မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

NLD လုပ်ဆောင်ချက် ဥရောပသမဂ္ဂ ဆက်ထောက်ခံသွားမည်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှုနဲ့ မြန်မာပြည်သူတွေ အတွက် ကြိုးပမ်း ဆောင်ရွက်ချက်တွေကို EU ဥရောပသမဂ္ဂက ဆက်ပြီး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးတွေက NLD ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့ကြတာ ဖြစ်ပါတယ်။ NLD ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တဲ့ ရွေးကောက်ပွဲ အပေါ်မှာ NLD က ဘယ်လို သဘောထားသလဲ ဆိုတာကိုလည်း EU သံအမတ်ကြီးတွေက မေးခဲ့ကြတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ အကြောင်းကို မသင်းသီရိက တင်ပြပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ NLD ရဲ့ သဘောထားကို EU သံအမတ်တွေက မေးမြန်းခဲ့ကြပေမဲ့ သူတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကိုတော့ ပြတ်ပြတ်သားသား ပြောမသွားပါဘူး။ ဒါပေမဲ့ NLD ပါတီရဲ့ ဒီမိုကရေစီရေး ရှေ့လုပ်ငန်းစဉ်တွေကိုတော့ EU ဥရောပသမဂ္ဂ အဖွဲ့ကြီးက အပြည့်အ၀ တသဘောတည်း ဆက်လက် ထောက်ခံသွားမယ်လို့ ပြောသွားခဲ့ကြောင်း ဒီ တွေ့ဆုံ ဆွေးနွေးမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့သူလည်းဖြစ်၊ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လက်ခံရေး၊ လက်မခံရေးကို သူတို့ မပြောဘူး။ သူတို့ဘက်က ဆောင်ရွက်ပေးမှာက သူတို့ အရင်တုန်းကလည်း NLD ကို Support လုပ်ခဲ့တယ်၊ နောက်လည်း ဆက်လက် Support လုပ်မယ်၊ NLD ရဲ့ ရပ်တည်ချက်ကို သူတို့ လေးစားတယ်ဆိုတာ ပြောသွားပါတယ်။ အဖွဲ့ချုပ်က ရည်ရွယ်တဲ့ ပြည်သူလူထု အကျိုးရှိမယ့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဒီလိုဟာတွေအတွက် ကျနော်တို့ Struggle၊ ကျနော်တို့ရဲ့ ကြိုးစား ဆောင်ရွက်မှုတွေကို EU အဖွဲ့က ဆက်လက် ထောက်ခံမယ်ဆိုတဲ့ သဘောကို အန်ကယ်တို့ ရပါတယ်။”
အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သပိတ်မှောက်တာ လုပ်မလားဆိုတဲ့ မေးခွန်းကို EU ဥရောပသမဂ္ဂ အဖွဲ့ဝင် သံအမတ်တွေက NLD ခေါင်းဆောင်တွေကို မေးမြန်းခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Boycott လုပ်မလုပ်ဆိုတာ အန်ကယ်တို့က နှစ်ပိုင်း ပြောပါတယ်။ တပိုင်းက အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကို Boycott လုပ်တယ်၊ Boycott လုပ်လို့ မ၀င်ဘူး၊ အဲတော့ ပုဂ္ဂိုလ်တဦးချင်း Individual အနေနဲ့ ရွေးကောက်ပွဲကို Boycott လုပ်ရေး၊ မလုပ်ရေးဆိုတာ ဒီပုဂ္ဂိုလ်တဦးချင်းကပဲ ဆုံးဖြတ်ကြဖို့၊ အဖွဲ့ချုပ် အနေနဲ့တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိုက်တွန်းတာမျိုး လုပ်လို့မရဘူး၊ ဒါမျိုး တိုက်တွန်းရင် ဥပဒေဆိုင်ရာ ပြဿနာ ပေါ်နိုင်တယ် ဆိုတာကို ကျနော်တို့ ရှင်းပြခဲ့တယ်။”
တခါ NLD ပါတီကနေ ခွဲထွက်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် သူတွေအပေါ် NLD ရဲ့ သဘောထားကိုလည်း မေးမြန်းခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစုတွေက ရွေးကောက်ပွဲ ၀င်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားသလဲလို့ မေးပါတယ်။ ကျနော်တို့ဆီက ဆရာ ဦးဝင်းတင်က ဖြေပါတယ်၊ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာတဲ့ လူတွေနဲ့ သူတို့ရဲ့ Choice ကို ကျနော်တို့ မှားတယ်၊ မှန်တယ် ကျနော်တို့ မပြောပါဘူး။ သို့သော် NLD က ဘာ့ကြောင့် ရွေးကောက်ပွဲ ပါဝင်ပတ်သက်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဘာ့ကြောင့် ဆုံးဖြတ်ရတယ်ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။”
NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ကို ရောက်နေတဲ့ ဘန်ကောက်အခြေစိုက် EU နိုင်ငံတွေရဲ့ သံအမတ်တွေနဲ့ ရန်ကုန်အခြေစိုက် EU အဖွဲ့ဝင် နိုင်ငံတချို့က သံအမတ်တွေနဲ့ပါ NLD ခေါင်းဆောင်တွေ ဒီကနေ့ မနက် ၁၀ နာရီလောက်က ရန်ကုန်မှာရှိတဲ့ ဂျာမဏီနိုင်ငံရဲ့ သံအမတ်ကြီး နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ EU အလှည့်ကျ ဥက္ကဋ္ဌ စပိန်နိုင်ငံက သံအမတ် အပါအ၀င် ဖင်လန်၊ ဆလိုဗက်ကီးယား၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဂျာမဏီ၊ အီတလီ၊ ပြင်သစ် စတဲ့ EU နိုင်ငံတွေက သံအမတ်တွေအပြင် ဘန်ကောက်အခြေစိုက် EU ဥရောပသမဂ္ဂရုံးက ဒါရိုက်တာလည်း ပါဝင်ခဲ့သလို NLD ဘက်က ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ EU ဥရောပသမဂ္ဂ သံအမတ်တွေ တွေ့ဆုံခဲ့သလို အမေရိကန်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) လည်း တွေ့ဆုံခဲ့သလို မကြာသေးခင် ရက်ပိုင်းကပဲ ချက်သမ္မတနိုင်ငံက ထိပ်တန်း တာဝန်ရှိသူ တဦးနဲ့လည်း တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။

ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင် ဇိုရာဖန် နှင့် ဗီအိုအေ အင်တာဗျူး




 

ဒီပဲယင်း တိုက်ခိုက်မှု (၇) နှစ် ပြည့်ပေမဲ့ တာဝန်ရှိသူတွေကို အရေးမယူသေး

ဓာတ်ပုံ US Embassy-Rangoon
ဒီပဲယင်း တိုက်ခိုက်မှုအပြီး ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး သွားရောက် အကဲခတ် ရိုက်ကူးခဲ့စဉ်
"ဒီကနေ့အထိ အဲဒီကိစ္စကြီးကို စုံစမ်းတယ်လို့ လုံးဝ မသိရဘူး။ စုံစမ်းတယ်ဆိုရင်လည်း ပြည်သူတွေကို အသိမပေးတဲ့ စုံစမ်းမှုဘဲ။ ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။"
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေး ခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ဒီကနေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်လာခဲ့ပေမဲ့ တာဝန်ရှိသူတွေကို အရေးယူတာမျိုး မရှိပဲ၊ နစ်နာသူတွေသာ အရေးယူခံရတဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နားမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုအတွင်း သေကျေထိခိုက်ခဲ့ရသူတွေအတွက် ဒီကနေ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်နေချိန်မှာ အခုလို ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

အခုလိုမျိုး ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မူကြီးကို ကျူးလွန်ခဲ့တာကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်၊ ဒီလို မလုပ်ခဲ့တဲ့အတွက် နောက်ဆက်တွဲအဖြစ် ကျူးလွန်သူတွေက သူတို့လုပ်ရပ်မှန်တယ်ဆိုပြီး လို့ထင်မြင်ယူဆသွားတာဟာ မြန်မာ့သမိုင်းမှာ မကောင်းတဲ့ လက္ခဏာတရပ်အဖြစ် အမျိုးသားဒီမိုကရေစိအဖွဲချုပ်က ပြောဆိုလိုက်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောပြတာကတော့…
“အန်ကယ်ပြောမှာကတော့ ဥပဒေအရပေါ့နော်။ လူသေတယ်၊ လူသေတယ်ဆိုတာကို အစိုးရကိုယ်တိုင် ကြေညာတယ်လေ၊ လူ ၄ ယောက်။ ဒီထက်မကလည်း သတင်းတွေက အများကြီးပြောတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီဟာတွေက သေမှုသေခင်းတွေ ဖွင့်ပြီးတော့ အရေးယူရတယ်၊ စုံစမ်းရတယ်။ အန်ကယ်တို့ ဒီကနေ့အထိ အဲဒီကိစ္စကြီးကို စုံစမ်းတယ်လို့ လုံးဝ မသိရဘူး။ စုံစမ်းတယ်ဆိုရင်လည်း ပြည်သူတွေကို အသိမပေးတဲ့ စုံစမ်းမှုဘဲ။ ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီဥစ္စာက ဘာကို ပြနေသလဲဆိုတော့ ဒီလို အရေးမယူတဲ့ အတွက် ဒီလိုလုပ်တာဟာ မှန်တယ်လို့ အဲဒီအခိုင်းခံရတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အမှားတွေကို အမှန်ထင်နေကြမယ်လေ။ ဒါဟာ သမိုင်း အစဉ်အလာအတွက် မကောင်းဘူး။ နောင်အတွက်လည်း မကောင်းဘူး။”
ဒီပဲယင်း လုပ်ကြံမူကြီးကို ပြန်လည်အမှတ်ရစေတဲ့ပွဲတွေကို ပြည်တွင်းမှာတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း မန္တလေးတိုင်းက မြို့နယ် ၂၀လောက် စုစည်းပြီး မိထ္တီလာခရိုင်မှာ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။ မိထ္တီလာခရိုင် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့… “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နောက်လိုက်နောက်ပါ ဒီမိုကရေစီ အင်အားစုကြီးကို အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် ဒီကနေ့ အဲဒီနေ့မှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားနဲ့ ပြည်သူလူထု၊ ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်းတွေကို ရည်စူးပြီးတော့ ကောင်းရာသုဂတိလားဖို့အတွက် ဆွမ်းကပ်ပါတယ်။”

ဒီပွဲကို ဒီပဲယင်းလုပ်ကြံ သတ်ဖြတ်ခံရမှုမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူ ၅ ဦးလည်း တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ကားကိုမောင်းခဲ့တဲ့ အန်အယ်ဒီ လူငယ် ကိုကျော်စိုးလင်းကတော့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ကိုလုပ်ကြံသတ်ဖြတ်ကြမဲ့ လူအုပ်ကြီး အဆင့်ဆင့်ကို ကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဘေးက လွတ်မြောက်အောင် သူ့အနေနဲ့ စဉ်းစားဆုံးဖြတ် လုပ်ကိုင်လိုက်တာဖြစ်ကြောင်း အခုလို ပြန်ပြောင်းပြောပြပါတယ်။
“ဘာပဲဖြစ်ဖြစ်ပေါ့ ရိုက်ကွာဆိုပြီးတော့ ဘဘဦးတင်ဦး ကိုလည်း ရိုက်တယ်။ ကျနော်တို့ အဖွဲ့က လူငယ်တွေကိုလည်း အကုန်ရိုက်တယ်။ ကျနော်တို့ ကားကိုလည်း မှန်တွေပေါ့နော် ညာဘက်က မှန်ကိုလည်းရိုက်တယ်၊ နောက်ကြည့်မှန်တွေလည်း အကုန်ရိုက်တယ်။ ရိုက်တဲ့အခါမှာ ကျနော်က စိတ်ထဲမှာပေါ့နော် အန်တီအနေနဲ့ ကျနော်ကြည့်လိုက်တဲ့အခါ ရိုက်ခံရတဲ့လူတွေကို ထားပြီးတော့ ပြေးရရင်လည်း သူတို့ အပြောခံရမယ်လေ။ မသွားနဲ့လို့ ပြောရင်လည်း အန်တီအနေနဲ့ အကုန်လုံးကို အသေသတ်ရာကျမယ်။ အဲဒီလို ဆုံးဖြတ်ရ ခက်တဲ့အခါမှာ၊ ကျနော့်ဖာသာ ကျနော် ကားစတီယာရင် လှည့်လို့မရအောင် ဘယ်အချိန်က ထိုးထည့်ထားလည်းမသိဘူး၊ ဒါပေမဲ့ နောက်ဆုတ်လိုက်တော့ အဲဒီဟာက ကျိုးသွားတယ်။ အဲဒီကနေမှ မောင်းလို့လွတ်သွားတယ်။”
ဒီပဲယင်း တိုက်ခိုက်မှု မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ်မှာ အနှောက်အယှက်တွေနဲ့ ကြုံခဲ့ရတာပါ။
ဒီပဲယင်းမှာလုပ်ကြံသတ်ဖြတ် ခံရသူတွေအတွက် ဆွမ်းကျွေးအလှူဒါနပြုမူတွေကို ကရင်ပြည်နယ်က ဖားအံ၊ ရခိုင်ပြည်နယ် တောင်ကုတ်၊ ကချင်ပြည်နယ် မိုးကောင်း၊ ပဲခူးတိုင်း မင်းလှ၊ တောင်ငူ၊  သာယာဝတီ၊ ဇီးကုန်း၊ ရန်ကုန်တိုင်းမှာတော့ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ဗဟန်း၊ တာမွေ စတဲ့နေရာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းက လူငယ်တွေကလည်း ဘုရားပေါ်တက်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ ဂျပန်နိုင်ငံမှာတော့ လူအင်အား (၅၀၀) လောက်က မြန်မာသံရုံးရှေ့သွားပြီး ပန်းခွေများချခြင်းနဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲကို လုပ်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ နိုင်ငံပေါင်းစုံက သံဃာတော်တွေ၊ အလုပ်သမားတွေ လူအခွင့်အရေးလှုပ်ရှားသူတွေက စုပေါင်းပြီး မဲဆောက်မြို့ (UNHCR) ကုလသမဂ္ဂရုံးရှေ့ကနေ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကိုကျင်းပခဲ့ကြောင်း ဦးဆောင်လှုပ်ရှားတဲ့ သံဃာတော် တပါးဖြစ်တဲ့ အရှင်သောပါက ကလည်း အခုလိုမိန့်ကြားပါတယ်။
“ဂျပန်ပါမယ်၊ ရုရှားပါတယ်၊ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ လာအို နောက် ဒီထိုင်းနိုင်ငံမှာ ဘန်ကောက်ကနေ ဆင်းပြီး ပါကြတယ်။ နောက်ဦးဇင်းတို့ ဗမာတွေပေါ့နော်၊ အားလုံးပေါင်း ပြောမယ်ဆိုရင်တော့ ၇ နိုင်ငံ ပေါင်းပြီးတော့ လှုပ်ရှားဖြစ်ပါတယ်။”

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မူကြီးကိုတော့ အခုထိ မေ့လို့မရသေးကြောင်း၊ လုပ်ကြံသတ်ဖြတ်ခံရမူမှာပါဝင်တဲ့သူတွေကပြောနေကြပြီး၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီပဲယင်းလုပ်ကြံမူကြီးကို ဖော်ထုတ်စုံစမ်း အရေးယူခြင်းမရှိတဲ့ မြန်မာစစ်အစိုးရကို နိုင်ငံတကာ ခုံရုံးတင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။

