အခု ထိန်းသိမ်းတာတွေက တရားမ၀င်ဘူး။ တရားမ၀င်တဲ့အကြောင်းတွေက အဲဒီမှာ ပုဒ်မ (၇) တို့ (၈) တို့၊ အဲဒီဟာတွေနဲ့ နောက်တခါ တားဆီးမိန့်တွေကလည်း တရားမ၀င်ဘူး။ တားဆီးမိန့်ကို ပုဒ်မ (၁၁) အရပဲ လုပ်ရမယ်။ အဲဒါက တယ်လီဖုန်း ဆက်တာ၊ စာဆက်သွယ်တာလုပ်တာ၊ ဒါတွေက တရားမ၀င်ဘူးလို့ ထောက်ပြထားတယ်။"

ဒီအမှုကို စပြီးစစ်ဆေးစဉ်ကတည်းက စွဲချက်တွေဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေ ကနေ ချေပလာခဲ့ကြတာပါ။ ဥပဒေရေးရာ ကျွမ်းကျင်သူ အများအပြားကလည်း ဒီအမှုဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဝေဖန် ပြောကြားထားတာတွေ ရှိပါတယ်။ အခုတော့ အမှုကိုဆုံးဖြတ်ဖို့ ဥပဒေပြဿနာတွေ ရှိနေတယ်လို့ တရားရုံး ကိုယ်တိုင်က ပြောလာပြီမို့ တကယ်ပဲ ဥပဒေ ပြဿနာတွေကြောင့် ဒီကနေ့မှာ စီရင်ချက်မချနိုင်ဖြစ်ရတာပါလား၊ တခြား ဘယ်လိုအကြောင်းတွေများ ရှိနေနိုင်ပါသလဲ။ အရင် အစဉ်အလာတွေ အရကတော့ မြန်မာစစ်အစိုးရဟာ တရားစီရင်ရေး စနစ်ထဲမှာ နိုင်ငံရေးပယောဂနဲ့ ၀င်ရောက်စွက်ဖက်တာတွေ ရှိခဲ့ဖူးတာမို့ အခု စီရင်ချက်ချဖို့ ရက်ရွှေ့တာမှာလည်းပဲ နိုင်ငံရေး ရည်ရွယ်ချက် ပါနိုင်တယ်လို့ သုံးသပ်သူ ကတော့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းပါ။ "ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလကစလို့ စစ်အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သူတို့က 'နိုင်လုံ' လို့ ခေါ်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးလား စသဖြင့် ကော်မတီ တခုရှိတယ်။ အဲဒီကနေပြီးတော့ ကိစ္စ တော်တော်များများကို ဆုံးဖြတ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိစ္စကလည်း ထောင်ချမလား၊ ရှေ့ကို ဘယ်လိုလုပ်မလဲ ဆိုတာက နိုင်ငံရေး ဆုံးဖြတ်ချက်အရ ဖြစ်တာများတယ်လို့ ကျနော် ထင်ပါတယ်။"

မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းပါ။

ဒီကနေ့ စီရင်ချက်ချမယ်ဆိုတဲ့အချိန် မတိုင်ခင် မြန်မာစံတော်ချိန် မနက်စောစောမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေကို ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။ ဘာအကြောင်း ပြောဆိုကြသလဲ ဆိုတာ တိတိကျကျမသိရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာပဲ တောင်းဆိုခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနေ့တရားခွင်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့တောင် နောက်ပြီးတော့ ရယ်မောနေခဲ့သေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အဆိုးဆုံးအတွက် ပြင်ဆင်ထားတဲ့အနေနဲ့ အကျဉ်းချခံခဲ့ရမယ် ဆိုရင် အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ စာအုပ်တွေ စုဆောင်းထားပါတယ်တဲ့။

"စာအုပ်ကတော့ အများကြီးပဲဗျ။ အင်္ဂလိပ်စာအုပ် ပါတယ်၊ ပြင်သစ်စာအုပ်ပါတယ်။ မြန်မာစာအုပ်၊ ဘာသာရေး စာအုပ်၊ ပြင်သစ်က စာအုပ်တွေ ပါတယ်။ ပြင်သစ်သမိုင်းစာအုပ် ပါတယ်။ မြန်မာစာအုပ်ကတော့ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ 'တဘ၀ သာသနာ' ပါတယ်။ နောက် တရားထိုင်းနည်းတို့ ဘာတို့။ Buddhist Dictionary လည်း ပါတယ်။ ဒါက ကျနော် မှတ်မိသလောက်ပေါ့။ ဒီထက် အများကြီး များပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းပါ။

နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်ခါနီးလေးမှာပဲ ဒီအမှုပေါ်ပေါက်လာခဲ့၊ ရုံးတင်တရားစွဲခံရပြီး ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ခံ ရနိုင်တဲ့အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတာပါ။ ဒီအတွက်လည်း ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့တို့ အပါအ၀င် နိုင်ငံတကာကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ၀ိုင်းဝန်းတောင်းဆို နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ လွှတ်ပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာဖို့ အခွင့်အလန်းပွင့်လာမှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေလည်း ပွင့်လာမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာအာဏာပိုင်တွေကတော့ ဒီလို တောင်းဆိုချက်တွေ၊ ကမ်းလှမ်းချက်တွေအပေါ်မှာ အကောင်းမြင် ပြန်တုံ့ပြန်တာမျိုး ခုချိန်ထိ မတွေ့ရသေးပါဘူး။

ဒေါ်စုအမှု နှစ်ဖက်အခွင့်အရေး တန်းတူမရခဲ့


ဒေါ်စုအမှု နှစ်ဖက်အခွင့်အရေး တန်းတူမရခဲ့

24 July 2009 VOA

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ အကျဉ်းထောင်ထဲက တံခါးပိတ်တရားခွင်မှာ သူ့ရဲ့ ရှေ့နေတွေက ဒီကနေ့ အပြီးသတ် လျှောက်လဲတဲ့ နေရာမှာ ဥပဒေကြောင်းအရ ခုခံချေပခွင့် ပြည့်ပြည့်၀၀ မရခဲ့တာတွေကိုပါ အလေးထား တင်ပြခဲ့ကြပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ဒီအမှုနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့အကြောင်း ပြောခဲ့တာပါ။ ကြားနာစစ်ဆေးမှုတွေ လုပ်နေတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် တ၀ိုက်မှာတော့ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ကြားက ရာနဲ့ချီတဲ့ သူ့ကို အားပေးထောက်ခံသူတွေလည်း ဒီကနေ့ စုဝေးရောက်ရှိလာကြတာပါ။ တရားခွင် နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

နေအိမ်အကျယ်ချုပ် အမိန့်ကို ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုတာတွေ ရင်ဆိုင်နေရတဲ့ အမှုအတွက် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းကြဖို့ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ခုခံချေပသူတွေ ဖက်ကသာ လျှောက်လဲဖို့ အချိန်ရခဲ့တာပါ။ မွန်းလွဲပိုင်းက စတင်တဲ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း ရဲ့ လျှောက်လဲချက်တွေကို တရားခွင်က ကြားနာအပြီး တရားလိုအဖြစ် စွပ်စွဲထားသူတွေဖက်က အပြီးသတ် လျှောက်လဲဖို့ကိုတော့ ရှေ့တပတ် တနင်္လာနေ့ မနက်ကို ပြန်ပြီး ချိန်းဆိုလိုက်တာလို့ အင်းစိန် ထောင်တွင်း တရားခွင်ကို ရောက်သွားတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“ဦးကြည်ဝင်း လျှောက်လဲချက်ပေးတော့ ၄ နာရီ ထိုးပြီးသွားပြီ။ စတာက ၂ နာရိကိုး။ အဲဒီတော့ ၄ နာရီခွဲ ဆိုတော့ ရုံးချိန်ကုန်သွားလို့ ဆိုပြီးတော့ ၂၇ ရက်နေ့ ၁၀ နာရီကို ပြန်ချိန်းလိုက်တယ်။ နောက်ပြီးတော့ ဟိုဘက်က ၂၇ ရက်နေ့ကျမှ ပေးကြမှာပေါ့။”

ဒီလို လျှောက်လဲတဲ့ နေရာမှာတော့ နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံဝန်း အတွင်းကို တိတ်တဆိတ် ရေကူးဝင်ရောက်လာတဲ့ အမေရိကန် နိုင်ငံသားတဦးကို လက်ခံထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆို အပြစ်ပေးဖို့ လုပ်ဆောင်နေတာတွေကို သူ့ရဲ့ ရှေ့နေတွေက ခုခံချေပခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုပဲ လျှောက်လဲချက် တင်သွင်းတဲ့ နေရာမှာ တရားရုံးတင် စစ်ဆေးမှု ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည် ဖက်က ဥပဒေကြောင်းအရ ခုခံချေပနိုင်ခွင့်တွေ ပြည့်ပြည့်၀၀ မရနိုင်တာတွေကို ရှေ့နေတွေက လျှောက်လဲခဲ့သလိုပဲ၊ အခုနောက်ဆုံး လျှောက်လဲချက်တွေ အပြီးမသတ်နိုင်တာတွေနဲ့ ပတ်သက်လို့ ကျေနပ်မှု မရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

“တရားခွင်မှာပြောတာကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည် အတွက် ရှေ့နေက လျှောက်လဲချက် ပေးပြီးသွားပြီ။ ကျန်တဲ့ဟာတွေက တနင်္လာနေ့ကို ချိန်းထားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုဟာမျိုးဟာ တနေ့တရက်တည်းမှာ ပြီးစီးအောင် လုပ်ရတယ်၊ ဒီလိုချိန်းဖို့ ဖြစ်နေတဲ့ အခြေအနေကို သူ လုံးဝ မကျေနပ်ဘူး လို့တော့ ပြောသွားပါတယ်။ နည်းလမ်းတကျ မဟုတ်တာတွေကို ဒီနေ့ လျှောက်လဲချက်ထဲမှာလည်း ကျနော်တို့ ထည့်ပြောပါတယ်။ တချို့ မိတ္တူတွေ ကူးတာ အချိန်မှီမရဘူး။ အချိန်တွေ ရွှေ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ရှေ့ပိုင်းမှာတုန်းက ရှေ့နေနဲ့ အမှုသည်က လွတ်လွတ်လပ်လပ် စကားပြောခွင့် မရခဲ့ဘူး။ ပြီးတော့ အခုထိ Public Hearing မရဘူး။”

အစောပိုင်းမှာ တုန်းကလည်းပဲ တရားလိုအဖြစ် တရားစွဲဆိုခဲ့တဲ့ အာဏာပိုင်တွေဖက်က သက်သေတွေ ၁၄ ဦးအထိ တင်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေ ဖက်ကတော့ သက်သေအဖြစ် ၄ ဦး တင်သွင်းထားတဲ့ နေရာမှာ ၂ ဦးသာ ထွက်ဆိုခွင့် ရခဲ့တာပါ။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင် တို့ကိုတော့ တရားရုံး အဆင့်ဆင့် အထိ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရတာမို့ ဒါဟာ မျှတမှု မရှိဘူးလို့ ရှေ့နေတွေက ပြောဆိုထားကြတာပါ။ အပြီးသတ် လျှောက်လဲချက်တွေ ပေးရမယ့်နေ့ ထောင်တွင်း တရားခွင်ကိုတော့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမဏီ နဲ့ နော်ဝေး နိုင်ငံက သံတမန်တွေကို တက်ရောက် အကဲခတ်ခွင့် ပြုခဲ့ပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမှု အဆုံးသတ် လာတော့မယ့် အချိန်ကလည်း နီးလာတာမို့ တံခါးပိတ်ကြားနာမှုတွေ လုပ်နေတဲ့ ရန်ကုန်အင်းစိန်ထောင် အနီးအနားကို သူ့ကို အားပေးထောက်ခံသူ အများအပြားလည်း အကဲခတ်ဖို့ ရောက်လာကြပါတယ်။ ထောင်အနီးအနား ရောက်သွားသူတွေထဲက ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးခင်မောင်ရှိန် ကတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာတွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံသူတွေ ရာနဲ့ချီပြီး ရောက်လာကြတာလို့ ပြောပါတယ်။

