
ဦးတင်ဦး လွတ်မြောက်မှုအပေါ် သူတို့ သဘောထား
နယူးဒေလီ (မဇ္ဈိမ)။ ။ အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ပြီးနောက် ယမန်နေ့ ညပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဦးတင်ဦးသည် ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စည်းရုံးရေးခရီးထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်တွင် စစ်အစိုးရ နောက်ခံပြုထားသည့် လူအုပ်စုကြီး၏ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ချထားခံခဲ့ရသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီပါတီ ခေါင်းဆောင်နှင့် တပ်မတော် အကြီးအကဲဟောင်း ဦးတင်ဦး ပြန်လွတ်လာသည့်အပေါ် ပြည်တွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားနေသူများ၏ သဘောထား၊ ခံစားချက်၊ ၎င်းအပေါ် ရှုမြင်ချက်၊ မျှော်လင့်ချက်များကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
ဦးဝင်းတင်
CEC အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
မေး။ ။ အန်ကယ်ဦးတင်ဦး ပြန်လွတ်လာတော့ အန်ကယ်တို့ ဘယ်လိုခံစားရလဲ။
သူ လွတ်လာတော့ ကျနော်တို့ ဝမ်းသာတာပေါ့ဗျာ။ နောက်ပြီးတော့ အားလည်း တက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ရိုးလည်း ရိုးသားတဲ့သူ၊ နိုင်ငံရေး ယုံကြည်ချက်လည်း ပြင်းပြတဲ့သူ၊ နောက်ပြီးတော့ သူက ဘာလုပ်လုပ် ထက်ထက်သန်သန်နဲ့ လုပ်တဲ့သူဆိုတော့ ကျနော်တို့ အားတက်တာပေါ့။
နောက်တခု အားတက်တာကတော့ သူက ရွှေဂုံတိုင် ကြေညာစာတမ်းကို စွဲစွဲမြဲမြဲ ကိုင်စွဲရမယ်၊ ဒီလမ်းစဉ်အတိုင်းပဲ ရပ်ပြီးတော့ လုပ်သွားရမှာပေါ့ဆိုတဲ့ စကားတွေကို ပြောတယ်ဗျ။ အဲဒါ ကျနော်တို့က အများကြီး အားရတယ်။ ဘာ့လို့လဲဆိုတော့ ဒီရွှေဂုံတိုင် ကြေညာစာတမ်းဆိုတာက ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ အောက်ခြေ-အထက်ဆိုတဲ့ ခေါင်းဆောင်တွေအားလုံး ပါဝင်တဲ့ ညီလာခံလို သဘောဆောင်တဲ့ အစည်းအဝေးကြီးကနေ ဆုံးဖြတ်ထားတဲ့ အချက်တွေကိုး။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်မယ်လို့ ပြောလိုက်တာက အလွန်ကို ကောင်းပါတယ်။ ဘာ့လို့လဲဆိုတော့ ရွှေဂုံတိုင်နဲ့သာ မြန်မာပြည်ရဲ့ နိုင်ငံရေးကို ဖြေရှင်းနိုင်မယ်၊ ရွှေဂုံတိုင်နဲ့သာ ဒီစစ်အစိုးရကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။
