အမျိုးသားများပေါင်းစည်းရေးဝါဒ - ပင်လုံစိတ်ဓါတ်အခြေခံ ပြည်ထောင်စုမူ
ကြာသပတေးနေ့၊ 11 ဖေဖော်ဝါရီလ 2010 ညီစေမင်း သျှမ်းသံတော်ဆင့်
တချို့သော တန်ခိုးကြီးသည့် မြန်မာမင်းများလက်ထက်တွင်သာ လက်ရှိမြန်မာနိုင်ငံဟု ခေါ်တွင်သော နယ်မြေများနှင့် ထိုထက်ကျယ်ဝန်း သော နယ်မြေများကို သိမ်းပိုက်ကာ ပဒေသရာဇ်အင်ပါယာကို သိမ်းပိုက်အုပ်ချုပ် နိုင်ခဲ့သည်ကိုတွေ့ရပြီး ကျန်ကာလများတွင် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့သည် ထီးပြိုင်၊ နန်းပြိုင် ပဒေသရာဇ်နိုင်ငံများကို ထူထောင်လျှက်သီးခြား လွတ်လပ်စွာ အုပ်ချုပ်နေထိုင်ခဲ့ကြပြန်သည်။ ကျန်တိုင်းရင်းသားလူမျိုးများမှာလည်း ကိုယ့်နည်းကိုယ့်ဟန်ကိုယ်ပိုင်အုပ်ချုပ် ရေးဖြင့် ရပ်တည်နေထိုင်ခဲ့ကြသည်ကို တွေ့ရပေသည်။
သို့ရာတွင် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို စစ်(၃)ကြိမ် တိုက်ခိုက်သိမ်းပိုက်လိုက်သောအခါ တိုင်းရင်းသားလူမျိုးစု နယ်မြေအား လုံးသည်လည်း နယ်ချဲ့လက်အောက်ကျွန်ဘ၀သို့ အတူတကွ ကျရောက်သွားခဲ့ရပေသည်။နယ်ချဲ့တို့၏ လက်အောက်တွင် ဗမာ၊ မွန်၊ ရခိုင်ဒေသများကို ဗမာပြည်မအဖြစ်နှင့်လည်းကောင်း၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ ဒေသများကို တောင်တန်းဒေသများအဖြစ် လည်းကောင်း ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့ပေသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ရုန်း ကန်လှုပ်ရှားတိုက်ပွဲဝင်သည့် ကာလတလျှောက်တွင်လည်း တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့သည် နည်းမျိုးစုံဖြင့် လက်တွဲတိုက်ပွဲဝင်ခဲ့ ကြပေသည်။
ထိုသို့တိုက်ပွဲဝင်ရာတွင်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် ဒို့ဗမာအစည်း အရုံးခေတ်က ချမှတ်ခဲ့သော ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ဗမာပြည် ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့စာကို လေးစားပါ ဟူသော အမျိုးသားရေးဝါဒကို ကြွေးကြော်တိုက်ပွဲဝင်ပြီးဗမာ့ထွက်ရပ် ဂိုဏ်းခေတ်သို့ ရောက်သောအခါ နယ်ချဲ့ဆန့် ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးစသည့် အမျိုးသားရေးဝါဒဖြင့်ပင် အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲ ခဲ့ကြပေသည်။
၁၉၄၆၊ ၁၉၄၇ ခုနှစ်များဖြစ်သော လွတ်လပ်ရေးအကြိုကာလသို့ ရောက်သောအခါ တွင်ကား အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုသဘောတရားများကို ပေါင်းစပ် ထားသည့် ပြည်ထောင်စုစိတ်ဓါတ်တည်းဟူသောအမျိုးသားများပေါင်းစည်း ရေး ၀ါဒသဘောတရားသည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ပေါ်ထွန်းလာစေရန် စေ့ဆော်သည့်နိုင်ငံရေးအခြေအနေ များလည်း ရှိခဲ့ပေသည်။
မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရမည့် အခြေအနေသို့ရောက်ရှိလာသောအခါ ဗြိတိသျှအစိုးရသည် ရှမ်းပြည် နှင့်တောင်တန်း ဒေသများကို ချန်ထားလိုသော သဘောထားများကို ၁၉၄၅ခုနှစ် မေလ(၁၇)ရက်နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် အထင် အရှား တွေ့ရပေသည်။ ရှမ်းပြည်အပါအ၀င် တောင်တန်းဒေသများကို မြန်မာပြည်မနှင့် အဆိုပါဒေသများ တလုံးတစည်းတည်း ပူးပေါင်း ရန် တောင်တန်းဒေသများက ဆန္ဒမရှိသ၍ ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည်ဟု ဖော်ပြထားသည်။
ဤအချက်အရ မြန်မာပြည်မကို လွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများကို ချန်ထားမည့်ဗြိတိသျှ အစိုးရ၏ သဘော ထားမှာ ထင်ရှားနေပေသည်။ ထို့ကြောင့် ပြည်မနှင့် တောင်တန်းဒေသများသည်လွတ်လပ်ရေး အရယူရာတွင် ပူးပေါင်းရေး၊ မပူးပေါင်း ရေးသည် ပြဿနာတရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ တောင်တန်းဒေသ များနှင့် ပူးပေါင်းရေးတွင်လည်း လူဦးရေအားဖြင့် အတော်အသင့်များပြီး နယ်မြေအားဖြင့် ကျယ်ဝန်းသောရှမ်းပြည်နှင့် ပူးပေါင်းရေးသည် အဓိကကဏ္ဍမှ ပါဝင်လာရပေသည်။
ထို့ကြောင့် လွတ်လပ်ရေးအကြိုကာလသည် မြန်မာပြည်မနှင့် တောင်တန်းဒေသများ ပေါင်းစည်းရေးအတွက်မြန်မာ့နိုင်ငံ ရေး၏ အဓိက သော့ချက်ပြဿနာတရပ် ဖြစ်ခဲ့ပေသည်။
ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာ မိမိတို့ကသာ ဖန်တီးနိုင်ပြီး အားလုံး၏သဘောနှင့် ညီညွတ်စွာ ထူထောင်သော နိုင်ငံတည်ထောင်ရန်၊ ဤသို့တည်ထောင်ရာတွင် ပါဝင်သောလူမျိုးအသီးသီးအား မိမိတို့ကံကြမ္မာ မိမိတို့ဘာသာ ဖန်တီး နိုင်သော အခွင့်အရေးများပေးထားရန်………………ဟူ၍ ၁၉၄၅ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသော နေသူရိန်အစည်းအဝေး ကြီး၏ ကြေညာချက်တွင် တောင်တန်းဒေသများနှင့် ပေါင်းစည်းရေး ဖဆပလ၏ သဘောထားကို ဖော်ပြထားပေသည်။
အထက်တွင် ဖော်ပြခဲ့သော စက္ကူဖြူစာတမ်းအရ တောင်တန်းဒေသနေ တိုင်းရင်းသားလူမျိုးစုများအား နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်ရန် သီးသန့်စီမံချက်များကြောင့် ၁၉၄၆ခုနှစ် ပထမ ပင်လုံညီလာခံဟု ခေါ်ဆိုသော ပထမပင်လုံနှီးနှော ဖလှယ်ပွဲ ဖြစ်လာခဲ့ရပေသည်။ တိုင်းရင်းသားလူမျိုးစုများအနက် လူဦးရေအများဆုံးဖြစ်သော ရှမ်းအမျိုးသားများနှင့် ၎င်းတို့အပေါ် ဩဇာရှိနေသေးသူ ပဒေသရာဇ် နယ်ရှင် စော်ဘွားများအား အဓိကစည်းရုံး၍ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် သွေးခွဲရန် ကြံစည် ချက် အကြောင်းရင်းကြောင့်ပင် ၁၉၄၆ခုနှစ် မတ်လ (၂၆ - ၂၈) ရက်နေ့၌ ပထမ ပင်လုံညီလာခံ ခေါ် ပင်လုံနှီးနှောဖလှယ်ပွဲ အစည်း အဝေးကြီး ဖြစ်လာခဲ့ရပေသည်။ ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ဘဲ ဖဆပလ ဒုတိယ ဥက္ကဌ သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့သာ တက်ရောက်ခဲ့ပေသည်။
ဆက်လက်၍ မြန်မာပြည်တွင် လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှု အရှိန်ပြင်းထန်လာကာ ၁၉၄၇ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် လန်ဒန်မြို့၌ ချုပ်ဆိုခဲ့သော အောင်ဆန်း - အက်တလီ စာချုပ်အပြီးတွင် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူ ရေးအတွက် ပေါ်ပေါက်လာသော အောင်ဆန်း - အက်တလီစာချုပ်အရ နယ်စပ် ဒေသအရေး (တောင်တန်းဒေသအရေး)နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြထားသည်။