“ဒီမှာမြင်ရတဲ့ မြင်ကွင်းကတော့ စုစုပေါင်း လူ ၁,၀၀၀ လောက်ရှိမယ်။ ပျမ်းမျှပြောရရင်တော့ ၆၀/၄၀ လောက်ရှိမယ်။ ၆၀ % ကတော့ pro (ထောက်ခံသူ) ပေါ့။ ကျန်တာ ၄၀ % ကတော့ တဖက်ကပေါ့။ လုံခြုံရေး အနေနဲ့ကတော့ ကားတွေ အတော်များတယ်။ လုံခြုံရေးကားတွေ။ အင်းစိန်ဈေးလမ်းမကြီး ရဲ့ ဈေးဘက်ခြမ်းမှာ၊ နောက်တခါ ဒီဘက်မှာ ပရိသတ်တွေ ရှိနေတဲ့ဘက်မှာလည်း ကား ၄ စီးလောက် ရှိတယ်။ ဒီမှာ လမ်းသွယ်တွေ အားလုံးထိပ်မှာ အကုန်လုံးကို လုံခြုံရေး ချထားတယ်။ သံဆူးကြိုးတွေလည်း ရှိတယ်။ အထူးသဖြင့် အနီးအနား ဆေးရုံထဲမှာ လုံခြုံရေးတွေ ချပြီးတော့ ဌာနချုပ်သဘောမျိုး လုပ်ထားတယ်။ အားပေးထောက်ခံတဲ့သူ အနေနဲ့ကတော့ မြို့နယ်တွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ လာတယ်။ နောက်ပြီးတော့ ဒီမှာ အဖွဲ့ချုပ် လူငယ်တွေ လာတယ်လေ။ နယ်တွေကပါ လာတယ်။ အဲဒါတွေ တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေ ချိုးဖောက်တယ်လို့ဆိုပြီး တရားစွဲဆိုတာတွေ လုပ်နေတာကြောင့်လည်း ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အာဏာပိုင်တွေဖက်က ဆောင်ရွက်မှု တခုအဖြစ် သံသယတွေလည်း ထွက်ပေါ်ခဲ့တာပါ။ အထူးသဖြင့်ကတော့ ရှေ့နှစ် ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရက ကမကထလုပ် ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ မပါဝင်နိုင်အောင် ရည်ရွယ်နေတာလို့ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဖော်ဆောင်နိုင်ဘဲ ဒီလိုရွေးကောက်ပွဲတွေ လုပ်ဖို့ စီစဉ်နေတာကို ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအ၀န်းက ပြောသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကတော့

သူ့ရဲ့ သဘောထားကို မနေ့တုန်းက ရှေ့နေတွေနဲ့ တွေ့တုန်းကပဲ ပြောထားတယ်လို့လည်း ဦးဉာဏ်ဝင်း က ဆိုပါတယ်။

“မနေ့က ကျနော့်ကို ပြောပါတယ်။ ကျနော်တို့ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသား ရင်ကြားစေ့ရေးကို မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားဝင်မှု မရှိဘူး။ တန်ဖိုး မရှိဘူးလို့ ကုလသမဂ္ဂက ကြေညာသင့်တယ်လို့ ကျနော့်ကို ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အစိုးရနဲ့ အတိုက်အခံကြား ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့နဲ့ အစိုးရက ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် အခြေအနေတွေ ဖြစ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း ကတော့ ဒီလဆန်းပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တာပါ။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တပတ်ထဲတုန်းက လုံခြုံရေးကောင်စီကို အစီရင်ခံတဲ့ နေရာမှာတော့ လက်ရှိ အခြေအနေမှာ၊ မြန်မာပြည်သူတွေ မျှော်လင့်နေတာတွေ လိုအပ်နေတာတွေနဲ့ နိုင်ငံတကာက စိုးရိမ်ပူပမ်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှုထားမလား၊ တိုင်းပြည်အကျိုး ရှေ့ရှုပြီး မြန်မာစစ်အစိုးရအနေနဲ့ အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားမလား ဆိုတာတွေကို ကမ္ဘာက စောင့်ကြည့်နေပါတယ် ဆိုပြီးတော့ အတွင်းရေးမှူးချုပ်က စစ်အစိုးရအပေါ် သတိပေး ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဦးညွှတ် ဂါရဝ ပြုပါ၏။


ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဦးညွှတ် ဂါရဝ ပြုပါ၏။
ဓါတ်ပုံ ခေတ်ပြိုင် ဂျာနယ်မှကူးယူဖော်ပြပါသည်။
မြတ်နိုး

(၆၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

(၆၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

ဗိုလ်ချုပ် ဘာကိုတိုက်ခဲ့သနည်း
မောင်ထင်
(ဗမာ့နိုင်ငံရေးသုခမိန်မှ ...)ဒေါက်တာလွဏ်းဆွေ blog မှကူးယူဖော်ပြပါသည်။Bogyoke Aung San

လေးဖြူ အဖေ

အာဇာနည်သွေး ၊ အာဇာနည်စိတ်

Poem for Martyrs' Day by Khin Ma Ma Myo

အမှုအတွက်ပြင်ဆင်ဖို့ ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ခွင့်ရ


အမှုအတွက်ပြင်ဆင်ဖို့ ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ခွင့်ရ

17 July 2009 VOA

ရန်ကုန်အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ဒီကနေ့ နေ့လည်ပိုင်းက အင်းစိန်ထောင်တွင်း ဧည့်ရိပ်သာဆောင်တခုမှာ ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီလို တွေ့ခွင့်ရတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး တိုင်ပင်ညှိနှိုင်းခဲ့တာတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“အဓိကအားဖြင့်တော့ ကျနော်တို့ final argument ပါပဲ။ final argument ရဲ့ second draft ကို ကျနော်တို့ ၀ိုင်းပြီးတော့ ဆွေးနွေးပြီးတော့ ပြင်ကြတာပါ။ ဒီလိုပြောရင်းနဲ့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့ကိစ္စတွေကိုလည်း သူ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့ဆီမှာ သူက သူ့အနေနဲ့ ပူးပေါင်းကူညီမှု မရှိဘူးလို့ ပြောထားတာ လုံးဝ မတရားဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တုန်းကမှ ပူးပေါင်းကူညီဖို့လည်း မပြောဘူး။ သတင်းလည်း မမေးဘူး။ ဘာတခုမှ မမေးဘဲ ဒီလိုပြောတာက မတရားဘူး။ နောက် အခုဖြစ်နေတဲ့ကိစ္စမှာ လုံခြုံရေး ကျိုးဖောက်လို့ ဖြစ်ရတာ။ လုံခြုံရေးနဲ့ပတ်သက်လို့ တစုံတရာ ဘာမှမဆောင်ရွက်ဘဲနဲ့ သူ့အပေါ်မှာသာ ဒီလို စွဲဆိုတာဟာ မှန်ကန်မှုမရှိဘူး။ ဒါပေမယ့် သူ ဒီလိုပြောတာဟာ လုံခြုံရေးသမားတွေကို ထိခိုက်စေဖို့ပြောတာ မဟုတ်ဘူး။ လုပ်နည်းလုပ်ဟန် မမှန်ဘူးဆိုတာကို ပြောခြင်းသာဖြစ်တယ်လို့လည်း ပြောပါတယ်။”

နောက်ဆုံးလုပ်မယ့် တရားခွင်နေ့မတိုင်ခင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် ဒီကနေ့ သောကြာနေ့နဲ့ မနက်ဖြန် စနေနေ့တွေ ၂ ရက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့အကျိုးဆောင်ရှေ့နေတွေ ကို နောက်ဆုံးပြုလုပ်မယ့် တရားခွင်နေ့ မတိုင်ခင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ တွေ့ခွင့်ပေးထားတယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒါပေမယ့်လို့လည်း ပြင်ဆင်ဖို့ရာအချိန်က သိပ်မရတာကြောင့် မနက်ဖြန်အစား ရက်ရွှေ့ပေးဖို့ ဒီကနေ့ တောင်းခံခဲ့တဲ့ အကြောင်းလည်း အခုလို ဆက်ပြောပြခဲ့ပါတယ်။

“ပြောချင်တာက ကျနော်တို့က အချိန်ကို တော်တော်လေးလုပြီးတော့ ပြင်ဆင်ရတယ်။ ဆိုလိုတာက အခု ကျနော်တို့ ဒီနေ့ တွေ့တယ်ဆိုရင်ဗျာ ဒီ draft မှာ ကျနော်တို့ ပြင်စရာပြုစရာတွေ ရှိတယ်။ ပြင်စရာပြုစရာ ဆိုတာက ကျနော်တို့ လက်ရေးနဲ့ပြင်ဖို့ကိုလည်း အချိန်အများကြီး ယူရတယ်။ ပြီးရင်လည်း ကျနော် စာရိုက်ရတယ်။ အဲဒီတော့ အခက်အခဲက စာရိုက်တဲ့သူမှာ အခက်အခဲ အများကြီး ရှိပါတယ်။ မီးမလာလို့ စာရိုက်လို့မရတဲ့ အခြေအနေတွေ၊ ဒီကြားထဲက ကျနော်တို့က လုပ်ရတာ။ အဲဒီတော့ တဖက်က ကျနော်တို့ကို ခွင့်ပြုတာက ဒီနေ့နဲ့မနက်ဖြန်။ အဲန်ကယ်လ်တို့က မနက်ဖြန် မတွေ့နိုင်ဘူး။ ဘာမှ ပြင်ဆင်မှုမရှိဘဲနဲ့ တွေ့တာလဲ အဓိပ္ပါယ်မရှိဘူးလေ။ အဲဒါကြောင့် ရက်တွေ ပြင်ပေးဖို့ အဲန်ကယ်လ်တို့ စာထက်တင်ခဲ့တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးတရားခွင် ရုံးချိန်းကို နောက်တပတ် သောကြာနေ့ ဂျူလိုင်လ ၂၄ ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီတရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာပြည်ရဲ့ တရားရုံးတော်က ဘယ်လို ဆုံးဖြတ်ချက် ချလိုက်မလဲ ဆိုတာကို ပြည်တွင်းမှာလည်း စိတ်ဝင်စားနေကြသလို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်လို့ စစ်အစိုးရအပေါ်မှာလည်း ဖိအားပေးမှုတွေက ရှိနေတော့ အခုအချိန်ဟာ စစ်အစိုးရအတွက်လည်း အတော်လေး အကြပ်ရိုက်မယ့်အချိန်လို့လည်း ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ ဒီတရားခွင်ဟာ လုံးဝ မျှတမှု မရှိဘူးလို့ ခံယူထားပြီး အခါတိုင်းလို ကျန်းကျန်းမာမာပဲလို့ ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ တရားဥပဒေ ဘယ်လောက်ဆိုးမိုးမှုရှိတယ် ဆိုတာကို မကြာခင် ဒီအမှု က သက်သေပြလိမ့်မယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ကျန်းမာရေး အခြေအနေ ကောင်းပါတယ်ခင်ဗျ။ သူက အဆိုးဆုံးကိုပဲ မျှော်လင့်ပြီးတော့ ပြင်ဆင်ထားတယ်။ ဘယ်လိုဖြစ်လာမယ် မဖြစ်လာဘူး နုတ်က မပြောပါဘူး။ အဆိုးဆုံး ဖြစ်လာရင်လည်း ရင်ဆိုင်နိုင်ဖို့ပဲ ပြင်ဆင်ထားတဲ့ သဘော ရှိပါတယ်။ ဥပဒေရှုထောင့်သဘောက ပြောရင်တော့ Defense အတွက် အတော်ကို ကောင်းတဲ့အမှုပဲလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။ ကျနော်တို့ဆီမှာ တရားဥပဒေ စိုးမိုးမှု ဘယ်လောက်ရှိလဲဆိုတာ ဒီအမှုရဲ့ နောက်ဆုံးအဖြေကို ကျနော်တို့ကြည့်ပြီးတော့ ပြောကြရမှာပါ။ တရားဥပဒေ စိုးမိုးမှု ဆိုတာ လူတိုင်းအတွက်ပါ။ ပုဂ္ဂိုလ် တဦးတယောက်အတွက် မဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ဟာက ဒီအမှုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာလည်း လက္ခဏာတခု အနေနဲ့ ကြည့်ဖို့လိုပါလိမ့်မယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ က နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေအိမ်အကျယ်ချုပ်သက်တမ်း ဖောက်ဖျက်မှုနဲ့ အခုလို တရားစွဲဆိုနေတာ ဖြစ်ပါတယ်။ သူ့အမှုကို မေလ ၁၈ ရက်နေ့မှာ စတင် ကြားနာခဲ့တာဖြစ်ပြီး နောက်တပတ် သောကြာနေ့ဟာဆိုရင် နှစ်ဖက်ရှေ့နေတွေကနေ အပြီးသတ် လျှောက်လဲပြီး ဆုံးဖြတ်ချက် ချရမယ့်နေ့ ဖြစ်ပါတယ်။

လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ


လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ


ဧရာဝတီ
စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ

အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။

ဥရောပရှိ မြန်မာ့အရေးဆောင်ရွက်နေသူများမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်

ဥရောပရှိ မြန်မာ့အရေးဆောင်ရွက်နေသူများမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်(၁၂.၀၇.၀၉)တွင် Online-အစည်းအဝေး အနေဖြင့် အောက်ပါအစီအစဉ်အတိုင်း ဆွေးနွေး ခဲ့ကြပါတယ်။မြန်မာအရေးစိတ်ဝင်စားသူမည်သူ မဆို လည်း ပါဝင်ဆောင်ရွက်ကြရန်၊ တိုက်တွန်းနိုးဆော်ခဲ့ကြပါတယ်။July Online 1

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ရွေးလွှတ်ဖို့ ကင်တားနား တောင်းဆို

15 July 2009 VOA

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကနေ မြန်မာစစ်အစိုးရကို တောင်းဆိုနေတာဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ပဲ ဖြစ်ပြီး သာမန် ရာဇ၀တ်အကျဉ်းသား ကိစ္စ ပြောဆိုနေတာ မဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနား က ပြောလိုက်ပါတယ်။ မစ္စတာကင်တာနားကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့၊ မိမိရဲ့အခြေခံရပိုင်ခွင့်ကို ကျင့်သုံးမိလို့ အကျဉ်းကျတဲ့ အကျဉ်းသားမျိုးတွေနဲ့ ရာဇ၀တ်ပြစ်မှုနဲ့ ကျတဲ့ သာမန် အကျဉ်းသားမျိုးတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား က အသေအချာ ခွဲခွဲခြားခြား ပြခဲ့ပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပြတဲ့သဘော အကျဉ်းသားတွေ လွတ်ခဲ့ဖူးတာရှိပေမယ့် .. တကယ်တမ်းတော့ ရာဇ၀တ်မှုနဲ့ အကျဉ်းသားတွေက အများစုဖြစ်ပြီး၊ အခုနပြောတဲ့ နိုင်ငံရေးလုပ်လို့ကျတဲ့ အကျဉ်းသားတွေက မဖြစ်စလောက်ပဲ ပါဝင်တယ်လို့ မစ္စတာ ကင်တာနားက သူအတွေ့အကြုံနဲ့ယှဉ်ပြီး ဗွီအိုအေကို ပြောပြပါတယ်။

“ဖေဖော်ဝါရီလ အတွင်း ကျနော် မြန်မာနိုင်ငံသွားအပြီး ပြန်အလာမှာ အစိုးရက အကျဉ်းသား ၉,၀၀၀ လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၃၉ ဦးပဲ ပါဝင်ပါတယ်။ ကျနော် အစိုးရကို အသေအချာ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာက ကိုယ့်နိုင်ငံရေး ယုံကြည်ချက် ခံယူချက်ကြောင့် လှုပ်ရှားရင်း အဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လွှတ်ပေးပါ.. ဆိုတာပါပဲ။ သာမန် ရာဇ၀တ် အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းနေတာ မဟုတ်ပါဘူး။ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးတာကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရသူတွေကို လွှတ်ပေးဖို့ တောင်းနေတာပါ။”

မြန်မာအစိုးရဟာ အဲဒီတုန်းကလည်း နိုင်ငံတော်သစ် တည်ဆောက်ရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ဆိုပြီး ရာဇ၀တ်အကျဉ်းသားတွေကို အများအပြား လွှတ်ပေးခဲ့တာပါ။ ဒါကြောင့်လည်း အခု မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာကိုယ်စားလှယ်က လုံခြုံရေးကောင်စီမှာ ပြောကြားတဲ့အပေါ် - ဘယ်လို လူမျိုးတွေကို လွတ်ပေးမှာလဲ၊ သာမန် ရာဇ၀တ်သားတွေကိုပဲ ထပ်လွှတ်ပေးမှာလား ဆိုတာ မစ္စတာကင်တာနား နည်းတူ မြန်မာ့အရေး လေ့လာသူတွေရော မြန်မာ့အရေး လှုပ်ရှားသူတွေပါ သံသယ ရှိနေကြပါတယ်။ မစ္စတာ ကင်တာနားကတော့ မြန်မာကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ အပြုသဘော တုံ့ပြန်တာလို့ ယူဆစရာ ရှိပေမယ့် တကယ် ရည်ရွယ်ရင်းကိုတော့ ကြည့်ရလိမ့်မယ်လို့ ပြောပါတယ်။

“အစိုးရဖက်က အပြုသဘော တုံ့ပြန်ချက်လို့ ယူဆပါတယ်။ ဒါပေမယ်လို့ သူတို့ ဘာကို ရည်ရွယ် ဆိုလိုပြောချင်တာလဲ ဆိုတာတော့ ကြည့်ရပါမယ်။ သူတို့ ဘယ်သူတွေကို လွှတ်မယ်ပြောတာလဲ၊ ဘယ်တော့ လွှတ်မှာလဲ၊ တကယ်တော့ ကျနော်တို့ ဘာမှ မသိရပါဘူး။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တဦး အနေနဲ့ ကျနော်တို့ဖက်က လွှတ်စေချင်တဲ့ ယုံကြည်မှုကြောင့် အကျဉ်းကျသူများ စာရင်းကို အစိုးရကို ပေးထားပြီးသားပါ။ ဒါကြောင့် အတွင်းရေးမှုးချုပ် အနေနဲ့ရော ကျနော့်အနေနဲ့ပါ တောင်းဆိုထားချက်တွေကို စစ်အစိုးရဖက်က ဘယ်လောက် လိုလိုလားလား ရှိသလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည်ဖို့ လိုပါတယ်။”

လက်ရှိအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဉ်းကျနေသူ ၂,၁၀၀ ကျော် ရှိနေပြီး ဒီ စာရင်း အတိအကျ ကိုလည်း လူ့အခွင့်အရေး အဖွဲ့တွေရော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကပါ ပြုစုထားရှိပါတယ်။ မြန်မာအစိုးရဖက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတာကိုပဲ အထပ်ထပ် ငြင်းဆန်နေဆဲပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ လာမယ့် အောက်တိုဘာ အထွေထွေ ညီလာခံ မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း အခုအချိန်အထိတော့ မြန်မာအစိုးရဖက်က လာရောက်နိုင်မယ့် အချိန် တရားဝင် အကြောင်းပြန်တာမျိုး မလုပ်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အပါအ၀င် မစ္စတာ ကင်တာနား အနေနဲ့ မြန်မာအစိုးရကို အကြံပြု တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာအစိုးရအနေနဲ့ ဘယ်လောက် လိုက်လျောဆောင်ရွက်နိုင်ပြီလဲ ဆိုတာကို သူ့အနေနဲ့ သုံးသပ်အကဲဖြတ်ပြီး လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အစီရင်ခံစာ တင်သွင်းသွားဖို့လည်း ရှိတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

သစ္စာ


သစ္စာ

အမျိုးသားရေးအတွက်

အသက်ပေးသွားသော ရဲဘော်များအား

တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်

ကျွန်ုပ်၏သွေး မနီသေးလျှင်

အသင်တို့ သွေး ပက်ဖြန်းပေး၍

ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်

ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု

မထောက်မညှာပြုမိပါလျှင်

အသင်တို့ ၏ မညွတ်ပျောင်းသော

ခွပ်ဒေါင်းလက်ဖြင့်

ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်

ကျွန်ုပ်အသက်လမ်းတဝက်မှ ပေးဆပ်ရလည်း

လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ

တာဝန်တရပ်ကျေပြွန်မှတ်၍

ထပ်ဆင့်ပျော်ဝင် ကျွနိုပ်ဝိညာဉ်သည်

ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍

သင်တို့ ရှိရာ ကျွန်ုပ်လာမည်

ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။

မင်းတို့မည်သည်

ပထမမြန်မာနိုင်ငံတော် တည်ထောင်သူ မင်း အနော်ရထာ
ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး
မြန်မာပြည်ရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းနဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်
အင်းဝခေတ်တွင် ဘုရင့်မင်းခေါင် ထီးနန်း တက် တော်မူ သော အခါ ပညာရှိ အမတ်ကြီး စည်းတပစ် ကို ခေါ်ပြီး"အဘိုး ...မင်း တို့မည်သည် အဘယ်သို့ကျင့်သော် ပြည်တွင် ငြိမ်းချမ်း သာယာ ၀ပြော အံ့နည်း" ဟု မေး တော်မူ တယ်။ ထိုအခါ ပညာရှိ အမတ်ကြီးက ပြည်ကြီးဧ၊် အရှင် ဖြစ် တော် မူသော မင်းကောင်း မင်းမြတ်တို့ ဟူသည်
  1. ပြည့်တံခွန်ကို မလှဲရာ
  2. ပြည့်ဦးကင်းကို မနှိမ်ရာ
  3. ပြည့်စွယ် ပြည့်သွားကို မချိုးရာ
  4. ပြည့်မျက်လုံးကို မနိုက်ရာ
  5. ပြည့်ခြေ ပြည့်လက်ကို မဖြတ်ရာ
  6. ပြည့်ဝမ်းကို မဖောက်ရာ
  7. ပြည့်ကျေးဇူကို မထိမ်ရာ.
စသည်တို့ကို ကျင့်တော်မူရာ ဖြစ်ကြောင်း လျှောက်ထားတော်မူပါတယ်။ ထို့အပြင် ပြည်ရွာ စည်ပင် အပ်ရာ သော "အပရိဟာနိယ" တရားခုနှစ်ပါးကို ရွှေစိတ်နှလုံးထား ကျင့်သုံးရန် လည်း အကြံပြုပါတယ်။ အထို အပရိဟာနိယ တရားခုနှစ်ပါးတွင် တရားရေးစီရင်မူများတွင် ပညာရှိများနှင့် မပြတ်တိုင်ပင် အကြံယူအပ်ရာသည် လည်း တစ်ပါး၊ ပြည်သူ့သားသမီးတို့ကို နိုင့်ထက်စိုးကဲ အနိုင်အထက် မပြုမူ မယူငင်သင့် သည်လည်း တစ်ပါး၊ ရဟန်းသံဃာတော်တို့ကို ကောင်းစွာ စောင့်ရှောက်တော်မူသင့်သည်လည်း တစ်ပါး စသည် များစွာ ပါရှိပါတယ်လို့ ရှေးသမိုင်း ကျမ်းစာမှာ ဖော်ပြပါရှိပါတယ်။