နောက်တချက်ကတော့ ရွှေဂုံတိုင်မှာပါတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတဲ့ ကိစ္စမျိုးတွေ၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ တောင်းဆိုချက်တွေ၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ တောင်းဆိုချက်တွေက မှန်ကန်တဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်။ ဒီတောင်းဆိုချက်တွေနဲ့အတူ ကျနော်တို့ လှုပ်ရှားသွားလို့ရှိရင် စစ်အစိုးရအနေနဲ့ တစုံတရာ ဖြေရှင်းဖို့ ပြောရမယ်၊ ပြောရမယ်လို့ ကျနော်တို့ ယူဆနေတဲ့အချိန်မှာ ဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးကနေ ရွှေဂုံတိုင်နဲ့ ရပ်တည်မယ်လို့ ပြောတာဟာ ကျနော်တို့အတွက် အလွန်အရေးကြီးတဲ့ ကိစ္စလို့ ကျနော် ပြောချင်ပါတယ်။
အဓိကကတော့ သူ့ရဲ့ ပွင့်လင်းမှု၊ ရိုးသားမှု၊ နိုင်ငံရေးလေ့လာမှုတွေက မြင့်မားတဲ့အတွက် သူ ရောက်လာတဲ့အတွက် ကျနော်တို့ အားတက်တယ်။ နောက်တခုက နိုင်ငံရေးအားဖြင့်လည်း ပိုပြီးတော့ အားတက်တဲ့အကြောင်းက ဘာလဲဆိုတော့ သူက ကျနော်တို့ အဖွဲ့အစည်းကနေ ရပ်တည်နေတဲ့ မူဝါဒသဘောတရားတွေ၊ ကျနော်တို့ နှစ်ပေါင်း ၂ဝ လုံးလုံး ကိုင်စွဲခဲ့တဲ့ မူလဘူတ မူဝါဒတွေကို ထင်ဟပ်တဲ့ ရွှေဂုံတိုင် တောင်းဆိုချက်တွေ၊ ရပ်တည်ချက်တွေဘက်က ရပ်တည်တဲ့အတွက် အားတက်တယ်။
ကျနော် နောက်ထပ် ပြောချင်တာတွေ ရှိပါသေးတယ်။ ကျနော် သူနဲ့တွေ့တာက ညပိုင်းမှာ သွားတွေ့တာကိုး။ သူလွတ်ပြီဆိုတာကို ဘီဘီစီမှာ သတင်းလေး စထွက်လာတော့ သူ့ဆီကို ကျနော် ည သွားတယ်ပေါ့ဗျာ။ ဟိုရောက်တော့ ၁ဝ နာရီလောက် ရှိပြီ။ သူနဲ့ကျနော် နာရီဝက်လောက် ပြောခဲ့တယ်။ အဲဒီအထဲမှာ ဘာပါလဲဆိုတော့ သူ့စကားထဲကနေ ကျနော် ပြောချင်တာကတော့ တစ်ကတော့ ဒီပဲယင်းနဲ့ပတ်သက်ပြီးတော့ ဒီဟာဟာ နိုင်ငံရေး လုပ်ကြံမှုပဲ၊ အကြမ်းဖက်မှုပဲ ဆိုတာကို သူ လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဒီပဲယင်းမဖြစ်ခင် ကာလဖြစ်တဲ့ မိုးကုတ်တို့၊ မန္တလေးတို့၊ မုံရွာတို့ကို သူ ဖြတ်သန်းရတဲ့အခါမှာ လူထုကနေပြီးတော့၊ သူတို့ရဲ့ ကြံ့ဖွံ့တို့ဘာတို့ဆိုတဲ့ အင်အားတွေပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ စကားတွေကို အကုန်လုံးကို ကျောခိုင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရပ်တည်ကြတယ်။
အဲဒီအချိန်မှာ သူ့ရဲ့ခံစားချက်က ဘာလဲဆိုရင် ဒီကြံ့ဖွံ့တို့ဘာတို့ဆိုတာ ပြိုပြီပေါ့ဗျာ။ နောက်ခံတွေ၊ ကျောရိုးတွေပေါ့ဗျာ၊ ကွန်မြူနစ်စကားနဲ့ ပြောရမယ်ဆိုရင် ဒေါက်တိုင်ကျောရိုးတွေပေါ့ဗျာ၊ ပြိုပြီပေါ့ဗျာ။ လူထုက သူတို့ကို လှည့်မကြည့်ဘူး၊ ကျောခိုင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကို စုရုံးကြတယ်။ နောက် ကြံ့ဖွံ့ထဲမှာပါတဲ့ လူငယ်တွေသည်ပင်လျှင် ဒေါ်စုဘက်ကိုလာပြီးတော့ ဒေါ်စုကို အမေလို့ ခေါ်တယ်၊ ဝန်းရံတယ်ဆိုတာတွေ ရှိခဲ့တယ်ဆိုတဲ့ အခါကျတော့ ဒီလိုဟာတွေ ပြိုသွားတဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ကြံမှု၊ အကြမ်းဖက်မှုတွေလို့ စစ်အစိုးရ စီစဉ်တာပဲဆိုတဲ့ သဘောထား သူ ရှိတယ်။ ဒါလည်း အရေးကြီးတဲ့ သူ့ရဲ့ သုံးသပ်ချက်လို့ ကျနော် ယူဆတယ်။
နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ပြောကြားချက်ပေါ့။ ဒါကတော့ မီဒီယာမှာလည်း ခင်ဗျားတို့ ကြားလိုက်မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ လုပ်နေတာလို့ ပြောလိုက်တာက၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို ပိုပြီးတော့ ယုံတယ်လို့ ပြောလိုက်တာဟာ အလွန်ကို အရေးကြီးတဲ့ ကိစ္စပဲ။ ဒီအချိန် ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအားဖြင့်ရော၊ လူမှုရေးအားဖြင့်ရော၊ ယဉ်ကျေးမှုအားဖြင့်ရော ဝန်းရံရမယ်လို့ ကြွေးကြော်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးဦးတင်ဦးလို ပုဂ္ဂိုလ်၊ နိုင်ငံရေးအားဖြင့်လည်း ဝါရင့်တယ်၊ နိုင်ငံရေးအတွေ့အကြုံတွေလည်း အများကြီး ရှိတယ်၊ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း တပ်မတော်မှာ အကြီးအကဲအဖြစ်နဲ့လည်း ဆောင်ရွက်ခဲ့တယ်၊ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဒီလိုပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ မားမားရပ်လိုက်တာဟာ နိုင်ငံရေးအားဖြင့်လည်း အရေးကြီးတယ်လို့ ကျနော် သုံးသပ်ပါတယ်။
နောက်တခုက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ရပ်တည်ချက်။ ရှစ်လေးလုံးဆိုတာ ဒီမိုကရေစီတောင်းဆိုတဲ့ အရေးတော်ပုံကြီးပဲ၊ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ခေါင်းဆောင်ပြီး လုပ်ခဲ့တာ။ ဒီလိုလူငယ်တွေ အကျဉ်းထောင်တွေထဲ ရောက်နေတဲ့အခါကျတော့ တိုင်းပြည်မှာ အတော်နစ်နာနေတယ်။ သို့သော် ဒီ ဒီမိုကရေစီအရေးတော်ပုံနဲ့ပဲ ဆက်ပြီးတော့ စခန်းသွားရမှာပဲ။ ဒီမိုကရေစီအရေးတော်ပုံရဲ့ စိတ်ဓာတ်တွေ၊ အားမာန်တွေ၊ ဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ပဲ ရှေ့ဆက်ပြီး စခန်းသွားရမှာပဲ။ သူဟာ အိမ်မှာ အငြိမ်းစားယူနေချိန်မှာ ဒီအရေးတော်ပုံကြီးကနေ သူ့ကို ဝန်းရံပြီးတော့ နိုင်ငံရေးစင်မြင့်ပေါ် တင်သွားတယ်၊ နိုင်ငံရေး တပ်ဦးထဲကို ပို့လိုက်တယ် ဆိုတဲ့အခါကျတော့ ဒါကို သူ မမေ့ဘူး။ ဒီနေ့ ဒီလူငယ်တွေရဲ့ လွတ်မြောက်မှုကို သူ လုပ်ပေးရမယ်၊ နောက်တခုက ဒီလူငယ်တွေရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်တွေထားတဲ့ ဒီမိုကရေစီရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်သွားမယ်လို့ ပြောပါတယ်။