နယ်စပ်ဒေသများတွင် နေထိုင်ကြသော ပြည်သူလူထု၏ သဘောတူညီချက်ရယူပြီး ထိုဒေသများကို မြန်မာပြည်မနှင့် အမြန် ဆုံးပူးပေါင်းရန် လိုအပ်သည်ဟု ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်များက သဘောတူညီကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းရေး မတည် ဆောက်မီ အချိန်ကာလအတွင်း နယ်စပ်ဒေသနှင့် မြန်မာပြည်မတို့ နှစ်ဦးနှစ်ဘက်အကျိုးသက်ရောက် လာသော ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များကို နှစ်ဦးနှစ်ဘက်လုံးက လက်ခံနိုင်သောနည်းလမ်းဖြင့်ပူးပေါင်းဆောင်ရွက် သင့်သည်။ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် အပိုဒ် (က) မှ အပိုဒ်(ဃ) ရှိ × အပိုဒ်(ခ)တွင် ပင်လုံညီလာခံတွင်ဖြစ်စေ၊ အထူး ဖိတ်ခေါ်သော ညီလာခံတွင်ဖြစ်စေ နယ်စပ်ဒေသခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များအား ကြားဖြတ်ကာလအတွင်း အောက်ပါသုံးခုအနက် ၎င်းတို့လက်ခံနိုင်သော ပူးပေါင်းရေးမူကို တင်ပြစေရ မည်ဟု သဘောတူညီကြကြောင်း×××
တောင်တန်းဒေသနေ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ ကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ အေးအတူ ပူအမျှ လွတ်လပ်ရေးကို တပြိုင်နက်တည်း ရယူလိုပါသည်ဟု အခိုင်အမာစာချုပ်တခု လက်မှတ်ရေးထိုးချုပ်ဆိုရမည် ဖြစ်ကြောင်း×××
ရေးသား ဖော်ပြထားပေသည်။
သို့ဖြစ်၍ အောင်ဆန်း - အက်တလီစာချုပ် ထွက်ပေါ်လာပြီးနောက် ရှမ်းပြည်နှင့် ဗမာပြည်ပေါင်းစည်းရေးသည်အလွန် အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပေသည်။ ယင်းသို့သော နိုင်ငံရေးအခြေအနေများကြောင့် ဒုတိယ ပင်လုံညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပေ သည်။ ဒုတိယ ပင်လုံညီလာခံကို ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ(၆)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပခဲ့သည်။ ထိုညီလာခံကြီးတွင် အမျိုး သားအာဇာနည် ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အမြော်အမြင်ကြီးမားစွာဖြင့် အနာဂတ် ပြည်ထောင်စုမူတရပ်ကိုဆွေးနွေးညှိနှိုင်း သတ်မှတ်ကာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှစ၍ ပြည်ထောင်စုမူ သို့မဟုတ်ပြည်ထောင်စုစိတ်ဓါတ် ကို အခိုင် အမာ အုတ်မြစ်ချ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ပြည်ထောင်စုစိတ်ဓါတ် မွေးဖွားရာနေ့ဖြစ်သည့်အပြင် လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံတနိုင်ငံနှင့် ဆီလျော်သည့် အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓါတ်ကိုပေါင်းစပ်ပြီး လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးဆိုင်ရာ သဘောထားတရပ်ကို ချမှတ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အမြော်အမြင်ကြီးမားစွာဖြင့် တိုင်းပြည်၏ ခက်ခဲနက်နဲသော ပြဿနာရပ်များ၊ ကွဲပြားခြားနားသော လူမျိုးအသီးသီး၏ လိုအင်ဆန္ဒနှင့် မျှော်မှန်း ချက်များကို တွေ့ဆုံဆွေးနွေးခြင်း ဖြင့် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသည့်နည်းတူ လက်တွေ့အားဖြင့်လည်း ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲ ပြဌာန်းကာ တိုင်းရင်းသားပြဿနာအား ဖြေရှင်းပြီးအမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပေသည်။