အထက်ပါ ဒီစာလေးကို ဖတ်ရတဲ့အခါ ကျွန်မတို့ မြန်မာနိုင်ငံသည် ရေမြေ့သနင်း ပြည့်ရှင်မင်းတို့ အစဉ်အဆက် စိုးစံခဲ့ရာ ဘုရင် စနစ် ကျင့်သုံးခဲ့ရာ မင်းနိုင်ငံ ဖြစ်တဲ့ အတွက် မြန်မာပြည်က ရှေးမင်း အဆက်ဆက် တို့ရဲ့ ကျင့်ကြံကြိုးကုတ် အားထုတ် ခဲ့သော မင်း ကျင့်ဝတ် တို့ကို ပြန်ပြောင်း အောင်းမေ့ မိပါတယ်။ ကျွန်မတို့ခေတ်နဲ့ အနီးစပ်ဆုံး မင်းတုန်းမင်း ဘုရားကြီး လက်ထက် တော်က ရတနာပုံ နေပြည်တော် သတင်းစာ ထုတ်ဝေရာ တွင် ပင် ငါမကောင်း ရင် ငါ့ကိုရေး ငါ့မိဖုရား မကောင်းရင် ငါ့မိဖုရားကို ရေး လို့ မင်းကျင့်ဝတ်နဲ့ အညီ သတင်းစာ လွတ်လပ်ခွင့် အပြည့် ပေးတော်မူခဲ့ဖူးတယ်။
ဒါကတော့ မြန်မာပြည်ရဲ့ မင်းအဆက်ဆက် လက်ဖျားခါရတဲ့ စွမ်းအားရှင်များရဲ့ သခင် နေပြည်တော်ပြည့်ရှင် မင်းရူး

အခုလက်ရှိ တို့တိုင်းပြည် တို့ပြည်ရွာမှာတော့ နေပြည်တော်ကြီး တည် ဥမှင် လိုဏ်ခေါင်းတွေ ဖောက် ကြွက်တွင်းတွေ ဆောက်ပြီး မင်းလုပ်မယ်ဟဲ့လို့ ဘုရားထူးခိုင်းပြီး မင်းရူးရူး နေပေမယ့် လောကပါလ တရားဆိုတာ လားလားမှ မသိ တရားမရှိတဲ့သူတွေက တိုင်းပြည် အုပ်ချူပ် မင်းလုပ်မတဲ့လေ။

သို့ပေမယ့် အချူပ် အခြာ အာဏာပိုင် မမည်ပဲ အာဏာကိုင်အဖြစ်နဲ့သာ သားစဉ်မြေးဆက် မိသားစုလိုက် ဘ၀င်မိုးထိုး ပြီး ကိုယ့်ကိုကိုယ် မင်းဂုဏ်မောက်နေကြလေရဲ့။ တိုင်းပြည်ကို အုပ်ချူပ်မယ် ကြံပေမယ့် မင်းကျင့်ဝတ်နဲ့ မလျော်ညီ ပညာရှိကို ပစ်ပယ် ချောင်ထိုး ပြည်သူကို နိုင့်ထက်စီးနင်း နှိပ်စက်ခြင်း ပြုရုံ အားမရလို့ ဘုရားသားတော်ကိုတောင် သွေးမြေကျအောင် လူမဆန် လွန်းတဲ့ အတွေးအကြံ လုပ်ရပ်တွေကို မနေမနား လုပ်နေပြန်တယ်။ အဲ့သလို မင်းရူးတွေက တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်မယ် ကြံနေတဲ့ မကြံကောင်း မစည်ရာ မိုးကြိုးပစ်မယ့် အတွေးဖြစ်လို့ ဘုရားတောင် ပြိုကျတဲ့ အတိတ်နမိတ်ဆိုးတွေ ပြနေပြီဆိုမှတော့ အာဏာရူး မင်းရူး တဲ့ အရူးအနှမ်း လုပ်ရပ်တွေ ကြောင့် တိုင်းပြည်တ၀ှမ်း ပြည်သူတွေလည်း မောပမ်းနေပြီမို့ ဒင်းတို့ ရပ်တန်းက ရပ်သင့်နေပါပြီ။
မဆုမွန် blogမှကူးယူဖော်ပြပါသည်။

တက္ကသိုလ်မှာကြွေတဲ့နှင်း

တက္ကသိုလ်မှာကြွေတဲ့နှင်း
အောင်သာငယ်

ဇူလိုင် ၇၊ ၂၀၀၉ မိုးမခ

“နှင်း”ရေ့
မင်းဟာ
ဖောက်ခွဲခံရလို့သာ
ပေါက်ကွဲခဲ့တာပါ...
ဒါပေသည့်
ပူဖေါင်းတလုံးမဟုတ်
ဗုံးတလုံးကွယ့် ...


သွေးစက်တွေအကြောင်း
ငါ မပြောဘူး...

အဝေးဆုံး မပျံခင်
ခေါက်သိမ်းခံရတဲ့
မင့်ရဲ့ တောင်ပံတစုံအကြောင်း...

တညတာ အတွက်
ရက်ပေါင်း ၇၀၀
မငိုဖူးတဲ့ မင့်မျက်လုံးတွေအကြောင်း...

အချိန်တိုင်းမှာ
လက်ညှိုးကွေးတတ်သူတွေကို
ပြန်ထိုးရဲခဲ့တဲ့ မင့်လက်ညှိုးတွေအကြောင်း...

ရေတံခွန်ကို
လွန်ဆန်တက်တဲ့ ဆယ်လမွန်ငါးကို
မစားသောက်ခဲ့တဲ့ မင့်အကြောင်း...

ထမင်းတလုပ် အစား
ယုံကြည်ချက်များကို
နံကြားညှပ်ခဲ့တဲ့ မင့် ပြက္ခဒိန်တွေအကြောင်း...

မြူတွေမှုန်တဲ့
မြေလမ်းဖုန်ဖုန်လေးမှာ
တိတ်တဆိတ်ထားခဲ့တဲ့ မင့်ခြေရာတွေအကြောင်း...

မမြင်ရတော့တဲ့
ကျောင်းနံရံ တ၀ိုက်က
မင့်ရယ်မောလိုက်တဲ့ အသံချိုချိုတွေအကြောင်း...

စိန်ပန်းပြာတွေကို
လေးဆယ့်ခုနှစ် ကြိမ်မြောက်
တမ်းတတဲ့ညမှာ
မင့်ကိုလည်း လွမ်းလိုက်ရပါရဲ့
“နှင်း”ရေ့... ။ ။

(၄၇) နှစ်မြောက် ၇ ဇူလိုင် အထိမ်းမှတ်အခမ်းအနား ကျင်းပ

(၄၇) နှစ်မြောက် ၇ ဇူလိုင် အထိမ်းမှတ်အခမ်းအနား ကျင်းပ


ယနေ့ကျရောက်သည့် (၄၇) နှစ်မြောက် ၇ ဇူလိုင် အထိမ်းမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းများမှ ဧည့်သည်များနှင့် ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ (ဗကသ) နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင်က "မြန်မာပြည်မှာ မတရားတဲ့ ဘယ်စနစ်တွေ ဘယ်လိုတည်မြဲတည်မြဲ ကျနော်တို့ ကျောင်းသားထုဟာ လူထုရှေ့က အမြဲတမ်း တိုက်ပွဲဝင်မယ်၊ ဘယ်လောက်ပဲ မောင်းပြန်သေနတ်တွေနဲ့ ပစ်ပစ်၊ ဘယ်လောက်ပဲ ရက်စက်ရက်စက် မားမားမတ်မတ် တိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို မမေ့မပျောက်ဖို့ ဒီအခမ်းအနားကို ကျင်းပရတာဖြစ်တယ်" ဟု ပြောသည်။

(၄၇) နှစ်မြောက် ၇ ဇူလိုင် အခမ်းအနားမြင်ကွင်း

(၄၇) နှစ်မြောက် ၇ ဇူလိုင် အခမ်းအနားမြင်ကွင်း (ဓါတ်ပုံ - ရိုးမ ၃)

မြန်မာပြည်နိုင်ငံရေးတလျှောက်တွင် မတရားသည့် အစိုးရမှန်သမျှ တော်လှန်ခဲ့သည့် ကျောင်းသားစိတ်ဓါတ်၊ သမဂ္ဂစိတ်ဓါတ်ကို နောက်မျိုးဆက်များအတွက် လက်ဆင့်ကမ်းသွားရမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောသည်။

"အဲဒီလို ကျောင်းသားစိတ်ဓါတ်တွေကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ တိုက်ပွဲဝင်သွားနိုင်ဖို့အတွက်လည်း ကျနော်တို့ မမေ့မပျောက်နဲ့ကျင်းပတာဖြစ်တယ်၊ နောင်နှစ်ပေါင်း ဘယ်လောက်ကြာကြာ ဒီနေ့ရဲ့ အမှတ်တရတွေက ပျောက်ပျက်မေ့သွားမှာ မဟုတ်ပါဘူး" ဟု ကိုမင်းနိုင်က ဆက်ပြောသည်။

ယနေ့သည် စစ်အာဏာရှင်လက်အောက်တွင် ကျောင်းသူကျောင်းသားများ ပထမဆုံး သွေးမြေကျခဲ့ရသည့် ကျောင်းသားလှုပ်ရှားမှု ၄၇ နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပြီး အဆိုပါလှုပ်ရှားမှုအတွင်း သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးလည်း မိုင်းခွဲ၍ ဖြိုချဖျက်ဆီးခံခဲ့ရသည်။

အခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသားတဦးက "ဒီအခမ်းနားကို တက်ရောက်လာရတဲ့အတွက် ကျနော်မမှီလိုက်တဲ့ ကျောင်းသားသမိုင်းကို သိခဲ့ရပါတယ်၊ လက်နက် ဘာမှမရှိတဲ့ ကျောင်းသားတွေကို အစိုးရက ဘာကြောင့်သတ်ခဲ့တယ်ဆိုတာကို ကျနော် သိရှိခဲ့ရတယ်၊ ကျောင်းသားတွေကို လွတ်လပ်ခွင့်တွေ မပေးတဲ့အတွက် အားလုံး လွတ်လပ်အောင် ကျောင်းသားတွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတာတွေကို သိရှိခဲ့ရပါတယ်" ဟု ပြောသည်။

ကျောင်းသားကျောင်းသူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအပါအဝင် ဒီမိုကရေစီလမ်းကြောင်း လျှောက်လိုကြောင်းဖော်ပြသည့် လုပ်တွေ့လုပ်ဆောင်ချက်များ မလုပ်လာမချင်း ဇူလိုင် (၇) ရက် အရေးတော်ပုံစိတ်ဓါတ်နှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း (ဗကသ) နိုင်ငံခြားရေးရာကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“အသံ ညီ ပြီး အလုပ် တူ ဖို့” အတွက် “အမြင် တူ ပြီး အတွေး ညီ ကြပါစို့”

“အသံ ညီ ပြီး အလုပ် တူ ဖို့” အတွက် “အမြင် တူ ပြီး အတွေး ညီ ကြပါစို့”

အပိုင်း ၁

မောင်ရွှေ

ဇူလိုင် ၄၊ ၂၀၀၉ မိုးမခ

၁။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုအရှေ့ ထွက်ခွင့်ကြုံလိုက်တဲ့ အချိန်၊ နအဖရဲ့ တရားစွဲမှုကို ရင်ဆိုင်နေရတဲ့ ဘ၀မှာဘဲ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲ သွားနိုင်အောင် ဆောင်ရွက် ပေးနေပါ တယ်။ နအဖရဲ့ မတရားတဲ့ အမိန့် အာဏာများနဲ့ ပျက်ဆီးနေတဲ့ တရားစီရင်ရေး စနစ်များကို နိုင်ငံတကာ အလယ်မှာ ကွက်ကွက် ကွင်းကွင်း မြင်လာအောင် ပြသနိုင်ခဲ့ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့ ဒီမိုကရေစီအရေး လက်တွဲညီညီ ဆောင်ရွက်ကြဖို့ အတွက် ဆရာဦးဝင်းတင်က အလွန် အဓိပ္ပါယ်ရှိတဲ့ စကားနှစ်ခွန်း ပြောခဲ့ပါပြီ။ “နိုင်ငံရေးသစ်” နဲ့ “အလုပ်တူဖို့ အသံတူဖို့လိုပြီ” ဆိုတဲ့ စကားတွေပါ။