နောက်တချက် ပြောလိုက်သေးတယ်ဗျ။ ကျနော်သွားတဲ့အချိန်မှာ ဖြူဖြူသင်းလည်း ပါတယ်။ သူက ဖြူဖြူသင်းရဲ့ HIV အရေး လုပ်ငန်းတွေကို ထင်ထင်ရှားရှား ကြားနေတယ်။ ဒီလုပ်ငန်းတွေကို ထောက်ခံတယ်။ လူငယ်တွေဟာ လူမှုရေးလုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြရမှာ၊ ထိထိရောက်ရောက် လုပ်ကြရမှာပဲလို့ သူ ပြောသွားတယ်။
နောက်တချက်က သူ့ရဲ့ သားချင်းထဲမှာကို HIV ပိုး စွဲကပ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးတယ်၊ သေဆုံးတဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးတယ်။ ဆိုတော့ ဖြူဖြူသင်းတို့လုပ်တဲ့ လုပ်ငန်းတွေကို နောက်ကိုလည်း အားပေးပါ့မယ်၊ စုပေါင်းဆောင်ရွက်ပါ့မယ်လို့ ပြောပါတယ်။ အဲဒါဟာလည်း အလွန်အရေးကြီးတဲ့ စကားဖြစ်ပါတယ်။
မေး။ ။ အန်အယ်ဒီ စည်းရုံးရေးလုပ်ငန်းတွေ၊ လူထုထဲ ဆင်းရတဲ့ လုပ်ငန်းတွေအတွက်ရော ဘယ်လောက်အထိ အားတက်စေမလဲဗျ။
နိုင်ငံရေးအားဖြင့် မှန်တဲ့ပုဂ္ဂိုလ်၊ စိတ်ထားအားဖြင့် သဘောထားအမြင်အားဖြင့် ကောင်းတဲ့ ပုဂ္ဂိုလ်၊ နိုင်ငံရေးအမြင်ကလည်း ရှိတယ်၊ ဒီပဲယင်းလိုအပေါ် သုံးသပ်ချက်၊ ထူးခြားတဲ့ နိုင်ငံရေးအမြင် သုံးသပ်ချက်တွေ ရှိတယ်။ စိတ်ဓာတ်အားဖြင့် ရှစ်လေးလုံးတုန်းက လူငယ်တွေအပေါ်မှာ၊ HIV လုပ်ငန်း လူမှုရေးလုပ်ငန်း လုပ်နေတဲ့ ဖြူဖြူသင်းတို့ လူငယ်တွေအပေါ်မှာ ပေါင်းစည်းချင်တယ်ဆိုတဲ့ တန်ဖိုးထားတဲ့ သဘောထားတွေ၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မှုကို ခြေစုံပစ်ပြီးတော့ လိုက်တတ်တဲ့ သဘောထားတွေ ရှိတာကို ကြားရတဲ့အခါကျတော့ ကျနော်တို့မှာ နိုင်ငံရေးအားတွေ အများကြီး ရှိတာပေါ့ဗျ။ ဒါက တချက်ပေါ့။
နောက်တချက်က ဦးတင်ဦးက စကားပြောရင် ထက်ထက်သန်သန် ရှိတယ်၊ ပွင့်ပွင့်လင်းလင်း ရှိတယ်၊ ရိုးသားမှုတွေ အပြည့်ရှိတယ်။ နောက်ပြီးတော့ ယုံကြည်မှုကို စွဲစွဲမြဲမြဲ ကိုင်နိုင်တယ်။ ဆိုတော့ ကျနော်တို့ ဒီနေ့ အန်အယ်ဒီရဲ့ အနေအထားက လူထုနဲ့ ကင်းပြတ်နေတယ်၊ ကင်းကွာနေတယ်ပေါ့ဗျာ၊ အဆက်အစပ်ရှိတဲ့ အနေအထား မဟုတ်တဲ့အခါကျတော့ ဒီအနေအထားတခုလုံးကို ဖောက်ခွဲကျော်နင်းနိုင်မယ် ကျော်လွှားနိုင်မယ်လို့ ကျနော်က ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဦးတင်ဦးလို စိတ်ဓာတ်မျိုးနဲ့သာလျှင် ကျနော်တို့ လူထုနဲ့ တသားထဲ ဖြစ်လာမယ်။