ဤနေရာတွင် ပြည်ထောင်စုစိတ်ဓါတ်နှင့်ပတ်သက်၍ ပင်လုံညီလာခံ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ပြောကြားချက်နှင့် တိုင်းရင်းသားခေါင်း ဆောင်များ၏ တင်ပြချက်များကို ဖော်ပြရန် လိုအပ်ပေသည်။
ဗမာပြည် လွတ်လပ်ရေးရပြီဟု ဆိုနိုင်ကြောင်း၊ တောင် တန်းနယ်များပြဿနာသာ ကျန်ရှိတော့ကြောင်း၊တောင်တန်း နယ်များ မလွတ်လပ်သရွေ့ ဗမာပြည်လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများ သည် ရှမ်း၊ ကချင်၊ ချင်းတို့၏ပြည်တွင်း ရေးကို စွက်ဖက်မည် မဟုတ် ကြောင်း×××
မြန်မာများသည် ဗြိတိသျှ၏ ကျွန်မဖြစ်လိုကြောင်း၊ ထိုနည်း တူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှကျွန်မဖြစ်စေ လိုကြောင်း၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာကျွန်အဖြစ်လည်း မဖြစ်စေလိုကြောင်း×××
တိုင်းပြည်ကြီးပွားစေချင်ရင် ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်ကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်××× ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။
ထို့အတူ တိုင်းရင်းသားခေါင်းဆောင်များကလည်း ပင်လုံညီလာခံတွင် အောက်ပါအတိုင်း တင်ပြခဲ့ကြပါသည်။
(၁) ပြည်ထောင်စုစနစ်အရ ပူးပေါင်းမည်။
(၂) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။
(၃) ရှမ်းပြည်အား လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမည်။
(၄) ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးရမည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်နှင့်ပတ်သက်၍ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အောက်ပါအတိုင်း မိန့်ကြားခဲ့ပေ သည်။
ကျနော်တို့ သဘောတူညီချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုလို့ရှိရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံစမ်းရေးအဖွဲ့အစီရင်ခံစာမှ ထောက်ခံချက်များကို ကျနော်တို့ လက်ခံခဲ့သည့်အတိုင်းဖြစ်စေ၊ အဲသလို လက်ခံထားခဲ့သည့် စာသဘောတွင်သာမက Not Only the Letter of Agreement သည်စာသဘောကို ကျနော်တို့သဘောတူ လက်ခံခဲ့သည်သာမကပဲ ကျနော်တို့အဖွဲ့မှာ ဆိုလို့ရှိရင် The Spirit of Agreement သဘော တူညီလာခဲ့တဲ့ တကယ့်အရင်းခံသဘောတရားကို လက်ခံပြီးတော့ သည်အတိုင်းပဲ သည်တိုင်းပြုပြည်ပြုလွှတ်တော်မှာ နားလည်စေချင် ပါတယ်×××
ဤကဲ့သို့သော ဆွေးနွေးတင်ပြချက်များ၊ သဘောတူညီချက်များ၊ ကတိက၀တ်များအပါအ၀င် ပင်လုံစာချုပ်သည် ပြည်ထောင်စုစိတ် ဓါတ်၏ အခြေခံနှင့်မူရင်းအနှစ်သာရပင်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓါတ်ဟူသည်ပင်လုံ စာချုပ်တွင် ဖော်ပြထားသော အချက်အလက်များသာမက ပင်လုံညီလာခံတွင် ဆွေးနွေးတင်ပြချက်များ၊ ညှိနှိုင်းသဘော တူညီချက်များ၊ ကတိက၀တ်များအားလုံး အလုံးစုံခြုံငုံ၍ အကျုံးဝင်ပေသည်။
