မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း


ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပြည်သူလူထုက ချစ်ခင် လေးစား အားထားသည့် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ ပြီးခဲ့သည့်လတွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့် ထူးခြား ထင်ရှားသည့်ဖြစ်ရပ်များကို ဖော်ပြလိုက်ပါသည်။ သူနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ့နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်တချို့၏ ပြောကြားချက်များကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။

၁၉၈၈ သြဂုတ် ၂၄

ဦးနေဝင်း၏ တပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆေးရုံကြီးရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံးအကြိမ် ထိတွေ့မှု ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလားလို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။ တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။

၁၉၈၈ သြဂုတ် ၂၆
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ်ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်းအစိုးရထံမှ အာဏာ သိမ်းယူလိုက်သည်။)

၁၉၈၈ စက်တင်ဘာ ၂၇
၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။

“အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

၁၉၈၈ ဒီဇင်ဘာ ၂၇
မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်းချီသော လူထုကြီးက ဈာပနအခမ်းအနားကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။

၁၉၈၉ ဧပြီ ၅
ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ်မှ လွတ်မြောက်သွားသည်။

၁၉၈၉ ဇူလိုင် ၂ဝ
နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်းခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

၁၉၉ဝ မေ ၂၇
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံအနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရသော်လည်း အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။

၁၉၉၁ ဒီဇင်ဘာ ၁ဝ
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။

“မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။

၁၉၉၄ စက်တင်ဘာ ၂ဝ

ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။

၁၉၉၅ ဇူလိုင် ၁ဝ
၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူလူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်းပြောသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလတွင် တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့လိုက်သည်။

၁၉၉၅ ဒီဇင်ဘာ ၂၈
၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် ရသည့်အချိန်မှ ပြန်လည် တက်ရောက်မည်ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွာကြသည်။

၁၉၉၆ မတ် ၁၃
လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွားရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီးလိုက်သည်။

၁၉၉၆ နိုဝင်ဘာ ၉
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။

၁၉၉၈ ဇူလိုင် ၂၃
ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်လိုက်သည်။

၁၉၉၈ စက်တင်ဘာ ၁၆
တိုင်းရင်းသားပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေးအတွက် ဦးဆောင် ပါဝင်သည်။ ဤကော်မတီ ဖြစ်မြောက်ရေးအတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

“မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၉ မတ်
ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။

၂ဝဝဝ သြဂုတ် ၂၄
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီးခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။

၂ဝဝဝ စက်တင်ဘာ ၂၁
မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန်ဘူတာကြီးတွင် တားဆီးခံရသည်။ နေအိမ်သို့ ကြမ်းကြမ်းတမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။

၂ဝဝ၂ မေ ၆
ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။

၂ဝဝ၃ မေ ၃ဝ
မြန်မာပြည်အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်တနေ့တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၃ စက်တင်ဘာ
ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသောအခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယအကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။

၂ဝဝ၇ စက်တင်ဘာ ၂၂
ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝသို့ ထွက်ပြီး အရိုအသေပေးသည်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်းဖြစ်သည်။

၂ဝဝ၉ မေ ၁၄
နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက်ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

၂ဝဝ၉ မေ ၂ဝ
အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှတဆင့် ပြောကြားလိုက်သည်။


ဇာတိမာန် - အောင်ရင်

နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် မြန်မာစစ်အစိုးရကို တောင်းဆို


နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် မြန်မာစစ်အစိုးရကို တောင်းဆို

30 June 2009 VOA

ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ခရီးဆက်တော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တိုကျိုမြို့ကို ရောက်ရှိနေတဲ့ မစ္စတာဘန်ကီမွန်းဟာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖုမိ နာကာဆိုနဲ (Hirofumi Nakasone) နဲ့ တွေ့ဆုံပြီး သတင်းထောက်တွေကို အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့မှာ သွားမယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က မနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အဆိုအရ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ ကိုင်တွယ်ဖို့ လိုအပ်တဲ့ ကိစ္စတွေကတော့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး စတင်ရေး၊ အများယုံကြည် ကိုးစားလောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အခြေအနေ ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့ ပြုလုပ်ဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေကို မြန်မြန်ကိုင်တွယ်လေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ သာယာဝပြောရေးကို ရှေးရှုပြီး အမြန်ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အလေးအနက် ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာကိစ္စ - ရခိုင့်ချေပချက်

ရိုဟင်ဂျာကိစ္စ - ရခိုင့်ချေပချက်

E-mail Print PDF

သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာအမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသောဆောင်းပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချလာတဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာကြတာ”ဟု ရေးသားဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။ ဤဆောင်းပါးကို ဖေါ်ပြသော ထိုင်းသတင်းစာများသည် ရိုဟင်ဂျာဆိုသူများထံမှ ရရှိ သော အချက်အလက်ဖြစ်ဟန်တူသည်။

အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။

၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။

၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။

သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။
၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။

၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။ လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက်ပါ ဆောင်းပါးဖြင့် ချေပတင်ပြလိုက်ရပါသည်။

လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ

ရိုဟိန်ဂျာဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာ-ကပါသည်၊၊

မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှုကြောင့် လူ (၂၀၀၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကိုကမ္ဘာကျော် အောင်နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ်လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်းတွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။

အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရှုပီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။

အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရတိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင်တို့အားလည်း ရိုဟိန်ဂျာအမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူများနှင့် လက်တွဲတိုက်ပွဲဝင်ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသားများက သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာ-ကသည်၊၊

ယင်းရိုဟိန်ဂျာ အမည်ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်းများ ပြုလုပ်လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။ ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့် ချီရောက်ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်းအစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက်ဝင်ရောက်မှုကို စနစ်တကျ တားဆီးမှုပြုလုပ်လာသောအခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိထား ဆောင်ရွက်လာကသည်ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရိုဟိန်ဂျာပြဿနာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊

ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကိုသုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင်ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ဖြစ်သည်၊၊

နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာအမည်ခံများအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေ-ကသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီမူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီးနောက်ပိုင်းဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိအသက် အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊

ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကို ခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင်သက်သက်မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာဝင် များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည်လည်း နည်းမျိုးစုံ ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုစောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရရပ် တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသောတနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်းရိုဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။ ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ ဗမာပြည်တစ်ခုလုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း။

Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

လူထုစိန်ဝင်းနဲ့ အင်တာဗျူး

“အန်အယ်လ်ဒီဌာနချုပ်ဟာ ဆွံ့အနားမကြားကျောင်းတခုလို ဖြစ်နေတယ်” လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ အင်တာဗျူး (အာရ်အက်ဖ်အေ)

ဟုတ်ကဲ့ ဆရာဦးစိန်ဝင်းခင်ဗျာ၊ အခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကတော့ မြန်မာပြည်က ပြန်သွားပြီလို့သိရပါတယ်။ သူလာခဲ့တဲ့ ခရီးစဉ်နဲ့ အကျိုးဆက်တွေ ပေါ့၊ ဆရာ ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဒီအကြောင်းကိုတောဗျာ့ ကျနော် အရင်ကလည်းပဲ ဂမ်ဘာရီလာခဲ့တဲ့ အကြိမ်တွေမှာလည်း ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဂမ်ဘာရီပဲ လာလာ၊ ဘန်ကီမွန်းပဲ လာလာ ဟုတ်လား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေ တခုလုံးပဲ လာလာ၊ အခြေအနေတွေကတော့ ဘာမှထူးခြားမယ်လို့ ကျနော်ကတော့ မယူဆဘူးဗျ။ ဘာ ဖြစ်လို့လဲဆိုတော့ကာ ဒီကုလသမဂ္ဂကလည်းပဲ သူ့မှာက ဘာမှ တကယ်တမ်း သူက လုပ်ပေးနိုင်တဲ့ အခွင့်အာ ဏာ သူ့မှာ ဘာမှမရှိဘူး။ အရင်တုန်းက ဦးသန့်ပြောခဲ့ဖူးတဲ့ စကားလေးတခွန်း ရှိတယ်။ ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ရှိနေစဉ်တုန်းက ဦးသန့်က ပြောခဲ့ဖူးတယ်။ သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်အာဏာတွေ မရှိပါဘူးတဲ့။ သူ့အလုပ်ဟာ တကယ်တော့ ဂုဏ်ထူးဆောင် စာရေးတော်ကြီးအလုပ်ပါပဲတဲ့။ ဆိုတော့အခုလည်း ပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ ဘာတို့မှာက ဘာမှလုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေ မရှိဘူး။ ဒီလိုအခွင့် အာဏာတွေ မရှိတဲ့အတွက် ဒီအစိုးရကလည်း သူတို့ကို သိပ်ပြီးတော့ လေးစားမှု၊ အထင်ကြီးမှု မရှိဘူးခင်ဗျ။

နောက်ပြီးတော့ ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်အပေါ်မှာလည်း ပုဂ္ဂိုလ်ရေးအရကို ကျနော်က ဂမ်ဘာရီကို မယုံကြည် ဘူးဗျ။ သူဟာ စစ်မှန်တဲ့ ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်လို့ ကျနော်က မယူဆတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူအရင်တုန်းက (၇) ကြိမ်လောက်လာခဲ့တယ်။ လာခဲ့တဲ့ အကြိမ်တိုင်းမှာလည်း သူက တိုးတက်ပါတယ် ပြော သွားတာပဲရှိတယ်။ တကယ်တမ်းတော့ ဘာမှ တိုးတက်တာတွေ ဖြစ်မလာဘူး။ အဲတော့ ကျနော်ကတော့ ဂမ် ဘာရီဟာ သူ့ကို စွဲချက်တောင်မှ (၂) ခုပဲ ကျနော်က တင်ချင်တယ်။ ပထမစွဲချက်ကတော့ လိမ်လည်မှု။ သူက ဟုတ်လား ဘာမှမတိုးတက်ဘဲနဲ့ အခြေအနေတွေက ဆိုးနေတာပဲရှိတယ်။ ဆိုးနေတာတွေကို ကောင်းပါတယ်၊ ကောင်းပါတယ်၊ တိုးတက်ပါတယ်ဆိုပြီး လိမ်ညာပြီးတော့ လုံခြုံရေးကောင်စီကို အစီရင်ခံနေတယ်။ ဒါတချက် ပေါ့။