ကျနော်တို့ဆိုရင် လူထုကြားထဲကို ထွက်ချင်တဲ့ ဆန္ဒရှိပေမယ့် မလုပ်နိုင်ဘူး။ ထိထိရောက်ရောက်၊ များများစားစား မလုပ်နိုင်ဘူး။ ဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးကတော့ ဒီလိုကိစ္စမျိုးတွေမှာလည်း ဦးဆောင်မှုတွေ ပေးသွားနိုင်တယ်။ ဦးဆောင်မှု ပေးသွားခြင်းအားဖြင့် အန်အယ်ဒီရဲ့ အင်အား၊ အထူးသဖြင့် အန်အယ်ဒီနဲ့ လူထု တသားထဲဖြစ်တဲ့အထိ ရောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျနော် မျှော်လင့်တယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပါအုံးခင်ဗျ။
သူနဲ့ ကျနော်နဲ့က မွေးနေ့ တရက်ထဲကျတယ်။ သူက ကျနော့်ထက် ၃ နှစ်တိတိ ကြီးတယ်။ ကျနော်က ဒီနှစ် မတ်လ ၁၂ ရက်နေ့မှာဆိုရင် အသက် ၈ဝ ပြည့်မယ်၊ သူကလည်း လာမယ့် ရှေ့လ ၁၂ ရက်နေ့ဆိုရင် ၈၃ နှစ်ပြည့်မယ်။ ဒါပေမဲ့ ကျနော့်ထက်တောင်မှ သူက ကျန်းကျန်းမာမာ၊ ဖြတ်ဖြတ်လတ်လတ်ရှိတာကို တွေ့ရတဲ့အတွက် ကျနော် အများကြီး ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လုပ်မယ့် ပုဂ္ဂိုလ်များ၊ တိုင်းပြည်ကို ရှေ့ဆက်ပြီး ခေါင်းဆောင်မယ့် ပုဂ္ဂိုလ်များ ကျန်းကျန်းမာမာ ရှိတာကို ဝမ်းသာတယ်။
မေး။ ။ အပေါ်ယံမြင်ရတဲ့ အရင်တုန်းက ကျန်းမာရေး အနေအထားနဲ့ အခုအနေအထားရော ဘာတွေများ ကွာခြားတာမျိုး မြင်ရလဲခင်ဗျ။
တော်တော်တော့ ပိန်သွားပါတယ်။ အဲဒါကတော့ strike တွေ ဘာတွေ လုပ်နေလားတော့ မသိဘူးဗျ။ ပိန်တာကတော့ ပိန်တယ်။ သူ့ကို မေးကြည့်တော့ သူ့မှာ တခြားရောဂါတော့ ထူးထူးခြားခြား မရှိဘူး။ မကြာခင်တုန်းက မျက်စိကို ခွဲတယ်၊ ခွဲတယ်ဆိုရာမှာလည်း လေဆာနဲ့ပေါ့ဗျာ။ လေဆာပစ်တယ်လို့ ပြောကြတာပေါ့ဗျာ။ အမေရိကန် ဗီးရှင်းမှာပါ။ ကျနော်ထင်တယ် ဒီလ ၄ ရက်၊ ၅ ရက်လောက်မှာ သွားလုပ်ခဲ့တာ။ အဲဒီလောက်ပါပဲ။ ကျန်းမာရေး အခြေအနေက ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။ စောစောက ပြောသလို သူ့ကျန်းမာရေး အနေအထားက ကျနော့်ထက်တောင် ကောင်းတဲ့ အနေအထားရှိတာကိုးဗျ။
ဦးအုန်းကြိုင်
(CEC အဖွဲ့ဝင်)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
မေး။ ။ အန်ကယ် ဦးတင်ဦး လွတ်လာတဲ့အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဒီအချိန်က မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ အလွန်အရေးကြီးနေတဲ့ အချိန်ဖြစ်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်မယ်လို့ နအဖက ကြေညာထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးမှ ရွေးကောက်ပွဲဝင်မယ်လို့ ပြောထားတယ်။ အဲဒီတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်က အလွန်အရေးကြီးနေတဲ့အချိန်၊ ကမ္ဘာကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ပေးပါလို့ ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုထားတယ်။ တကယ့်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အခုလို အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်တဲ့ ဦးတင်ဦးလို ပုဂ္ဂိုလ်လွတ်လာတဲ့အတွက်ကြောင့် အဖွဲ့ချုပ်အတွက်ရော မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်ရော အလွန်အားတက်စရာကောင်းတဲ့ ဖြစ်ရပ်တခုလို့ ကျနော်တို့ မှတ်ယူပါတယ်။