ဒီပဲယင်းအရေးအခင်းနှင့် ပတ်သက်ပြီး ဦးတင်ဦး၏ပြောကြားချက်


ထက်အောင်ကျော် (ဒီဗီဘီ)
လွန်ခဲ့တဲ့ ၇ နှစ် ဒီလိုအချိန်မျိုးမှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေး အခင်းကို အာဏာပိုင် အဖွဲ့စည်းတခုခုက စနစ်တကျ ကြိုတင်စီစဉ် ဆောင်ရွက် စီစဉ်ခဲ့တဲ့ အချက်အလက် အခိုင်အမာ တွေ့ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ် ဒု-ဉက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ ၂၀ဝ၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ရိုက်နှက်ခံရပြီး ကတည်းက အခုနှစ် ဖေ ဖော်ဝါရီ လလယ်အထိ အကျယ်ချုပ် ကျခံခဲ့ရသူ ဦးတင်ဦးကို ဒီပဲယင်းဖြစ်စဉ်အကြောင်း မေးမြန်းစဉ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အဲဒီလို ပြောနေရင်း ဆိုနေရင်းပဲ နောက်ကားကို ဒုတိယကားကို စရိုက် တာ ကျနော်တို့သိပြီ၊ အဲဒီမှာ ကားပေါ်မှာ လုံခြုံရေးယူထားတဲ့ ကလေးတွေက ခုန် ဆင်းလိုက်ပြီးတော့ ကားကို ရံထားလိုက်တယ်၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ လုံခြုံရေးတာဝန်ယူတဲ့ ကိုတိုးလွင်၊ နောက် ကိုတိုးလွင် ညာဘက်က ကျ နော်၊ ကျနော့်ရဲ့ နောက်နားမှာ ကပ်နေတာက မန္တလေးက ဦးတင်အောင်အောင်၊ အဲဒီလို ဖြစ်နေတုန်းမှာ အဲဒီ သင်္ကန်းတွေ ဝတ်ထားတဲ့ သင်္ကန်းဝတ်တွေ ဗြုံးဆို ရောက်လာတယ်၊ ပြောရင်းဆိုရင်းကို ရောက်လာတာပေါ့နော်၊

“ရောက်လာတဲ့ အခါကျတော့ ကိုတိုးလွင်က အားကုန်အော်လိုက်တယ်၊ ဘယ်လို အော်လိုက်လဲဆိုတော့ ဒါ ဒေါ်အောင်ဆန်းစုကြည်ကား အဲဒီတော့ တပည့်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင် ဘာဖြစ်သွားမလဲ။ မြန်မာနိုင် ငံမှာ ရော ဘာဖြစ်မလဲ၊ နိုင်ငံတကာမှာရော ဘာဖြစ်မလဲ၊ မင်းတို့ရော ဘာဖြစ် မလဲဆိုတာ သိရဲလားဆိုပြီးတော့ စွတ်အော်လိုက်တယ်။ ကုန်းအော်တော့ ကျနော် လည်း သတိရတာနဲ့ ဟေ့ကောင်တွေ မရိုက်နဲ့ ဆိုပြီးတော့ တွန်းအော်တယ်၊ ဟေ့ ကောင်တွေ မရိုက်နဲ့ မရိုက်နဲ့လို့ ပြောရင်းနဲ့ အဲဒီမှာ နည်းနည်း တန့်သွားတယ်။ “တန့်သွားတယ် ဆိုတာက ၁ စက္ကန့် ၂ စက္ကန့်လောက်ပဲ။ တန့်သွားတဲ့ အချိန်မှာ နောက်က ပါလာတဲ့ အကျင်္ီလက်ပြက်နဲ့ ခါးပတ် ပတ်ထားပြီးတော့လည်း လက်မှာ အမှတ်အသားတွေနဲ့ အရပ်ဝတ်တွေနဲ့ လာတဲ့လူတွေက အတင်း ရိုက်ခိုင်း တယ် ခင်ဗျ၊ ရိုက်ကွ၊ ပုစိန်ရိုးတွေ၊ နယ်ချဲ့အားကိုးတွေ ရိုက်ကွ ရိုက်၊ ရိုက် အတင်း ရိုက်ဖို့ အမိန့်ပေးတယ်၊ ပြီးတဲ့အခါ သူတို့ ပါးစပ်ကလည်း အော်တယ် ခဲတွေနဲ့ တို့ ကိုပေါက်တယ် အဲဒီလို ပြောပြီးတော့ တခါတည်း စပြီးတော့ ရိုက်တာပဲဗျ။
“စရိုက်တဲ့အခါကျတော့ ကျနော်က ရှောင်လိုက်တယ်၊ ရှောင်လိုက်တယ် ဆို တာ ကျနော်က နဂိုမူလ ကတည်းကိုက တုတ်နဲ့ရိုက်ရင် ကျနော်က ကားရှေ့နားက ဘောနက်ဘေးနားမှာ နည်းနည်းလေး ရပ်ကြည့်၊ ကြည့်ပြီးတော့ အော်နေတယ်။ အဲဒီမှာ လှမ်းလုပ်တယ်။ ကျနော်က လှည့်လိုက်တဲ့အခါမှာ ကျနော်က လဲသွား တယ်။ အဲဒီတော့ ကုန်းပြီးတော့အထ ကျနော်ကလည်း ကုန်းထလိုက်တဲ့ အခါ မြေက အနိမ့်အမြင့်ဆိုတော့ ချက်ချင်း ထလို့မရဘူး။ “ဒါပေမယ့် ကျနော် နည်းနည်းတွားသွားပြီး ထလိုက်တဲ့အခါကျတော့ ဘော နက်ထိပ်ကို ရောက်သွားတယ်။ ဒေါ်အောင်ဆန်စုကြည်ကား ဘောနက်ထိပ်ကို ရောက်တဲ့အခါ ကားက ချက်ချင်း ထွက်သွားတယ်၊
အဲဒီအချိန်မှာ ကျနော် သိပ်ဝမ်း သာသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကား ကတော့ ထွက်သွားပြီ၊ စိတ်ထဲမှာတော့ လွတ်မြောက်သွားပြီပေါ့ဗျာ။” ရိုက်နှက်မှုကြားက ဒေါ်အောင်ဆန်းစုကြည်ကား လွတ်မြောက်သွားတဲ့အကြောင်း ဦးတင်ဦး ပြောခဲ့တာပါ။ ဒီရိုက်နှက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ အာဏာပိုင်တွေပါဝင် ပတ်သက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုအထောက်ထား ရှိသ လဲဆိုတဲ့ အမေးကိုတော့ ဦးတင်ဦးက

“ပုံဏ္ဌာန်ကြည့်ရတာက ဒီဉစ္စာက ဘာလဲဆိုတော့ သက်ဆိုင်ရာ အုပ်ချုပ် တဲ့သူနဲ့ စနစ်တကျ အုပ်ချုပ်ပြီးတော့ တပ်ထဲကပဲလား၊ တပ်ထဲက အရာခံဗိုလ်တွေပဲ လား၊ Sergeant(တပ်ကြပ်ကြီး)တွေပဲလား၊ ဒါမှမဟုတ် ရဲအဖွဲ့တွေထဲကပဲလား၊ ဒါမှ မဟုတ် အဲဒီလို စနစ်တကျ ဖွဲ့စည်ထားတဲ့ အဖွဲ့အစည်းတခုကပဲလား ဆိုတာ။ အဲဒီလို အမိန့်ပေးတဲ့အခါမှာ အပေါ်ကကောင်တွေ ငြိမ်သွားပြီတာ့ ခဏနေ လိုက်တဲ့ သဘောရှိတယ်။ “ကျနော်တို့ နောက်ဆုံး ဒီပဲယင်းကို မယကပေါ့ အဲဒီကိုရောက်တယ်၊ ရောက်တော့ ထိုင်နေတယ်၊ ထိုင်နေတုန်းမှာ ခဏနေတော့ ဒိုင်နာကားတစီး ဝင် လာတယ်၊ မယက ရုံးရဲ့ဘေးက မီးရောင်တွေ ကာထားတဲ့ မီးလုံးတွေ အပြင်ဘက် အမှောင်နားမှာ ကားရပ်ပြီးတော့ ဆင်းသွားတယ်၊ ဆင်းသွားတဲ့ လူတွေက လက်ထဲ မှာတော့ ဘာမှတော့ မပါဘူး၊ ဒါပေမယ့် ပုံဏ္ဌာန်တွေက အခုနပြောတဲ့ အကျင်္ီလက် တို အပြတ်၊ ပုဆိုးအတို ဘာညာဆိုတော့ ခုနတုန်းက ကျနော်တို့ ဟိုမှာ တွေ့ခဲ့တဲ့ အကောင်တွေ ဒီကောင်တွေနဲ့ဟာ အတူတူလိုပဲ ဝတ်ထားတာ။ “သူတို့ရဲ့ အိမ်ထောင်သည်လိုင်းမှာ ရှိနေတဲ့ ရေတုံကင်နဲ့ ရေတွင်းပေါ့၊ အဲ ဒီမှာ သွားချိုးရတယ်၊ သွားချိုးတော့ ကျနော် ရေချိုးနေတုန်းမှာ အသံကြားတယ်၊ ဘာကြားလဲဆိုတော့ အဲဒီ ကျနော်တို့ တုန်ကင်တွေရဲ့ အရှေ့နားက ဘားတိုက်တွေ ရှိတယ်၊ စစ်တန်းလျားတွေ၊ အဲဒီစစ်တန်းလျားပေါ်မှာ လူတွေက ရယ်ရယ်မောမော ဟားတိုက်ပြီးတော့ နောက်ကြောင်းပြောနေတဲ့ အကြောင်းတွေ။

“ကျနော် ကြားရတဲ့အသံက ‘ငါ့မှာလဲကွာတဲ့ ရိုက်မယ်လို့ လုပ်တော့တဲ့ မန္တ လေးက အမျိုးသမီးအဖွဲ့တဲ့ ငါက ရိုက်မယ်လို့ ရွယ်လိုက်ရင်း အစ်ကိုကြီးမလုပ်ပါနဲ့ ကြောက်ပါပြီဆိုပြီး နင်းကန် ကုန်းအော်တော့ ငါ့မှာ ရိုက်ရလဲခက်၊ မရိုက်ရလဲ အခက် တဲ့ ရယ်ရမလို ငိုရမလို ငါဖြစ်တယ်ကွာတဲ့၊ ဒါပေမယ့် ငါကလည်းပဲ နောက်တော့ တာ ဝန်အရတော့ ခေါင်းလေး နည်းနည်းပုတ်လိုက်တော့ အောင်မလေး အော်လိုက်တာ ကွာ ဆိုပြီးတော့ ဟားဟား၊ ဟားဟားနဲ့ ဆိုတော့ ကျနော်က ဒါတွေကို သူတို့လိုင်း နားမှာ နေတော့ ကြားတော့ အော် လက်စသက်တော့ ဒီကောင်တွေကိုး ဆိုပြီး တော့။ “စနစ်တကျထားပြီးတော့ ဒီကနေထွက်လာပြီးတော့ရိုက်ပြီး ဒီမှာ ပြန်ဝင်ပြီးတော့နေတဲ့သဘောပါလားလို့တော့ ပေါက်လိုက်တော့ ဒါဟာ စနစ်တကျစီမံပြီး တော့ လုပ်တဲ့ သဘောဆိုတာတော့ ခိုင်ခိုင်မာမာ သိလိုက်ရတယ်ပေါ့ဗျာ။” ဒီပဲယင်းဖြစ်စဉ်အပေါ် ဦးတင်ဦးပြောကြားချက်ထဲက ကောက်နှုတ် ဖော်ပြခဲ့တာပါ။

တိုင်းရင်းသားလူမျိုးနိုင်ငံရေးစောင့်ကြည့်ကွန်ယက် - သတင်းထုတ်ပြန်ချက် (၁)

BEPWN-1                                                            

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။      ။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။

တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ  ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။

အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ်လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် ပေးပို့ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီလိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက် ”၂ဝဝ၅ ခုနှစ်နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ချခံရသူ အကုန်လုံးလို” မှာ အီလက်ထရောနစ် အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“တရားသူကြီးဖတ်ပြတာက အီးမေးကို အသုံးပြုပြီးတော့ တဖက်က တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်ဆိုပြီးတော့ ပြောတယ်” ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သော ကိုမျိုးသန်းထက်က ပြောသည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းများ ဖြစ်သည်ကို တရားသူကြီးက ရည်ညွှန်းသွားခြင်းမရှိဟု သိရသည်။

ကိုကျော်မိုးနိုင်နှင့် ပါတီလုပ်ဖော်ကိုင်ဖက် ကိုအောင်အောင် ခေါ် ကိုအောင်အောင်ဦး၊ ကိုကျော်ဝင်းထွန်း ခေါ် ကိုဘိုထွန်းတို့က အတိုက်အခံခေါင်းဆောင်၏ ဓာတ်ပုံများ လမ်းသွားလမ်းလာများအား ရန်ကုန်မြို့ တာမွေအဝိုင်းအနီး ယခင်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖြန့်ချီနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။

ကိုကျော်မျိုးနိုင်ကို နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် နှင့်တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ၂ နှစ်ခွဲချထားရာ အင်းစိန်ထောင်တွင် ရှိနေသည်။ ကျန် ၂ ဦးမှာလည်း နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချခံရသည်။

လူငယ်များဖမ်းဆီးခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်

မြောက်ကိုရီးယား နျူကလီးယား နည်းပညာ မြန်မာပြည်ပို့

မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား နည်းပညာနဲ့ ဒုံးလက်နက် နည်းပညာတွေကို ကြားခံ ကုမ္ပဏီတွေကို အသုံးချပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့ကို တင်ပို့ပေးနေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယား အစိုးရအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက လိုက်နာမှုရှိမရှိ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ဝင် ၇ ယောက်ပါ ကျွမ်းကျင်သူ အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာဖြစ်ပါတယ်။
တရားဝင်ဖြစ်အောင် ဟန်ပြလုပ်ထားတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံခြားက ရာဇဝတ်မှု ကွန်ယက်တွေကို အသုံးချပြီး မြောက်ကိုရီးယားက မြန်မာ၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေဆီကို နျူကလီးယားနဲ့ ထိပ်ဖူးတပ် ဒုံးကျည်ထုတ်လုပ်မှု နည်းပညာ အကူအညီတွေကို ပေးနေတယ်လို့ ဗြိတိန်၊ အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ကျွမ်းကျင်သူတွေ လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား အစိုးရအပေါ် ပိတ်ဆို့ အရေးယူထားတဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယား လက်နက်တင်ပို့မှု၊ တင်သွင်းမှု ဒဏ်ခတ်မှုတွေကို မြောက်ကိုရီးယားက ချိုးဖောက်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မနေ့ ကြာသပတေးနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား တံခါးပိတ် ဆွေးနွေးခဲ့ ကြပါတယ်။ အခုလို စုံစမ်းတွေ့ရှိမှုတွေအတွက် နောက်ထပ် အရေးပေါ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း ကျွမ်းကျင်သူတွေက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီးယား နည်းပညာကို မြောက်ကိုရီးယား ဆီက ရယူဖို့ စိတ်ဝင်စားနေခဲ့တယ်ဆိုတာ ကိုတော့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး ဌာနတွေက ဟိုးအရင်ကတည်းက သံသယရှိနေကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ တရားမဝင် ပတ်သက်နေတဲ့ ကုမ္ပဏီတခု ကတဆင့် သံလိုက်စက်ကွင်းတွေကို တိုင်းတာတဲ့ မက်ဂနက်တိုမီတာ (magnetometer) တခုကို မလေးရှားကနေ မြန်မာနိုင်ငံကို တရားမဝင် ခိုးသယ်သွားဖို့လုပ်သူ ၃ ယောက်ကို ဂျပန်က ၂၀၀၉ ခုနှစ်မှာ ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် မြန်မာနိုင်ငံက သံသယရှိစရာ ဆောင်ရွက်မှုတွေကို စောင့်ကြည့်နေသလို၊ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုထဲမှာ အကြုံးဝင်နေတဲ့ Namchongang Trading ရဲ့ လုပ်ငန်းတွေကို စောင့်ကြည့်နေတယ်လို့  အဖွဲ့ဝင် ၇ ယောက်ပါ ကုလသမဂ္ဂကျွမ်းကျင်သူ အဖွဲ့က ပြောတာကိုလည်း အေပီ သတင်းထဲမှာ ရေးထားပါတယ်။

