မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဂျာမနီနိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့်တွေ့ဆုံ


အောင်ထက်   /   ၁၃ မေလ ၂၀၁၀
မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်ရှိနေသည့် ဂျာမန်ပြည်သူ့သမ္မတနိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ် ဒေါက်တာ ဇာရေးနမ်း၏ ဖိတ်ခေါ်မှုအရ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၄) ဦးသည် ဂျာမနီနိုင်ငံ သံအမတ်ကြီးနေအိမ်၌ မေ (၁၂) ရက် နံနက် (၉) နာရီက တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် အန်အယ်လ်ဒီပါတီ၏ လက်ရှိရပ်တည်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တို့အား အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ်နှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တယ်လို့သိရတယ်။ ဒါကြောင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ဒီအပေါ် အန်အယ်လ်ဒီသည် ရှေ့ဆက် ဘယ်လိုရပ်တည်သွားမှာလဲလို့ ဂျာမနီညွှန်ချုပ်က မေးတယ်” ဟု အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

ညွှန်ချုပ်၏ မေးမြန်းမှုအပေါ် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အန်အယ်လ်ဒီသည် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ရပ်တည်နေကြောင်း၊ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးတို့သည် အန်အယ်လ်ဒီ၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ထို့အပြင် “အန်အယ်လ်ဒီဟာ ပါတီဆိုင်းဘုတ်ကြောင့်၊ အလံကြောင့် ရပ်တည်နေခြင်းမဟုတ်ဘဲ တူညီတဲ့ နိုင်ငံရေးအသိတွေနဲ့ စုစည်းထားတာဖြစ်တယ်။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်တဲ့အတွက် ပါတီမရှိတော့ဘူး၊ ဆိုင်းဘုတ်မရှိတော့ဘူး၊ ရုံးလည်း ကျကျနနမရှိတော့ဘူး။ ဒါပေမယ့် ပြည်သူတွေကြားမှာ အန်အယ်လ်ဒီ ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူကို ကူညီနေတဲ့ ပြည်သူ့အကျိုးပြု လှုပ်ရှားမှုအသွင်နဲ့ အန်အယ်လ်ဒီဟာ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်” ဟု ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အလှည့်ကျ ဖြေကြားခဲ့ကြကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ရပ်တည်နေပါက အန်အယ်လ်ဒီအနေဖြင့် ရေရှည်တွင် အခက်အခဲများစွာ တွေ့နိုင်သည်ဟု ယူဆရကြောင်း အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ်က ဆွေးနွေးရာတွင် အန်အယ်လ်ဒီအနေဖြင့် ရှေ့၌ အတွေ့အကြုံများစွာ ရှိခဲ့ပါကြောင်း၊ ဒီပဲယင်းအရေးကိစ္စတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကိုယ်တိုင် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ပါတီရုံးခွဲအားလုံး ပိတ်လိုက်ရပြီး ဗဟိုရုံးတခုသာ ကျန်ရှိတော့ကြောင်း၊ ထို့နောက် ဗဟိုရုံးအပိတ်ခံလိုက်ရသောအခါ ရုံးအနီးရှိ ပါတီဝင်တဦးအိမ်၌ (၄-၅) ဦး စုစည်းကာ ပါတီအရေး ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း၊ ထို့အတွက် ပါတီအလံဖြုတ်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချခြင်းသည် အန်အယ်လ်ဒီပါတီအတွက် ဆန်းပြားသည့်ကိစ္စမဟုတ်တော့ကြောင်း အန်အယ်လ်ဒီ စီးအီးစီအဖွဲ့မှ ရှင်းပြခဲ့ကြသည်။

ဦးဝင်းတင်က “ပြည်သူရှိရင် ပြည်သူ့နိုင်ငံရေးရှိမယ်။ ပြည်သူ့နိုင်ငံရေးရှိရင် အန်အယ်လ်ဒီရှိနေမယ်။ ဒါကြောင့် ပြည်သူအကျိုးရှိတဲ့ လုပ်ငန်းတွေ ဆက်လုပ်နေမယ်။ နိုင်ငံရေးအသိနဲ့ လူမှုရေးအလုပ်တွေ ဆက်လုပ်နေမယ်” ဟု ညွှန်ချုပ်၏ မေးခွန်းတို့အား ဖြေကြားခဲ့သည်။

“မှတ်ပုံတင်တော့ရော ဘာလုပ်ခွင့်ရမှာလဲလို့ ကျနော်နဲ့ ကိုဟံသာမြင့်က အဲဒီပုဂ္ဂိုလ်ကို ပြန်မေးခဲ့တယ်။ မှတ်ပုံတင်လိုက်ရင် အလံနဲ့ဆိုင်းဘုတ်ပဲရမှာ။ လူထုအကျိုးကို ခုလိုတောင် လုပ်ခွင့်သာမှာမဟုတ်ဘူး။ ကော်မရှင်နည်းဥပဒေတွေကို လေ့လာကြည့် တဲ့အခါ လွတ်လပ်ခွင့် ဘာမှ ပေးမထားဘူး။ ဒါကြောင့် ကျနော်တို့ မှတ်ပုံမတင်ရခြင်းဖြစ်တယ်။ အဲဒီလိုမတင်လို့ ကြီးကြီးမားမား ဆုံးရှုံးသွားတာ ဘာမှမရှိဘူး။ လူထုအကျိုး၊ လူထုလိုအပ်ချက်ကို ပိုလို့တောင် လွတ်လွတ်လပ်လပ် ဖြည့်ဆည်းလို့ရတယ်လို့ ပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်လည်း အတော်ကျေနပ်သွားပုံရတယ်” ဟု ဦးအုန်းကြိုင်က ဆွေးနွေးပွဲရလဒ်ကို ရှင်းပြခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် အချိန် (၁) နာရီကြာမြင့်ပြီး အန်အယ်လ်ဒီ စီအီးစီအဖွဲ့တွင် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List