မေး။ ။ အန်ကယ်ဦးတင်ဦးအနေနဲ့ အဖွဲ့ချုပ်လုပ်ငန်းမှာ ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ ယူဆပါသလဲ။
မနေ့က မီဒီယာတွေနဲ့ သူတွေ့ပါတယ်။ CEC လုပ်ဆောင်နေတဲ့ မူတွေကို သူ့အနေနဲ့ သဘောတူတယ်။ CEC က ဆုံးဖြတ်ထားတဲ့ လမ်းစဉ်အတိုင်း သူဆက်လက်လုပ်ဆောင်မယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ချုပ်ကိုင်ထားရမယ်။ ရွေးကောက်ပွဲ ဝင်ဖို့မဝင်ဖို့ဆိုတာ တဖက်က တိတိကျကျ မကြေညာသေးတဲ့အတွက်ကြောင့် ဘာမှ ဆုံးဖြတ်ဖို့ မလိုသေးဘူး။ ဘာမှလည်း ပြောဖို့ မလိုသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အတိုင်းပဲ။ တဖက်က ရွှေဂုံတိုင် ကြေညာစာတမ်းကို မတုံ့ပြန်ရင်တော့ ရွေးကောက်ပွဲဝင်ဖို့ အခြေအနေ မရှိဘူးလို့ ပြောတယ်။
ဒေါ်ချိုချိုကျော်ငြိမ်း
အထွေထွေအတွင်းရေးမှူး
(UDP ခေါ် ဒီမိုကရက်တစ်ပါတီ)
မေး။ ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လွတ်လာတော့ ဘယ်လိုခံစားရပါသလဲ။
အန်ကယ်ဦးတင်ဦး နိုင်ငံရေး စဝင်လာတဲ့ အချိန်မှာ ကျမတို့နဲ့ အတူတူလုပ်ခဲ့ပါတယ်။ ဦးလေးလိုလည်း ဖြစ်တယ်၊ အင်မတန်လည်း တော်တယ်၊ အရမ်းလည်း လေးစားရတယ်၊ စစ်တပ်ထဲက အင်မတန်လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နိုင်ရေးသမားတယောက်အနေနဲ့လည်း အန်ကယ်အတွက်၊ လူကြီးတယောက် အန်အယ်ဒီထဲ ဝင်ရောက်လာတဲ့အတွက် အားလုံးက သူ့ကို တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ NLD က ပိုပြီးတော့ ဖွံ့ဖြိုးလာလိမ့်မယ်။ ရွေးကောက်ပွဲကိုလည်း ပိုပြီးတော့ အားရောက်လာလိမ့်မယ်လို့ ထင်ပြီးတော့ အန်တီက ဝမ်းသာတာပါ။
မေး။ ။ လွတ်လာပြီဆိုတော့ အန်ကယ်ဦးတင်ဦးအပေါ် ဘာတွေများ မျှော်လင့်ထားပါသလဲ။
အန်ကယ်က အရမ်းလည်း တော်တယ်။ လုပ်ဆောင်ချက်တွေလည်း ရှိတယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ အန်တီက ယူဆပါတယ်။ တယောက်လွတ်လာရင် တအားပေါ့။ မင်းကိုနိုင်တို့ လွတ်လာရင်လည်း တအားပေါ့။ မစုကတော့ ထိပ်ပေါ့။ မစု လွတ်လာရင် အကောင်းဆုံးပဲလို့ ပြောစရာ မလိုတဲ့ သဘောပါ။ အန်ကယ် လွှတ်လာတဲ့အပေါ်မှာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်လာမယ်လို့ အန်တီက ယုံကြည်ပါတယ်။