ဟိုဘက်ထိလွန်သွားပါစေ

20100405bt1                                                            

အောင်ဝေး၏ " အရေးတော်ပုံရင်ခုန်သူများ " ရေဒီယိုဆောင်းပါး

aw                                                            

ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ထောင်တိုးချခံရ


ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်း ဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။
ဗီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် သုံးနှစ်ကျခံနေရတဲ့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင် ကိုကျော်ကိုကိုဟာ မကြာခင်မှာ  လွတ်ရက်စေ့တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ထောင်ဒဏ်သုံးနှစ်ကနေ ပြန်လွှတ်ခါနီးအချိန်ကျမှ အာဏာပိုင်တွေက သူ့ကို အသင်းပင်းဖွဲ့စည်းမှု ပုဒ်မ ၆ နဲ့ ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါး နှောက်ယှက်မှု ပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ်ဆိုပြီး နောက်ထပ် ထောင်ဒဏ် ငါးနှစ်ကို ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စက်တင်ဘာသံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများ အဖွဲ့ချုပ်က ခေါင်းဆောင်
ကိုကျော်ကိုကိုဟာ ဗွီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ကျလို့ ပြန်လွတ်ခါနီးအချိန်ကျမှ သင်းဖွဲ့ ဖွဲစည်းမူ ပုဒ်မ ၆ နဲ့ ၃ နှစ်
နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ၂ နှစ် ကို ဒီနေ့မှာပဲ ထပ် အမိန့်ချ လိုက်ပါတယ်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုကျော်ကိုကို ကို အာဏာပိုင်တွေက
၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်တရားရုံးမှာ
ဗွီဒီယို အက်ဥပဒေနဲ့  ၃ နှစ် ချခဲ့ပါတယ်။ ဒီနောက် တောင်ကြီးထောင်ကို ပို့ခဲ့ပါတယ်။

ထောင်ချပြီကာမှ ၂၀၁၀၊ မတ်လ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပြန်ပို့ပြီး ထပ်မံ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူ့ကို ဒီနေ့မှာတော့ ကျောက်တံတား တရားရုံးမှာ ပုဒ်မ ၂ ခုနဲ့ ထောင် ၅ နှစ် ချလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ကျော်ကိုကို ကို ကျောက်တံတားမြို့နယ် တရားရုံးကပေါ့နော်။ ၂ နာရီလောက်မှာ အမိန့်ချတယ်။ သင်းဖွဲ့ပုဒ်မ ၆ နဲ့ ၃ နှစ်၊ ၅၀၅(ခ) နဲ့ ၂ နှစ် ပေါ့။ တရုံးစီ ခွဲချတယ်။”

အခုလိုမျိုး လွတ်ရက်စေ့ခါနီးမှ ထပ်မံတရားစွဲဆိုတဲ့ ပုဒ်မတွေဟာ ဥပဒေအကြောင်းခြင်းရာနဲ့ ညီညွတ်မှုရှိမရှိကိုလည်း မေးမြန်းကြည့်တဲ့ အခါမှာတော့ -

“အသင်းအဖွဲ့အနေနဲ့ ဖွဲ့ထားတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ပြစ်ဒဏ်ပေးတဲ့ ကိစ္စမှာ တရားခံဘက်ကနေပြီးတော့ ဒါဟာ အသင်းအဖွဲ့ ဖွဲ့ ထားတာ မဟုတ်ပါဘူးလို့ ခုခံချေပရမယ်ဆိုတဲ့ အနေအထားမျိုးတော့ တရားခံဘက်ကို ပုခုံးပြောင်းပြီးတော့ ရှင်းလင်းစေတဲ့ အချက်ဟာဖြင့် ဒါ ဥပဒေနဲ့ မညီဘူးပေါ့နော်။ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းခြင်းရာကို ဘယ်လိုပုံသဏ္ဍန်နဲ့ ဖွဲ့ စည်းတယ်၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းတယ်၊ ဘယ်မှာဖွဲ့စည်းတယ်ဆိုတဲ့ အချက်အလက်တွေဟာ ဖော်ပြဖို့လိုတယ်။ အဲဒီလိုပဲ ဒီ နိုင်ငံတော် လုံခြုံရေးဆိုင်ရာကို ထိပါးစေတဲ့ ပုဒ်မ ၅၀၅(ခ) ဆိုတာဟာလည်း ဒီ ၂၀၀၇ ခုနှစ်မှာ ဒီလိုပဲ ရဟန်းသံဃာတွေရဲ့ မေတ္တာသုတ်ရွတ်ပွဲမှာ သူတို့လည်း ပါဝင်ပြီးတော့ လိုက်ခဲ့တယ်။ ကျော်ကိုကိုက အဲဒီမှာ ဟောပြောတယ်။ အဲဒီ ဟောပြောတာဟာ လှုံ့ဆော်တယ်လို့ ပြောလို့ ရမလား၊ မရဘူးလား။ အဲလို ဟောပြော လိုက်တဲ့ အတွက် ဘယ်လိုပြဿနာ တွေ ပေါ်ပေါက်လာနိုင်သလဲ၊ ပေါ်ပေါက်လာသလဲပေါ့နော်၊ အဲဒီလို အချက်အလက်တွေကိုလည်း တရားစွဲ အဖွဲ့အစည်း အနေနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ခြင်းမရှိဘူး။”

ကိုကျော်ကိုကိုလိုပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကတော့ သင်းဖွဲ့ပုဒ်မ  ၆ အပါအ၀င် ပုဒ်မ ၄ ခု လောက်နဲ့ ထောင် ၁၅ နှစ်ခွဲ ကျခံနေရပါတယ်။ ကိုဒီငြိမ်းလင်းကတော့ ဝေးလံခေါင်သီတဲ့ ခန္တီးထောင်မှာ မျက်စေ့သိပ်မမြင်တော့ဘဲ မျက်စေ့ကိုက်တဲ့ဝေဒနာ ပြင်းထန်စွာ ခံစားနေရတာကြောင့် ဆေးကုသခွင့်တောင်းထားပေမဲ့ အခုထိ မရသေးဘူးလို့ မိသားစုက ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပ ပါလီမန် တောင်းဆို

By နော်ရှိုး ကြာသပတေး, 20 မေ 2010 VOA

မြန်မာနိုင်ငံရဲ့  ရွေးကောက်ပွဲ မတိုင်မီကာလ နိုင်ငံရေး ပတ်ဝန်းကျင် အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်ဖွယ် မရှိကြောင်း ဥရောပ ပါလီမန်က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအရဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာ မဟုတ်တာကြောင့် ဒီဥပဒေကို ရုပ်သိမ်းပေးဖို့  တောင်းဆိုထားပါတယ်။ ဥရောပပါလီမန်ရဲ့  သဘောထားဟာ ဥရောပသမဂ္ဂတခုလုံးရဲ့  သဘောထားကို ဘယ်လောက်အထိ ထင်ဟပ်တယ်လို့ ပြောလို့ရသလဲဆိုတာ နော်ရှိုးက တင်ဆက်ထားပါတယ်။
ပြင်သစ်နိုင်ငံ Strasbough မြို့ မှာကျင်းပခဲ့တဲ့ ဥရောပပါလီမန်အမတ်များ လစဉ်အစည်းအဝေးကနေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ ဒီမိုကရေစီနဲ့ လုံးဝ မကိုက်ညီတဲ့ အခြေအနေတွေနဲ့  မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့  ကြိုးစားနေတဲ့အပေါ် ရှုတ်ချကြောင်း အတိအလင်း ရေးသားထားပါတယ်။ စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်တာကြောင့် ဒီဥပဒေကို ရုတ်သိမ်းပေးဖို့ကိုလည်း ဥရောပလွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်၊ ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားပိုင်ခွင့် ပေးဖို့တို့ကိုလည်း တိုက်တွန်းထားပါတယ်။ အခုလို ဥရောပပါလီမန်ရဲ့  ထုတ်ပြန်ချက်ဟာ EU တခုလုံးရဲ့  ဘုံရပ်တည်ချက်ကို ဘယ်လောက်အထိ ထင်ဟပ်စေတယ်လို့ ပြောလို့ရပါမလဲ။ ဒီဥရောပပါလီမန် အစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အရေးကို ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့တဲ့ ဗြိတိန်အစိုးရ ဦးဆောင် ကွန်ဆာဗေးတစ်ပါတီ လွတ်တော်အမတ် ဒေါက်တာ Charles Tannock ကို မေးကြည့်ပါတယ်။
အရှင်းဆုံး ဖြေရရင်တော့ ဥရောပပါလီမန်ရဲ့  ကြေညာချက်ဟာ အီးယူ ဥရောပသမဂ္ဂရဲ့  ဘုံရပ်တည်ချက်ပဲလို့ ပြောလို့မရပါဘူး။ ဥရောပသမဂ္ဂရဲ့  နိုင်ငံခြားရေးမူနဲ့ ပတ်သက်ရင် ကျနော်တို့ ဥရောပပါလီမန်က အကြံပေး ဆွေးနွေးတိုင်ပင်တဲ့ အခန်းကဏ္ဍကနေပဲ ပါဝင်တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ဘုံရပ်တည်ချက်တရပ်ဖြစ်လာဖို့  အီးယူနိုင်ငံအားလုံး ထောက်ခံမှု လိုအပ်ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ Charles Tannock က အခုလက်ရှိ အနေအထားနဲ့ဆိုရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဥရောပပါလီမန် အနေနဲ့ လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း ပြောဆိုပါတယ်။
ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကို အလေးအနက် မထားပါဘူး။ စစ်အစိုးရက ဟန်ပြသက်သက်နဲ့  သူတို့အာဏာ တည်မြဲရေးအတွက် အချိန်ဆွဲ နေတာလို့ပဲ ကျနော်တို့ ဥရောပပါလီမန်အမတ်အားလုံးက မြင်ကြပါတယ်။
ဥရောပပါလီမန်ဆိုတာ အီးယူ ဥရောပသမဂ္ဂနိုင်ငံပေါင်း (၂၇) နိုင်ငံက ပြည်သူတွေ တိုက်ရိုက်ရွေးချယ် တင်မြောက်ထားတဲ့ ပါလီမန်အမတ်ပေါင်း (၇၃၆) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အီးယူ ဥပဒေပြုလွှတ်တော် ဖြစ်ပါတယ်။ နောက် ဥရောပပါလီမန်ဟာ ဥရောပသမဂ္ဂရဲ့  နိုင်ငံခြားရေးမူကို ချမှတ်တဲ့အလုပ်ကို မလုပ်ပေမယ့် သူတို့ရဲ့ အကြံပြုချက် သဘောထားတွေကို နိုင်ငံခြားရေးမူ ချမှတ်တဲ့ ဥရောပသမဂ္ဂကောင်စီက အလေးအနက်ထားတယ်လို့ ဒေါက်တာ Tannock က ပြောပါတယ်။
ကျနော်တို့ရဲ့  ကြေညာချက်တွေကို ဥရောပသမဂ္ဂကောင်စီက အရေးတယူနဲ့ ဖတ်တယ်ဆိုတာကိုတော့ တပ်အပ်ပြောနိုင်ပါတယ်။ ကျနော်တို့ရဲ့  အကြံပြုတိုက်တွန်းချက်တွေကို သူတို့ အတတ်နိုင်ဆုံး စဉ်းစားပြီး အားလုံးမဟုတ်တောင် အနည်းဆုံး တဝက်လောက်ကို လိုက်လျောလေ့ရှိပါတယ်။ နောက်ပြီး ကျနော်တို့ဟာ ဥရောပ ပြည်သူသန်း (၅ဝဝ) ကျော်က တိုက်ရိုက် ရွေးကောက်တင်မြောက်ထားတဲ့ ပါလီမန်ဖြစ်တာကြောင့် ကျနော်တို့ရဲ့  သဘောထားဟာ အီးယူ ခေါင်းဆောင်တွေအပေါ်မှာ အများကြီး ဩဇာရှိပါတယ်။
ဥရောပ ပါလီမန်ဟာ ပြီးခဲ့တဲ့ (၁) နှစ်အတွင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခု နောက်ဆုံးတခု အပါအဝင် ကြေညာချက် (၃) ခုထုတ်ပြန်ခဲ့တာပါ။ အရင် ကြေညာချက်တွေထဲမှာဆိုရင် မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသတွေက ညှင်းပန်နှိပ်စက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သလားဆိုတာကို စုံစမ်းစစ်ဆေးဖို့  ကုလသမဂ္ဂကို တိုက်တွန်းခဲ့တယ်လို့လည်း ဒေါက်တာ Tannock က ပြောပါတယ်။
အီးယူ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့  မြန်မာ့အရေးအတွက် လုပ်သင့်သလောက် မလုပ်ဘူးဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာအနေနဲ့  အထူးသဖြင့် ကုလသမဂ္ဂအဆင့်ကနေပြီး မြန်မာစစ်အစိုးရက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်သလားဆိုတာကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့  အရေးတကြီး လိုအပ်ပါတယ်။
အီးယူတခုလုံးအနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာရေးအတွက် လက်တွေ့မှာ ဘယ်လို ဖိအားတွေ ဆက်ပေးလို့ ရသေးလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါက်တာ Tannock က အခုလို ဖြေကြားခဲ့ပါတယ်။
အီးယူအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ဘယ်လို့ဆက်ပြီး တိုက်ရိုက်ဖိအား ပေးနိုင်သလဲဆိုရင်တော့ သိပ်လုပ်ဖို့ မကျန်တော့ပါဘူး။ အီးယူနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုကလည်း များများစားစား မရှိဘူးလေ။ အခုလောလောဆယ် အီးယူအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ထားပြီး ဖြစ်တယ်။ နှစ်ဘက်ကြား ကုန်သွယ်မှုတွေ ရှိနေတယ်ဆိုရင် ဒါတွေကို ဖြတ်တောက်လိုက်လို့ရတယ်။ အခုက သိပ်မှမရှိတာ။ ကျနော်တို့က ဒီလိုကြေညာချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် ပိုမို အကျိုးသက်ရောက် စေနိုင်တာတခုက အာရှဒေသအတွင်း အင်းအားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့အနေနဲ့  မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ သူတို့ရဲ့ ဩဇာ အရှိန်အဝါကို သုံးဖို့  တိုက်တွန်းတာ ဖြစ်ပါတယ်။
ဗြိတိန် ပါလီမန်အမတ် ဒေါက်တာ Charles Tannock ပြောသွားတာပါ။ အခုနောက်ဆုံး ဥရောပါလီမန်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ မြန်မာစစ်အစိုးရကို ပိတ်ဆို့ဒဏ်ခတ်ထားတာ သက်တမ်းတနှစ်တိုးဖို့ ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ခဲ့တာကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် ဥရောပ ကော်မရှင်က ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်တွေအတွက် အကူအညီပေးတာကို လျှော့ချလိုက်တဲ့ အပေါ်မှာတော့ ဥရောပပါလီမန်က ရှုတ်ချထားပါတယ်။

ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး

E-mail Print
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထောက်ပံ့မှုများယူ၍ ကူညီခဲ့သည်။ ဦးကျော်သူ သည် ယခုနှစ် ဧပြီလ အတွင်းက မြန်မာ ပြည်အတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့ကို ပြည်ပရောက် မြန်မာများက ချီးမြှင့်သည့် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်” ဆု ရရှိခဲ့သူ ဖြစ်သည်။ ယခုနှစ်တွင် မြန်မာပြည်၌ အပူချိန် မြင့်တက်လာသောကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ခဲ့ရာ ရေဒုက္ခ ရင်ဆိုင်နေရသည့် ပြည်သူများကိုလည်း ဦးကျော်သူ ဦးဆောင်သည့် ၎င်း အသင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရေကုသိုလ် ပြုလျှက်ရှိသည်။ ထို့ကြောင့် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်း လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အခက်အခဲများကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။     ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရေလှူတဲ့ ရေကား တွေမှာ သူတို့ အလံတွေ ထူခိုင်း တယ်လို့ ကြားတယ်၊ ကိုကျော်သူ တို့ကော အဲဒီလို အဖြစ် မျိုးတွေ ကြုံရလား။ 

ဖြေ။     ။ ကျနော် တို့တော့ မသိသေးဘူး။ ဒလဘက် သွားကြတယ်။ အဲဒါ ဘာကြား မလဲတော့ မသိသေးဘူး။ ပဲခူးဘက် သွားတုန်း ကတော့ အဲဒီလို မလုပ်သေးဘူး။ ကျနော်တို့က နာရေး ကူညီမှု အသင်း (ရန်ကုန်) ဆိုတဲ့ ဗီနိုင်းချပ် ကြီးတွေ ချိတ်သွားတာ။ ကြံ့ဖွံ့အလံ ထောင်လို့လည်း မရဘူး။ ထောင်ခွင့်လည်း မပေးနိုင်ဘူး။

မေး။     ။ အခု ရန်ကုန်မှာ မိုးလည်း စရွာနေပြီဆိုတော့ ရေလှူတဲ့အလုပ် ဆက်လုပ်နေရတုန်းပဲလား။ ရေလှူတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

ဖြေ။     ။ ရန်ကုန်တိုင်းထဲမှာ အကုန် သူ့ဟာနဲ့ သူတော့ ဆိုးနေကြတာပဲ။ ဟိုနေ့က ပဲခူးဘက်သွားတယ်။ နောက် ဝေါ ဘက် ၊ သက္ကလ ရွာတွေဘက် သွားတယ်။ မိုးရွာပေမယ့် ကြာကြာ ရွာတာမှ မဟုတ်တာ။ ရေလှူတဲ့ နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ ရေဒုက္ခသည်တွေက ကျနော်တို့ ရေသွားလှူရင်တောင်မှ သူတို့မှာ ထည့်စရာ ပုံးတို့၊ ခွက်တို့တောင် သိပ်မရှိကြဘူး။  ကျနော်ကတော့ ရေအုတ်ကန်လုပ်ဖို့ စဉ်းစားထားတယ်။ ရွာတရွာမှာ လမ်းဘယ်နှလမ်းရှိလဲ ကြည့်မယ်။ အုတ်ကန်လေး သွားပြီး လုပ်ပေးမယ်။ အဲဒီလမ်းက လူတွေ ရေကိုမျှပြီး သုံးကြပေါ့။ မိုးရွာတယ်ဆိုလည်း ဒီအုတ်ကန်က ရေခံထားပြီးသား ဖြစ်သွား တာပေါ့။ အဲဒီလို ကျနော်က စဉ်းစားနေတာ။ တချို့နယ်တွေက အ၀ီစိတွင်း တူးလို့မရတာတွေ ရှိတယ်။ တချို့ဆို ရေတွင်းတူးတာတောင်မှ ရေချိုမထွက်ဘူး။ ရေငန်ထွက်တဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲဒီလိုဆိုတော့  နည်းနည်းတော့ အခက်အခဲ ဖြစ်တယ်။

မေး။     ။ ရေအခက်အခဲ ဖြစ်တဲ့ရွာတွေမှာ အဆိုးရွားဆုံး အနေအထား ဘယ်လောက်ထိ ရှိနေလဲ။

ဖြေ။     ။ အဲဒါကျနော် မလိုက်သွားတော့ မသိဘူး။ နာရေး အသင်းကလည်း တော်တော်သင်္ဂြိုဟ်ပေးရတာတွေ များနေတော့ ဒီဘက်ကလည်း လက်လွှတ်လို့မရဘူး။  ဟိုဘက်ကို ကျနော့် အမျိုးသမီး လိုက်သွားတယ်။ နောက်တခုက ကျနော်ပါရင် ပုံစံက တမျိုးဖြစ်လိမ့်မယ်လေ။ ရေဘေးဒုက္ခသည်တွေဆီ ရောက်သွားရင် ဌာနဆိုင်ရာက ကျော်သူပါလာတယ်ဆိုရင် တမျိုးဖြစ်သွား နိုင်တယ်။ ဒါနဲ့ ကျနော် မလိုက်တော့တာ။

ကျနော်တို့က ဝေါမြို့နယ်တို့၊ ပဲခူးဘက်တို့မှာ သွားလှူတဲ့အခါ ပဲခူးမြို့ပေါ်က ရေအလှူရှင်ရှိတယ်။ သူ့အိမ်မှာသွားပြီး ကျနော်တို့က ပိုက်ကိုတပ်၊ စက်နဲ့စုပ်ပြီး ရေပုံးတွေထဲ ထည့်တယ်။ ဂါလန် ၂၅၀၀ ထည့်ပြီး တခေါက်သွား၊ တနေ့ကို ၂ ခေါက်၊ ဂါလန် ၅၀၀၀ အနည်းဆုံး လုပ်ပေးနေတယ်။  ဒီ ရေ အလှူရှင်ကလည်း သူ့အိမ်ကရေတွင်း၊ ရေကန် လျော့တဲ့အထိတော့ ဘယ်လှူနိုင်မလဲ။ အတိုင်း အတာက ပြဿနာတက်တယ်။ ရန်ကုန်မှာတောင် ကျနော်တို့ အိမ်တွေဘက်ရေက မလာတော့ဘူး။ ဂျိုးဖြူရေကမလာတော့ဘူး။ ကျနော်တို့ အားလုံးဒုက္ခရောက်သလို၊ ပြည်သူအားလုံးလည်း ဒုက္ခ ရောက်နေကြတယ်။

အဝီစိတွင်းတူးဖို့တော့ စ စုံစမ်းခိုင်းထားတယ်။ ပဲခူးဘက်မှာတော့ တနေရာရပြီ။ အဲဒီနေရာမှာ ဘာမှမရှိဘူး ဆိုတော့ အဲဒီနေရာမှာပဲ အဝီစိတွင်း တူးပေးဖို့ရှိတယ်။ နောက် ကျနော်တို့ ဒလဘက်ကိုရေဝေဖို့ သွားရင်းနဲ့ စုံစမ်းဖို့ပြောထားတယ်။ ဒလဘက်မှာ ဘယ်သူ သြဇာအာဏာညောင်းလဲ။ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီး၊ ဆရာတော်ကြီးတွေကနေ ဦးစီးပြီး ဘယ်အရပ် ဘယ်လမ်းမှာ ဘာလုပ်ပေးပါဆိုတဲ့  ဆရာတော်ကြီးတွေ သြ၀ါဒခံပြီးပဲ လုပ်တော့မယ်။ ဒီ့ပြင် ဘယ်အဖွဲ့အစည်း ကိုမှ သွားပြီး သြ၀ါဒလည်း မခံနိုင်ဘူး။ အလှူရှင်တွေက ကျနော်တို့ကို ယုံကြည်ပြီးလှူထားတဲ့ဟာ၊ ဒုက္ခသည်တွေ လက်ထဲကို ရောက်အောင်တော့ လုပ်ပေးရမှာပဲ။

မေး။     ။ အခုလို ရေအခက်အခဲက ခါတိုင်းနှစ်တွေလည်းဖြစ်တယ်လို့ သိရတယ်။ ဒီနှစ်နဲ့ ဘယ်လိုကွာပါသလဲ။

ဖြေ။     ။ ခါတိုင်းနှစ်က ဒီလောက်မဖြစ်ဘူး။ ၇ မိုင်ဆိုလည်း ၇ မိုင်မှာရေပြတ်သွားတာမျိုး၊ မလာတော့တာ ဒါတွေက ရှိတယ်။ ရေရှည်တော့ မဟုတ်ဘူး ခဏတဖြုတ်ဖြစ်တာ။ ဒီနှစ်က ပိုလည်းပူတော့ ပိုပြီးဆိုးကုန်တာပေါ့။ ရေကန်တွေလည်းခန်း၊ ရေတွင်းတွေလည်း ကုန် အဲဒီလိုဖြစ်ကုန်တာ။

မေး။     ။ ရေပြဿနာဖြစ်ရတဲ့ အဓိကနေရာတွေက ရေကန်နဲ့ ရေတွင်းတွေကို ပိုပြီး အားပြုသုံးနေရတဲ့နေရာတွေက ဖြစ်တာလား။

ဖြေ။     ။ တချို့နယ်တွေက အ၀ီစိတွင်းတွေမရှိဘူး။ သောက်ရေကန်ဆို သောက်ရေကန် အဲဒီက ခပ်ကြ။ ကန်ကရေ ကုန်တော့ သွားရော။ တချို့နေရာတွေဆို ကျနော် ကြားတာ ဘယ်အဖွဲ့အစည်းက ငါးမွေးမယ်ဆိုပြီး ကန်ကို သိမ်းလိုက်တယ်။ ဒီလို သိမ်းလိုက်တဲ့အတွက် ရာသီဥတု ပူတဲ့အခါကျတော့ ငါးမမွေးဖြစ်ဘူး။ အဲဒီတော့ သောက်ရေလည်း မရတော့ဘူး။ အဲဒီလိုတွေဖြစ်ကုန်တာ။

မေး။     ။ ရေ အခက်အခဲကြောင့် ရောဂါဖြစ်တာတို့၊ သေကြေပျက်စီးတာတို့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လဲ။

ဖြေ။     ။ နယ်တွေတော့မသိဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းဆို အပူဒဏ်ကြောင့်ဆုံးတာ တနေ့တနေ့ကို ၇၈ လောင်းလောက် အတွက်ကို လိုက်လုပ်ပေးနေရတယ်။ အရင်နှစ်တွေ တုန်းကဆို တနေ့ကို ၄၀ ကျော် ၄၅ လောင်း လောက်ပဲရှိတယ်။ အခုဆို ၇၀ ကျော် ၈၀ နီးပါး ကပ်နေပြီ။ ပိုလာတဲ့ အရေအတွက်က ရာသီဥတုကြောင့်လို့ ကျနော်တို့ တွက်လို့ရတယ်။ အရွယ်အားဖြင့် ကတော့ မျှတယ်။ အထူးသဖြင့်လူကြီးပိုင်း ပိုသေကြတယ်။ ကိုဗလ (မင်းသားသုမောင်) ဆိုလည်း အသည်းရောဂါရှိတာက ရှိတာပဲ၊ အပူဒဏ်ကြောင့် ဆိုးသွားပြီး မခံနိုင်ဘဲဆုံးတာ။ ပန်းချီ သန်းမြင့်အောင်ဆိုလည်း အပူကြောင့် ဆုံးတာပဲ။

မေး။     ။ အခြေခံ လူတန်းစားတွေကတော့ ပိုသေကြမယ်ထင်တယ်။


ဦးကျော်သူနှင့် ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ပဲခူးတိုင်းအတွင် ရေလှူဒါန်းရန်ကိစ္စ ဆွေးနွေးနေစဉ်
ဖြေ။     ။ လောလောဆယ် ဒီမှာဖြစ်တာ ကြုံရ တာကတော့ ဦးနှောက် သွေးကြော ပြတ်ပြီး ဆုံးကြတာ ကြားတယ်။ အငှားယာဉ် မောင်းတဲ့ သူတွေ၊ ဆိုက်ကား သမားတွေ ဖြစ်ကြတယ်။ ခရီးသည်တင် ယာဉ်မောင်း တယောက် ဆိုရင် ကားဂိတ် ရောက်တဲ့ အချိန်မှာ သူ ရေခဲရေ သောက်တယ်။ နောက်ကား ရှိလို့ စပယ်ရာက သွားဖို့ ပြောတဲ့ အခါ ကျတော့ ကားက မသွားဘူး။ အဲဒါနဲ့ သွားကြည့်တော့ ကားပေါ် မှာတင် အသက် ပျောက်နေတယ်။ နောက် ဆိုက်ကား ဆရာတို့ ဘာတို့ဆို ပူတော့ မျက်နှာသုတ် ပုဝါကို ရေစွတ်ပြီး ပခုံးပေါ် တင်ထားတယ်။ အဲဒါနဲ့ ဦးနှောက်ကြော ပြတ်ပြီး ဆုံးတာ။

မေး။     ။ အခုလို ကူညီတဲ့ အလုပ်တွေ လုပ်နေတဲ့ အထဲမှာ အခက်ခဲဆုံးက ဘာဖြစ်မလဲ။

ဖြေ။     ။ အခက်အခဲကတော့ နာရေးနဲ့ ပတ်သက်ရင် သင်္ဂြိုဟ်ပေးဖို့ အအေးခန်း အခက်အခဲပဲ။ အအေးခန်းငှားမယ် ဆိုလည်း အအေးခန်းမှာ အလောင်းတွေက ပြည့်လျှံနေပြီ။ နေ့လယ် ၁၂ နာရီကျော်လောက်မှ အအေးခန်းမှာ ထားခွင့်ရှိတယ်။ အားရင်တောင်မှ အလောင်းတွေက တော်တော်လေးများလို့ အနံ့အသက်လည်း မကောင်းတော့ဘူး။ ဆေးရုံအအေးခန်းတွေ ဆိုလည်း အနံ့အသက်တွေက မကောင်းဘူး။ ကျန်းမာရေးအရ ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။

ရေလှူတဲ့ အပိုင်းကတော့ အခုလောလောဆယ် အခက်အခဲမရှိသေးဘူး။ ကျနော်တို့ ဂါလန် ၂၅၀၀ ဆန့်တဲ့ ရေပုံးတွေ ၀ယ်တယ်။ ဒလဘက်က ရွာတွေကို သွားမယ်ဆို ဒလ မြို့ပေါ်က ရေအလှူရှင်ရှိတယ်။ ဒီအတိုင်း ကားနဲ့ သွားပြီး ရေအလှူရှင်အိမ်မှာ ရေထည့်ပြီး ရွာတွေကို ဝေတာပေါ့။ ဒလဘက်က ရေအလှူရှင်မရှိဘူးဆို ရန်ကုန်ကနေ သယ်ရမယ်၊ အဲဒါဆိုရင်တော့ သွားရေးလာရေး နည်းနည်းကြန့်ကြာမယ်၊ နည်းနည်းလည်းပင်ပန်းမယ်။ အဲဒါတွေတော့ ရှိတယ်။

ပဲခူးဘက်ဆိုလည်း ပဲခူးဒေသခံက ကျနော်တို့ ကို အကူအညီပေးတယ်။ လူမှုရေး သမားတွေနဲ့ လူမှုရေး စိတ်ဓာတ် ရှိတဲ့သူတွေ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ပဲ လုပ်ပေးကြပါတယ်။