နှစ်အချက်ကတော့ ဂမ်ဘာရီဟာ သူ့ကို လုံခြုံရေးကောင်စီက ပေးအပ်ထားတဲ့ အခွင့်အာဏာတွေမရှိဘဲနဲ့ အာ ဏာကို သူအလွဲသုံးစာလုပ်တယ်လို့ ကျနော်က ယူဆတယ်။ လုံခြုံရေးကောင်စီက အခွင့်အာဏာ ပေးထားတာ က၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာပြည်နိုင်ငံရေးမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ် လာစေဖို့ အဲဒီအတွက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ ဒါကိုလုံးပမ်းဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထား တာ။ အခု ဂမ်ဘာရီတို့ ဘန်ကီမွန်းတို့က ဂမ်ဘာရီက ဘာတွေလုပ်ခဲ့လဲဆိုတော့ သူက ဒီဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို အသိအမှတ်ပြုပြီးတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲမှာ တရားမျှ တမှုဖြစ်ဖို့၊ နိုင်ငံတကာ ကြီးကြပ်သူတွေ လာဖို့တို့ ဒီအကြောင်းတွေကို သူက ပြောပြတယ်။ ဒါဟာ သူ့အခွင့်အာ ဏာထဲမှာ မပါဘူးဗျ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်း မထားဘူး၊ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်းမထားဘူး။ ဒါကြောင့်မို့ ကျ နော်ကတော့ ဂမ်ဘာရီကို ခုနက လိမ်ညာမှုရယ်၊ အာဏာအလွဲသုံးစားလုပ်မှုရယ်နဲ့ စွဲချက်တင်ပြီးတော့ ဒီနေ ရာကနေပြီးတော့ ဖယ်ရှားပစ်သင့်တယ်လို့ ကျနော်က ယူဆတယ်။

လက်ရှိ အဲတော့ဆရာ မြန်မာ့နိုင်ငံရေးမှာ ဒီကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေက ဘာမှ ထိရောက်မှုမရှိဘူးလို့များ ပြောနေတာလားခင်ဗျ။

ဟုတ်ကဲ့ ဘာမှထိရောက်မှု မရှိပါဘူးခင်ဗျ။ ဘာမှထိရောက်မှု မရှိပါဘူး။ ကုလသမဂ္ဂက အခုနက ဦးသန့်ပြောခဲ့ တဲ့အတိုင်းပါပဲ။ ဘာအခွင့်အာဏာမှမရှိတဲ့ toothless tiger ပါပဲ။

ဟုတ်ကဲ့ အဲဒါဆို မြန်မာပြည်သူလူထုအကျိုးအတွက်က ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ဖြစ်လာနိုင်မလဲ။

မြန်မာပြည်သူလူထု နော် တိုင်းပြည်အတွက်ကတော့ ကျနော်တို့ မြန်မာပြည်သူလူထုကိုယ်တိုင်ပဲ ဘယ်သူ့ကိုမှ အားမကိုးဘဲနဲ့ ကုလသမဂ္ဂကိုလည်း အားမကိုးဘဲနဲ့ အမေရိကန်ကိုလည်း အားမကိုးနဲ့ အီးယူကိုလည်း အားမ ကိုးနဲ့ ကိုယ့်ပြည်သူ့အားကိုပဲ ကိုယ်အားကိုးပြီးတော့ ကိုယ့်အချင်းချင်းပဲ ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လုပ်သင့် တယ်လို့ ကျနော်က ယူဆတယ်။ အန်အယ်လ်ဒီအဖွဲ့အစည်းနဲ့ ဒီအစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ အတူရှိနေကြတဲ့ သုံးပွင့်ဆိုင်တွေပေါ့ဗျာ။ ဒီလူတွေအချင်းချင်းကိုပဲ ကိုယ့်ဟာကိုယ် တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်က ထင်တယ်။ ဒီကုလသမဂ္ဂတို့ ဘာတို့ကို အားကိုးပြီးတော့ အချိန်တွေက ကြာနေပြီ။ အနှစ် (၂၀) ရှိပြီ။ တိုင်းပြည်က နာသထက်နာနေပြီ။ လူတွေက ဒုက္ခရောက်သထက်ရောက်နေပြီ။

ဟုတ်ကဲ့ဆရာ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို အခုအချိန်အထိ လုံးဝ လက်မခံသလို လက်ခံမယ့် အလားအလာလည်း မတွေ့ရဘူးခင်ဗျ။ အဲတော့ ဒီကိစ္စက ဖြစ်နိုင်ခြေရှိ ပါ့မလား။

ဟုတ်ကဲ့ ဖြစ်နိုင်ခြေမရှိတာ၊ အခု အနှစ် (၂၀) လုံး ရေစုန်မျောနေတာက စစ်အစိုးရကလည်းပဲ ဒီ တွေ့ဆုံဆွေး နွေးရေးကို လက်မခံဘူး ငြင်းပယ်နေတာက ရှင်းရှင်းပြောရရင်တော့ အန်အယ်လ်ဒီကို သူတို့က လေးစားစရာ အဖွဲ့အစည်းလို့ မယူဆတော့လို့ပဲဗျ။ အန်အယ်လ်ဒီကို လေးစားစရာအဖွဲ့အစည်းတခုလို့ ယူဆရင် သူတို့ဒီလို ငါတကောမကောရဲပါဘူး။ အန်အယ်လ်ဒီကလည်း လေးစားစရာအဖွဲ့အစည်းလို့ မယူဆတာဟာ သူတို့အစိုးရရဲ့ အမှားလည်း မဟုတ်ဘူးဗျ။ ကျနော့်အမြင်ကလည်း အန်အယ်လ်ဒီ ကိုယ်နှိုက်က လေးစားစရာ အဖွဲ့အစည်းတ ရပ်လို့ လှုံ့ဆော်မှုပေါ့ဗျာ activities အနှစ် (၂၀) အတွင်းမှာ ဘာမှမရှိဘူးဗျ။ ရှင်းရှင်းပြောရရင် အန်အယ်လ်ဒီ ဋ္ဌာနချုပ်ကို သွားပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်းပဲ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘူး။ နိုင်ငံရေးပါတီအဖွဲ့အ စည်းတခုဆိုတာ သဘောတရားတွေ၊ လမ်းစဉ်တွေ ဆွေးနွေးနေရမယ်၊ ငြင်းခုံနေရမယ်၊ နေ့စဉ်နဲ့အမျှ ငြင်းခုံ ဆွေးနွေးပွဲတွေနဲ့ ရှုပ်ယှက်ခတ်နေရမယ်။ အခု အန်အယ်လ်ဒီဌာနချုပ်က ငြိမ်သက်ပြီးတော့ ဘာမှ ပြောသံဆို သံလည်း မရှိဘူး ဘာမှ လှုပ်ရှားမှုလည်းမရှိဘူး။ ဘာနဲ့တူလဲဆိုတော့ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘဲနဲ့ ဆွံ့အ နားမကြားကျောင်းတခုလို ဖြစ်နေတယ်။

ဆရာ မရိုမသေ တခုဖြတ်မေးပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောက်လျှောက်ဆောင် ရွက် တောင်းဆိုပြောကြားချက်တွေကကော ထိရောက်မှုမရှိဘူးလို့ ပြောတာလားခင်ဗျ။

ဟုတ်ပါတယ်ခင်ဗျ။ ထိရောက်မှုမရှိပါဘူး။ ပါးစပ်နဲ့ ပြောနေတာပဲရှိတယ်။ အလုပ် လက်တွေ့မပါဘူးဗျ။ နော် ဟိုနေ့ဒီနေ့ကျရင် ကြေညာချက်ကလေးတွေ ထုတ်မယ်၊ နော် နအဖဥက္ကဌဆီကို စာပို့မယ်၊ ဒီဟာကလွဲလို့ နိုင်ငံ ရေးမလုပ်တတ်တော့ဘူးလို့ ကျနော်က ယူဆတယ်။

ဟုတ်ကဲ့ အဲဒါဆိုလို့ရှိရင် အန်အယ်လ်ဒီအနေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ပေါ်လာအောင် ပထ မဦးဆုံးခြေလှမ်းအနေနဲ့ဆို ဘယ်လိုဟာမျိုးတွေ ဘယ်လိုလုပ်ငန်းမျိုးတွေ ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။

အခုအန်အယ်လ်ဒီမှာရှိနေတဲ့ ခေါင်းဆောင်မှုက ခုနကကျနော်ပြောသလိုပဲ ဆွံ့အနားမကြားကျောင်းလို ဖြစ်နေ တယ်။ နော် ဘာမှလှုပ်ရှားမှုမရှိဘူး၊ နောက် အသက်တွေကလည်းပဲ လူတွေက ရှစ်ဆယ်ကျော်တွေ ကိုးဆယ် ကျော်တွေ ဖြစ်ကုန်ပြီဗျ။ သူတို့ ကျန်းမာရေးအခြေအနေအရရော အန်အယ်လ်ဒီကို စွမ်းစွမ်းတမံ ဦးဆောင်နိုင် တဲ့ အခြေအနေ မရှိတော့ပါဘူး။ ဆိုတော့ အန်အယ်ဒီမှာ အင်မတန်တော်တဲ့လူတွေ အောက်ခြေမှာ အများကြီး ရှိပါတယ်။ ဥပမာ အမျိုးသမီးတွေထဲကတောင်မှ ကျနော် လူချင်းမတွေ့ဖူးပါဘူး။ နာမည်တွေ ကျနော်မှတ်မိ တယ်။ မန္တလေးက ဒေါ်ဝင်းမြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ဘားအံက ဒေါ်နန်းခင်ထွေးမြင့်တို့၊ ရေနံ ချောင်း မကွေးဘက်က ဒေါ်အုန်းမြတို့၊ ဒေါ်ခင်စောဋ္ဌေးတို့ တကယ့်အမျိုးသမီးတွေဟာ အင်မတန် တက်တက် ကြွကြွနဲ့ လုပ်နေတယ်။ အင်မတန်လည်း သတ္တိကောင်းကြတဲ့ အမျိုးသမီးတွေပါ။