၂။ န၀တ၊ နအဖလက်ထက် အနှစ် (၂၀)ကျော် ကာလအတွင်း တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားဖို့ ကြိုးပမ်းခဲ့ရတဲ့ သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ဒီစကားလုံးတွေဟာ အလွန် အဓိပ္ပါယ်ရှိနေတာကို စေ့စေ့တွေးလေ ပိုပီပြင်လာလေပါဘဲ။ အလုပ်တူဖို့၊ အသံတူဖို့အတွက် နည်းလမ်းများကို စဉ်းစားကြည့်တဲ့အခါ အတွေး၊ အမြင်တွေ တူညီဖို့က ဆုံချက် နေရာမှာ ရှိနေ တယ်လို့ ယူဆမိပါတယ်။ ဒီမိုကရေစီဆိုတာ လူထုအတွက် လူထုကိုယ်တိုင် လူထုအားနဲ့ ဆောင်ရွက်ကြရတဲ့ အလုပ်တစ်ခုမို့ မြန်မာဒီမိုကရေစီအရေးမှာလည်း ဆုံချက် ဖြစ်တဲ့ အမြင်လည်း တူညီ၊ အတွေးလည်း တူညီနိုင်ဖို့အရေး လူထုအတွက် အထောက်အကူတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ယခုဆောင်းပါးကို ရေးမိပါတယ်။


အာဏာရှင်စနစ်တိုက်ဖျက်ရေး

၃။ ယနေ့ မြန်မာ့နိုင်ငံရေး မြင်ကွင်းကို ကြည့်ရင် အာဏာရှင်စနစ်ကို တည်မြဲနေအောင် ဘက်စုံထောင့်စုံကနေ ကြိုးပမ်း နေကြတဲ့ နအဖစစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေ၊ အာဏာရှင်စနစ်က လွတ်မြောက်ပြီး တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးလာစေဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားနေသူများရဲ့ လှုပ်ရှားမှုတွေကို အထင်းသား တွေ့ရမှာ ဖြစ်ပါ တယ်။ ၁၉၆၂ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင် စနစ် ပေါ်ပေါက်ခဲ့ရတဲ့ အချိန်ကစပြီး ယနေ့ အချိန်အထိ ကျနော်တို့ တိုင်းပြည်ကို အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် ကြိုးစားခဲ့ကြတဲ့ သမိုင်းမှာ တော်လှန်ရေး အသွင်နဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသလို တဖြည်းဖြည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲလာစေဖို့ ကြိုးပမ်း ခဲ့ကြသူများကိုလည်း တွေ့မြင်နိုင်ပါတယ်။

၎။ တဖြည်းဖြည်း ပြောင်းလာနိုင်မလားလို့ ကြိုးစားခဲ့သူများ တဖြည်းဖြည်းခြင်း ဘေးရောက်သွားတာကို ရာစုနှစ် တ၀က်နီးပါး ရှိလာပြီဖြစ်တဲ့ ကျနော်တို့နိုင်ငံက အာဏာရှင်စနစ်အတွင်းမှာ တွေ့ခဲ့ရပေါင်း များလှပါပြီ။ အယူအဆ မတူသူကို လက်မခံ၊ အလိုတော်ကျ လုပ်မည့်သူများကိုသာ နေရာပေး၊ အရာရာကို သံသယနဲ့ ကြည့်ကြတဲ့ အာဏာရှင်တွေရဲ့ အနားမှာ ပြုပြင်ပြောင်းလဲလိုသူများဟာ ကြာကြာနေလို့ မရနိုင်ပါဘူး။ ကြာကြာ နေသွားတဲ့ သူတွေကလည်း အစကသာ ပြုပြင်ရေးစကား ပြောပြီး နောက်ပိုင်းမှာ အာဏာရှင်ရဲ့ လက်ဝေခံများ အဖြစ် ပြောင်းလဲ သွားကြပါတယ်။ တော်လှန်ရေး အသွင်နဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာတွေကို ကြည့်ရင် လူထုအားနဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့မှုတွေနဲ့အတူ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းများနဲ့ ကြိုးစားမှုတွေကို ကျနော်တို့ နိုင်ငံမှာ အထင်အရှား မြင်တွေ့ခဲ့ရ ပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်စနစ်က ခိုင်မြဲလျက် ဖြစ်ပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး ကြိုးပမ်းမှု နည်းလမ်းများ အနက် လူထု အင်အားကို အသုံးပြုလို့ လူထုတော်လှန်ရေး အသွင်နဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးစားပေး လေ့လာသုံးသပ်သွားပါမယ်။

လူထုအားနဲ့ တော်လှန်ခြင်း

၅။ အာဏာရှင်စနစ်ကို လူထုအားနဲ့ တော်လှန်ဖို့ ကြိုးစားကြရာမှာ အဆင့်(၃)ဆင့်ကို အောင်မြင် ပြီးမြောက်ဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။ ပထမအဆင့် ကတော့ နိုင်ငံအတွင်း တစ်နေရာရာမှာ လူတန်းစားတစ်ခုက အစပြုတဲ့ ဆန္ဒပြုတောင်းဆိုမှု စတင် ဖြစ်ပွားခြင်းပါ။ ဥပမာ ကျောင်းသားတစ်စု၊ သံဃာတစ်စု၊ အလုပ်သမားတစ်စု စသဖြင့်ပေါ့။

လူထုတော်လှန်ရေးရဲ့ ပထမအဆင့်သည် ရုတ်တရက်ပေါ်လာတဲ့ အခြေအနေတစ်ခု Trigger တစ်ခု အပေါ် အခြေခံကာ စတင်ဖြစ်ပွားလေ့ ရှိပါတယ်။ အဲဒီအဆင့်မှာ အာဏာရှင်က နည်းမျိုးစုံသုံးပြီး နှိမ်နင်းပါတယ်။ သူ့ရဲ့ အယုံကြည်ဆုံး တပ်ဖွဲ့တွေကိုထုတ်သုံးပြီး နှိမ်နင်းကြပါတယ်။ မနှိမ်နင်း နိုင်လို့ ဖြစ်စေ၊ အဲဒီ အင်အားသုံး နှိမ်နင်းမှုပေါ် လူထုက အမျက်ဒေါသ ထွက်လာလို့ဖြစ်စေ၊ လူထုအတွင်း စည်းရုံး စုစည်းထားမှု အားကောင်း နေလို့ဖြစ်စေ လူတန်းစားအစုံ ထပ်မံပါဝင်လာပြီး နိုင်ငံတစ်ဝှမ်း လူထုအင်အားနဲ့ ဆန္ဒပြ တောင်းဆိုမှုတွေ ပျံ့နှံ့ လာတဲ့အဆင့်ကို ဒုတိယအဆင့် လို့ သတ်မှတ်ပါတယ်။

ဒီအဆင့်ရောက်ရင် အာဏာရှင်များက တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ ဆန္ဒပြ တောင်းဆိုမှုများ အတွက် သူ့ရဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့ စတာတွေကို တစ်နိုင်ငံလုံး ဖြန့်ထုတ် လိုက်ရ ပါတယ်။ အဲဒီဖြန့်ထုတ်လိုက်တဲ့ သူ့တပ်ဖွဲ့တွေ၊ အစိတ်အပိုင်းတွေထဲက အချို့က လူထုနဲ့ ပူးပေါင်းပြီး အာဏာရှင်ကို အာခံလိုက်ကြတယ်၊ တဖန် အဲဒီ တပ်ဖွဲ့တွေနဲ့ အခြားတပ်ဖွဲ့တွေ အနှေးနဲ့ အမြန် ပူးပေါင်းမိလာကြပြီးတော့ လူထုနဲ့ စစ်တပ်ကပါ အာဏာရှင်ကို တော်လှန်လိုက်ကြတဲ့ အဆင့်ကို တတိယအဆင့် လို့သတ်မှတ်ကြပါတယ်။ အဲဒီ တတိယအဆင့်ကို အောင်မြင်စွာ ဆင်နွဲနိုင်မှသာ အာဏာလွဲပြောင်းမှုကို မြင်တွေ့ ရပြီး လူထုအားနဲ့ အာဏာရှင် စနစ်ကို ဖြုတ်ချတဲ့ လူထုတော်လှန်ရေးတစ်ရပ် အောင်ပွဲခံလိမ့်မယ်လို့ ဆိုပါတယ်။

၆။ အာဏာရှင်စနစ်ကို ပြိုလဲသွားအောင် လူထုအားနဲ့ တိုက်ဖျက် အနိုင်ယူနိုင်ခဲ့ကြတဲ့ နိုင်ငံများနဲ့ သူတို့ရဲ့ လူထုတော်လှန်ရေး ဖြစ်စဉ်များကို ကြည့်ရင် အထက်ပါ အဆင့် (၃)ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ ဆိုကြပါ တယ်။ ရုရှဇာဘုရင်ဖြုတ်ချခြင်း (၁၉၁၇)၊ အီရန်ရှားဘုရင်ကိုဖြုတ်ချခြင်း (၁၉၇၉)၊ ဖိလစ်ပိုင်အာဏာရှင် မားကိုစ် ဖြုတ်ချခြင်း (၁၉၈၆)၊ ရိုးမေးနီးယား အာဏာရှင် ချောင်ဆစ်စကူးကို ဖြုတ်ချခြင်း (၁၉၈၉)၊ စတဲ့ လူထု တော်လှန်ရေး များက အထက်ကပြောတဲ့ အဆင့် (၃)ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ အာဏာရှင်တွေ ပြုတ်ကျပြီး လူထုအောင်ပွဲရခဲ့တဲ့ သမိုင်းဝင် ဥပမာများ ဖြစ်ပါတယ်။

၈၈၈၈ လူထုတော်လှန်ရေး

၇။ ၁၉၈၈ခုနှစ် အရေးအခင်းကို ကြည့်ရင် ပထမအဆင့်ကို ကျောင်းသားများ ဦးဆောင်မှုဖြင့် စတင်နိုင်ခဲ့ပါတယ်။ အဲဒီ လူထုတော်လှန်ရေးရဲ့ ပထမအဆင့် ဖြစ်ပွားလာခဲ့ရတဲ့ အချက်များ Triggers များကို ကြည့်ရင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ပစ်ခတ် သတ်ဖြတ်ခံရခြင်း၊ တံတားဖြူမှာ ဆန္ဒပြ ကျောင်းသား ကျောင်းသူများကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နုင်းခဲ့ခြင်းများ ဖြစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဟာ တစ်စတစ်စ အရှိန် ကောင်းလာခဲ့တယ်။ တနည်းအားဖြင့် လူထု တော်လှန်ရေးရဲ့ ပထမအဆင့် အောင်မြင်စွာ ပေါ်ပေါက် လာခဲ့ပြီး ဒုတိယ အဆင့်ကို ရောက်အောင် တွန်းတင် ပေးလိုက်ပါတယ်။

၈။ ၁၉၈၈ခုနှစ်၊ သြဂုတ်လမှာတော့ နိုင်ငံတစ်ဝှန်းလုံးက လူတန်းစားအစုံ ပါဝင်လာခဲ့၊ ဆန္ဒပြခဲ့ကြပြီး စက်တင်ဘာလ အတွင်းမှာတော့ အစိုးရယန္တယားကို ရပ်ဆိုင်းသွားစေခဲ့တဲ့အထိ ဒုတိယအဆင့်ကို အောင်မြင်စွာ ရောက်ခဲ့ကြပါတယ်။ ပြည်သူ့ရဲနဲ့၊ တပ်မတော်သားအချို့လည်း ဆန္ဒပြမှုမှာ ပါဝင်လာခဲ့ကြပါပြီ။ အဲဒီလို တတိယအဆင့်အတွက် အစပျိုးနေချိန်မှာ အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တဖက်လှည့် အာဏာသိမ်းခိုင်းမှုကို ကြုံတွေ့ခဲ့ရပြီး တတိယအဆင့်ကို မရောက်နိုင်ခဲ့ပါ။