မေး။     ။ နာဂစ်တုန်းက တဦးချင်းအလှူရှင်တွေ၊ လူမှုရေး လုပ်ချင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီးပဲ ရှိခဲ့တယ်လေ။ အခု ရေလှူတဲ့ အခုအချိန်မှာကော တဦးချင်း အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိလာလား။

ဖြေ။     ။ များပါတယ်။ ဒါပေမယ့် ဒီတခါ တော်တော် တင်းတင်းကျပ်ကျပ် လုပ်ရတယ်။ နာဂစ်ကနေ ကျနော်တို့ အတွေ့အကြုံ တွေ အများကြီးရခဲ့တယ်။ စေတနာ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ရိုးရိုးသာမန်လူပဲ ဖြစ်ဖြစ် အရေးကြီးတာ သူတို့ စိတ်ဓာတ်ပဲလေ။ နာဂစ်တုန်းကဆို နယ်တွေသွားတယ်၊ ကျနော်တို့ မလိုက်နိုင်တဲ့ နယ်တွေဆို ဒီတိုင်း လွှဲပြီး လွှတ်လိုက်ရတယ်။ အဲဒီမှာ အလှူရှင်ရဲ့အလှူငွေတွေ၊ နောက် မမြင်ဘူးတဲ့ အစားအစာ၊ မမြင်ဘူးတဲ့ အ၀တ်အထည်၊ မသုံးဘူးတဲ့ ပိုက်ဆံတွေ သုံးရတော့ စာရိတ္တ ပျက်ပြားတာတွေ မြင်ခဲ့တယ်၊ တွေ့ခဲ့တယ်။ အဲဒါကြောင့် အဲဒီလို မဖြစ်အောင် တင်းတင်းကျပ်ကျပ် ကျနော်တို့ လုပ်ထားတယ်။

မေး။     ။ ရေရှည်အတွက် ကန်တွေဆောက်မယ် လို့လည်းပြောတယ်၊ အ၀ီစိတွင်းတွေ တူးမယ်လို့လည်း ပြောတယ်။ နောက်နှစ်တွေလည်း ဒီထက် ပူချင် ပူလာနိုင်မယ့် အလားအလာတွေ ရှိနေတယ်ဆိုတော့ ကိုကျော်သူတို့ ဘယ်လောက်ထိ စီမံကိန်းချထားတာ ရှိလဲ။

ဖြေ။     ။ စီမံကိန်းက ကျနော်တို့ ချလို့မရဘူး၊ အစိုးရက လုပ်ရမှာ။ ကျနော်တို့လည်း ရေရှည် ဒီဟာကြီးကို လိုက်လုပ် မပေးနိုင်ဘူး။ နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့ ကျနော်တို့ လုပ်နေရတယ်။ နိုင်ငံတော် အနေနဲ့ တတ်သိ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ကွင်းဆင်း အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အပင်စိုက်သင့်ရင်စိုက်၊ တလမ်းကို ရေတွင်း ဘယ်နှတွင်းတူး ဆိုတာမျိုး လုပ်ရမယ်။ ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့ မရဘူး။

ကျနော်တို့ကတော့ ကြုံရင်ကြုံသလို လုပ်ပေးနေတာပဲ။ လှိုင် မီးဘေးတုန်းက ၀ါးတရာ မီးဘေး စခန်းကိုသွားပြီး အ၀ီစိတွင်းတွေ တူးပေးရတယ်၊ အိုးခွက်တွေ၊ အ၀တ်အစားတွေ သွားလှူရတယ်။  နဂစ်ဆိုလည်း နာဂစ်အလျောက် လုပ်နေရတာပဲ။ သဘာဝ ဘေးဒဏ်ပေါ် မူတည်ပြီး ကျနော်တို့ လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးကြတာပါ။

ကွန်ကရစ်ရွာ သံမဏိတံခါးများကြားမှ မျက်ရည်မှတ်တမ်းများ (မသေသောဝိဉာဉ်နှင့် ဦးစောဝင်း)