ဒီလိုအောက်ခြေမှာရှိတဲ့ လူငယ်တွေနဲ့ ခုနက ခေါင်းဆောင်မှုကို ၀ိုင်းရံရမယ်။ လူငယ်တွေကို နေရာပေးရမယ်။ လူငယ်တွေကို လုပ်ကိုင်ခွင့်တွေ ပေးရမယ်။ အဲလိုဆိုရင် အန်အယ်လ်ဒီဟာ စွမ်းစွမ်းတမံ လုပ်နိုင်လိမ့်မယ်။ လုပ်နိုင်လို့ရှိရင် အစိုးရကလည်း လေးစားပြီးတော့ လာမှာပါပဲ။ ကျနော်မြင်တာကတော့ အန်အယ်လ်ဒီဟာ ပြည်သူလူထုက မန်းဒိတ်ပေးထားတဲ့ ပါတီအဖွဲ့အစည်းဖြစ်တယ်။ အဲတော့ကာ ဘာမှမလုပ်ဘဲနေရင် ပြည်သူ လူထုမန်းဒိတ်ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ရုံတင်မကဘူး ပြည်သူလူထုကို သစ္စာ ဖောက်ရာလည်းရောက်တယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီဟာ တက်တက်ကြွကြွ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင် အောင် လူငယ်တွေကို ပြောခွင့်ပေးပါ၊ လုပ်ခွင့်ပေးပါ၊ လူငယ်တွေနဲ့ ၀န်းရံပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောလိုက်ချင်တယ်။

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

စီးချင်းထိုးခြင်း




စီးချင်းထိုးခြင်း
တိုက်ပွဲဝင် ကျားတစ်ကောင်
ကိုယ့်ဒဏ်ရာကို ကိုယ့်လျှာနဲ့ ပြန်လျက်သလိုမျိုး
ဒီစစ်မိစ္ဆာတွေကိုမမေ့ဖို့ 
ငါတို့ နာကျဉ်းချက်ကို ငါတို့ 
အမြဲယုယနေရမယ်။
ဒီမိစ္ဆာစစ်ဘီလူးတွေနဲ့ 
ငါတို့  အကြိမ်ကြိမ် စီးချင်းထိုးခဲ့တယ်
အရှုံး၊အနိုင် အဓိကမထားပဲ
ယှဉ်ပြိုင်ရဲခြင်း သတ္တိကိုသာ
ငါတို့ ဂုဏ်ယူခဲ့ကြတယ်။
အမှန်တရားဆို အရှင်မထားချင်ကြတဲ့
ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ
ငါတို့ ယုံကြည်ချက်ကိုငါတို့ 
(ဆရာမောင်ချောနွယ်ပြောသလိုမျိုး)
မြစ်လိုမပြတ်စီးဆင်းပြီး
ပန်းမန်တွေလို ဝေဆာစေရမယ်......
မယုံရင်ငုံ့ ကြည့်လိုက်ပါ
လမ်းမပေါ်က မခြောက်သေးတဲ့သွေးတွေ
မယုံရင်မော့ကြည့်လိုက်ပါ
ကောင်းကင်အထက်က
ပျံသန်းနေတဲ့ ခွပ်ဒေါင်း ၀ိညာဉ်တွေ
ဒီကောင်းကင်နဲ့  ဒီမြေကြီးကြား
ကျန်နေရစ်တဲ့ငါတို့ အတွက်
(သမိုင်းကပေးတဲ့တာဝန်အရ)
ငါတို့ ဘာတွေ ဆက်လက်စီးဆင်းဦးမလဲ.....?
ငါတို့ ဘာတွေ ဖူးသစ်ဝေဆာဦးမလဲ........?
ဒီလိုအမေးတွေနဲ့ ပဲ ငါတို့ 
ကိုယ့်ကိုကိုယ်
စီးချင်းထိုးနေရတာပေါ့။

နေသွေးခ
ရဲဘော်နေသွေးခ၏ ကဗျာအား ဖော်ပြပါသည်။
လေးစားလျက်
မောင်မြတ်နိုး


အရေးပေါ် သတင်း

myayallzar 1

Salai Tin Maung Oo - Chin Student Leader 02

Salai Tin Maung Oo - Chin Student Leader 02

Salai Tin Maung Oo - Chin Student Leader

Salai Tin Maung Oo - Chin Student Leader

မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်


မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်
(သို့မဟုတ်)
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အဖမ်းမခံရမီ
စက်တင်ဘာ ၂၆ ရက်နေ့ညတွင် ပြောကြားခဲ့သော စကားများ

“ကျွန်တော်တို့ သက်ရှိထင်ရှား မရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီး တစ်လျှောက်လုံးမှာ ပြန့်နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား … ”

ကိုကိုကြီးတို့ကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းသွားပြီးတော့ နှစ်ပတ်လောက်အကြာမှာ သူငယ်ချင်းတစ် ယောက်က ကိုကိုကြီးနဲ့ ပြောထားတာတွေကို အီးမေးလ်နဲ့ ပို့ပေးလိုက်ပါတယ်။ ကျွန်တော်ဖတ်ဖို့ ပို့လိုက်တာ ဖြစ်ပေမယ့် အားလုံးအတွက် ဖော်ပြချင်တဲ့အတွက် ဖော်ပြခွင့် တောင်းလိုက်ပါတယ်။ တကယ်တော့ ဒီအင် တာဗျူးဟာ ဘယ်သူက ဘယ်နေရာမှာ ပြုလုပ်တယ်ဆိုတာကို မသိရသလို ကျွန်တော့် သူငယ်ချင်းဆီကို ဘယ်လိုရောက်လာသလဲ ဆိုတာလည်း မသိပါဘူး။ ဒါ့ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှုရှိရင် ဘားမားတူဒေးမှာ သာ အပြစ်ရှိပါကြောင်းနဲ့ ဒီသတင်းဟာ စိတ်ချရတဲ့ သတင်းရပ်ကွက်က ရရှိတယ်လို့ပဲ ပြောပါရစေခင်ဗျာ။ ကိုကိုကြီး ဘာတွေပြောထားခဲ့သလဲ ဖတ်ကြည့်ရအောင်ပါ။

အခုတလောမှာပေါ့လေ။ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ ပတ်သက်ပြီးတော့ သ တင်းစာထဲမှာ ဆက်တိုက်ဆိုသလို စွပ်စွဲတာတွေ၊ တိုက်ခိုက်တာတွေ တောက်လျှောက် တွေ့နေရ ပါတယ်။ အဲဒီတော့ တချို့ကလည်း စိုးရိမ်တာတွေ ရှိတယ်ပေါ့လေ။ ကိုကိုကြီးတို့ကို မကြာခင်မှာ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေများ ဖြစ်လာမလား ဆိုပြီးတော့ စိုးရိမ်ကြတာတွေ ရှိပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးရဲ့ အမြင်လေး သိပါရစေ။

ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ထောင်ထဲမှာ ၁၄ ၊ ၅ နှစ် နေခဲ့ရပြီးပြီ။ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ် ဆိုတာလည်း ကျွန်တော်တို့ အကျွမ်းတ၀င် ဖြစ်ပြီးသားပါ။ တစ်ခုပဲ၊ ကျွန်တော်တို့က အဖမ်းခံရမှာ မကြောက်ဖူး၊ အလုပ်မလုပ်နိုင်မှာပဲ စိုးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့က အကျဉ်းကျနေတဲ့ဘ၀၊ လွတ်လပ်မှု ဆိတ်သုဉ်းနေတဲ့ ဘ၀မှာ လူငယ်ဘ၀တစ်ခုလုံး ပေးဆပ်ခဲ့ရတဲ့ အခါကျတော့ လွတ်လပ်မှုရဲ့ တန်ဖိုးကို တခြားသူတွေထက် ပိုပြီးတော့လည်း သိတယ်၊ ပိုပြီးတော့လည်း ခံစားနိုင်တယ်။ ကျွန်တော်တို့ဟာ လွတ်လပ်မှုကို မြတ်နိုးပါလျက်နဲ့ ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီလိုမျိုး အဖမ်းဆီးခံရမယ့် အချုပ်နှောင် ခံရမယ့် အလုပ်မျိုးကို လုပ်နေသလဲဆိုတော့ သန်း ၅၀ကျော် ပြည်သူတွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိတ်ထိတ်လန့်လန့်နဲ့ နေနေရနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့အတွက်၊ လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ ဘ၀တွေ ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ တဦးချင်းရဲ့ လွတ်လပ်မှုတွေကို ပေးဆပ်ပစ်မယ်၊ စတေးပစ်မယ်လို့ ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ကတည်းက ကမူးရှူးထိုးနဲ့ ဖမ်းသွားပလေ့စေ၊ ဖမ်းရင် ဖမ်းသွားပလေ့စေ ဆိုပြီးတော့ မျက်ကန်းတောတိုး လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၁၄၊ ၅ နှစ် ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကာလတွေ အတွင်းမှာလည်းပဲ ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ပေါ်ပြောင်းလဲသွားအောင် ကျွန်တော်တို့ ဘယ်လိုကြိုးပမ်းကြမလဲ၊ ဘယ်လို ချဉ်းကပ်ကြမလဲလို့ ကျွန်တော်တို့ ထောင်ထဲမှာကတည်းက၊ အကျဉ်းကျနေတဲ့ ဘ၀မှာကတည်းက ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။

ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်ကစပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရေးတကြီး ဆောင်ရွက်ကြဖို့၊ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကျပ်အတည်းအားလုံး၊ ဒုက္ခသုက္ခအားလုံးရဲ့ အခြေခံဇစ်မြစ်ဟာ အမျိုးသားပြန်လည်သင့် မြတ်ရေးပဲလို့ လေးလေးနက်နက်ကို ခံယူတဲ့အတွက်ကြောင့် လွတ်လာကတည်းက ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အကုန်လုံးက တိုင်ပင်ထားသလိုပဲ တညီတညွတ်တည်း ဒါကို ရေငတ်သလို တစာစာ တောင်းလာခဲ့တာပါ။ တိုက်တွန်းလာခဲ့တာပါ။ အခုအချိန်ထိပါပဲ။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ စေတနာ ကျွန်တော်တို့ နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ထွန်းတိုးတက် စေချင်တဲ့ စေတနာ အဲ့ဒီအထဲမှာ နိုင်ငံသားဆိုလို့ ကိုယ့်ကို ထောက်ခံတဲ့သူတွေ ကိုယ့်ကို အားပေးတဲ့သူတွေ သက်သက်ကိုပဲ ပြောနေတာ မဟုတ်ဘူး။ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုတွေ၊ အရာထမ်း အမှုထမ်းတွေ၊ နောက်ဆုံး ကျွန်တော်တို့ကို ဖမ်းဆီးထောင်ချပစ်လိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး အကျုံးဝင်တယ်။ ကျွန်တော်တို့ ခံစားစေချင်တဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း အရသာကို ခံစားစေချင်တဲ့ သူတွေထဲမှာ သူ့လူ ကိုယ့်လူမခွဲဘူး၊ အားလုံး အသီးသီး ညီတူမျှတူ ခံစားစေချင်တယ်။ ဒါ ကျွန်တော်တို့ စေတနာပဲ။