သို့ရာတွင် ယနေ့အချိန်တွင်ကား အဆိုပါစိတ်ဓါတ်များ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး အချို့သောပုဂိုလ်များကပြည်ထောင် စုစိတ်ဓါတ် အခြေခံမူများကို မှေးမှိန်သေးသိမ်စေရန်နှင့် အခြားအဓိပ္ပါယ်များ ဖုံးလွှမ်းသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုနေကြသည်ကို လည်း ကြားသိတွေ့မြင်နေရပေသည်။
ယနေ့အချိန်ကာလသည် မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်စစ်စစ်အဖြစ်တည်ဆောက်ရမည်ဖြစ် သောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည်အမျိုးသားစည်းလုံးညီညွတ် ရေးကို မရမနေ တည် ဆောက်ရမည် ဖြစ်ပေသည်။ ထိုသို့တည်ဆောက်ရာတွင်နိုင်ငံရေးပါတီများ၊ဒီမိုကရေစီအင်အား စုများ အားလုံး ညီညွတ်ကြရုံသာမက တိုင်းရင်းသားအင်အားစုများနှင့် သွေးစည်းညီညွတ်ရေးသည်လည်းအလွန်အရေး ကြီးပေသည်။
တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်မည်ဆိုပါက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အမြော်အမြင်ကြီးစွာ ချမှတ်ခဲ့သော ပင်လုံသဘောတူညီချက်နှင့် ပြည်ထောင်စုစိတ်ဓါတ်၏ မူလအနှစ်သာရနှင့် အခြေခံမူများကို အကောင်အထည်ဖော်ခြင်းဖြင့်သာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကိုတည် ဆောက်ကြရပေမည်။ အမှန်တကယ် တည်ဆောက်နိုင်မည်လည်း ဖြစ်ပေသည်။ သို့မဟုတ်ပါကတိုင်းရင်းသားသွေးစည်း ညီညွတ်ရေးကို အစစ်အမှန် တည်ဆောက်နိုင်လိမ့် မည် မဟုတ်ပေ။
လက်ရှိမြန်မာနိုင်ငံ၏အခြေအနေမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အစရှိသည် များတွင် ပြဿနာပေါင်းစုံ ပေါ်ပေါက်လျှက် အလုံးစုံ ပျက်သုဉ်းမည့်အန္တရာယ်သို့ တစတစဦးတည်ရွှေ့လျား လျှက်ရှိပေသည်။ အကြောင်း ရင်းမှာ အဓိကကျသော လက်ငင်းဖြေရှင်းရမည့် နိုင်ငံရေးပြဿနာများကိုအမျိုးသားရေး တာဝန်တရပ်အနေဖြင့် ကိုင်တွယ်မဖြေရှင်း သောကြောင့်ဖြစ်ပေသည်။
အဓိကနိုင်ငံရေးပြဿနာများဟု ဆိုရာတွင်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခြေခံအခွင့်အရေးများတိုင်းရင်းသား လူမျိုးစု ပြည်သူ တရပ်လုံးတွင် လုံးဝဆိတ်သုဉ်းနေခြင်းနှင့်အတူ တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် မွေးရာပါအခွင့်အရေးများ ဆုံးရှုံးပျောက် ကွယ်နေခြင်းတို့သည် အခရာကျသောအချက်များပင်ဖြစ်သည်။ဒီမိုကရေစီ အခွင့်အရေးများ မရှိပါက လွတ်လပ်သော ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကိုတည်ဆောက်နိုင်မည် မဟုတ်သကဲ့သို့ တိုင်းရင်းသားပြဿနာကို မဖြေရှင်းနိုင်ပါကလည်း ငြိမ်းချမ်းသော၊ လွတ်လပ်သော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်သည်မှာ ခေါင်းနှင့်ပန်းကဲ့သို့ပင် တခုနှင့်တခု ဆက်စပ်ဒွန်တွဲနေလျှက် ရှိပေသည်။