တတိယအဆင့်ကို ပီပီပြင်ပြင် ရောက်မသွားအောင် ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတစ်စုတို့ လုပ်ခဲ့တဲ့နည်းက ခေါင်းဖြတ်မှု၊ စက်ရုံ အလုပ်ရုံ ဖေါက်ထွင်းမှု၊ ထောင်ဖေါက်မှုများ လုပ်လိုက်ပြီး တပ်မတော်ရဲ့ အမြင်မှာ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများနဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုကို အကြမ်းဖက် ဆူပူမှုအဖြစ် အသွင်ပြောင်းပေးကာ တပ်ကို တွေဝေ သွားအောင်၊ လူထုနဲ့ ပူးပေါင်းမှု ဖြစ်မသွားအောင် ဟန့်တား လိုက်ပါတယ်။ တဖက်ကလည်း တိုင်းပြည် ငြိမ်သက်အောင် လုပ်ပေးဖို့ လိုနေပြီ၊ ဒီ့အတွက် တပ်မတော်က အာဏာ ရယူပြီး နိုင်ငံကို ထိန်းသိမ်းမှ ဖြစ်တော့မယ် ဆိုတဲ့ စကားနဲ့ စည်းရုံးလိုက်ပြီး အဆုံးသတ် ရလဒ်အနေနဲ့ န၀တ အာဏာသိမ်းမှုကို တပ်ရင်းတပ်ဖွဲ့များက လက်ခံအောင် လုပ်ယူလိုက်တာ ဖြစ်ပါ တယ်။

၉။ အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်မတော်နဲ့ လူထု ပိုဝေးသွားအောင် စကားနှစ်ခု ထဲ့လိုက်ပါတယ်။ “တပ်မတော် ဖြိုခွဲသူ တို့ရန်သူ” နဲ့ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ စကားလုံးတွေပါ။ လူထုရဲ့ ဆန္ဒနဲ့ သဘောထားတွေ တပ်မတော်ကို အသိပေးဖို့ ကြိုးစားသူကို တပ်မတော် ဖြိုခွဲသူလို့ စွပ်စွဲဖို့ စီစဉ်လိုက် ခြင်းပါ။ တဖက်ကလည်း အာဏာရှင်ရဲ့ တပ်တွင်းစည်းရုံးရေးများ တွင်တွင်လုပ်ပြီး တိုင်းပြည် ပြုပြင် ပြောင်းလဲရေး အတွက် လူထုရဲ့ ကြိုးပမ်းအားထုတ်မှုများကို အကြမ်းဖက်ဖြစ်စဉ်၊ တိုင်းပြည် ပြိုကွဲစေမယ့် လုပ်ရပ်များအဖြစ် ၀ါဒဖြန့်လိုက်ပါတယ်။ ပြင်ပကသတင်း တပ်အတွင်းကို မစီးဆင်းနိုင်အောင်လည်း ထောင့်စုံကနေ ပိတ်ကြပါတယ်။ နောက်နောင် လူထု တော်လှန်ရေးများ ဖြစ်ပွားလာခဲ့ရင် အဆင့်(၃)ကို ရောက်မလာနိုင်အောင် ကာကွယ်ထားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လူထု တော်လှန်ရေးများရဲ့ အောင်ပွဲခံနိုင်မယ့် အဆင့်ကို ကြိုတင်တားဆီးထားခြင်းပါ။

၁၀။ ၁၉၈၈အလွန် လူထုဆန္ဒပြမှုတွေကို လေ့လာကြည့်ရင် အများစုဟာ ပထမအဆင့်မှာဘဲ အာဏာရှင်ရဲ့ ရက်ရက် စက်စက် ဖြိုခွင်းတာ ခံခဲ့ကြရပါတယ်။ ဒုတိယ အဆင့်ကို အတိုင်းအတာ တစ်ခုအတိ ရောက်လာတယ်လို့ ပြောလို့ ရတာ ၂၀၀၇ခုနှစ် ရွှေဝါရောင် အရေးအခင်း ဖြစ်ပါတယ်။ သံဃာများ၊ ကျောင်းသား/သူများနဲ့ ဒေသခံ လူထု အချို့ ပါဝင်ခဲ့ကြပြီး မြို့ကြီး အတော်များများမှာ ဖြစ်ပွား ခဲ့ပါတယ်။ ဒါပေမယ့် တတိယအဆင့် မရောက်လိုက်ခင်မှာ ချေမှုန်းခံလိုက် ရပါတယ်။

ရလိုက်တဲ့ သင်ခန်းစာက လူထုအင်အားကို အခြေခံပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ စီစဉ်ကြမယ်ဆိုရင် ပထမအဆင့်ဖြစ်တဲ့ လူတန်းစားတစ်ခုက နိုင်ငံတစ်နေရာမှာ အာဏာရှင်ကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခြင်း၊ ဒုတိယအဆင့်အဖြစ် နိုင်ငံတစ်ဝှမ်းက လူထုကြီး ပါဝင်လာစေခြင်း၊ တတိယအဆင့် လူထုနဲ့ တပ်မတော် ပူးပေါင်းစေခြင်း၊ စတဲ့ အဆင့်(၃)ဆင့်အတွက် နည်းလမ်းများကို ရှာဖွေဖို့၊ ပြင်ဆင်ဖို့၊ အကောင်အထည် ဖေါ်ဖို့နဲ့ အဲဒီ အဆင့် (၃)ဆင့်ကို ဟန်ချက်ညီညီ ချိတ်ဆက် ပေးမယ့် Game Plan တစ်ခု ရှိနေဖို့ပါ တနည်းအားဖြင့် လူထုနဲ့ တပ်မတော် ပါလာနိုင်ချေ မရှိသေးပါက အဆင့်(၁)များမှာပင် ရပ်တန့်နေပြီး တော်လှန်ရေး မျိုးဆက်ပြုံးသွား နိုင်ချေနဲ့ ရင်ဆိုင်ရ နိုင်ပါတယ်။

ယနေ့ကာလ နိုင်ငံတစ်ဝှမ်းက လူထုကြီးပါဝင်စေဖို့

၁၁။ လူထုပါဖို့ဆိုရင် လူထုကဏ္ဍရဲ့ ယနေ့အခြေအနေကို လေ့လာ သုံးသပ်ကြရအောင်။ နအဖက လူထုကို အကြောက် တရား အောက်မှာ့ နေထိုင်ခိုင်းထားတာကို မြင်တွေ့နေရတော့ ရုရှ သိပ္ပံပညာရှင် ပါဗ်လော့ရဲ့ Condition Reflex ခေါ်တဲ့ ဇီဝကမ္မဆိုင်ရာ လေ့လာတွေ့ရှိချက်တစ်ခုကို ပြန်လည် သတိရမိ ပါတယ်။ သတ္တ၀ါတွေမှာ အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာဆိုတဲ့ အာရုံငါးပါးမှတဆင့် လှုံဆော်မှု (Stimulus) တွေ အဖန်တလဲလဲ ရခဲ့ရင် အဲဒီ ထိတွေ့ယဉ်ပါးလိုက်ရတဲ့ အခြေအနေ တစ်ခုအပေါ် အသိမဲ့တုန့်ပြန်မှုတွေ ပေါ်ပေါက်လာတဲ့ အကြောင်းကို လေ့လာ ဖေါ်ထုတ်ခဲ့တာပါ။

ယခုစာဖတ်သူအနေနဲ့ စိမ်းစားသရက်သီးကို ဆား၊ ငရုပ်မှုန့်များနဲ့ တို့စားဖို့ စိတ်ကူး ကြည့်စမ်းပါ။ စားလည်း စားခဲ့ဖူးတဲ့၊ စိမ်းစားသရက်သီးကို ကြိုက်လဲကြိုက်တဲ့သူဆိုရင် ပါးစပ်ထဲမှာ တံတွေးတွေ အလိုလို ထွက်လာပါလိမ့်မယ်။ ဒါဟာ စိမ်းစားသရက်သီးကို ဆားနဲ့ တို့စားခြင်း ဆိုတဲ့ အခြေအနေ (Condition) ကို စာဖတ်သူရဲ့ ခန္ဓာကိုယ်က မှတ်သားထားပြီးတော့ လိုအပ်တဲ့ တုန့်ပြန်မှုကို ခန္ဓာကိုယ်က အလိုအလျောက် ဆောင်ရွက်ပေးခြင်းပါ။ တနည်းအားဖြင့် စိမ်းစားသရက်သီးအတွက် အသိမဲ့ တုန်ပြန်မှု Conditional Reflex ခန္ဓာကိုယ်မှာ ရှိနေပြီလို့ ပြောလို့ရပါတယ်။

၁၂။ နိုင်ငံရေး နိုးကြားသူများ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူများ၊ အတိုက်အခံပါတီဝင်များကို ရိုက်နှက်၊ သတ်ဖြတ်၊ နှစ်ရှည် ထောင်ဒဏ်ပေးနေခြင်း၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပင် ဖျက်ဆီးခြင်း၊ စတဲ့ အခြေအနေတွေကို အမြင်၊ အကြား အာရုံများကတဆင့် လူထုအမှတ်သညာထဲကို အကြိမ်ပေါင်း များစွာ ရိုက်ထဲ့ ထားပါတယ်။ အဲဒီ အခြေအနေများ အတွက် လူထုအတွင်းမှာ ပေါ်လာခဲ့တဲ့ အသိမဲ့တုန့်ပြန်မှုတွေက နိုင်ငံရေး၊ ဒီမိုကရေစီ အရေးတွေမှာ ကိုယ်တိုင် ပါဝင်ဖို့ စိုးရိမ် ကြောက်ရွံ့တဲ့ စိတ်များ ပေါ်ပေါက်လာခြင်းပါ။

ဒီအတွက်ကြောင့် တုတ်တွေ၊ ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ လုံထိန်းများက လူထုမြင်ကွင်းမှာ လေ့ကျင့်ခန်းများ လုပ်ပြလိုက်ရင်၊ လုံထိန်း တွေ၊ စစ်သားတွေ အပြည့်နဲ့ ကားတန်းကြီး မြို့တစ်ပတ်လောက် မောင်းပြလိုက်ရင်ပဲ လူထုအတွင်းမှာ အကြောက် တရားများ အသိမဲ့စွာ ပေါ်ပေါက်လာကြရတာ ယနေ့ နအဖက လူထုအပေါ် ဖန်တီးထားတဲ့ နိုင်ငံရေး နိုးကြားမှု အခြေအနေအပေါ် အကြောက်တရား များ ဖြစ်ထွန်းစေတဲ့ Conditional Reflex အခြေအနေ မှန်ပါ။ အဲဒီ အခြေအနေ ကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်က လူထုတော်လှန်ရေးရဲ့ အဆင့်(၂)ကို ရောက်မလာအောင် ကာကွယ် ဟန့်တား ထားတာ ဖြစ်ပါတယ်။

၁၃။ ဒါပေမယ့် နအဖရဲ့ အဲဒီ အကြောက်တရား လှုံဆော်မှုတွေက လူထုအတွင်းမှာ မုန်းတီး နာကျည်းခြင်းများနဲ့ အမျက် ဒေါသတွေကို ယှဉ်တွဲ ဖြစ်ထွန်း စေပါတယ်။ ဒီ့အတွက်ကြောင့် လူထုအားကို အခြေခံတဲ့ လူထု တော်လှန်ရေး တစ်ခု ဖြစ်ပေါ်လာဖို့ ယနေ့အချိန်မှာ မလွယ်ဘူးလို့ ဆိုနိုင်ပေမယ့် လူထုရဲ့ အာဏာရှင်တွေအပေါ် ထားရှိတဲ့ အမျက်ဒေါသနဲ့ အမုန်းတရားတွေက ကြောက်ရွံ့ခြင်းကို ကျော်လွန်သွားပြီးဆိုရင် ဒေသစုံမှာ လူတန်စား ပေါင်းစုံ ပါဝင်တဲ့ လူထုတော်လှန်ရေး အဆင့်(၂) လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ သာဓက တစ်ခုအဖြစ် ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ အခြေအနေကို ပြန်မြင်ယောင် ကြည့်ရင် ရဟန်းသံဃာတွေနဲ့ အစပြုပြီး တစတစနဲ့ ကျောင်းသားတွေများလာ၊ နောက်ပိုင်း သောင်းသိန်းချီတဲ့ လူထုပါဝင်လာတာ မှတ်မိကြမှာပါ။