ဦးဇ၀န
မေ ၁၉၊ ၂၀၁၀ မိုးမခ
(၁)
မျက်ရည်များသာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်မည်ဆိုလျှင် ဦးဇင်းတို့၏ ရှိုက်သံများကား သမိုင်းဆရာတို့အတွက် အမှန်အကန်ဆုံး ထွက်ဆိုပေးမည့် သက်သေတို့ပင်ဖြစ်ပေလိမ့်မည်။ ဦးဇင်းတို့ အိပ်မက်တွေကလည်း ဘယ်တော့မှ မပုပ်မသိုး ထာဝရလတ်ဆတ်နေသည်။ စေတနာတွေက အထပ်ထပ် သန့်စင်ထားသော အနောဓါတ်ရေပမာ ကြည်လင်သန့်ရှင်းနေသည်ဟု သံသယမရှိ ယုံကြည်မိသည်။ ထိုယုံကြည်ချက်ကပင် ဦးဇင်းတို့အိပ်မက်တွေ အတိုင်းအဆမဲ့ ရှင်သန်နိုင်ရမည်ဟု အာမခံနိုင်ခြင်းဖြစ်သည်။
တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော စေတနာသန့်သန့်ကပင် ဦးဇင်းတို့အိပ်မက်တွေကို ဖြူစင်စေခဲ့ပြီ။ ယုံကြည်ချက်ဖြင့် ရှင်သန်ခိုက် ကျောကုန်းနှင့် ရင်ဘတ်အတွင်းက ဒါဏ်ရာတွေကို အံကြိတ်ခံရင်း စိတ်တမံကို ခိုင်ခိုင်တည်ဆောက်ထားသည့်ကြားမှ ပြည့်လျှံ စီးကျလာသော မျက်ရည်တို့ကား တန့်မနိုင်ဆည်မရ။ တွေတွေကျလျက် အိပ်မက်မြို့ကို မျက်ရည်ဖြင့် ပန္နက်ချ၊ ရှိုက်သံဖြင့် တံတိုင်းခတ်။ ယုံကြည်မှုထုထည်ကား ကြီးမားသထက်ကြီးမားခဲ့လေပြီ။ 
သမိုင်းခရောင်းတောကို အတူဖြတ်ကျော်ခိုက် လက်တွဲပြုတ်ကျန်ရစ်ခဲ့သော ရဲဘော်တို့အတွက် ကျရသော မျက်ရည် အထုပတ္တိတို့ကို ပြန်လည်တူးဆွ ထုဆစ်မိသောအခါ…..
          အိပ်မက်တို့ဖြင့်တည်ဆောက်
          သံဖြစ်ရုပ်ကြွင်းလို ခိုင်တည်
          အနာဂါတ်နေခြည်အောက်မှာ
          ထွန်းတောက်မယ့် ရင်ခုန်သံဟာ
          နံရံတွေကြားမှာ ပေါ်ထွက်ခဲ့ပြီ။
(၂)   
၁၉၉၄ခုနှစ် ဆောင်း၏အေးစက်မှုသည်ပင် ရင်တွင်းမှ သောကအပူကို အရှုံးပေးနေရချိန်ဖြစ်သည်။ မျှော်လင့်ချက် အာသာဆန္ဒ ပြင်းပြမှုနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တပ်မက်မှုကြီးမားစွာ ရှိသော်လည်း၊ မျှတမှုမရှိသော တရားစီရင်ရေး၏ ရိုက်ချက်ပြင်းပြင်းကြောင့် မကျေနပ်မှုနှင့် စိတ်ဖိစီး တင်းကျပ်မှုတွေရှိနေခိုက် အန်ကယ်ကြီးနှင့် စတင်ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ထိုစဉ်က ဦးဇင်း ဇာတိမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အကြောင်း မေးရင်း သူနှင့် ရင်းနှီးမှုကိုပြောပြီး လာရောက်မိတ်ဆက်သည်။ သူကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မို့ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်းရင်းနှီးလို့ မေးတာလို့ပဲ သာမာန်ထင်ခဲ့သည်။
ဒီလိုနှင့် ၁၉၉၄ခုနှစ် ဇွန်လတွင် အန်ကယ်ကြီးကို အင်းစိန်မှာ ချန်ထားခဲ့ပြီး၊ ကျော်မြသန်းပြောသော ငရဲခန်းများရှိရာ ဆရာစံနယ်မြေသို့ ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ ၁၉၉၆-၉၇ လောက်တွင်မှ သူတို့လဲ ဆရာစံနယ်မြေသို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရသည်။
အစပထမ ရောက်ခါစတော့ ကွန်ကရစ်ရွာ၏ သံမဏိတံခါးများကခြားထားသည်မို့ သူနှင့် နေရာချင်းကပ်လျက်ပင် ကမ္ဘာခြားဝေးကွာနေကြရသည်။ သူက သီးခြားတိုက်၊ ဦးဇင်းတို့က သီးသန့်တိုက်။ သို့သော် မကြာခင် သူတို့နောက်ပြောင်းလာသူများကို ဦးဇင်းတို့ရှိရာ တိုက်များသို့ ရွှေ့ပေးခဲ့သည်။ သီးခြားတိုက်မှ သီးသန့်တိုက်သို့ ပြောင်းလာခြင်းပင်။
သူတို့ သီးခြားတိုက်မှ ပြောင်းလာသူများကို အခန်းများအတွင်း တယောက်စီ ခွဲထည့်ပေးသည်။ ‘သူ’ ဆိုသည့် အန်ကယ်ကြီး ဦးစောဝင်းသည် ဦးဇင်းအခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ထိုစဉ်က ဦးဇင်းနှင့်အတူ ဒေါက်တာထွန်းသူ၊ ရခိုင်ကျောင်းသားလေး စောညီညီတို့ သုံးယောက်နေကြချိန်ဖြစ်သည်။ အန်ကယ်ဦးစောဝင်းရောက်လာတော့ လေးယောက် ဖြစ်သွားသည်။
ထမင်းဝိုင်းဖွဲ့ကြသောအခါ ဦးဇင်း၊ ဒေါက်တာထွန်းသူ၊ စောညီညီတို့အပြင် သံတွဲမှ ကိုဝင်းနိုင်၊ ဒေါက်တာအေးချမ်းနှင့် အန်ကယ်ဦးစောဝင်းပါ လူခြောက်ယောက် စားဝိုင်းဖွဲ့ဖြစ်ကြသည်။ ထိုအချိန်ကစပြီး အန်ကယ်ကြီးနှင့် ဦးဇင်း တယောက်အကြောင်းတယောက်သိ၊ တယောက်သဘော တယောက်နားလည်သည့်အထိ ရင်းနှီးလာခဲ့သည်။
အန်ကယ်ကြီးက လူငယ်ဘ၀ကို လူငယ်ပီပီ ဖြတ်သန်းခဲ့သလို၊ လူကြီးဘ၀ကိုလည်း လူကြီးပီပီ ရင့်ကျက်စွာ ဖြတ်သန်းခဲ့သူဖြစ်သည်။ မိဘဘ၀တွင် ဒုက္ခတို့ကိုရင်ဆိုင်ရင်း သားသမီးများအတွက် သုခ ဖြန့်ဝေပေးခဲ့သူဖြစ်သည်။ မိသားစုဘ၀ကို ဦးဆောင်ဖြတ်သန်းခဲ့ပေမယ့်၊ နိုင်ငံရေးကိစ္စတို့ကို နောက်ကျောခိုင်းထားသူမဟုတ်။ကျောင်းသားဘ၀တွင်လည်း ထင်ရှားသော ကျောင်းသား အဖွဲ့အစည်းတခု၏ ဦးဆောင်သူများထဲက တဦးဖြစ်သည်။
နေ့စဉ် အခန်းကျဉ်းလေးထဲ အတူနေရသူတို့ ထုံးစံအတိုင်း ပုတီးစိပ်တရားထိုင်ရင်း အချိန်တွေ ကုန်ဆုံးစေရသလို၊ တယောက်အကြောင်းတယောက်ပြောရင်း နာရီတွေကုန်ဆုံးစေရသည်။ ဖြတ်သန်းမှုအရ အနှစ်၂၀ ရှိသူက အနှစ်၂၀အကြောင်းကိုပြောလျှင် အနှစ်၅၀ကျော်သူက နှစ်၅၀ အတွေ့အကြုံတွေကို ပြောနိုင်ကြမည်။  အချို့ အသက်ကြီးသော်လည်း ဘ၀အတွေ့အကြုံမစုံ။ အချို့ အသက်ပင် ငယ်ပေမယ့် ဘ၀အတွေ့အကြုံက စုံမှစုံ။
အန်ကယ်ဦးစောဝင်းကတော့ အသက်ရော အတွေ့အကြုံပါ ပြည့်စုံလှသည်။ ကျောင်းသားဘ၀၊ သတင်းစာသမားဘ၀၊ သစ်လောက စတဲ့အတွေ့အကြုံများက သူ့အတွက်ပြောပြစရာ တပုံတပင်။
ကျောင်းသားဘ၀ စစ်တက္ကသိုလ် ပထမပတ် အရွေးခံရပြီး နောင် စစ်တက္ကသိုလ်ကို ကျောခိုင်းခဲ့ပုံကို ပြောပြတော့ “အန်ကယ်သာ တကယ်လို့ စစ်တက္ကသိုလ်ပြီးအောင်တက်ပြီး ဗိုလ်ဖြစ်ခဲ့ရင် ဦးဇင်းတို့ကို ဖမ်းမှာပဲ မဟုတ်လား” လို့ ကျီစယ်မိသည်။ ချက်ချင်းပင်သူက “ ပြည်သူကို ရန်သူလို ဆက်ဆံတဲ့ အလုပ်ဟာ အတော်စက်ဆုပ်စရာကိစ္စပါ ဘုန်းကြီးရာ” ဟု ရင်တွင်းသံကြီးနှင့် ပြန်ပြောသည်။
အန်ကယ်ဦးစောဝင်းဘ၀တွင် ထူးထူးခြားခြားတွေ များစွာရှိသည်။ ရယ်မောစရာတွေကလည်း အပြည့်။ သူလို ဘ၀စုံသော လူအချို့တွင်သာ တွေ့ရတတ်သော အဖြစ်အပျက်မျိုးတွေ။ မန္တလေးမှ ရန်ကုန်သို့အပြန် လေယာဉ်မှားစီးပြီး ဗန်းမော်ရောက်သွားပုံက သူ့အတွက် ငိုအားထက်ရယ်အားသန် အမှတ်တရ လွဲချော်မှုကိစ္စ။ 
လူတယောက်အတွက် သိသာထင်ရှားသော ကိုယ်ပိုင်ထူးခြားမှုတခုရှိတယ်ဆိုလျှင် အန်ကယ်ဦးစောဝင်း၏ ထူးခြားမှုမှာ အချိန်ဘယ်လောက်ကြာကြာ အဖြစ်အပျက် လူနာမည်တို့ကိုအသေးစိတ် မှတ်မိနေခြင်းပင်ဖြစ်သည်။ ဦးဇင်း သူပြောပြတဲ့ စကားတခုကို ကြည့်လျှင် သူ့မှတ်ဥာဏ်ကို အံဩရသည်။
“ဘုန်းကြီးတို့ ဒိုက်ဦးက ကျောင်းဆရာချိုကြီးဆိုတာ အန်ကယ်နဲ့ ကျောင်းနေဖက်လေ။ မိုးတွင်းကြီး မန္တလေးသွားတုန်းက ဒိုက်ဦးမှာ ရထားလမ်းရေကျော်ပြီး ရထားရပ်နေတုန်း လုပ်အားပေး ကျောင်းသားတွေ တက်လာကြတယ်။ ကိုယ့်မိတ်ဆွေကလည်း ဒိုက်ဦးမှာ ချိုကြီးတယောက်ပဲရှိတာ။ တက်လာတဲ့ကျောင်းသားတွေကို ‘ဟေ့ .. မင်းတို့ထဲမှာ ကျောင်းဆရာချိုကြီး သားသမီးတွေ ပါလားဆိုတော့၊ ကလေးမလေးတယောက်က သမီးက ဆရာချိုကြီးသမီးပါ၊ မြသီတာလို့ခေါ်ပါတယ်’ “ လို့ ပြောပြရင်း ရယ်နေသည်။
သူ့အတွေ့အကြုံတွေက ဘယ်လောက်ကြာပြီမသိ။ အချိန်ကာလတိုက်စားမှုတွေက သူ့မှတ်ဥာဏ်ကို မပျက်ဆီးစေခဲ့။ ဒေါက်တာအေးချမ်းကလည်း ဒီအဖိုးကြီးက မှတ်ဥာဏ် တော်တော်ကောင်းတယ်လို့ ဆိုသည်။ ဆရာအေးချမ်းက ဂျပန်မှာ ပါရဂူသင်တန်းတက်ခဲ့သော တိုင်းရင်းသူအမျိုးသမီးတဦး၏ နာရေးကိစ္စကို ပြောပြတော့၊ အန်ကယ် အားကစားသတင်းထောက် လုပ်စဉ်ကမှတ်ထားလို့ ထိုအမျိုးသမီး နာမည်ကို ချက်ချင်းပြောပြနိုင်သည်။
နံရံလေးဘက်အကြားနေစဉ် ကိုယ့်အပျော်ကိုယ်ရှာပြီး အပူသောကတို့ကို ဖြိုချပစ်ကြရသည်။ ဒုက္ခတို့ကို ရယ်မောခြင်းဖြင့် အံတုခဲ့ရသည်။ အန်ကယ်ဦးစောဝင်းကတော့ ဟားတိုက်ရယ်မောနိုင်သူ အဆင့်မှာ အမြဲရှိသည်။ 
တခါက အခန်းကျဉ်းလေးထဲ တံခါးနှင့်အနီးဆုံးနေရသော မိမိက အပေါ့အပါးကိစ္စအတွက် အခန်းထောင့်က မိလ္လာခွက်ရှိရာအသွား၊ တကိုယ်လုံးခေါင်းမြီးခြုံ အိပ်နေသော ဒေါက်တာထွန်းသူကို စနောက်ချင်လာသည်။ သည်တွင် ဆရာထွန်းသူ ခြေထောက်ကို မတော်တဆတိုက်မိသလိုနှင့် တက်နင်းလိုက်သည်။ အိပ်ပျော်ကာစရှိသော ဆရာထွန်းသူက “ဟ ဟ..ဘုန်းကြီး ဘယ်နှယ့်လုပ်တာလဲ” ဟု ထအော်သည်။ ဤတွင် ဦးဇင်းက “ဆောရီး ဆောရီး ဆရာ၊ ဦးဇင်း တောင်းပန်ပါတယ်။ ဆရာ့လည်ပင်းမှတ်လို့နင်းတာပါ၊ ခြေထောက်ဆို မနင်းပါဘူး” လို့ ပျာပျာသလဲ တောင်းပန်လိုက်ရာ အန်ကယ်ဦးစောဝင်းမှာ ရယ်မောမဆုံး။
(၃)
အတူနေစဉ် မမေ့နိုင်စရာများတွင် အချင်းချင်းရယ်မောစရာ ဖန်တီးခဲ့ရသော အဖြစ်အပျက်များ ရှိသလို၊ အာဏာပိုင်တို့၏ ရက်စက်မှုကို အတူမျှဝေခံစားကြရသည်များလည်းရှိသည်။ အန်ကယ်ဦးစောဝင်း ရင်ဆိုင်ရသောအဖြစ်များဆိုလျှင် သူကိုယ်တိုင်သာမက မြင်တွေ့ရသော ဦးဇင်းကိုပါ သေသည့်အထိ ဖျောက်ဖျက်မရသော မှတ်တမ်းများ ဖြစ်နေသည်။
အင်းစိန်သီးသန့်မှာနေစဉ် ထောက်လှမ်းရေး၏ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကို သာမာန် အကျဉ်းသားတို့ထက် ပိုခံစားရသူများတွင် အန်ကယ်ဦးစောဝင်းလည်း တစ်ယောက်အပါအ၀င် ဖြစ်သည်။ အန်ကယ်နှင့်အတူ အကျဉ်းသား လေးငါးယောက်ကို ထောက်လှမ်းရေးက ခေါ်တွေ့သည်။ မကြာခင် ထောင်ကလွှတ်ပေးမယ့်စကားများပြောပြီး၊ အန်ကယ်ဦးစောဝင်းမှလွဲပြီး ကျန်လူတွေကို လွှတ်ပေးလိုက်သည်။ ထိုအဖြစ်ပျက်မျိုးကား တကြိမ်သာမဟုတ်၊ သုံးလေးကြီမ် ကြုံခဲ့ရသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်ကြုံတွေ့ရသလိုမျိုး၊ ထောင်ဗူးတံခါးဝရောက်တော့မလို အရိပ်အယောင်တွေပြပြီး၊ စိတ်ဓါတ်နှိပ်စက်ခံရသော အဖြစ်အပျက်တွေ အန်ကယ်ဦးစောဝင်း အကြီမ်ကြီမ်ခံခဲ့ရသည်။ သူ၏ နောက်ဆုံးရက်များမတိုင်မီ စစ်အာဏာရှင်တို့ ရက်စက်မှုကား ကမ်းကုန်နေပြီဟု ပြောရမည်။
၁၉၉၇ မတ်လဆန်းတွင် ၄၈ ၂၈ အမှုတွဲများ လွတ်ရက်စေ့ကာနီးဖြစ်သည်။ လွတ်ရက်စေ့သူ ကိုရဲဝင်းနှင့် ပြည်မှ ကိုကြည်ဝင်းတို့နှစ်ယောက် အ၀တ်အစားလဲပြီး လွတ်လူလာခေါ်ရန် စောင့်စားနေကြသည်။ အချိန်တန်သော်လည်း လာမခေါ်လို့ အားလုံးစိတ်ပူနေကြသည်။ လွတ်လူ နှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေကြချိန်တွင် ထောင်မှုးတယောက် ရောက်လာသည်။ နာမည်စာရင်းပါလူများ အထုပ်အပိုးပြင်ထားရန်ပြောသည်။
၄၈၂၈ အမှုတွဲအားလုံး၊ နောက် လွှတ်တော်ကိုယ်စားလှယ်သုံးဦးဖြစ်သော မန္တလေးမှ ဦးတင်အောင်၊ ထီးလင်းအမတ် ဦးစောဝင်း၊ အင်္ဂပူအမတ် ဦးမြ၀င်းနှင့် ဒေါက်တာအေးချမ်းတို့ စာရင်းထဲပါသည်။ သူတို့ကို လွှတ်ပေးဖို့ တကယ် လာခေါ်သည်မဟုတ်၊ အားလုံးကို ခွဲထုတ်ပြီး သီးခြားတိုက်ကို ပို့ထားရန်ဖြစ်သည်။ ဤကား ထောင်ထဲ နှိပ်စက်မှုအမျိုးမျိုးတွေထဲက စိတ်ပိုင်းနှိပ်စက်မှု တခုဖြစ်သည်။ ရင်းနှီးကျွမ်းဝင် နေသားတကျ ရှိပြီးသားအနေအထားများကို ဖျက်ဆီးပစ်ခြင်းပင်။
ထိုအထဲမှ အချို့လည်း သီးခြားတိုက်မှပင် လွတ်သွားကြသည်။ မကြာခင်ပြောင်းရွှေ့သွားသူများ ဦးဇင်းတို့ တိုက်ရှိရာသို့ ပြန်ပို့ပြန်သည်။ အန်ကယ်ဦးစောဝင်းမှလွဲလို့ ကျန်လူအားလုံး ပြန်ရောက်လာသည်။ ဦးစောဝင်းကို သင်းကွဲ အဖော်ကွဲဖြစ်ရန် သီးသန့်အစီအမံဖြင့် အခြားတနေရာတွင် ရွှေ့ထားသည်။ ခိုးဆိုးနှိုက်တွေ ထားသော အဆောင်သို့ အမတ်တယောက်ကို ခွဲပို့လိုက်သည်။
လူအများ ရောနှောထားသောအခါ ရတတ်သော ရောဂါတခုက ဦးစောဝင်းထံ ရောက်လာသည်။ နိုင်ငံရေးသမားတွေနှင့် အတူတူနေရလျှင် အန်ကယ့်ရောဂါကို ဦးဇင်းတို့ ၀ိုင်းဝန်းကြံဆပြီး ကုသနိုင်မည်။ အဖြစ်ဆိုးနှင့် ကြုံစရာမရှိမှာ ကျိန်းသေသည်။ ရောဂါအတော်ကျွမ်းမှ ဆေးရုံရောက်လာသည်။ ဆေးရုံမှာ ဆေးဝါးကမရှိ။ ရဲဘော်များစုပေါင်း ဆေးဝါးများပို့သော်လည်း အထပ်ထပ်ဆီးတားထားသော ကွန်ကရစ်တောကို အချိန်များစွာပေးပြီး ကြံဖန်ဖြတ်သန်းကြရသည်။
ဤသို့နှင့် ကိုယ့်ရဲဘော်တွေနှင့် ခွဲထားခြင်းကြောင့် ခံရသောအဖြစ်ဆိုးက အန်ကယ်ဦးစောဝင်းထံ တည့်တည့်ဝင်တိုးသည်။ ပိုရင်နာစရာကောင်းတာက ပိုက်တန်းလန်းနှင့် အပြင်ဆေးရုံထုတ်သွားသော အန်ကယ်ဦးစောဝင်းခမျာ နာရီပိုင်းအတွင်းမှာပင် အပြင်ဆေးရုံမှ ထောင်ဆေးရုံသို့ ပြန်သွင်းခံရခြင်းပင်။ ၀န်ကြီးဆိုသူတယောက် ဖြတ်သန်းသွားလာမည်မို့ လွှတ်တော်ကိုယ်စားလှယ် တယောက် အပြင်ဆေးရုံမှာ မရှိစေချင်။ ၀န်ကြီးလမ်းကြောင်းရှင်းမှ အန်ကယ့်ကို ပိုက်တန်းလန်းနှင့် အပြင်ပြန်ထုတ်သွားပြန်သည်။
မကြာခင် နှစ်ရက်သုံးရက်အတွင်း လုံခြုံရေးစိတ်မချဟုဆိုကာ အန်ကယ်ဦးစောဝင်း ထောင်ဆေးရုံသို့ ပြန်ရောက်လာပြန်သည်။ ထမ်းစဉ်ပေါ်တွင် ပက်လက်အနေထားဖြင့် အပြင်ဆေးရုံ အတွင်းဆေးရုံ လူးလားတုံ့ခေါက်ခံနေရသည်ကား အတော်ဆိုးရွားသော နှိပ်စက်မှုပင်။
(၄)
၁၉၉၈၏ မိုးရေစက်တို့ကား အညှိုးတကြီးနှင့် သွန်ချနေသော ညတည။ အစွမ်းကုန်အော်ဟစ်နေသော ပုဇဉ်းရင်ကွဲနှင့် ဖားတို့ ဟစ်ကြွေးသံကား လောကကြီးကို မလိုရန်ထောင်နေသလိုပင်။ အိပ်မပျော်သောကြောင့် ည ၁၂နာရီခန့်တွင် ဆေးရုံဘက်သို့ ငေးကြည့်နေမိသည်။
ထိုအခိုက် ၀န်ထမ်းများ လှုပ်လှုပ်ရှားရှားဖြင့် အရေးတကြီး ဆေးရုံပေါ်ပြေးတက်သွားကြသည်။ လှမ်းမြင်နေရသော ဆေးရုံလှေကားကို မျှော်ကြည့်နေခိုက် ၀န်ထမ်းလေးယောက် စောင်နှင့်ပတ်ပြီး တရွတ်တိုက်နီးပါး ဆွဲချသွားသော အလောင်းတလောင်းကို လှမ်းမြင်လိုက်ရသည်။
ထိုင်ရမလို ထရမလိုနှင့် ထိုဆွဲချခံရသူ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို သိချင်ဆန္ဒပြင်းနေသည်။ ဘယ်သူလဲ ဆိုတာမေးဖို့ ဖြတ်သန်းဖြတ်လာ ၀န်ထမ်းတစ်ယောက်တလေကို မျှော်နေမိသည်။ ကင်းစစ်လာသော အရာရှိတယောက်က ဦးဇင်းကိုမြင်တော့ “ဟို ဘုန်းကြီး အိပ်ချိန်ဆိုတာ နားမလည်ဘူးလား” ဟု အော်ငေါက်သွားသည်။
သို့သော်လည်း ဂရုမစိုက်အား၊ ဆဲလိုကဆဲ ဆူလိုကဆူ။ ခုန သယ်ချသွားသူ မည်သူမည်ဝါလဲ ဆိုတာကိုပင် အလောတကြီးသိချင်နေမိသည်။ သုံးနာရီ ကင်းချိန်းချိန်ရောက်တော့မှ ၀န်ထမ်းက မိမိ ကြားချင်သောစကားကို သယ်ဆောင်လာသည်။
          “ ဦးဇင်းရဲ့ အန်ကယ်ကြီးဆုံးပြီ”
ထိုအကြောင်းအရာတွေ ခေါင်းထဲပေါ်လာတိုင်း မျက်ရည်တို့က ရစ်ဝဲလာမြဲ။
ဘုရားသားတော်ပေမယ့် ပုထုဇဉ်မို့ ရင်ခုန်သံ မမှန်ချင်တော့။ အန်ကယ်ဦးစောဝင်း မလွတ်ရခြင်း အကြောင်းတွေထဲမှာ သူ့သားသမီးတွေ အားလုံး နိုင်ငံရေးသမားတွေ ဖြစ်နေသောကြောင့်ဟု အန်ကယ်က ပြောပြဖူးသည်။
သားငယ် ကျော်ကျော်မင်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုများ၊ သားလတ် အောင်အောင်မင်းရဲ့ ခိုင်မာသော ယုံကြည်ချက်၊ သားကြီး ဇော်ဇော်မင်းရဲ့ နိုင်ငံရေးအပေါ်ထားရှိသည့် သဘောထား၊ သမီးကြီး ၀င်းဝင်းမင်းရဲ့ တက္ကသိုလိနယ်မြေ ကျောင်းသူတဦးရဲ့ လှုပ်ရှားဟောပြောမှု စတာတွေက အန်ကယ်ကြီး အမြဲပြောနေသော စကားများပင်။ အထူးသဖြင့် ဒုတိယသားအကြောင်း အပြောဆုံး ဖြစ်သည်။
တမိသားစုလုံး နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်ကြသူများ စာရင်းကို ကောက်ကြည့်လျှင် ဦးစောဝင်း မိသားစုက ထိပ်ဆုံးက ပါဝင်လိမ့်မည်။ သားသုံးယောက်လုံး နိုင်ငံရေးသမားတွေ၊ လှုပ်ရှားမှုတိုင်းရှေ့က ပါဝင်ကြပြီး ထင်ရှားသည့်ခေါင်းဆောင်များ။
နောက်မှ တောင်ငူထောင် ရောက်လာသော သားကြီးကိုဇော်ဇော်မင်းကို အန်ကယ်ကြီးနှင့် အရင်ဆုံခဲ့ရပုံတွေ သူနေထိုင်ခဲ့ပုံတွေ ပြောပြတော့ အံဩနေသည်။ အန်ကယ်ဘ၀ အဖြစ်ပျက် တော်တော်များများကို ကိုဇော်ဇော်မင်းနှင့် ပြောဖြစ်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတခုကို အသက်ပေး ပါဝင်ခဲ့သော ထိုလိုပုဂ္ဂိုလ်များကား လူမသိသူမသိ မကွယ်ပျောက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ တမလွန်သို့ ရောက်သွားသော အန်ကယ်ကြီးအတွက် သူတဖွဖွ ပြောတတ်သော ‘အမြင့်’ ခေါ် ပါရမီဖြည့်ဘက် ဇနီး ဒေါ်ခင်စိုးမြင့်၊ သားသုံးယောက်၊ သမီးနှင့် တတိယမျိုးဆက် မြေး ဒီငြိမ်းလင်းတို့က ခေတ်ကပေးလာသည့် သမိုင်းတာဝန်များကို ဆက်လက် သယ်ဆောင်နေကြပြီ။
တမလွန်ကောင်းမွန်ရာဘ၀ကနေ သူ့သွေး သူ့မျိုးဆက် ကြည့်ရင်း အားရကျေနပ်နေမှာ အမှန်ပင်။ လူသေသော်လည်း ဦးစောဝင်း အလုပ်တွေက မပြီးဆုံးသေး။ မိသားတစုလုံးက ဆက်လက် သယ်ဆောင်နေလို့ အန်ကယ်ဦးစောဝင်း အသက်ဝိဥာဉ်က ရှင်သန်နေဆဲ….။
          လူကတော့ ကွယ်လွန်သွားပြီ
          သူ့အလုပ်တွေအတွက်
မျိုးဆက်သွေးက ရှင်သန်ဆဲ၊
ဒီတော့….
ဒီလူကို သေလူလို့ ဘယ်သူပြောမလဲ။    