ထို့ကြောင့် ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးများအရေးတို့ကို တပြိုင်နက်တည်း ဖြေရှင်းကြရပေမည်။ဤသို့ ဖြေရှင်းရာတွင် ဒီမိုကရေစီ၏အခြေခံဖြစ်သော ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်းဖြင့်အကောင်အထည်ဖော်ရ ပေလိမ့်မည်။ တနည်းအားဖြင့် ပြည်သူ လူထုက လွတ်လပ်စွာ မဲပေးဆန္ဒပြု ရွေးချယ်တင်မြှောက်ခဲ့သော ၁၉၉၀ မေလ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု လက်ခံကာ အကောင်အထည်ဖော်သွားမှသာ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ကို လေးစားရာရောက်မည် ဖြစ်သည့်ပြင် နိုင်ငံရေးအာဏာသည် တိုင်း သူပြည်သား ပြည်သူများထံမှ အမှန်တကယ် ဆင်းသက်လာသည်ဆိုသော ဒီမိုကရေစီအခြေခံ စံချိန်စံညွှန်းနှင့်လည်း ကိုက်ညီမည် ဖြစ် ပေသည်။
တိုင်းရင်းသားပြဿနာ ဖြေရှင်းရာတွင်မူ ပကတိ တည်ရှိနေသော တိုင်းရင်းသားလူမျိုးများ၏ အခြေအနေနှင့်ကိုက်ညီသည့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တနည်းအားဖြင့် အမျိုးသားပြည်နယ်များ ပေါင်းစုစည်းထားသော ပြည်ထောင်စုဖြင့်သာ အကောင်အထည်ဖော်ရပေမည်။ သို့မှသာ အမျိုးသားများအားလုံး၏တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ကို အာမခံသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းတည်ဆောက်နိုင်မည် ဖြစ်ပေသည်။
ဤသည်မှာ ရှောင်ကွင်းမရနိုင်သော၊ အဆောတလျှင် ဖြေရှင်းရန်လိုအပ်နေသော အမျိုးသားရေးတာဝန်တရပ်ဖြစ်သည် နှင့်အညီ အမျိုး သားသွေးစည်းညီညွတ်ရေးကို မရမဖြစ် တည်ဆောက်ကြရပေမည်။ အမျိုးသားသွေးစည်းညီညွတ်မှု မရှိပါက ငြိမ်းချမ်းသော၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော၊ ဒီမိုကရေစီပြည့်ဝသော၊ တိုင်းရင်းသားလူမျိုးများ၏ တန်းတူ အခွင့်အရေးရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်ရန်လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့တည်ဆောက်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၏ ပထမအဆင့်အနေဖြင့် တဘက်နှင့်တဘက် ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်ရေးနှင့် ဒုတိယအဆင့်အနေဖြင့် အမျိုးသားရေးပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် အဖြေရှာသုံးသပ်ကာ အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်သွားရမည် ဖြစ်ပေသည်။
ပစ္စက္ခ လက်ငင်းနိုင်ငံရေးဖြစ်ပေါ်မှုကို သုံးသပ်ကြည့်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၏ပထမအဆင့် ဖြစ်သော ယုံကြည်မှုတည်ဆောက်ရေးကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးသည်ကို တွေ့ရပေသည်။ ယင်းသို့ ပီပီပြင်ပြင် အခိုင် အမာ အကောင်အထည်မဖော်ဆောင်နိုင်ခြင်းသည် နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝသောတွေ့ဆုံ ဆွေးနွေးရေးအဆင့်ကို စတင်အကောင် အထည် မဖော်ဆောင်နိုင်ခြင်း၏ အကြောင်းတရားလည်း ဖြစ်ပေသည်။