၁၄။ လူထုရဲ့ ထိရောက်စွာ ပူးပေါင်းပါဝင်လာစေဖို့ ဆောင်ရွက်ကြရမည့် အလုပ်တစ်ခုက ကြောက်ရွံ့ခြင်းကို လျော့နည်းသွားစေဖို့ ဆောင်ရွက်ခြင်းပါ။

တနည်းအားဖြင့် အသိမဲ့ တုန့်ပြန်မှုတွေ ရှိနေတဲ့ အခြေအနေတစ်ခုနဲ့ တဖြည်းဖြည်းခြင်း ထိတွေ့ပေးခြင်း၊ Desensitization လုပ်ပေးခြင်းပါ။ ယနေ့ NLD ပါတီဝင်များ လုပ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံဖြန့်ဝေခြင်းဟာ ကြောက်ရွံ့ခြင်းကို လျော့ပါးစေဖို့ ဆောင်ရွက်နေတဲ့ အလွန် ဉာဏ်သွားတဲ့ Desensitization လုပ်ငန်းတစ်ခု လို့ ပြောပါရစေ။ စစ်အစိုးရ ရဲ့ ပုံနိုပ်ထုတ်ဝေရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနဲ့ ဘောင်ခတ်ထားမှုကိုလည်း ကျော်လွှားသွားနိုင်ခဲ့ ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်သော စာရွက်စာတမ်းများ ကူးမပေးပါလို့ စာကပ်ထားပြီး စိုးရိမ်စွာနဲ့ အလုပ်လုပ်နေ ကြရတဲ့ လုပ်ငန်းရှင်များကို အကူအညီ တောင်းရခြင်းမှလည်း လွတ်ကင်းပြီး အောင်မြင်စွာ လုပ်သွားကြတဲ့ အလုပ်တစ်ခုမို့ ဓါတ်ပုံဖြန့်ချီရေး အတွေးပေါ်သူ များနဲ့ ဆောင်ရွက်နေသူများ အားလုံးကို လေးစား ချီးကျူးရပါတယ်။

၁၅။ ဓါတ်ပုံဖြန့်တဲ့ နည်းလမ်းအပြင် အခြားသော Desensitization နည်းလမ်း များကိုလည်း ဉာဏ်ကွန့်ကာ ထပ်မံ ဆောင်ရွက်ကြဖို့ လိုပါတယ်။ Desensitization ကို ဘယ်လောက် အတိုင်း အတာ အထိ လုပ်ရမှာလည်း လို့မေးရင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို မတရားတဲ့ အမိန့်အာဏာတွေကို တာဝန်အရ ဖီဆန်ကြမယ်ဆိုတဲ့ စိတ်ဓါတ်တွေ လူထုအတွင်းမှာ ကိန်းအောင်လာအောင် ဆောင်ရွက်နိုင်ပြီဆိုရင် လူထု တော်လှန်ရေး အဆင့်(၁)ကနေ အဆင့် (၂)ကို ကူးပြောင်းသွားနိုင်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ လူထုကြီး ရှိနေပြီလို့ ပြောလို့ရပါတယ်။ ၁၉၈၈ခုနှစ် အရေးအခင်းအပြီး ကျောင်းတွေပြန်ဖွင့်တော့ ဗိုလ်ချုပ်ပုံရင်ထိုးလေးတွင် အင်္ကျီ၊ လွယ်အိတ်များမှာ တပ်ဆင်၊ ပင်နီတိုက်ပုံနဲ့ ကချင်ပုဆိုးဝတ်ဆင်ကာ တော်လှန်ချင်တဲ့ ခွန်အားကို တဖြည်းဖြည်းခြင်း ပြန်မွေးယူခဲ့ရတာ အမှတ်ရ နေပါသေးတယ်။ မိမိရဲ့ စိုးရိမ်စိတ်ကို ထိန်းချုပ်လာနိုင်တဲ့အပြင် မြင်ရသူတွေအတွက်လည်း တော်လှန်ရေးသတ္တိတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။

၁၆။ အဆင့်(၁)က အဆင့်(၂)ကို ကူးပြောင်းမှုသည် အချိန်တစ်ခု အမြဲလိုပါတယ်။ ဒါပေမယ့် အချိန်တိုလေ လူထု အထိအခိုက် နည်းလေ ဖြစ်တာမို့ အချိန်တိုတိုနဲ့ အဆင့်(၂)ကို ကူးပြောင်းနိုင်ဖို့လည်း စဉ်းစား စီစဉ်ဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်ကို လေ့လာတဲ့အခါ ၁၉၈၈ခုနှစ် လူထုတော်လှန်ရေး အဆင့်(၁)ရဲ့ အဓိက Trigger ဖြစ်တဲ့ ကိုဖုန်းမော် သတ်ဖြတ် ခံရတဲ့ မတ်လမှ လူထုတိုက်ပွဲ အဆင့်(၂)ရဲ့ အရှိန်အမြင့်ဆုံးကာလ စက်တင်ဘာလအထိ (၇)လ ကြာမြင့် ပါတယ်။

၁၇။ ရွှေဝါရောင်အရေးအခင်းကို လေ့လာရင် အဆင့်(၁)ရဲ့ ပထမ Trigger က သြဂုတ်လ (၁၅) လောင်စာဆီဈေး မြင့်တင်လိုက်ခြင်းပါ၊ ဒုတိယ Trigger က စက်တင်ဘာ (၅)ရက် ပခုက္ကူ အရေးအခင်း ဖြစ်ပြီး အဆင့်(၁)ရဲ့ အရှိန်အမြင့်ဆုံးရောက်သွားတာက စက်တင်ဘာ (၂၂) ရက်၊ ရန်ကုန်မှာ သံဃာ ၂၀၀၀ခန့်နဲ့ မန္တလေးမှာ ၁၀၀၀၀ခန့် ဆန္ဒပြမှုများဖြစ်ပါတယ်။ ဒီနောက် (၂၄)ရက်နေ့မှာ အဆင့်(၂) အရှိန်ရလာခဲ့ပါပြီ၊ ရန်ကုန် ဆန္ဒပြပွဲမှာ သံဃာနဲ့ လူထု စုစုပေါင်း တစ်သိန်းလောက်ရှိလာခဲ့ပါတယ်။ (၂၆)ရက်နေ့မှာ ပစ်ခတ်နိုမ်နင်းမှုတွေ နအဖ စတင်ပြုလုပ်ခဲ့ပြီး (၂၇)ရက်နေ့မှာ ဘုန်းကြီးကျောင်းတိုက်များကို ၀င်စီးပြီး သံဃာများကို ဖမ်းဆီးခဲ့ကြခြင်းနဲ့ အဆင့်(၂)မှာပင် အဖြိုခွဲ ခံလိုက်ရပါတယ်။ ရွှေဝါရောင်လူထုတိုက်ပွဲရဲ့ အဆင့်(၁) Trigger ပေါ်ပေါက်ချိန်မှ အဆင့်(၂) အရှိန် တက်လာချိန်ဟာ အချိန်အားဖြင့် တစ်လခွဲကျော် ကြာပါတယ်။

၁၈။ ဒီအချက်က ဘာကို ပြနေသလဲဆိုရင် လူထုအတွင်းမှာ အာဏာရှင်စနစ်ကို ရွံ့ရှာမုန်းတီးခြင်းက ၁၉၈၈ခုနှစ် ထက် များစွားပိုနေတယ်ဆိုတာ ပြနေပါတယ်။

ဒုတိယက သံဃာတော်များရဲ့ ငြိမ်းချမ်းစွာနဲ့ မေတ္တာပို့၊ ပရိတ်တော်များ ရွတ်ဆိုပြီး အစိုးရတစ်ရပ်အနေနဲ့ လူထုအပေါ် ဆောင်ရွက်ပေးသင့်တဲ့ အချက်များကို တောင်းဆို ဆန္ဒပြခဲ့ကြခြင်းကလည်း လူထုရဲ့ ပူးပေါင်းပါဝင်မှုကို အချိန်တိုအတွင်း ရရှိစေခဲ့တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

အဲဒီ အချက်များအပြင် ဘာသာရေး ခေါင်းဆောင်များ လူထုတော်လှန်ရေးမှာ ပါဝင်လာခြင်းက အောင်ပွဲကို ပိုမိုနီးကပ်လာ စေပါတယ်။

လူထု လူတန်းစားအားလုံးရဲ့ ဆုံချက်တစ်ခုက ဘာသာရေးဖြစ်တာကြောင့် လူထုကြည်ညိုလေးစား တန်ဖိုးထား ကိုးကွယ်ကြရတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ သဘောထားမှတ်ချက်တစ်ခုဟာ သူကို အကြွင်းမဲ့ ယုံကြည် ကိုးကွယ်သူများကို ကောင်းစွာ လွှမ်းမိုးနိုင်တာကြောင့် လူထုတော်လှန်ရေးတွေမှာ ဘာသာရေးခေါင်းဆောင်များရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးတဲ့နေရာမှာ ရှိပါတယ်။

လူထုတော်လှန်ရေး အောင်ပွဲခံခဲ့တဲ့ ဖြစ်စဉ်များကို ကြည့်ရင် ဘာသာရေးခေါင်းဆောင်များက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတာ အမြဲတွေ့ရပါတယ်။

လူထုတော်လှန်ရေး အဆင့် (၃) တပ်မတော်ပါဝင်ခြင်း

၁၉။ လူထုတော်လှန်ရေးရဲ့ အာဏာရှင်စနစ်အပေါ် အဆုံးသတ်အောင်ပွဲဟာ တပ်မတော်က ပူးပေါင်းပါဝင်မှ ဖြစ်မှာမို့လို့ အရေးအကြီးဆုံးနဲ့ ယနေ့ လူထုတော်လှန်ရေးမှာ ဖြည့်စွက်ရမယ့် ဟာကွက်တစ်ခုလို့ ဆိုခြင်ပါတယ်။ အစဉ်အဆက်လည်း မအောင်မြင်သေးတဲ့ အဆင့်မို့ အခက်ခဲဆုံး အဆင့်လို့ ဆိုရပါလိမ့်မယ်။ ဒီအတွက်ကြောင့် တပ်မတော်က ဘာကြောင့် မပါသေးတာလည်း၊ မပါနိုင်တာလည်း၊ လူထုတော်လှန်ရေးမှာ ပါဝင်နိုင်ဖို့ အဟန့် အတားတွေက ဘာတွေလည်း၊ ဒီအဟန့်အတားတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ၊ စတဲ့ မေးခွန်းတွေအတွက် အဖြေရှာဖို့ လိုအပ်နေပါပြီ။