စစ်တပ်ကလာတဲ့ လူကြီးလေ။ ဗိုလ်ချုပ်ဆိုတော့ လက်ရှိစစ်တပ်ထဲမှာ ရှိတဲ့လူတွေက သူခတ်သူ့အခါတုန်းက အင်မတန် လူကြိုက်တဲ့၊ လူလေးစားတဲ့ ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်။ အန်ကယ့်အနေနဲ့ အခု လောလောဆယ် အခြေအနေအရ နိုင်ငံရေးသမားတွေနဲ့ စစ်တပ်အကြားထဲမှာ နားလည်မှုရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ အန်တီက ယူဆပါတယ်။
သခင်ချန်ထွန်း
မေး။ ။ အန်ကယ်ဦးတင်ဦး လွတ်လာပြီဆိုတော့ ဘာတွေများ မျှော်လင့်ထားပါသလဲ။
ဒါက အတိတ်ကောင်း နိမိတ်ကောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ ကြိုဆိုတယ်၊ ထောက်ခံတယ်။ ကျန်တဲ့ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ အကျဉ်းသမားအားလုံးကိုလည်း လွှတ်ပေးဖို့ နိုင်ငံတော်အစိုးရကိုလည်း မေတ္တာရပ်ခံချင်တယ်၊ တောင်းပန်ချင်ပါတယ်။ တိုင်းပြည်ကြီး သာယာချောမွေ့ပြီးတော့ ကြီးပွားချမ်းသာဖို့ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသမား အားလုံးကို လွှတ်ပေးပါ။ နိုင်ငံရဲ့ စီးပွားရေး၊ ကြီးပွားရေးတို့အတွက် တွေ့ဆုံဆွေးနွေးဖို့ဟာက အရေးကြီးပါတယ်။ တွေ့ဆုံဆွေးနွေးကြဖို့လည်း တပ်မတော် ခေါင်းဆောင်ကြီးတွေကို ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ကျနော်တို့ တိုင်းပြည်ကြီးဟာ နစ်နာသထက် နစ်နာနေပါတယ်။ ည မီးမလာဘူးဆိုရင် စိတ်ညစ်လိုက်ရတာ။ နေ့ဆိုလည်း တခုခုလုပ်မယ်ဆို မီးက မလာဘူးနဲ့။ မီးတောင်မှ မှန်အောင်ပေးနိုင်တဲ့၊ အချိန်ပြည့်ပေးနိုင်တဲ့ အခြေအနေမှာကို မရှိဘူး။ ရန်ကုန်မြို့ကြီးလို နေရာမှာတောင်မှ လျှပ်စစ်မီးကို အချိန်ပြည့် မပေးနိုင်ဘူးဆိုတော့။
ဒီအခြေအနေကို တပ်မတော် ခေါင်းဆောင်များအနေနဲ့ ၂၄ နာရီလုံး အချိန်ပြည့် ရနေရတယ်ဆိုတော့ လူထုမှာ ခံစားနေရတဲ့ ခံစားချက်တွေကို သိမှာ မဟုတ်ပါဘူး။ မီးလာတယ်ဆို ဝမ်းသာလိုက်ရ၊ မီးမလာဘူးဆိုရင် အမှောင်ထဲမှာ ဟိုစမ်းရ ဒီစမ်းရ။ ဖယောင်းတိုင်မီး ထွန်းကြရင်လည်း မတော်တဆများ ဖြစ်မလားဆိုပြီး စိုးရိမ်ရနဲ့ပါ။ စိုးရိမ်မှုတွေ၊ သောကဖြစ်မှုတွေပဲ တွေ့နေရပါတယ်။
ဒါကြောင့်မို့ ဗိုလ်ချုပ်တင်ဦးကို လွှတ်ပေးသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေး၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်တို့ ကိုကိုကြီးတို့၊ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေကိုရော လွှတ်ပေးပြီးတော့၊ တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်ကြီး တိုးတက်ရာတိုးတက်ကြောင်းအတွက် ပူးပေါင်းဆောင်ရွက်ကြပါလို့ တပ်မတော် ခေါင်းဆောင်ကြီးတွေကို ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
0 comments:
Post a Comment