ယင်းသို့ အမျိုးသားပြန်လည်သင့်မြတ်ရေး၏ ပထမအဆင့်ဖြစ်သော ယုံကြည်မှု အခိုင်အမာ တည်ဆောက်ရေးကို ပီပီပြင်ပြင် အကောင် အထည် မဖော်ဆောင်နိုင်သေးခြင်းကို ပြန်ကြည့်သုံးသပ်မည်ဆိုပါက ဘက်နှစ်ဘက်စလုံးမှ စစ်စစ်မှန်မှန် လိုလိုလားလား အမျိုးသား ပြန်လည်သင့်မြတ်ရေးဆန္ဒ အာသီသ မရှိမဖြစ် လိုအပ်ပေသည်။ဘက်တဘက် တည်းကသာ ဖြစ်မြောက်လိုသည့် နိုင်ငံရေးအာသီသ ဆန္ဒ မျှော်လင့်ချက်ရှိနေရုံနှင့် လုံးဝ မဖြစ်နိုင်ပေ။ ကျန်သည့်အခြား တဘက်မှလည်း စစ်စစ်မှန်မှန် ဖြစ်မြောက်စေချင်သော လိုလားတက် ကြွသည့် အခြေခံစိတ်ဆန္ဒ ရှိမှသာလျှင်ဆက်လက် ရှေ့တိုး အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည်သာ ဖြစ်ပေသည်။
လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ ထုတ်ပြန်သော ပြည်ထောင်စုနေ့ အထူးကြေညာချက်နှင့် ၂၀၀၉ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန် သော ရွှေဂုံတိုင်ကြေညာစာတမ်းတို့အရ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဖြစ်ပေါ်လာနိုင် ရေးအတွက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ သူမသာ ကိုယ်မနာ စံထုံးကိုမူ၍အလျှော့ပေးနိုင် သည်ကို အလျှော့ပေးညှိနှိုင်းနိုင်ရန် အပတ် တကုတ် ကြိုးပမ်းအားထုတ်သော်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လိုလိုလားလား လက်ခံချင်သည့်ဆန္ဒမရှိသည်ကိုတွေ့မြင်ကြား သိနေရပေသည်။
အချုပ်အားဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်ရန် အမှန်တကယ် နိုင်ငံရေးအာသီသမရှိကြောင်းကို အထင်အရှား တွေ့မြင်ရပေသည်။ တဖက်အားဖြင့် အမျိုး သားပြန်လည်သင့်မြတ်ရေးမှ အမျိုးသားသွေးစည်းညီညွတ်ရေးကို မလိုလားမတည်ဆောက်ချင် သည့် သဘောပင်ဖြစ်ပေသည်။ သို့ဆို လျှင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ဒို့တာဝန်အရေးသုံးပါး ဆိုသည်နှင့် လုံးလုံးလျားလျား သွေဖီဆန့်ကျင် လမ်းလွဲနေပေတော့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကမ်းလှမ်းချက်ကို အလေးမထား ဂရုမပြု လစ်လျူရှု့ကာ တိုင်းရင်းသားလူမျိုးစုံ ပြည်သူတရပ်လုံး၏ ဆန္ဒရင်းမှန်မဟုတ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းမျိုးစုံ အသုံးပြု၍ အတင်းအဓမ္မ အတည်ပြုခဲ့သည်။ ဆက်လက်၍ ယင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းအတည်ပြုရန် ၂၀၁၀ရွေးကောက်ပွဲ ကို ယခုနှစ် အောက်တိုဘာလတွင် ပြုလုပ်မည်ဟု ထုတ်ဖော်ပြောကြားထားသော်လည်းတရားဝင်ကြေညာချက်ထုတ်ပြန် ခြင်း မရှိသေးပေ။
အမှန်စင်စစ် ၂၀၀၈ အခြေခံဥပဒေသည် လွှတ်တော်က အတည်ပြုကြေညာပြီးမှသာ တရားဝင်ဖြစ်နိုင်မည် ဖြစ်ပေသည်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည်မျှနှင့် တရားဝင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်အဖြစ်တရား ဥပဒေ ကြောင်းအရ အကျုံးဝင် နိုင်မည် မဟုတ်ပေ။ အခြေခံဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်လည်း မကိုက်ညီသည့်အတွက် ကုလသမဂအပါအ၀င် နိုင်ငံတကာမှလည်း ယင်းရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံရန် ခဲယဉ်းလိမ့်မည် ဖြစ်ပေသည်။