အဲ့ဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ အဖမ်းခံသွားရလည်း ကျွန်တော်တို့ ပျော်ပျော်ကြီးပဲ အဖမ်းခံပစ်လိုက်မှာပဲ။ အဲ့ဒီတော့ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင်ထားလို့ မရဘူး၊ သတ်ဖြတ်ပစ်လို့ မရဘူး။ ကျွန်တော်တို့ သက်ရှိထင်ရှား မရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီး တစ်လျှောက်လုံးမှာ ပြန့်နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား …

အဲ့ဒီတော့ … တကယ်လို့ အဖမ်းခံရရင်လည်း ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမှာပါ။ အဲ့သလို ကြုံလာရတဲ့ အခါမျိုးမှာလည်း ကျွန်တော်တို့ကို တရားခံတယောက်လို စစ်မေးတာမျိုးကိုလည်း ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းပဲ ကျွန်တော်တို့ ပြောမယ်။ ကျွန်တော်တို့ဟာ အကျိုးဆောင်တွေ တနည်းအားဖြင့် ရှေ့နေတွေ၊ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို၊ ခံစားနေရတဲ့ အခက်အခဲတွေကို သူတို့ကိုယ်စား ကျွန်တော်တို့က အကျိုး ဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီတော့ ရှေ့နေကို တရားခံလို စစ်မေးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။

ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ကူး၊ စိတ်သန်းတွေ တိုင်းပြည်ကို ကျွန်တော်တို့ ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခွင့်ရခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲ့သလိုမှ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်း ဘယ်ကရသလဲ၊ ဘယ်လိုလုပ်သလဲ ဆိုတာမျိုးကို ကလေးကလား ကိစ္စမျိုးကို ကျွန်တော်တို့က တရားခံပုံစံမျိုးနဲ့ ကျွန်တော်တို့ အစစ်မေးခံမှာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော်တို့ ဖြေကြားနေမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အင်မတန် ကြီးကျယ် မြင့်မြတ်တဲ့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့ ကြိုးပမ်းနေတာ ဆောင်ရွက်နေတာ၊ အဲ့ဒီအတွက် နိုင်ငံရေးအရ အရေးပါတဲ့ သူတွေ၊ အဖွဲ့အစည်းတွေအားလုံး ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားမှာပဲ။ စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ ကြိုးစားမှာပဲ။

ကျွန်တော်တို့တင် မဟုတ်ဘူး၊ ဘက်အသီသီးက ပုဂ္ဂိုလ်အားလုံးလည်း စိတ်ရှည်ရှည်နဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို ထိတွေ့ ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ကိုလည်း ကျွန်တော်တို့ ထပ်ခါတလဲလဲ တိုက်တွန်းနေတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးယုံကြည်ချက်က ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက် ရေးအတွက် အကြမ်းမဖက်၊ အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ရဲ့ အဓိဋ္ဌာန်ပဲ။ သန္နိဋ္ဌာန်ပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ ပတ်သက်တဲ့ ဟာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း မှန်သမျှကိုတော့ ကျွန် တော်တို့ အသုံးချသွားမှာ ဖြစ်တယ်။

အဲ့တော့ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အပိုင်းလည်းရှိတယ်။ ပြည်သူတွေအနေနဲ့ နိုင်ငံရေး ပြဿနာဟာ နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းက ကိုယ့်ကိုယ်ကိုယ် ငါ့မှာလည်း တာဝန်ရှိတယ်။ ငါတတ်နိုင်တဲ့ အပိုင်းကနေ ငါဆောင်ရွက်ပြမယ်ဆိုတဲ့ စိတ်နှလုံးမျိုး မွေးမြူနိုင်မှ၊ ဒီလိုစိတ်အခံမျိုးထားနိုင်မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်ပြောင်းလဲနိုင် မယ်လို့ ကျွန်တော်ပြောချင်တယ်။

ဒီနေရာမှာ ကိုကိုကြီးက ပြည်သူတွေပါဝင်ဖို့ အပိုင်းကို ပြောတယ်။ ပြည်သူတွေအနေနဲ့က စားဝတ်နေရေး အကျပ်အတည်းတွေက တစ်မျိုး၊ နေ့စဉ်ရုန်းကန်ရ လှုပ်ရှားရတာတွေနဲ့ အဲ … တစ်ဖက်ကလည်းပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရနဲ့ အထိတ်ထိတ် အလန့်လန့်နဲ့ နေနေရတဲ့ ဘ၀မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ၊ ဘယ်လို ပါဝင်ဆောင်ရွက်ရမလဲ၊ အဲ့ဒါလေးတော့ တိတိကျကျ ပြည်သူတွေလည်း သိသွားအောင်ပေါ့လေ ပြောပြနိုင်လို့ရှိရင် ကိုကိုကြီးအနေနဲ့ ပြောပြပေးပါ။

ကျွန်တော့်အမြင်မှာတော့ ပြည်သူဆိုတာ ပြည်သူပဲ။ နိုင်ငံရေးသမား မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလိုမျိုး အယူဝါဒဆိုင်ရာတွေ၊ သီအိုရီတွေ အဲ့ဒါတွေသိမှ နိုင်ငံရေးလုပ်လို့ရတယ် ဆိုတာလည်း မဟုတ်ဘူး၊ နိုင်ငံ ရေးသမားတွေလို တခါတည်း တစ်သက်လုံးပဲ ထောင်ထဲနေရနေရ၊ အငတ်ငတ် အပြတ်ပြတ်နဲ့ သူ့ဘ၀တစ်ခု လုံး နိုင်ငံရေးထဲမှာပဲ မြုပ်နှံထားတယ် ဆိုတာလည်း ပြည်သူတွေအနေနဲ့ လိုက်မလုပ်နိုင်ဘူး၊ ဒါ သဘာဝပဲ။

ပြည်သူဆိုတာက သူ့တစ်ဦးချင်းရဲ့ ထမ်းဆောင်နိုင်တဲ့ အကန့်အသတ် ရှိတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ သူ့ရပ်ကွက်၊ ရပ်ရွာနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ထပ်တူတော့ ပြည်သူက လိုက်မလုပ်နိုင်ဘူး၊ နိုင်ငံရေးသမားတွေ တွေးသလိုလည်း ရှုပ်ရှုပ်ထွေးထွေးတွေ မတွေးနိုင်ဘူး။ ပြည်သူတွေအနေနဲ့ တွေးနိုင်တဲ့အပိုင်း လုပ်နိုင်တဲ့ အပိုင်းကတော့ ရိုးစင်းပါတယ်။ အဓိကက ပြည်သူတစ်ယောက်ရဲ့ အဓိက သူနေ့စဉ် ဖြေရှင်းနေရတဲ့ စားဝတ်နေရေး ပြဿနာ။ အဲ့ဒီတော့ စားဝတ်နေရေးပြဿနာ ဖြေရှင်းရေးနဲ့ မလွဲမရှောင်သာ ဒီအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ထိစပ်နိုင်ရမယ်၊ ပတ်သက်နိုင်ရမယ်။ အဲ့ဒီအခါကျတော့မှ ဘာကိစ္စပဲ လုပ်လုပ်၊ စီပွားရေးလုပ်ငန်းတစ်ခုခု လုပ်ပြီဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးရ၊ ကမ်းရ၊ ဟိုကနေပြီးတော့ ဖြတ်ပိုင်းလာလည်း ဖြတ်ရ၊ မလှူချင်လည်း လှူရ၊ စသဖြင့် ရင်ဆိုင်နေရတာတွေ ရှိတယ်။ ဆိုတော့ အဲ့ဒါတွေကို မကျေနပ်ဘဲနဲ့လည်း အောင့်သီး အောင့်သက် ပေးနေရတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အဓိက ကြောက်လို့ပဲ။

အဲ့ဒီကြောက်တာနဲ့ ပတ်သက်ပြီးတော့ သေချာပြန်ပြီး လေ့လာဖို့လိုမယ်။ ပြန်ပြီး ဆန်းစစ်ဖို့လိုမယ်။ နိုင်ငံရေးသမားတွေ လုပ်နေတာကို ဂဃနဏ မသိရင်တောင်မှ ဒီလူတွေ အနစ်နာခံပြီး လုပ်နေတယ်။ သူတို့ မလုပ်ရဲတာတွေ လုပ်နေတယ် ဆိုပြီးတော့ တိုးတိုးတိတ်တိတ် ကျွန်တော်တို့ကို ထောက်ခံကြတာတွေ ရှိတယ်။ တချို့လည်း တဆင့်စကားနဲ့ လှမ်းပြီးတော့ ချီးကျူးကြတာ၊ အားပေးကြတာတွေရှိတယ်။ သို့သော် သူတို့ကတော့ မလုပ်ရဲဘူး၊ နောက်တခါ နိုင်ငံရေးသမားနဲ့ သွားစကားပြောရင် သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရှိရင် အန္တရာယ်ရှိတယ် ဆိုတဲ့အသိ၊ အဲ့ဒါကြီးကလည်း ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာ ခြိမ်းခြောက်နေတယ်။ အဲ့ဒီတော့ နိုင်ငံရေးကိုတော့ ထောက်ခံတယ်။ နိုင်ငံရေးသမားတော့ မဆက်ဆံရဲဘူး၊ ဆိုတော့ ဒါလည်း မဟုတ်သေးဘူး။

နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့ မရဘူး၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဘာမှလုပ်လို့မရဘူး။ အဲ့ဒီတော့ ပြည်သူတွေ လုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံး လုပ်နိုင်တဲ့ အပိုင်းကတော့ ဆက်ဆံပါ။ နိုင်ငံရေးသမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာ မဟုတ်ဘူး၊ အကြမ်းဖက်မှု လုပ်နေတာ မဟုတ်ဘူး။

နိုင်ငံရေးမှာ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောတာတွေ ကျွန်တော်တို့ ကြားရပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့က ဘာတွေ လုပ်ပေးရမလဲ၊ ဘယ်လို ပါဝင်ရမလဲ၊ အဲ့ဒါတော့ နည်းနည်း ရှင်းရှင်းလေး ပြောပြပေးစေချင်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ ဒါ ကျွန်တော်တို့ ထပ်ခါတလဲလဲလည်း ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၅၄ သန်းရဲ့ လူနေမှုဘ၀တွေ ဒီလူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ပြောင်းလဲပစ်ဖို့ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ဆိုတာ လောက်နဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး၊ အဲ့ဒီတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း ဆိုတာကလည်း ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ ကြာလိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး၊

အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ကို နောက်တစ်နည်း ဥပမာပေးရမယ်ဆိုရင် အမှုသည်နဲ့ ရှေ့နေနဲ့ တူပါတယ်။ အမှုသည်က ဥပဒေ နားမလည်ဘူး၊ သူ ဘယ်လိုခံရတယ်။ မတရားသဖြင့် သူ ဘယ်လိုခံရတယ်။ သူ ဘာတွေ နစ်နာတယ်ဆိုတာကို သူ မကျေနပ်တာလောက်ပဲ ရှိတယ်။ အဲ့ဒါကို ဥပဒေကြောင်းအရ တရားခွင်မှာ ထိထိရောက်ရောက် လျှောက်လဲနိုင်ဖို့အတွက် စွဲဆိုနိုင်ဖို့အတွက် ရှေ့နေ ငှားရမယ်။ အဲ့ဒါ ရှေ့နေတော့ ငှားလိုက်ပါရဲ့၊ အမှုသည်က ရှေ့နေနဲ့ ပူးပေါင်းမှု မရှိဘဲနဲ့ ဖာသိဖာသာ သူနဲ့မဆိုင်သလိုမျိုး နေမယ်ဆိုရင် အဲ့ဒီရှေ့နေက ဘာမှလုပ်လို့မရဘူး၊ အဲ့တော့ အမှုသည်က ဖြစ်ကြောင်းရယ်ကုန်စင် ရှေ့နေကို ပြောပြဖို့လိုတယ်။ ရှေ့နေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ အဲ့ဒီလို အခြေအနေမျိုး မရှိဘူးဆိုရင် ရှေ့နေချည်းသက်သက်နဲ့ ဘာမှ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေနဲ့ ဆိုတာကလည်း အမြဲတမ်း ဆက်စပ်ဖို့ လိုတယ်။

အဲ့တော့ ဒီနေရာမှာ ပြည်သူတွေကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဲအောင် ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ နေရာအနှံ့မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတယ်။ အဲ့ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးလုပ်တဲ့ သူတွေကို မခေါ်ရဲ၊ မပြောရဲ၊ မဆက်ဆံရဲ ဖြစ်နေကြတာလည်း ရှိတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တဲ့အပိုင်းက ဘာလဲဆိုတော့ ကိုယ့်ရှေ့နေကိုတော့ ကိုယ့်အကျိုး ဆောင်ကိုတော့ ကိုယ်ရဲရဲတင်းတင်း ဆက်ဆံရဲဖို့ လိုတယ်။ နိုင်ငံရေးသမားတွေလိုမျိုး သိပ်ပြီးတော့ အန္တရာယ်ရှိတဲ့ ကိစ္စမျိုး နှစ်ရှည်လများ အဖမ်းဆီးခံ ထောင်ချခံရမယ့် ကိစ္စမျိုး မလုပ်ရဲဘူး ဆိုရင်တောင်မှ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ ကိုယ့်အခက်အခဲတွေ၊ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာတွေ အဲ့ဒါတွေကို ရင်ဖွင့်ဖို့ တိုင်ပင်ဖို့လိုတယ်။

အဲ့တော့ နိုင်ငံရေးသမားနဲ့ ဆက်ဆံလို့ လာပြီး မေးတာမြန်းတာတွေ ရှိတယ်။ ဒီလူနဲ့ ဘယ်လိုသိသလဲ၊ ဘယ်တုန်းက သိတာလဲ၊ အခု ဘာတွေပြောသလဲ၊ သူက ဘာတွေပြောသလဲ၊ ဒါမျိုးတွေ လာပြီး မေးတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် အကြံပေးချင်တာ၊ တိုက်တွန်းချင်တာက အဲ့ဒီတော့ ခင်ဗျားက အဲ့ဒီလိုမျိုး လာအမေးခံရရင် ကြောက်တယ်။ တကယ့်တကယ်တော့ သေသေချာချာ စဉ်းစားကြည့်၊ ခင်ဗျားကို လာမေးတဲ့လူ ကိုယ်နှိုက်ကလည်း ကြောက်နေတာပဲ။ အဲ့ဒါကို ကျွန်တော်တို့က သတိမထားမိဘူး။ လာမေးတဲ့သူက သူက သာမာန်ဝန်ထမ်းပဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခုခုက ၀န်ထမ်းပဲ။ အဲ့တော့ သူ့မှာရှိတဲ့ အကြောက်တရားက သူ့အထက် အဆင့်ဆင့်ကို သူက အစီရင်ခံစာ မတင်သွင်းနိုင်မှာ သတင်းမပို့နိုင်မှာ အဲ့ဒါကြောက်တယ်။ တကယ်လို့ သူက ဘာမှ သတင်းမပို့နိုင်ဘူးဆိုရင် သူ့ကို အရေးယူမှာ အပြစ်ပေးမှာ အဲ့ဒါကို သူက ကြောက်တယ်။ ပြီးတော့ ခင်ဗျားတို့ကို လာမေးပြီ ဆိုကတည်းက သူကိုယ်နှိုက်က ခင်ဗျားတို့ကို ကြောက်လို့ လာမေးတာ၊ အဲ့ဒါကို ခင်ဗျားတို့ကလည်း ဘာမှ မစူးစမ်း မဆင်ခြင်တော့ဘဲနဲ့ တန်းပြီ်းတော့ ကြောက်ပစ်လိုက်ကြတာပဲ။

အဲ့တော့ မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်စမ်းပါ။ အော် … ငါကသာ ကြောက်နေတာ၊ သူကလည်း ကြောက်ကြောက်နဲ့ လာမေးတာပါလားဆိုရင် ကြောက်တဲ့ လူအချင်းချင်းမှာ ခင်ဗျားက ပိုပြီးတော့ ကြောက်စရာ အကြောင်းမရှိတော့ဘူး၊ အဲ့ဒီတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြီးတော့ ရင်ဆိုင်ပါ။ ကျွန်တော်တို့ နင်ပဲငဆ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း သူလည်း သူ့စားဝတ်နေရေးအတွက် ဒီအလုပ်ကို လုပ်နေရတာ။ ကြောက်လို့ ခင်ဗျားကို လာမေးနေတာ။

အဲ … တစ်ခုတော့ရှိတယ်။ အကြောက်လွန်တဲ့အခါမှာ ခြိမ်းခြောက်တာမျိုး ဖြစ်တတ်တယ်။ ခြိမ်းခြောက်တာ အကြောက်လွန်လို့ ခြိမ်းခြောက်တာ။ အဲ့ဒီတော့ ဘာတွေ ဖြစ်လာတတ်လဲဆိုတော့ လာမေးတဲ့သူက တာဝန်ရှိတဲ့အဆင့် တစ်ယောက်ယောက်က ခင်ဗျား အဲ့ဒီလူနဲ့ မဆက်ဆံဖို့၊ ခင်ဗျား အဲ့ဒီအိမ်မသွားပါနဲ့၊ အဲ့ဒီတော့ သွားရင်၊ ဆက်ဆံရင်တော့ ခင်ဗျား ဒုက္ခရောက်လိမ့်မယ် သို့မဟုတ် ခင်ဗျား အရေးယူခံရလိမ့်မယ်။ အဲ … ကျွန်တော်တို့ ကလေးတွေအတွက် နောက်စရာ၊ ရယ်စရာစကားလုံးတွေနဲ့ ကျွန်တော်တို့ ပြောနေရ တာပေါ့။ ဘယ်လောက် အဆင့်ရှိတဲ့ သူမှန်းတော့ မသိဘူး။ အဲ့ဒီမှာ စပီကာနဲ့၊ အသံချဲ့စက်နဲ့ လျှောက် လျှောက်ပြီး အော်နေတယ်။ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုတာကို၊ တည်ဆဲဥပဒေဆိုတာက ဘာဥပဒေလဲမသိ၊ ဘယ်လို အရေးယူရမယ်မှန်းလဲ မသိ။ အဲဒါကို ခံတွင်းတွေ့ပြီးတော့ မိုင်ကရိုဖုန်းကိုင်တဲ့ ပုဂ္ဂိုလ်တိုင်းက ရွာရိုးကိုးပေါက် လှည့်ပြီးတော့ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုပြီးတော့ အော်နေတာ။ ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ်ကြုံနေရတဲ့ ပြဿနာပါ။

အဲ့ဒီတော့ ကျွန်တော်တို့ ကြောက်တာလည်း တစ္ဆေ၊ သရဲ ကြောက်သလိုပေါ့၊ ဘာမှန်း ညာမှန်းမသိ၊ ဟာ … တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဆိုပြီး စဉ်းစားမနေတော့ဘဲ တန်းပြီး ကြောက်ပစ်လိုက်ကြတာ၊ ကြောက်ပစ်လိုက်တာပဲ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ တွေးပုံခေါ်ပုံတွေက ခေါက်ရိုးကျိုး နေပြီ။ အဲ့ဒီတော့ တကယ့်တကယ် ကြောက်တော့ ကြောက်ပါ။ ကြောက်အောင် လုပ်ရင်တော့ ကြောက်ပါတယ်။ သူသူကိုယ်ကိုယ် ကြောက်အောင်လုပ်ရင်တော့ ကြောက်ပါတယ်။ သို့သော် မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်ကြပါ။ အဲ့ဒီသက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို နည်နည်းလေးတော့ ပြန်မေးဖို့လိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကြောက်နေတာကို လူတိုင်းကသိပါတယ်။ ကြောက် ကြောက်နဲ့ လျှောက်လုပ်နေတာ။

အဲ့ဒီတော့ ယဉ်ယဉ်ကျေးကျေး ကျေးဇူးပြုပြီးတော့ ကျွန်တော် တဆိတ်မေးပါရစေ။ ခင်ဗျားသိချင်တာလည်း ကျွန်တော်ပြောမယ်။ ခင်ဗျားရဲ့ နာမည်၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘာရာထူးအဆင့်လဲ၊ ခင်ဗျားရဲ့ တာဝန်အဆင့်အတန်းက ဘာလဲသိပါရစေ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကြုံနေရတာက ဘယ်သူလဲမသိ၊ ဘာဝါမှန်း မသိ၊ ယူနီဖောင်းလည်း မပါ၊ အရပ်ဝတ်ဆိုရင်ကို သူတို့ ကြောက်နေကြတယ်၊၊ အဲ့ဒီတော့ ကျွန်တော်တို့ဟာ ဘယ်သူကလာပြီး ခြိမ်းခြောက်မှန်းမသိ ဖြစ်နေတယ်။ အဲ့ဒီတော့ တကယ်လို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာမေးတာဆိုရင် တိတိကျကျ သိပါရစေ။ အဲ့ဒီလောက်တော့ မေးခွင့်ရှိတယ်၊ ဒါဟာ သူ့ကို ကျွန်တော်တို့က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာလည်း မဟုတ်၊ ဒါက ပထမအဆင့်ပေါ့။