မြန်မာ ကျောင်းသားများ ဂျာမဏီ ပညာသင်ဆု ရမည်

E-mail Print
မြန်မာဘွဲ့ရ ကျောင်းသားများ ဂျာမဏီ နိုင်ငံတွင် ပညာဆက်လက် သင်ကြားနိုင်ရန် ပညာသင် ဆုကြေးများကို  ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ဂျာမဏီ သံရုံးက ပြောသည်။

“အဆင့်မြင့်ပညာ ဘွဲ့ရပြီးသူတွေကို ဂျာမဏီနိုင်ငံမှာ မဟာတန်းနဲ့ ပါရဂူ တန်းတွေတက်ဖို့ ဂျာမန်အစိုးရက ထောက်ပံ့တာဖြစ်ပါတယ်။ ကျောင်းသားအရေအတွက် ကန့်သတ်ထားတာမျိုး မရှိပါဘူး”ဟု ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပညာသင်ဆုကြေးသည် ၂၀၁၁- ၂၀၁၂ ပညာသင်နှစ်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်များနှင့် တခြား သိပ္ပံဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ရန် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ဘွဲ့တခုခု ရရှိပြီး မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများ လိုအပ်ကြောင်း၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း ဂျာမန်သံရုံး တာဝန်ရှိသူက ဆိုသည်။

ဆက်လက်၍ ၎င်းက “အဓိက ကတော့ အင်္ဂလိပ်စာ အရည်အချင်းပေါ့၊ TOEFL ဆိုရင် အနည်းဆုံး ၅၅၀ မှတ် ရရှိထားသူ၊ IELTS ဆိုရင် ၆ မှတ် ရရှိထားသူဖြစ်မှ ပညာသင်ဆုကြေးရရှိဖို့ အခွင့်အလမ်းပိုများမယ်” ဟု ပြောသည်။

ဂျာမဏီနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်အရေး စတင်ထားရှိခဲ့သည့် ၁၉၅၀ ပြည့်နှစ်ကပင် မြန်မာ ကျောင်းသားများကို တနှစ်လျှင် ပျမ်းမျှ ၂၀ ဦးခန့် ထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားများအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ ညီလာခံများ တက်ရောက်ရန် ထောက်ပံ့ခြင်းမျိုးများလည်း ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်တွင် မဟာသိပ္ပံသင်တန်း တက်ရောက်နေသူတဦးကလည်း “အဘက်ဘက်က ယိုယွင်းနေတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်အောက်က ကျောင်းသားတွေအတွက် ပညာသင်ဆုကြေး ဆိုတာ တကယ်ကို လိုအပ်နေပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်နှင့် မဟာတန်း တက်နေသူ ကိုညီလင်းအောင်က “တခြားနိုင်ငံမှာ ပညာသင်တယ်ဆိုတာ အင်မတန် စရိတ်ကြီးတဲ့အလုပ်ပါ။ မိဘက ထောက်ပံ့ပြီး လာတက်တဲ့သူ ရှားတယ်။ ပညာသင်ဆု ပေးတယ်ဆိုတာ အင်မတန် ဝမ်းသာစရာကောင်းတဲ့ သတင်းပါ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပညာသင်ဆု ပေးရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော ဘာသာရပ်များကိုသာ အများဆုံး ထောက်ပံ့သည်ဟု သိရသည်။

“နိုင်ငံရပ်ခြားမှာ ပညာသင်ပြီးပြန်လာတဲ့ ကျောင်းသားတွေက မြန်မာပြည်အတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုညီလင်းအောင်က ဆက်ပြောသည်။

ရန်ကုန်ဗုံး ကြိုးကိုင်သည်ဟူသော စွပ်စွဲချက်ကို အတိုက်အခံများငြင်းဆို

သျှမ်းဆရာတော်နှစ်ပါးအား ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်း တက္ကသိုလ် ဂုဏ်ထူးဆောင် Ph.D ဘွဲ့ချီးမြှင့်

E-mail Print

အောက်စဖို့ဒ်ဗုဒ္ဓ၀ိဟာရကျောင်းထိုင်ဆရာတော် ဒေါက်တာဓမ္မသာမိ ခမ်းမိုင် ဓါတ်ပုံ S.H.A.N
သျှမ်းပြည်တောင်ပိုင်းဇာတိ ဆရာတော်နှစ်ပါးအား ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်းတက္ကသိုလ်မှ ဂုဏ်ထူး ဆောင် Ph.D ဘွဲ့ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ချီးမြှင့်ဆက်ကပ်ခဲ့သည်ဟု တက္ကသိုလ်ကျောင်းသား သျှမ်းဦး ပဉ္စင်းတပါးက မိန့်တော်မူပါသည်။

မေ ၉ ရက်နေ့က ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်းတက္ကသိုလ် မှ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယ အကျိုး တော်ဆောင်ဆရာတော် /သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဓမ္မပါလ ဥက္ကဌ/လွိုင်လင်မြို့ ဓါတ်တော် ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်/ပင်လုံမြို့သျှမ်းတိပိဋိကတ် ဘာသာပြန်အဖွဲ့ အယ်ဒီတာချုပ် ဘဒ္ဒန္ဒ ပညာနန္ဒ နှင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်ဗုဒ္ဓ၀ိဟာရကျောင်းထိုင်ဆရာတော် ဒေါက်တာဓမ္မသာမိ ခမ်းမိုင် အရှင်သူမြတ်တို့ထံ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဆက်ကပ်ခဲ့သည်။

“ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်း တက္ကသိုလ်က အထင်ကရ ဆရာတော်နှစ်ပါးကို Ph.D ဘွဲ့ ဆက်ကပ်လို့ဦးပဉ္စင်းတို့ တက္ကသိုလ်ကျောင်းသားများနဲ့ သာသနာ့နုဂ္ဂဟအသင်းက ကမကထပြုပြီး ယမန်နေ့ကဂုဏ်ပြု အခမ်း အနားကျင်းပခဲ့ တယ်။ အနယ်နယ်အရပ်ရပ်ကဒါယကာ/မတွေလဲလာရောက်ကြည်ညိုအနုမောဒနာပြုကြတယ်” ဟု အဆိုပါ ဦးပဉ္စင်းက မိန့်တော်မူ၏။

မေ ၁၁ ရက် မနက် ၀၈း၀၀ - ၁၄း၀၀ နာရီအထိ မဟာကျူးလားလုံးကွမ်းတက္ကသိုလ် သျှမ်းသံဃာတော် များဦးဆောင်၍ ကမကထပြုသည့် ဂုဏ်ပြုအခမ်း အနားတရပ်ကျင်းပခဲ့ကြောင်း၊ သျှမ်းပြည်တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ လားရှိုး၊ မူစယ်၊ နမ့်ခမ်း၊ ကျိုင်းတုံ တာချီလိတ် --- နှင့် ရန်ကုန်၊ မန္တလေးမှ ဒါယကာ/မများ သာမက ထိုင်းနိုင်ငံဘန်ကောက်အပါ အ၀င်ချင်းမိုင်၊ ချင်းရိုင်း နှင့် အခြားအနယ်နယ် အရပ်မှဒါယကာ/မများ ပါမကျန် စုစုပေါင်း ပရိသတ်  ၃၀၀ ကျော်ဂုဏ်ပြု သာဓုခေါ်ကြကြောင်းအခမ်း အနားတက်ရောက်သူ တဦးက ပြောပါသည်။

“ဆရာတော် ဒေါက်တာဓမ္မသာမိရဲ့ မှတ်မှတ်ရရစကားကို ပြောရရင် - ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ရုပ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးဒွန်တွဲတာကိုခေါ်တယ်- တဲ့။ တခုခုကနောက် ကျ ကျန်နေရင် ပြဿနာပေါ်လာတတ်စမြဲ - လို့ အခမ်းအနားမှာမိန့်မှာပါတယ်”
- ဟု အဆိုပါ ပရိသတ်က ပြောပါသည်။

မဟာကျူးလားလုံးကွမ်း တက္ကသိုလ်မှဂုဏ်ထူးဆောင် Ph.D ဘွဲ့အပ်နှင်းရေးကော်မတီဝင်တဦးကလည်း ဆရာ တော် နှစ်ပါးအား-‘သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒပညာနန္ဒသည်ပါဠိဘာသာရေး တတ်သည့်အပြင် ပြောဆိုရာမှာလဲကျွမ်းကျင်ကြောင်း၊ ထိုင်းနိုင်ငံတွင်မူ ဆုခိုထိုင်းခေတ်က ပါဠိ ဘာသာကို နိုင်ငံတကာသုံး ဘာသာအဖြစ်အသုံးပြုခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ရေးတတ်ရုံသက်သက်သာ ရှိတော့ကြောင်း၊ ထို့ကြောင့်ပြန်လည် ပြောတတ်လာအောင် အရှင်နှစ်ပါးအားပို့ချပေးရန်ပင့်ဖိတ်တော်မူမည်ဖြစ် ကြောင်း’ -ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ဆို၏။

၁၉၆၄ ခုနှစ်တွင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ ဖွားမြင်သည့် ဘဒ္ဒန္ဒဒေါက်တာဓမ္မသာမိ ကမူ ၂၀၀၄ တွင် အောက်စ်ဖို့ဒ် တက္ကသိုလ်၌ Ph.D ဒေါက်တာဘွဲ့ဆွပ်ခူးရရှိပြီး အဆိုပါတက္ကသိုလ်၌ ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာ ရပ်အားပြန်လည်ပို့ချ တော်မူသည်။ ထို့အပြင် ၂၀၀၅ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင်နှစ်စဉ်ကျင်းပသည့် ၀ိဇာခပူဇော် (ကဆုန်လပြည့် ကမ္ဘာ့ဗုဒ္ဓနေ့) ပွဲတော် ဖြစ်မြောက်ရေးကော်တီတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းပူးတွဲ တာဝန်ယူလျက်ရှိသည်။

ဂျာမနီနိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့်တွေ့ဆုံ


အောင်ထက်   /   ၁၃ မေလ ၂၀၁၀
မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်ရှိနေသည့် ဂျာမန်ပြည်သူ့သမ္မတနိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ် ဒေါက်တာ ဇာရေးနမ်း၏ ဖိတ်ခေါ်မှုအရ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၄) ဦးသည် ဂျာမနီနိုင်ငံ သံအမတ်ကြီးနေအိမ်၌ မေ (၁၂) ရက် နံနက် (၉) နာရီက တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် အန်အယ်လ်ဒီပါတီ၏ လက်ရှိရပ်တည်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တို့အား အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ်နှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တယ်လို့သိရတယ်။ ဒါကြောင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ဒီအပေါ် အန်အယ်လ်ဒီသည် ရှေ့ဆက် ဘယ်လိုရပ်တည်သွားမှာလဲလို့ ဂျာမနီညွှန်ချုပ်က မေးတယ်” ဟု အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

ညွှန်ချုပ်၏ မေးမြန်းမှုအပေါ် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အန်အယ်လ်ဒီသည် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ရပ်တည်နေကြောင်း၊ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးတို့သည် အန်အယ်လ်ဒီ၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ထို့အပြင် “အန်အယ်လ်ဒီဟာ ပါတီဆိုင်းဘုတ်ကြောင့်၊ အလံကြောင့် ရပ်တည်နေခြင်းမဟုတ်ဘဲ တူညီတဲ့ နိုင်ငံရေးအသိတွေနဲ့ စုစည်းထားတာဖြစ်တယ်။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်တဲ့အတွက် ပါတီမရှိတော့ဘူး၊ ဆိုင်းဘုတ်မရှိတော့ဘူး၊ ရုံးလည်း ကျကျနနမရှိတော့ဘူး။ ဒါပေမယ့် ပြည်သူတွေကြားမှာ အန်အယ်လ်ဒီ ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူကို ကူညီနေတဲ့ ပြည်သူ့အကျိုးပြု လှုပ်ရှားမှုအသွင်နဲ့ အန်အယ်လ်ဒီဟာ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်” ဟု ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အလှည့်ကျ ဖြေကြားခဲ့ကြကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ရပ်တည်နေပါက အန်အယ်လ်ဒီအနေဖြင့် ရေရှည်တွင် အခက်အခဲများစွာ တွေ့နိုင်သည်ဟု ယူဆရကြောင်း အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ်က ဆွေးနွေးရာတွင် အန်အယ်လ်ဒီအနေဖြင့် ရှေ့၌ အတွေ့အကြုံများစွာ ရှိခဲ့ပါကြောင်း၊ ဒီပဲယင်းအရေးကိစ္စတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကိုယ်တိုင် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ပါတီရုံးခွဲအားလုံး ပိတ်လိုက်ရပြီး ဗဟိုရုံးတခုသာ ကျန်ရှိတော့ကြောင်း၊ ထို့နောက် ဗဟိုရုံးအပိတ်ခံလိုက်ရသောအခါ ရုံးအနီးရှိ ပါတီဝင်တဦးအိမ်၌ (၄-၅) ဦး စုစည်းကာ ပါတီအရေး ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း၊ ထို့အတွက် ပါတီအလံဖြုတ်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချခြင်းသည် အန်အယ်လ်ဒီပါတီအတွက် ဆန်းပြားသည့်ကိစ္စမဟုတ်တော့ကြောင်း အန်အယ်လ်ဒီ စီးအီးစီအဖွဲ့မှ ရှင်းပြခဲ့ကြသည်။

ဦးဝင်းတင်က “ပြည်သူရှိရင် ပြည်သူ့နိုင်ငံရေးရှိမယ်။ ပြည်သူ့နိုင်ငံရေးရှိရင် အန်အယ်လ်ဒီရှိနေမယ်။ ဒါကြောင့် ပြည်သူအကျိုးရှိတဲ့ လုပ်ငန်းတွေ ဆက်လုပ်နေမယ်။ နိုင်ငံရေးအသိနဲ့ လူမှုရေးအလုပ်တွေ ဆက်လုပ်နေမယ်” ဟု ညွှန်ချုပ်၏ မေးခွန်းတို့အား ဖြေကြားခဲ့သည်။