၂၀။ တကယ်တန်းတော့ လူထုကလည်း အကြောက်တရားနဲ့ နေထိုင်နေရကြသလို တပ်မတော်သားများလည်း အကြောက် တရားအောက်မှာ နေထိုင် နေကြရတာပါ။ အာဏာရှင်က သဘောမတွေ့ရင် အရပ်သားကို ပေးတဲ့ ပြစ်ဒဏ်ထက် ပိုကြီးတဲ့ ပြစ်ဒဏ်ကို တပ်မတော်သားကို ပေးပါတယ်။ ပိုဆိုးတာက တပ်မတော် ကို သတင်းလောကနဲ့ အဆက်ဖြတ်ပြီး အာဏာရှင်ရဲ့ တဖက်သတ် ၀ါဒဖြန့်မှုအောက်မှာ ထားရှိတာမို့ ပြင်ပ အခြေအနေကို အမှန်အတိုင်း သိခွင့် အလွန်နည်းပါတယ်။ ဒီအချက်များအပြင် ခွဲထွက်လိုတဲ့ တပ်မတော်သားများ အစိုးရိမ်ဆုံးက သူတို့ ခွဲထွက်လာတဲ့အချိန် အခြားတပ်တွေ ပါမလာဘဲ ထီးထီးဖြစ်ကာ ချေမှုန်းခံရမှာကို ဖြစ်ပါလိမ့်မယ်။ မိသားစုတွေပါ တနွယ်ငင် တစင်ပါ ဖြစ်ကြမှာမို့ သူတို့ရဲ့ အာဏာရှင်အပေါ် ကြောက်ရွံ့စိုးရိမ်စိတ်ဟာ အရပ်သားများ ထက် မပိုရင်တောင် မလျော့နိုင်ပါ။ ဒီအချက်တွေက လူထုတော်လှန်ရေးမှာ တပ်မတော်ပါဝင်လာစေဖို့ ပထမ အဟန့် အတားတွေပါ။

၂၁။ မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရားမို့စ်လို လူတစ်ဦး ပေါ်ထွက်လာခဲ့ရင် ဒီအဟန့်အတား ပျောက်ကွယ် သွားပါလိမ့်မယ်။ အာဏာရှင်ရဲ့ လက်ဝေခံဘ၀နဲ့ ရနေတဲ့ စည်းစိမ်ဥစ္စာနဲ့ ရာထူးအာဏာကို ဘ၀ရဲ့ အောင်မြင်မှုလို့ ထင်မှတ်နေကြတဲ့ ဗိုလ်ချုပ်တွေ၊ တပ်မတော်အရာရှိကြီးတွေကို တကယ်စစ်မှန်တဲ့ ဘ၀အောင်မြင်မှုတွေအကြောင်း ဗိုလ်ချုပ်ကြီးရာမို့စ်နဲ့ ပမာနိုင်းပြီး ပြောပြသင့်ပါပြီ။ ဗိုလ်ချုပ်ကြီးရာမို့စ်ရဲ့ လူထုဘက်က ရပ်တည်ချက်က ယနေ့ ဖိလစ်ပိုင်နိုင်ငံကို ဒေသအတွင်းနဲ့ ကမ္ဘာအလယ်မှာ လူရာဝင်စေခဲ့သလို တိုင်းပြည်ကိုလည်း ဖွံ့ဖြိုးမှု လမ်းကြောင်း အမှန်ပေါ်ကို ရောက်စေခဲ့ပါပြီ၊ သူကိုယ်တိုင်လည်း ယနေ့အထိ နိုင်ငံ့အရေးအရာတွေကို ဆက်လက်ဦးဆောင်မှု ပေးလျက်ရှိသလို သူ့ရဲ့ ခေါင်းဆောင်မှုကိုလည်း ဖိလစ်ပိုင်နိုင်ငံရေးသမားတိုင်းက တန်ဖိုးထား လေးစား နေကြတာ၊ ဒီနေ့ ဗိုလ်ချုပ်ကြီး ရားမိုစ့်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရေးအရာများသာမက အရှေ့တောင်အာရှအသင်းကြီးရဲ့ ပဲ့ကိုင် လမ်းညွန်သူ တစ်ဦး အဖြစ်ပါ ဆောင်ရွက်ပေးနေရတစ်ဦး ဖြစ်နေကြောင်းကို ဗိုလ်သန်းရွှေ လက်အောက်က စစ်ဗိုလ်ချုပ်တွေ သိဖို့ နည်းလမ်းပေါင်းစုံနဲ့ ပြောပြသင့်ပါပြီ။

၂၂။ ဗိုလ်နေ၀င်းရဲ့မျိုးဆက်တွေ ဘ၀ပျက်ချိန်၊ ဗိုလ်စောမောင် စိတ်ဝေဒနာခံစားခဲ့ရပြီး လူမသိ သူမသိ ဇာတ်သိမ်း ရချိန်၊ ဗိုလ်ခင်ညွန့်နဲ့ သူ့မိသားစု၊ သူ့နောက်လိုက်များ ကျူပင်ခုတ် ကျူငုက်မကျန် အရှင်းလင်း ခံကြရချိန်မှာ ဗိုလ်ချုပ်ကြီးရာမိုစ့်က သူ့ရဲ့ကောင်းမွေကို သူ့မိသားစု၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေး နိုင်ခဲ့ပါပြီ။ မြန်မာပြည် က စစ်ဗိုလ်ချုပ်တွေ၊ အရာရှိကြီးတွေ တကယ်အားကျသင့်တာက ဗိုလ်ချုပ်ကြီးရားမိုစ့်လို ဘ၀မျိုး ဖြစ်ကြောင်း သိစေသင့်ပါပြီ။ လူထုဖက်က ရပ်တည်တဲ့ ဗိုလ်ချုပ်ကြီးရာမိုစ့်အတွက် နိုင်ငံရေးအာဏာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုသလိုရေးဆွဲပြီး အတင်းသိမ်းပိုက်ဖို့ မလိုပဲ သူ့လက်ဝယ်ကို လူထုက လိုလိုချင်ချင် အပ်နှင်းကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်မှန်တဲ့ တပ်မတော်ခေါင်းဆောင်နဲ့ သူ့ရဲ့ လူထုအကြားက ယုံကြည်မှုကို ဖေါ်ပြပါ တယ်။

၂၃။ ဒုတိယ အဟန့်အတားက အာဏာရှင်ရဲ့ တပ်မတော်အပေါ် ဆောင်ရွက်နေတဲ့ တဖက်သတ် ၀ါဒဖြန့်ချီ စည်းရုံးမှု များကို ပြင်ပက တန်ပြန်ဆောင်ရွက်ဖို့ ခဲယဉ်းနေတာ၊ အားနည်းနေတာ၊ စတဲ့အချက်များ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ပြောကြားနေတဲ့ မိန့်ခွန်းများကို ကြည့်ရင် သူ့အာဏာတည်မြဲရေးအတွက် တပ်မတော်နဲ့ ဒီမိုကရေစီ လိုလားသူ လူထုအကြား နားလည်မှုတွေ လွဲမှားအောင် ရန်တိုက်ပေးနေတာ အထင်အရှားမို့ သူ့ရဲ့ ၀ါဒဖြန့်ချက် တစ်ခုခြင်းစီကို ကျနော်တို့ဖက်က စနစ်တကျ တန်ပြန် ချေဖျက်သင့်ပါတယ်။ တပ်မတော်သားတွေကို နားလည် သဘောပေါက်လာအောင် စည်းရုံးနိုင်မှ လူထု တော်လှန်ရေး အဆင့်(၃)ကို ရောက်လို့ အာဏာရှင်စနစ် နိဂုံးချုပ်နိုင် ပါလိမ့်မယ်။

၂၄။ ဗိုလ်သန်းရွှေလက်ထက် တပ်မတော်အင်အား ပိုမိုချဲ့ထွင်လာတာ၊ လက်နက်အသစ်တွေ ပိုမိုအသုံးပြုနိုင် လာခြင်းကို တပ်မတော်သားအချို့က သဘောကျကောင်း ကျနေနိုင်ပြီး ယခင် တပ်မတော်ခေါင်းဆောင်များထက် ပိုတော်သူ၊ နိုင်ငံသစ်ကို တည်ဆောက်နိုင်သူလို့ ထင်ကောင်း ထင်နေနိုင်ပါတယ်။

ဒီအချက်ကလည်း လူထု တော်လှန်ရေး မှာ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုရဖို့ အဟန့်အတားတစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒီအတွက် ကျနော်တို့ နိုင်ငံ့စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရှု့ထောင့်များကနေ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်သင့်တာတွေကို ချပြ သင့်ပါပြီ။

ဗိုလ်သန်းရွှေရဲ့ နိုင်ငံသယံဇာတများကို အသုံးထက် အဖြုန်းများနေတာကို ထိထိရောက်ရောက် ဖေါ်ထုတ်သင့်ပါပြီ။ တပ်မတော်ကို ခေတ်မီအောင် တည်ဆောက်ရာမှာ ၀မရှိပဲ ၀ိလုပ်ခဲ့တဲ့ တချိန်က ဆိုဗီယက် ပြည်ထောင်စုနဲ့ ယနေ့ မြောက်ကိုရီးယားတို့ အကြောင်း တပ်မတော် အသိုင်းအ၀န်းက သိအောင် ပြည့်ပြည့်စုံစုံ ဖေါ်ထုတ်ကြရအောင်ပါ။ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မှသာ တကယ်ခေတ်မီတဲ့ တပ်မတော်တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ် ဆိုတဲ့အကြောင်း ဗိုလ်သန်းရွှေကို ယုံကြည် ဆည်းကပ်နေသူများကို ပြောပြ ကြရအောင်ပါ။

၂၅။ အထက်ပါ အချက်များအားလုံးကို ပြန်လည်စုစည်း သုံးသပ်ရရင် -

(က) လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန် ပြောင်းလဲကြမယ်ဆိုရင် အဆင့်(၃)ဆင့်ကို ကျော်ဖြတ်နိုင်မှသာ ဆုံးခန်းတိုင် အောင်မြင်ခြင်းကို ရောက်ပါမယ်။

(ခ) အာဏာရှင်စနစ်လက်အောက်မှာ လူထုတော်လှန်ရေး အဆင့်(၁)ဖြစ်ပေါ်လာစေမည့် အကြောင်း အချက် Trigger တွေ ဆက်လက် ပေါ်ပေါက်နေဦးမှာ ဖြစ်ပါတယ်။

(ဂ) ယနေ့လုပ်ကြရမည့် ပထမအလုပ်က လူထုကို အကြောက်တရားများ လျော့နည်းလာစေဖို့ လုပ်ငန်းများ ဖြစ်ပါတယ်။ ဒုတိယအလုပ်က တပ်မတော်ကို လူထုနဲ့ လက်တွဲနိုင်ဖို့ စနစ်တကျ စည်းရုံးကြဖို့ ဖြစ်ပါတယ်။

(ဃ) အဆင့်(၂)နဲ့ (၃)အတွက် အခြေခံကောင်းတွေ ရထားပြီလို့ ယူဆပြီဆိုရင် အာဏာရှင်ကို လူထုအားနဲ့ စိမ်ခေါ် တိုက်ပွဲဝင်လို့ ရပါပြီ။

၂၆။ တိုင်းပြည်ကို အာဏာရှင်တစ်ယောက်ရဲ့ လက်ဝယ်က ကယ်တင်နိုင်ဖို့အရေး နည်းလမ်းများစွာ ရှိတဲ့အနက် လူထုအားကို အသုံးပြုကာ တော်လှန်ရေး ဆင်နွဲဖို့အတွက် တွေးမိတဲ့ အတွေးတွေ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်မှ ယနေ့တိုင် ဖြစ်ပေါ်ခဲ့တဲ့ လူထုတော်လှန်ရေး ဖြစ်ရပ်အသီးသီးကို ပြန်လည်သုံးသပ်ကာ လုပ်ဆောင်သင့်တာကို တွေးတောမိခြင်း ဖြစ်ပါတယ်။ အဲဒီ အတွေးများကို ယနေ့နိုင်ငံရေး အခင်းအကျင်းထဲ သွတ်သွင်းကာ ပြင်ပဖိအားများ၊ မြန်မာနိုင်ငံရေးလောကထဲက ဇာတ်ကောင်အသီးသီးရဲ့ လှုပ်ရှားမှုများကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီအရေး အမြင်နဲ့ အတွေးများကို ဆက်လက်တင်ပြပါဦးမယ်။ အသံညီပြီး အလုပ်တူကြဖို့ အမြင်တူပြီး အတွေးညီကြရအောင်။

၂၀၀၉ခုနှစ်၊ ဇူလိုင်လ(၁)ရက်

ဗုဒ္ဓဟူးနေ့



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List