သူက ကောင်းကောင်းမွန်မွန်၊ သူ ဘယ်အဖွဲ့စည်းကပါ။ တာဝန်အရ မေးရတာ ဖြစ်ပါတယ်။ ဟုတ်ပြီ ဖြေလိုက်ပါတယ် ဒီလူနဲ့ ကျွန်တော်က ခင်တယ် ငယ်ငယ်တည်းက သူငယ်ချင်း သို့မဟုတ် ဘယ်တုန်းက သိတယ်။ သူဖိတ်လို့ ကျွန်တော်သွားတာ လမ်းမှာတွေ့တော့ စကားပြောတာ ကျွန်တော်တို့ ဘာမှလည်း ဖုံးကွယ်ထားစရာ မလိုဘူး။ နိုင်ငံရေးလုပ်တဲ့ အလုပ်ကို ခိုးကြောင်းခိုးဝှက် လုပ်ရမယ့် အလုပ်လည်း မဟုတ်ဘူး။ တနိုင်ငံလုံးအရေးအတွက် လုပ်နေတာ၊ အဲ့ဒီတော့ မေးရင် ဖြေရုံပဲပေါ့၊၊

နောက်တစ်ခု၊ နောက်တစ်ဆင့် တက်ပြီးတော့ ဘာလာလုပ်တာလဲ၊ ဘယ်မသွားနဲ့။ တကယ်လို့ ခင်ဗျား မလိုက်နာဘူးဆိုရင် ခင်ဗျား ဒုက္ခရောက်သွားလိမ့်မယ်၊ အရေးယူ ခံရလိမ့်မယ်လို့ သူက ပြောလာပြီဆိုရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပဲ ပြန်တော့ပြောပါ၊ ဟုတ်ကဲ့ ဥပဒေအရ တားမြစ်တာ၊ ကန့်သတ်တာ ဆိုရင်တော့ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ရာထူးအဆင့်အတန်း ဘယ်သူဘယ်ဝါကနေ ဒီလူနဲ့ မဆက်ဆံပါနဲ့၊ ဒီနေရာကို မသွားပါနဲ့လို့ တားမြစ်တယ်၊ ချိုးဖောက်ရင် အရေးယူမယ်လို့ အသိပေးတယ် ဆိုတာကို စာနဲ့ပေနဲ့ ဥပဒေအရ ဘောင်ဝင်အောင် ကျွန်တော့်ကို လုပ်ပေးပါ။ ကျွန်တော် တရားဥပဒေ စိုးမိုးရေးကို လေးစားပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း လိုက်နာပါတယ်။ ဥပဒေအရ မဟုတ်တဲ့ ဥပဒေမဲ့ ခြိမ်းခြောက်တာမျိုးဆိုရင် ကျွန်တော် လက်မခံနိုင်ဘူး။

အဲ့ဒီလောက်တော့ ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းက နေပြီးတော့ အဲ့ဒီလောက် လုပ်ရဲတယ်ဆိုရင် ဒါဟာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့က ရန်လိုနေတာလည်း မဟုတ် သူတို့နဲ့ ကျွန်တော်တို့ ထိပ်တိုက် ရင်ဆိုင်နေတာလည်း မဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင်က ဥပဒေစိုးမိုးရေးကို စောင့်ရှောက်နေတာ ဖြည့်ဆည်း ပံ့ပိုးပေးနေတယ် ဆိုတဲ့အသိနဲ့ ဒီလောက် ပြည်သူတို့ဖက်ကနေ တုန့်ပြန်ရဲတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် အင်မတန် နီးကပ်လာပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် လေးလေးနက်နက်နဲ့ အကြံပေးချင်တာက ဘုမသိ၊ ဘမသိ ကြောက်မပစ်လိုက်ပါနဲ့။ မကြောက်ခင်မှာ ခဏလေး ရပ်လိုက်ပါ၊ စောင့်လိုက်ပါ။ ပြီးတော့ ကိုယ်မေးသင့်တာ ပြန်မေးပါ။

ခုနကလိုပေါ့။ ယဉ်ယဉ်ကျေးကျေးနဲ့ အဲ့ဒီလောက်တော့ ပြန်ပြောပေါ့၊ တချို့ကြတော့လည်း လက်လွတ်စပယ် လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးတဲ့ ပြဿနာမျိုးတွေ ရှိခဲ့လို့ရှိရင် သူ့ဖာသာသူ ပြန်ထိန်းသိမ်းသွားပါလိမ့်မယ်။ ပြန်ဆုတ်သွားပါလိမ့်မယ်။ တကယ့်တကယ် နှုတ်ပိတ်တဲ့ အနေနဲ့ လက်လွတ်စပယ် ခြိမ်းခြောက်တာမျိုးဟာ စာနဲ့ပေနဲ့ ရေးပြီးတော့ ခင်ဗျားတာဝန်ယူပြီး ခြိမ်းခြောက်တယ် ဆိုတာကို ခင်ဗျားတာဝန်ယူပြီး လက်မှက်ထိုးပါဆိုရင် ဘယ်သူမှ မထိုးရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် အပေါ်က ဘယ်သူကမှ အကာအကွယ် မပေးဘူး၊ ရုပ်ပျက်ဆင်းပျက် တရားလက်လွန် ဖြစ်ပြီဆိုရင် သူတိုခံရမှာ၊ အဲ့ဒီတော့ သူတို့ကိုယ်၌ကလည်း ကြောက်ကြောက်နဲ့ ခင်ဗျားတို့ကို လာပြောနေတာ။ အကြောက်လွန်ပြီးတော့ ခင်ဗျားတို့ကို လက်လွတ်စပယ် ခြိမ်းခြောက်နေတာပါ ဆိုတာကိုတော့ ခင်ဗျားတို့ သိထားဖို့လိုတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီလိုတုန့်ပြန်တာဟာ ပုဂ္ဂိုလ်ရေး အာဃာတ မပါဘူး။ ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီးတော့ ကျွန်တော်တို့ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေး လုပ်သင့်လုပ်ထိုက်တာကို တုန့်ပြန်တဲ့သဘော ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တဲ့သဘော၊ ကျင့်သုံးတဲ့ သဘောသာ ဖြစ်တယ်။ အဲ့ဒီလောက်တော့ လုပ်ဖို့လိုတယ်။

အဲ ... နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ နယ်ပယ်အသီးသီး၊ ဒေသအသီးသီး၊ ဥပဒေမဲ့ ပြုကျင့်တာတွေ၊ ပြုကျင့်ခံနေရတာတွေ၊ အဂတိလိုက်စား နေတာတွေ၊ အာဏာအလွဲသုံးစား လုပ်နေတာတွေ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ခံစားရတဲ့ သူတွေအနေနဲ့ မိမိ ဒီလိုပြုကျင့်ခံရတယ် ဆိုတာကို သက်ဆိုင်ရာ တရားရုံးတွေမှာ ဦးတိုက်ပြီးတော့ လျှောက်ပါ။ အဲဒါဟာ ကျွန်တော်တို့ ဆူပူလှုံ့ဆော်ဖို့ အုံကြွဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်းကနေ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကာကွယ်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဥပဒေ ဘောင်အတွင်းက ရင်ဆိုင်ရဲတဲ့ ရင်ဆိုင်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ပျိုးထောင်ဖို့လိုပါတယ်။

ဒီနေရာမှာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးပါတယ်။ သူတို့အတွက် တရားဥပဒေ ဘက်တော်သားတွေပါ။ တရားဥပဒေကို စောင့်ရှောက်ရမယ့် ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့ အဓိက တာဝန်ပါ။ ဒါ့ကြောင့်မို့လို့ တချို့ရှေ့နေတွေက မတတ်နိုင်ဘူး၊ မတရားတာကြီးကို ပေးကမ်းနေရတဲ့ အဖြစ်ပျက်မျိုးတွေဟာ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေစိုးမိုးရေး ရှုဒေါင့်ကနေပြီး ကူညီပေးကြဖို့ ဥပဒေပညာရှင်တွေ၊ ရှေ့နေအသီး သီးတွေကိုလည်းပဲ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ရှင်သန်ဖို့၊ ဖွံ့ဖြိးဖို့ဆိုတာက တရားဥပဒေ စိုးမိုးရေးဟာ အဓိအကျဆုံးပါပဲ။ အဲ့ဒီတော့ ဒီတရားဥပဒေ စိုးမိုးရေးကို အုတ်မြစ်ချဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တရားဥပဒေ ဘက်တော်သားတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အခန်းကဏ္ဍ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီတော့ ပြည်သူတွေ အနေနဲ့ကလည်းပဲ မိမိကို အဓမ္မပြုကျင့်တယ်၊ ဥပဒေမဲ့ ပြုကျင့်ခံရတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရားခွင်နယ်မှာ ဦးတိုက်ပြီးတော့ လျှောက်ထားရဲတဲ့၊ တင်ပြရဲတဲ့ သတ္တိမျိုးကို မွေးမြူကြဖို့ လိုပါတယ်။

အဲ့ဒီနေရာမှာတော့ ပြောစရာ ရှိတာပေါ့နော်။ တရားစွဲလည်း မထူးပါဘူး သူတို့က သူတို့ဘာသာ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်နေတာပဲ၊ ဒါက ကျွန်တော်တို့ အရပ်စကား ပြောတာပေါ့နော်။ တကယ့်တ ကယ်မှာကျတော့ ကျွန်တော်တို့မှာ (၈၈)နဲ့ မတူတဲ့ အချက်ကတော့ သတင်းမီဒီယာတွေ ပွင့်လင်းတာတာ။ အဲဒီတော့ ဥပဒေမဲ့ ပြုကျင့်ခံရတယ်၊ အဲဒါကို ရုံးတက် တရားစွဲတဲ့အခါ တရားရုံးက မတရား စီရင်ချက်ချတယ် ဆိုရင်လည်း တိုးတိုးတိတ်တိတ်နဲ့တော့ ပြီးမသွားပါဘူး။ ကျွန်တော်တို့ ဒီခေတ်မှာ သတင်းပြန်ကြားရေး စနစ်ဟာ အင်မတန်မှ လျင်မြန်ပါတယ်။ အဲ့ဒီတော့ ဒီတရားရေးအဖွဲ့က နေပြီးတော့မှ မလျော်သြဇာသုံးမယ် မတရားစီရင်ချက်ချမယ်၊ မမှန်မကန် ဆုံးဖြတ်တယ် ဆိုရင်လည်းပဲ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးအခြေအနေ ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်နေတဲ့ ဖော်ထုတ်နေတဲ့ အခြေအနေတစ်ရပ်တော့ ဖြစ်သွားမှာပါ။

အဲဒါဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဦးတည်ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်နေတာ၊ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ လုပ်နေတာလည်း မပါပါဘူး။ ကျွန်တော်တို့ သွားနေတာက တရားမှုနဲ့ မတရားမှုနဲ့ကြားမှာ တရားတဲ့ဖက်၊ အမှန်တရားဖက်ကနေ ရပ်ခံသွားဖို့ ရပ်တည်သွားဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ အဲ့တာကလည်း နိုင်ငံရဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးဘောင်ထဲက ကြိုးပမ်းတာဖြစ်တဲ့အတွက်ကြောင့်၊ အဲ့ဒီအတွက် လက်လွတ် စပယ် အရေးယူလို့ အပြစ်ပေးလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေ ထဲမှာ ဥပဒေကြောင်းအရ ရင်ဆိုင်လို့ရတဲ့ ကိစ္စတွေကိုလည်း ရဲရဲတင်းတင်း ရင်ဆိုင်စေချင်ပါတယ်။ အဲ့ဒီလို အမှုအခင်းတွေ ရုံးထုတ်တဲ့ အမှုချိန်းစွဲဆိုတဲ့နေ့တွေ ဆိုလည်းပဲ အခြားစိတ်ဝင်စားတဲ့ ပြည်သူတွေ၊ ဘ၀တူပြည်သူတွေ အနေနဲ့ တရားခွင်မှာ သွားရောက် နားထောင်ခြင်းအားဖြင့် တရားခွင် ဗဟုသုတတွေ ရရှိစေသလို ကိုယ်တိုင်ကြုံတွေ့တဲ့အခါမှာလည်း ဘယ်လိုမျိုး တရားခွင်ကို ချဉ်းကပ်ရသလဲ။ တရားခွင်မှာ ဘယ်လိုလျှောက်လဲရသလဲဆိုတာ အလေ့အကျင့် ဗဟုသုတတွေကို ဆင့်ပွားရရှိစေမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ တရားမျတတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့အတွက် ပြည်သူတစ်ဦး ချင်းက လုပ်နိုင်တဲ့ အပိုင်းတွေကို ကမူးရှူးတိုးနဲ့ သွေးပူပြီး လုပ်ဆောင်တဲ့အပိုင်း မဟုတ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ အခွှင့်အလမ်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီလို အခွင့်အလမ်းတွေကို အသုံးချပြီးတော့ ပြည်သူတစ်ဦးချင်း အနေနဲ့ပါ နိုင်ငံရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ အမှန်တရား ပေါ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့အတွက် ကျွန်တော် တိုက်တွန်းချင်ပါတယ်။ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ကလည်းပဲ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို ကျွန်တော်တို့က ကိုယ်စားပြုပြီးတော့ ဖော်ထုတ်နေရမှာ ဖြစ်သလို နိုင်ငံရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကျွန်တော်တို့က ရှာဖွေဖော်ထုတ်နေရမှာ၊ ချဉ်းကပ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ လုပ်ရမယ့်အပိုင်း၊ လုပ်နိုင်တဲ့အပိုင်းကို ပြည်သူတွေဖက်က တာဝန်ကျေဖို့ လိုသလို နိုင်ငံရေးသမားတွေ နိုင်ငံရေး ဦးဆောင်နေတဲ့ သူအနေကလည်း ကျွန်တော်တို့က မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ နည်းလမ်းရှားဖွေမှုတွေ ပြည်သူတွေနဲ့ ထိစပ်ပြီးတော့ ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့ အခက်အခဲတွေ ထင်ဟပ်ဖော်ထုတ်နိုင်ရန် အတွက်လည်း ကျွန်တော်တို့က ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုသာ တက်ညီလက်ညီနဲ့၊ ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် လက်ရှိ တပ်မတော် အကြီးအကဲ အနေနဲ့ကလည်းပဲ ဒါဟာ လွယ်လွယ်ကူကူ လက်ညှိုးထိုးပြီးတော့ အဖျက်အမှောက် ဆူပူမှုတွေလို့ စွပ်စွဲလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီလူဒီလူတွေဟာ စနစ်တကျနဲ့ တရားဥပဒေဘောင် အတွင်းကနေ ကြိုးပမ်းနေတယ်။ ချဉ်းကပ်နေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုလည်း တကယ်လိုလိုလားလားနဲ့ ဆောင်ရွက်နေတာကို အသိအမှတ်ပြုဖို့လိုပါတယ်။ အဲ့ဒီလို ဘက်အသီး သီးမှ နေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားကြမယ်ဆိုရင် ဆုံမှတ်တစ်ခုမှာ အားလုံးလိုလားတောင့်တ နေတဲ့ ဖြစ်စေချင်နေတဲ့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။ BURMA TODAY

“စု” အာဇာနည် သက်တော်ရှည်


“စု” အာဇာနည် သက်တော်ရှည်
တင်မိုး

ဇွန် ၁၈၊ ၂၀၀၉

ချစ်သူရဲ့ မျက်နှာ
ချစ်သူရဲ့ ဝေဒနာကို
မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့
တိတ်တဆိတ် ကျောခိုင်းပြီး
သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး
နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။

ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း
ကျောမခိုင်းရက်
ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။

ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်
တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ
မဖြေသာနိုင်အောင် ခံစားပြီး
အမှန်တရားကိုသာ ဦးတည်တဲ့
အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။

သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။

(ဇွန် ၃၊ ၂၀၀၄)

How Are You, Mother? by Yoe D


နေကောင်းလား ... မေမေ

ခြံထောင့်မှာ
အမေစိုက်ခဲ့တဲ့ သပြေပင်ညို
ညတွေမှာ
အမေကြဲခဲ့တဲ့ ကြယ်တစ်ခင်း
မေတ္တာတရားဟာ
ရန်သူမျိုးငါးပါးနဲ့ လွတ်ကင်းလို့
လမ်းဟာ လမ်းအလုပ်ကို လုပ်လို့
ဘ၀တွေကို ခရီးတွေထဲ
ထိုးထည့်
လောင်ကျွမ်းခဲ့ နေ့တွေ
အမိုက်အမဲလေးကို ရိုက်ပါ အမေ

စစ်ပွဲတွေနဲ့ ကမ္ဘာကြား
ပူနွေးလာတဲ့ အသက်တွေ
ကျွန်းကလေးပေါ်က သီချင်းလို
ထမင်းလုံးတစ္ဆေတွေ
သန်မာတဲ့ လက်ချောင်းတွေရဲ့
အထိအတွေ့ကို ငံ့လင့်နေတဲ့
စန္ဒရားအိုလို
တေးသွားဟာ နေရာတိုင်းမှာ
သူ့ဇာတ်သူနိုင်အောင် ကမယ့်
မီးတောက်လို
သေခြင်း၊ ကဗျာ၊ မြူခိုး
အရာအားလုံးကို အဆုံးသတ်ပေးဖို့
နေ့တစ်နေ့ဟာ ရှိနေတယ်
နေကောင်းလား...မေမေ ။ ။

ရိုးဒီ

(စရဏ မဂ္ဂဇင်း;

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထူးဂုဏ်ပြု


၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထူးဂုဏ်ပြု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ။ အသက်ရာကျော်ရှည်ပါစေ။

အကယ်၍

အကယ်၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ် လူညစ်တွေက

လှည့်စား ပြောင်းလဲပြီး

မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာ

တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်…..

ဒါမှမဟုတ်

မင်းဘဝ တခုလုံးပေးပြီး

အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို

ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ

အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ 

ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်……

အကယ်၍

မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ

ကြွေတလှည့် ကြက်တခုန်ပမာ

တစ်လှည့်တစ်ခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင်……

ပြီးတော့

အစကနေ ပြန်စနိုင်မယ်ဆိုရင်……

ပြီးတော့တစ်ခါ

ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 

ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်

အကယ်၍

သူများတကာ လုပ်ပြီးသွားကြလို့  အချိန်အတော်ကြာမှ

မင်းအလှည့် ရောက်လာတဲ့အခါ

မင်းတစ်ယောက်တည်းနဲ့ ပဲ

အားနဲ့ မာန်နဲ့  ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်…….

အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့ 

ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီ စိတ်ဓာတ်အင်အားကို

ခိုင်မာစွာနဲ့ ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်……

အကယ်၍

မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး

ဒါတွေဟာ မင်းကြောင့်လို့  ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ

မင်းဟာ ခေါင်းအေးအေးနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်…..

အကယ်၍

အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ ကို နားလည်စွာခွင့်လွတ်ရင်းနဲ့ 

မင်းကိုယ်မင်း ယုံကြည်မှု့  အပြည့်အဝရှိမယ်ဆိုရင်


အကယ်၍

စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး

အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်……

ဒါမှမဟုတ်

မင်းရဲ့အကြောင်း

မဟုတ်တရား မုသားစကား ကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့ 

မတုန့် ပြန်ဘူးဆိုရင်……

ဒါမှမဟုတ်

မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့အခါ

မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…..

ပြီးတော့

မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့  မမြင်ဘဲ

ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်

အကယ်၍

စိတ်ကူးယဉ် အိပ်မက်တွေဟာ

မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…..

အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်……

အကယ်၍

အောင်မြင်မှု့ သုခနဲ့  ဆုံးရှုံးမှု့ ဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ

တူညီသော လောကဓံတရားတွေပါလား ရယ်လို့ 

ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍

လူတွေနဲ့  ထိတွေ့ ပြောဆို ဆက်ဆံရတဲ့အခါ

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…….

ဒါမှမဟုတ်

မင်းဧကရာဇ်တွေနဲ့  အတူ လမ်းလျှောက်နေရပေမဲ့

မာန်မာန သွေးကမကြွဘူးဆိုရင်

အကယ်၍

ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ

မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်……

အကယ်၍

လူတိုင်းကို တန်ဖိုးထား လေးစားရပေမဲ့

စွဲလန်းမှု့  သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…..

အကယ်၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ

အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်

အသုံးချနိုင်မယ်ဆိုရင်……

ငါ့သားရေ……

မင်းဟာ

အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့

ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ 

အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…..

အဲဒီတော့ မင်းဟာလည်း

ယောက်ျားကောင်း တစ်ယောက်ပဲပေါ့……

Rudyard Kipling

ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည်












မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ
ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်


In The Quiet Land

In the Quiet Land, no one can tell

if there’s someone who’s listening

for secrets they can sell.

The informers are paid in the blood of the land

and no one dares speak what the tyrants won’t stand.

