မြတ်နိုး

မြတ်နိုးတတ်သူတို့ရဲ့ ရပ်ဝန်း ...

ပညာရေးကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြား

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) တည်ထောင်ခြင်း (၂၃) နှစ်မြောက် ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်)
တည်ထောင်ခြင်း (၂၃) နှစ်မြောက် ထုတ်ပြန်ကြေညာချက်
၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော တိုက်ပွဲရည်မှန်းချက်များ ဆက်လက် ဖေါ်ဆောင်နိုင်ရေးအတွက် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အား တည်ထောင်ခဲ့သည် မှာ (၂၃) နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။ (၂၃) နှစ်တာ ကာလအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက်ဒါဏ်ရာရခဲ့ကြသူများနှင့် ပြည်တွင်း အကျဉ်းထောင်အသီးသီးတွင် မတရား ဖမ်းဆီးထိမ်းသိမ်းခံနေရသော ရဲဘော်အပေါင်းတို့အား ဦးညွှတ်အလေးပြုလျှက် တပ်ဦးနှင့် တပ်မတော်မှ တိုက်ပွဲဝင် ရဲဘော်အပေါင်းတို့သည် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလူထုကြီးဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းနိုင်ရေးအတွက် ခိုင်မာပြတ်သားစွာ ရပ်တည် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ယနေ့ကာက ဦးသိန်းစိန်ဦးဆောင်သော စစ်တပိုင်းအစိုးရက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းနေမှုများ အပါအ၀င် လက်ရှိဖြစ်ထွန်းနေသော အခြေ အနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းတွင် အတိုက်အခံ နိုင်ငံရေးအင်အားစုများအားလုံး ပူးပေါင်းပါဝင် လာစေရေးအတွက် စစ်တပိုင်းအစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်သည်ဟု မိမိတို့မှ အလေးအနက်ခံယူ သည်။
ထို့ကြောင့် ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေးအတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးပေ။ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို သတိကြီးကြီးထား ကား စောင့်ကြည့်သွားရန် လိုအပ်သလို စစ်အုပ်စုအလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း နယ်မကျွံသွားရေးကို အလေးထားကြရမည်ဟု မိမိတို့မှ ရှုမြင်သည်။
တပ်ဦးနှင့်တပ်မတော်သည် နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာသွားရန် နည်းလမ်းတခု အဖြစ် ခံယူကျင့်သုံးခဲ့သည်။ သို့သော် စစ်တပိုင်းအစိုးရအနေဖြင့် နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် ယနေ့တိုင် နိုင်ငံရေးဆန္ဒမရှိသေးကို လက်ရှိ ဖြစ်ရပ်များက ဖေါ်ညွှန်းလျှက် ရှိနေပါသည်။ ၎င်းတို့ ရင်ဆိုင်နေရသောဖိအားများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ် ခိုင်မာရေး၊ မပျက်ရေး ရည်မှန်းချက်အောက်တွင် နည်းပရိယာယ် အရ ဖြေရှင်းမှု ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။
စစ်တပိုင်းအစိုးရအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ဆောင်ရွက်နေသည်ဟု ထုတ်ဖေါ်ပြောဆိုလျှက် ရှိသော်လည်း -
- ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိနေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊
- KIO - KNU - KNPP - SSPP/SSA တို့အပါအ၀င် တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သော ထိုးစစ်များ ဆင်နွှဲနေခြင်း၊ တပြည်လုံးအတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံခြင်း၊
- လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန်နေခြင်း၊
- လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်များ ပိတ်ပင်ထားဆဲဖြစ်ခြင်း၊
စသည့် အခြေအနေအရပ်ရပ်တို့သည် စစ်တပိုင်းအစိုးရ၏ အတွင်းသဏ္ဍန်ကို ဖေါ်ပြနေသလို လက်ရှိ ဆောင်ရွက်နေမှုများသည် ဒီမိုကရေစီ ကူးပြောင်းရေးကာလ အစိုးရအဖြစ် ပြည်တွင်းနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုခံရမှု ရရှိရေးနှင့် ၂၀၁၄ အာဆီယံဥက္ကဌ ဖြစ်ချင်သည့်အပေါ် နိုင်ငံတကာ၏ အမြင်ကောင်းမှုကို ရရှိလို၍ ကြိုးပမ်းချက်သာဖြစ်သည်။
ဤအခြေအနေအောက်တွင် တပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေး၊ နိုင်ငံရေး အ ကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး တို့အတွက် နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများကို ဆက်လက် ဆောင်ရွက်သွားရမည်ဟု တပ်ဦးနှင့် တပ်မတော်မှ အလေးအနက် ခံယူသည်။ တိုင်းပြည်တွင်း တည်ရှိနေသော နိုင်ငံရေးပြသနာများသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲ၏ အကျိုးအဆက်များ ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်တို့ကို ဖျက်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းကြရမည် ဖြစ်သည်။
ထို့ကြောင့် ယနေ့ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေး စသည့် အထွေထွေအကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြည် တွင်းပြည်ပရှိ မဟာမိတ်အင်အားစုများ၊ မျိုးချစ်အင်အားစုများ၊ တပ်ဦးနှင့် တပ်မတော်တွင် ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်အပေါင်း တို့အနေဖြင့် စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးနှင့် စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် နိုင်သည်အထိ ပြည်တွင်း၊ ပြည်ပ အင်အားစုများ စည်းလုံးညီညွတ်စွာဖြင့် ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်ကာ ၂၀၀၈ ဖွဲ့စည်းပုံ တိုက်ဖျက်ရေး ဘုံရည်မှန်းချက်အောက်တွင် တိုက်ပွဲနှင့် ဖိအားများကို တိုးမြှင့် ဖေါ်ဆောင်ကြရန် တပ်ဦးနှင့်တပ်မတော် ဖွဲ့စည်းတည် ထောင်သည့် (၂၃) နှစ်မြောက် မွေးနေ့အခါသမယတွင် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
စစ်အာဏာရှင်စနစ် ကျဆုံးရမည်။
ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရမည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်


ငြိမ်းချမ်းရေး ဗိသုကာကြီး

ငြိမ်းချမ်းရေး  ဗိသုကာကြီး

မိန့် ခွန်းများ

မြန်မာ ပြက္ခဒိန်

ရာသီဥတုအခြေအနေ

Click for Rangun, Myanmar Forecast

တော်လှန်ရေးသီချင်းများ


minthukha
Quantcast
Powered By Blogger

နိုင်ငံတကာ သတင်းများ

လွပ်လပ်ရေး ဖခင်ကြီး

လွပ်လပ်ရေး ဖခင်ကြီး

မြတ်နိုး

My photo
လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိတို့သည် အာရုံတို့တွင် တုန်လှုပ်ပြီး လျှပ်ပေါ်လောလီခြင်း သဘောရှိသော စောင့်ထိန်းတားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ ဓမ္မပဒ (၃၃)

Blog List