“မှတ်ပုံတင်တော့ရော ဘာလုပ်ခွင့်ရမှာလဲလို့ ကျနော်နဲ့ ကိုဟံသာမြင့်က အဲဒီပုဂ္ဂိုလ်ကို ပြန်မေးခဲ့တယ်။ မှတ်ပုံတင်လိုက်ရင် အလံနဲ့ဆိုင်းဘုတ်ပဲရမှာ။ လူထုအကျိုးကို ခုလိုတောင် လုပ်ခွင့်သာမှာမဟုတ်ဘူး။ ကော်မရှင်နည်းဥပဒေတွေကို လေ့လာကြည့် တဲ့အခါ လွတ်လပ်ခွင့် ဘာမှ ပေးမထားဘူး။ ဒါကြောင့် ကျနော်တို့ မှတ်ပုံမတင်ရခြင်းဖြစ်တယ်။ အဲဒီလိုမတင်လို့ ကြီးကြီးမားမား ဆုံးရှုံးသွားတာ ဘာမှမရှိဘူး။ လူထုအကျိုး၊ လူထုလိုအပ်ချက်ကို ပိုလို့တောင် လွတ်လွတ်လပ်လပ် ဖြည့်ဆည်းလို့ရတယ်လို့ ပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်လည်း အတော်ကျေနပ်သွားပုံရတယ်” ဟု ဦးအုန်းကြိုင်က ဆွေးနွေးပွဲရလဒ်ကို ရှင်းပြခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် အချိန် (၁) နာရီကြာမြင့်ပြီး အန်အယ်လ်ဒီ စီအီးစီအဖွဲ့တွင် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်နဲ့ စစ်အစိုးရကြား တင်းမာမှု ကြီးထွား



13 May 2010 VOA
မြန်မာစစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးမှုတွေ ပိုများလာသလို အခုနောက်ဆုံး ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်ရာ နယ်မြေတ၀ိုက်မှာ စစ်အစိုးရ တပ်တွေဘက်က လှုပ်ရှားမှုတွေ ပိုများလာနေပါတယ်။ ဒါကြောင့် အဲဒီဒေသ တ၀ိုက်ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေကလည်း အခုရက်ပိုင်းတွေမှာ ထိုးဖောက်ဝင်ရောက် လာနေပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း လက်အောက်ခံ တပ်မဟာ ၁ ဌာနချုပ် ၀မ်ဟိုင်းဒေသနားမှာ အစိုးရတပ်ဖွဲ့တွေ လှုပ်ရှားမှု များလာတာမို့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေပါတယ်။ ဒီလို ဖြစ်ပွားလာရင် အရင်က အတူလက်တွဲခဲ့တဲ့ တပ်တွေဘက်က ကူညီပေးဖို့ စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဆဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေကလည်း ရောက်ရှိ နေရာယူလာနေတာ ဖြစ်ပါတယ်။
ပြည်သူ့စစ်ပြောင်းဖို့ လက်မခံဘဲ ငြင်းဆန်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ ကို မနေ့က နောက်ဆုံးထားပြီး ပြည်သူ့စစ် အသွင်ပြောင်းဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က အကြောင်းကြားထားတဲ့နောက် တင်းမာမှု အခြေအနေတွေလည်း တိုးလာတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် လိုအပ်ရင် စစ်ရေးအရ ကူညီနိုင်အောင် တပ်တွေချထားတာ ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်းက ဆိုပါတယ်။
“ရှမ်းပြည်နယ်ထဲမှာတော့ လိုအပ်တဲ့ နေရာတွေမှာ ကျနော်တို့တပ်တွေ ရောက်နေပါတယ်၊ ကျနော်တို့ ပြောက်ကျားတပ်တွေပေါ့။ အဲဒါတော့ တင်းမာနေတဲ့ အခြေအနေကြားမှာ ဒီ SSA မြောက်ပိုင်း တပ်ဖွဲ့တွေကို အကဲခတ်ကြည့်ဖို့အတွက် သော်လည်းကောင်း၊ နောက်ပြီး နအဖတပ်တွေကို အကဲခတ်ဖို့အတွက် သော်လည်းကောင်း၊ လိုအပ်လို့ရှိရင် စစ်ရေးအတွက် ပြင်ဆင်မှုတွေ အသုံးပြုလို့ရအောင် ကျနော်တို့တပ်တွေ ဖြန့်ကြက်ထားတာ ရှိပါတယ်။”
စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးရာကစလို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တင်းမာမှုတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဟာ ၁၉၈၉ ခုနှစ် ကတည်းက အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေကို သာမက တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကိုလည်း ကူညီသွားဖို့ ရည်ရွယ်ထားကြောင်း ဗိုလ်မှူးလောဝ်ဆိုင်းက ဆက်ပြောပါတယ်။
“ကျနော်တို့ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယောဆက်ကတော့ ကျနော်တို့ဟာ မဟာမိတ် တပ်ဖွဲ့တွေ အပေါ်မှာသော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ်မှာသော်လည်းကောင်း ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့ သဘောထား ထုတ်ပြန်ကြေညာချက်တွေ ရှိခဲ့ဖူးပါတယ်။ လိုအပ်ရင် ကျနော်တို့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေကို ပေါ်လစီအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ကူညီဖို့ ကျနော်တို့မှာ တာဝန်ရှိကြောင်း ဖော်ထုတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာကြောင့် ဒီလဆန်းပိုင်းကပြီး မိုင်းရှူးရတနာမြေမှာ အခကြေးငွေနဲ့ လုံခြုံရေး ယူပေးနေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့တွေ မိခင်တပ်ရင်းတွေဆီ ပြန်သွားကြတယ်လို့ ရှမ်းသံတော်ဆင့် သတင်းက ဆိုပါတယ်။
ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က တပ်မဟာ ၁ ထိန်းချုပ်ဒေသတွေမှာ အစိုးရတပ်တွေ တိုးမြှင့်ချလာတယ်လို့ ဆိုပါတယ်။
“ထူးခြားတာက တပ်မဟာ ၁ က ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ နောက်ပိုင်း ၁၀ ရက်နေ့က တောင်ကြီး ရပခကနေ နမ့်စန်ဘက်ကို စစ်ကားတန်းကြီး ၃၇ စီး ထွက်သွားတယ်။ အဲဒီကနေ ကွန်ဟိန်းနဲ့ သံလွင်တံတား တာကော်ဘက်ကို ကျော်သွားတယ်၊ ကျိုင်းတုံဘက်ကို သွားတယ်။ အဲဒါ တ၀က်လောက် ရှိတယ်။ နောက်ပြီး မိုးနဲ၊ မိုင်းပန်၊ လင်းခေးဘက် ဆင်းလာတာလည်း တ၀က်ကျော်လောက် ရှိတယ်။ အဲဒီ မိုင်းပန်ကနေ သံလွင် အရှေ့ဘက်ခြမ်း၊ တာဆန်း ကုတိုးဆိပ်ကို ကူးလာရင်တော့ ၀ထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် မိုင်းတုံမြို့နယ်ထဲကို ရောက်လာမှာပေါ့။”
ဒီလဆန်းပိုင်းမှာ ပြည်သူ့စစ် အသွင်ပြောင်းပြီးဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်းနဲ့ အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ ကို အသွင်ပြောင်းဖို့ တိုက်တွန်းခဲ့ပေမဲ့ ငြင်းဆန်လိုက်ပါတယ်။ တပ်မဟာ ၁ အခြေစိုက် ဒေသတွေကတော့ မိုင်းရှူး၊ တန်းယန်း၊ မိုင်းယိုင်၊ လားရှိုး၊ သီပေါ၊ မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်တွေမှာ ဖြစ်ပြီး တိုက်ခိုက်ရေးအင်အား အနည်းဆုံး ၃,၀၀၀ ကျော် ရှိမယ်လို့လည်း နယ်စပ်အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

ဒေါင်းမှတ်လို့ မကိုးကွယ်နဲ့


ဒေါင်းအစစ်ဆိုတာ
ခေတ်ကိုအသက်သွေးနဲ့ထုဆစ်
သစ္စာကြီးသူတွေ
ဦးအောင်မေသု
ဦးကင်းစိန်
ကိုမင်းအောင်
သူရဲကောင်းအထောင်အသောင်းရဲ့
ဈာပနတွေမှာ
ကျုပ်တို့သင်္ဂြိုခွင့်မရခဲ့ဘူး ….။

-ဒေါင်းအတုတွေ
တော်လှန်ရေးအဓွန့်ရှည်ပါစေဆိုတဲ့
ဆောင်ပုဒ်အပျက်တွေနဲ့
တော်လှန်ရေးအရေခြုံ
အသားထဲကလောက်ထွက်
ဒေါင်းမှတ်ပြီးပုံမအပ်လိုက်ကြနဲ့ဟေ့ …။

-ဒေါင်းအတုတွေလား
ဒီမိုကရေစီအင်အားစုတွေကြားမှာ
နေသားတကျနဲ့
ဟန်ကျပန်ကျဦးဆောင်နေရဲ့…။

နေလတ်(ပဲခူးရိုးမ)

ရေရှားပါးမှုကို အာဏာပိုင်များ လျစ်လျှူရှုဟု လူမှုအဖွဲ့များ အပြစ်တင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရာသီဥတု ပူပြင်းမှုကြောင့် ရေပြတ်လပ်နေသည့် ပြည်သူများအား အာဏာပိုင်များက အချိန်မှီ မကူညီသဖြင့် အခက်ခဲများ ပိုကြီးလာနေသည်ဟု ပြည်နယ်နှင့်တိုင်းများရှိ လူမှုကူညီရေးအဖွဲ့များက အပြစ်တင်နေကြသည်။ 

ပဲခူးတိုင်းအတွင်း၌ ရေကြောင့် ဝမ်းရောဂါ ဖြစ်ပွားနေပြီး ရေမရသည့် ရွာ ၄ဝ ကျော် တိုးလာပြီး စုစုပေါင်း လူ ၇ သောင်းကျော် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကူညီရေးအဖွဲ့ဝင်များကပြောသည်။ 

ဝေါ၊ သနပ်ပင်၊ ပဲခူး၊ ကဝ၊ ဒိုက်ဦး စသည့် မြို့နယ် ၅ ခုတွင်  ယခင် က ရွာပေါင်း ၆ဝ သာ အခက်ကြုံနေခဲ့ပြီး ထပ်တိုးလာခြင်းဖြစ်သည်။
losewaterinygns
“ကျနော်တို့ဆီကို စာရင်းလာပေးထားတဲ့ရွာ ၁ဝဝ ကျော်ပြီ။ အစိုးရရုံးတွေက စဖြစ်ကတည်းက လူမှုအဖွဲ့အစည်း တွေနဲ့ပေါင်းပြီး လုပ်ခဲ့ရင် ဒီလောက်များ မလာဘူး။ အခုဆိုရင် ဝေါမြို့နယ်မှာ ဝမ်းလျော၊ ဝမ်းပျက်ရောဂါတွေ တောင်ဖြစ်နေပြီ” ဟု ကူညီရေးအဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

ရေပြဿနာသည် ယခုလဆန်းကတည်းက စတင်ဖြစ်နေသော်လည်း ရက်တပတ်ကျော် ကြာပြီးနောက် ယခုလ ၁ဝ ရက်မှသာ “အစိုးရ၏ စီမံညွှန်ကြားမှု” ဖြင့် ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာများက သောက်သုံးရေများ ဖြန့်ဝေကြောင်း ယနေ့ထုတ် သတင်းစာများက ဖော်ပြနေသည်။

ဝေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မေလ ၅ ရက်မှ ၁၁ ရက်ထိ ဝမ်းရောဂါဖြစ်ပွားသည့် စုစုပေါင်း ၈၂ ဦး ဆေးဝါးကုသမှုခံယူခဲ့ရာ ၅၅ ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ၂၇ ဦး ကုသခံနေရဆဲ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအတွင်းမှ ကျေးရွာများကို ယခုလ ၂ ရက်နေ့မှစ၍ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ် များက စတင်ကူညီခဲ့ပြီးနောက် စီးပွားလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပါဝင်လာပြီး စည်ပင်၊ ရဲနှင့် စစ်တပ်တို့ကမူ ယမန်နေ့မှ စတင်ကာ သီးသန့်ကူညီမှုများ ပြုလုပ်လာကြသည်။ 

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း တို့တွင် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကုန်သဖြင့် အခက်ကြုံနေရသည်။
losewater1
အလားတူ မွန်ပြည်နယ် အပေါင်နှင့် ဘီလူးကျွန်း မြို့နယ်များတွင် ကျေးရွာပေါင်း ၆ဝ ကျော်မှ လူဦးရေ ၅ သောင်းကျော် သောက်ရေ ရှားပါးမှု ကြုံနေရကြောင်း သောက်သုံးရေ ကူညီပေးရေး စုပေါင်း လုပ်ဆောင် နေကြသည့် အပေါင်မြို့မှ လူမှုရေးအဖွဲ့တခုထံမှ သိရသည်။

“ဒီမှာက ကွင်းပိုင်းက ရွာတွေအားလုံးလိုလို ဖြစ်နေကြတာ။ ဇင်းကျိုက်တို့၊ ကျွဲခြံတို့ကသာ ရေပုံမှန် မလှူပေးရင် ဒီပြဿနာက မလွယ်ဘူး။ အာဏာပိုင်အဖွဲ့ အစည်းတွေကတော့ အထက်အမိန့်မရသေးလို့ ကျုပ်တို့ မလှူသေး တာလို့ ပြောတယ်” ဟု အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။   

မွန်ပြည်နယ် ကျေးရွာများတွင် သောက်သုံးရန် သိုလှောင်သုံးစွဲနေသည့် ရေတွင်း၊ ရေကန်များသာမက စိုက်ပျိုး ရန် သိုလှောင်သည့် ရေကန်များပါ အပူရှိန်ကြောင့် ခန်းခြောက်ကုန်သဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ ရေရှား ပါးမှုနှင့် ကြုံတွေလာရခြင်းဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်း ဒလမြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း “ကျနော်တို့ ဒီ ဒလမြို့ပေါ်က လူတွေ ဆိုရင် ရန်ကုန်မြစ်ရေကို ချိုးရေအဖြစ် သုံးနေရတဲ့အထိ ဖြစ်နေပြီ။ အခုချိန်ထိ နိုင်ငံတော် အုပ်ချုပ်တယ်ဆိုတဲ့ လူတွေ ဘာအကူအညီမှ လာမပေးနိုင်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။ 

ဒလမြို့ပေါ်ရှိလူဦးရေ ၃ ပုံ ၂ ပုံ ခန့်နှင့် ယင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း၂ဝ ကျော်မှ လူဦးရေ ၃ဝဝဝဝ ကျော်တို့ ရေရှားပါးမှုကြုံနေရသည်မှာ တလနီးပါးပင်ကြာပြီဖြစ်သည်။

ဒလမြို့နယ်အတွင်း၌ လိုအပ်နေသည့် သောက်သုံးရေကို တွံတေးမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များနှင့် ဒလမြို့နယ်အတွင်းမှ သောက်သုံးရေ ကျန်ရှိနေသေးသည့် ကျေးရွာများက ကားများဖြင့် တင်ဆောင် ကာ ရေဖြန့်ဖြူးပေးနေသည်။

ရွှေတိဂုံစေတီ အရိပ်အောက်မှ ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘဝစာမျက်နှာများ

ဧရာဝတီ Wednesday, May 12, 2010 


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List