In the quiet land of Burma,

no one laughs and no one thinks out loud.

In the quiet land of Burma,

you can hear it in the silence of the crowd

In the Quiet Land, no one can say

when the soldiers are coming

to carry them away.

The Chinese want a road; the French want the oil;

the Thais take the timber; and SLORC takes the spoils…..

In the Quiet Land….

In the Quiet Land, no one can hear

what is silenced by murder

and covered up with fear.

But, despite what is forced, freedom’s a sound

that liars can’t fake and no shouting can drown.

Aung San Su Kyi


Free bird towards a free Burma

My home…..

where I was born and raised

used to be warm and lovely

now filled with darkness and horror.

My family….

whom I had grown with

used to be cheerful and lively

now living with fear and terror.

My friends….

whom I shared my life with

used to be pure and merry

now living with wounded heart.

A free bird….

which is just freed

used to be caged

now flying with an olive branch

for the place it loves.

A free bird towards a Free Burma

Aung San Su Kyi


Why do I have to fight???

They killed my father a year ago,

And they burnt my hut after that

I asked the city men “why me?” they ignored

“I don’t know, mind your business,” the men said.

One day from elementary school I came home,

Saw my sister was lifeless, lying in blood.

I looked around to ask what happened, if somebody’d known,

Found no one but living room as a flood.

Running away by myself on the village road,

Not knowing where to go but heading for my teacher

Realizing she’s the only one who could help to clear my throat,

But this time she gave up, telling me strange things in fear.

Why, teacher, why.. why.. why?

I have no dad nor a sister left.

To teach me and to care for me you said, was that a lie?

This time with tearful eyes she, again, said…

Be a grown one, young man,

Can’t you see we all are dying?

And stop this with your might as soon as you can,

For we all are suffering.”

Aung San Su Kyi

Mail ပို့ ပေးသော မလင်း အား အထူးကျေးဇူးတင်ရှိပါသည်။













အကျယ်ချုပ်မိန့် ရုပ်သိမ်းပြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဆက်လက်ထိန်းသိမ်း

မင်းနိုင်သူNEJ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

“သူ့အပေါ်မှာ နေအိမ်အကျယ်ချုပ်အမိန့် မရှိတော့ဘူး။ ဒါကြောင့် သူ့အိမ်ကို သူ့မိတ်ဆွေတွေသွားရောက် ရှင်းလင်းပေးဖို့ လုပ်တာကို အာဏာပိုင်တွေက အ၀င်မခံတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အတော်လေး မကျေမနပ်ဖြစ်ရတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကို ဘာ့ကြောင့် အိမ်ကိုပြန်မအပ်သေးတာလဲ။ အ၀င်မခံတာလဲလို့မေးတော့ အထက်အမိန့်မရသေးလို့လို့ ပြောပါတယ်” ဟု ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အင်းစိန်ထောင်အရာရှိရိပ်သာတွင် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများက ယနေ့သွားရောက်တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းတရားရုံးက ယမန်နေ့တွင် ချမှတ်ခဲ့သော သက်သေခေါ်ဆိုရေး ပြင်ဆင်မှုနှင့် ပတ်သက်ကာ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေ (၃၀) ရက် ဒီပဲယင်းအရေးအခင်းအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ပြီးနောက် ယခုနှစ် မေ (၂၆) ရက်တွင် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖရဲချုပ်ကိုယ်တိုင် အကြောင်းကြားခဲ့သည်။

သို့သော် နေအိမ်အကျယ်ချုပ်တားဆီးမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။

ယနေ့ ရှေ့နေများ သွားရောက်ဆွေးနွေးခဲ့ကြသည့် သက်သေပြင်ဆင်ခေါ်ခွင့်အတွက်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်လိုက်သဖြင့် မနက်ဖြန်တွင် ဗဟိုတရားရုံးသို့ အယူခံဝင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်


Print E-mail
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 09 2009 11:52 - မြန်မာစံတော်ချိန်


နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် သူမကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာထိခိုက်စေမယ့် ပုံတုများ ဖြန့်ဝေ



ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာထိခိုက်စေမယ့် ပုံတုများ ဖြန့်ဝေ

08 June 2009 VOA

နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်မှာ ချုပ်ခံထားရပြီး တရား ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာကျစေမဲ့ ပုံတွေ အထက်မြန်မာပြည် ဒေသတချို့မှာ ဖြန့်ချိနေတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို တိတ်တဆိတ် ၀င်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောရဲ့ ပုံတွေကို ကွန်ပြူတာ ဂရက်ဖစ် နည်းတွေနဲ့ ပြုလုပ် ဖန်တီးထားပြီးတော့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လူမသိ သူမသိ မနက်လင်းအချိန်မှာ လမ်းပေါ်နဲ့ အရောင်းဆိုင်တွေမှာ ဖြန့်ဝေခဲ့တယ်လို့ မန္တလေး မြို့ခံ လူငယ်တဦးက ပြောပါတယ်။ ဒီပုံတွေကို ဘယ်သူဘယ်ဝါနဲ့ ဘယ်အဖွဲ့အစည်းက ဖြန့်ဝေခဲ့တယ် ဆိုတာ မသိပေမဲ့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ပုံတွေ ဖြစ်တယ်ဆိုတာကို ကြည့်တာနဲ့ အားလုံးက သိတယ်လို့ အဲဒီ လူငယ်က ပြောပါတယ်။

“ ဘယ်လို ပုံစံဝေသလဲဆိုရင် သူတို့က ပေါ်တင် မဝေဘူးခင်ဗျ။ အိမ်ယာထတဲ့အချိန် အိမ်ရှေ့တွေ၊ ဆိုင်ရှေ့တွေမှာ အန်တီစုရဲ့ ပုံတွေကို အများကြီး ကျဲသွားတဲ့ ပုံစံမျိုးထားခဲ့တာ။ ပုံတွေကို ကြည့်လိုက်တော့ အန်တီစု က ဂျွန်ယက်တောရဲ့ ရင်ခွင်ထဲမှာ လှဲအိပ်နေတဲ့ ပုံတွေ လုပ်ထားတယ်။ စာမှာလည်း စိတ်ရှုတ်ရပြီ၊ မောင်လေးရယ် ဆိုပြီး ရေးထားတယ်။ နောက်ခံပုံကတော့ အန်တီစုရဲ့အိမ်ကို နောက်ခံထား ထည့်ထားတယ်။ လူထုကတော့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ပုံဆိုတော့ သိပါတယ်ခင်ဗျ။ ပြည်သူလူထုက နလပိန်းတုံး မဟုတ်ပါဘူး ခင်ဗျ။ ဒါကြီးတွေက သူတို့ လုပ်ထားပါတယ်။ ကွန်ပြူတာနဲ့ ထပ်ထားပါတယ်ဆိုတာ အားလုံးက မြင်လိုက်တာနဲ့ သိပါတယ်ခင်ဗျ။”

အခုလို ကွန်ပြူတာ ဂရက်ဖစ် နည်းပညာတွေနဲ့ ဖန်တီးပြီး လုပ်ထားတဲ့ ပုံတွေကို တွေ့ရတဲ့ သူတိုင်း စိတ်ဆိုး ဒေါသဖြစ်ရတယ်လို့ သူက ပြောပါတယ်။

“ပြည်သူလူထုကတော့ လုပ်ကြံထားတဲ့ပုံ မှန်း သိရတော့ စိတ်တိုပြီး ဆွဲဆုတ်ပြစ်တယ်။ နောက်ပြီးတော့ တော်တော် အောက်တန်းကျတယ်ဆိုပြီးလည်း ပြောပါတယ်။ ပြည်သူလူထုကတော့ အဲဒါတွေကို လက်မခံပါဘူး။ အော့နှလုံး နာပါတယ်။ ပိုပြီးတော့ အော့နှလုံး နာကုန်ကြတယ်။ ပြည်သူတွေ လွှတ်ပေးဆိုပြီး လှုပ်ရှားမှု စတဲ့အချိန်ကစပြီး တန်ပြန်လုပ်တာပေါ့။ အဲဒီလို နားလည်ပါတယ်။ ပြည်သူကတော့ တော်တော်လေး ပိုရွံသွားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးပြီးတော့ အထူးတရားရုံးမှာ အမှု စစ်ဆေးနေကတည်းက အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဓာတ်ပုံဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို အထက်မြန်မာပြည်က စတင်နေပါတယ်။ အဲဒီ လှုပ်ရှားမှုအပေါ် လူထုရဲ့ အာရုံ စူးစိုက်မှုနဲ့ ထောက်ခံအားပေးမှုတွေ ရလာတာကြောင့် အခုလို သိက္ခာချထားတဲ့ ပုံတွေကို ဖြန့်ဝေနေတာဖြစ်တယ်လို့ ရေနံချောင်းအန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောပါတယ်။

“သက္ခာချင်း မတူတဲ့ လူတွေ လုပ်တဲ့ အလုပ်ကိုး။ အန်တီတို့ ရေနံချောင်းမှာတော့ မရှိပါဘူး။ ရန်သူချင်း တူဦးတော့ သိက္ခာရှိတဲ့ ရန်သူနဲ့ သိက္ခာမရှိတဲ့ ရန်သူဆိုတာ ရှိသေးတာပဲ။ အန်တီတို့ လုပ်တဲ့ လှုပ်ရှားမှုက အောင်မြင်နေတာကိုး။ လူထုနောက်က လိုက်တယ်ဆိုတာ သိနေတော့။ သူတို့ ဒီလို ပြလိုက်တာဟာ စိတ်ထားယုတ်တယ်ဆိုတာ ပြလိုက်တာပဲ။ သူတို့ကတော့ ဂရုမစိုက်ပါဘူး။ အန်တီတို့က စိတ်မကောင်းဘူး။ ကိုယ့်နိုင်ငံမှာ ဒီလောက်တောင် အောက်တန်းကျနေတာ။ စိတ်ထား ဒီလောက်မကောင်းနေကြတာ။ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့။ ဘယ်လောက်ပဲ အလှူဒါနတွေ လုပ်လုပ် စိတ်ထားမကောင်းရင် အလကားပဲ”

အခုလို ကွန်ပြူတာတွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေကို လွန်ခဲ့တဲ့ ၂ရက်လောက်က မန္တလေးနဲ့ အခြား မြေလတ်ပိုင်း မြို့တွေမှာ အများအပြား ဖြန့်ဝေတာတွေ့ရပေမဲ့ နောက်ရက်တွေမှာတော့ ဒီပုံတွေကို အများအပြား ဖြန့်ဝေတာ မတွေ့ရဘူးလို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။



ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List