သို့ဖြစ်၍ ယနေ့နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်မည်ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်၏ ပထမ အဆင့်ဖြစ်သော ယုံကြည်မှုတည်ဆောက်ရေးနှင့် ပတ်သက်၍ပင် အခိုင်အမာအုတ်မြစ်ချနိုင်ခြင်း မရှိသေးပေ။ ယုံကြည်မှုတည်ဆောက် ရေးအပိုင်း ပီပြင်ခိုင်မာမှသာ သိမ်မွေ့နက်နဲသော တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် သည်ချော မောအဆင်ပြေနိုင်မည်ဖြစ်ပေသည်။ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားသွေးစည်းညီညွတ်မှုမရှိဘဲ ဘက်ပေါင်းစုံမှ လုံးဝ ယိုယွင်းပျက်စီးလာနေသော နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဖြစ်သော ယုံကြည်မှုတည်ဆောက်ရေးအပိုင်း ပီပြင်ခိုင်မာအောင် ဖော်ဆောင် ရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်နိုင်ရေးသည် လက်ရှိအာဏာပိုင်များဖြစ်သောနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီတွင် လုံးလုံးလျားလျား တာဝန်ရှိပေသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် မြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း စဉ်ဆက်မပြတ် ပြောကြားလျှက်ရှိသကဲ့သို့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးလမ်းကြောင်းမှ မည်သည့် နည်းနှင့်မျှ သွေဖည်သွားမည် မဟုတ်ကြောင်းကိုလည်း အခါအားလျော်စွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပေသည်။ သို့ပါသော်လည်ုး ဒီမိုကရေစီ၏ အခြေခံအကျဆုံးဖြစ်သော ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်းတည်းဟူသည့် ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ၏ ရလဒ်ကိုအကောင် အထည်ဖော် ဆောင်ရွက်ပေးဖို့ရာတွင်မူ စဉ်ဆက်မပြတ် ငြင်းဆန်လျှက် ၂၀၁၀ရွေးကောက် ပွဲကိုသာ မဖြစ်မနေလုပ် ဆောင်သွားမည်ဟု အတိအလင်း ပြောကြားထားပြန်ပေသည်။
သို့ဖြစ်လျှင် များမကြာမီကာလအတွင်း ပြဿနာအရပ်ရပ်တို့သည် စုပေါင်းရှုပ်ထွေးလာလျှက် အခြေအနေဆိုးများကို မဖြေရှင်းမကိုင် တွယ်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာနိုင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက်လည်း မမျှော်မှန်းနိုင်သော ဆိုးကျိုးများ၏ အကျိုးဆက်ကို ခံစားကြရမည် ဖြစ်ပေသည်။ ယင်းဆိုးကျိုးများ၏ဒဏ်ကို မြန်မာပြည်သူတရပ်လုံးနှင့်အတူ တပ်မတော်သားများလည်း ထိခိုက်ခံစားကြရ မည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။ ယင်းအတွက် အဓိက တာဝန်ရှိသူများမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီပင် ဖြစ်ပေလိမ့်မည်။
သို့ဖြစ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအာဏာပိုင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်း သား နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးတို့သည် ယုံကြည်မှုကိုအခိုင်အမာတည် ဆောက်ပြီး ပြဿနာရပ်များကို တွေ့ဆုံဆွေးနွေးကာ အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေပေသည်။
အတိတ်သမိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည်အမျိုးသား ရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓါတ်ကို ပေါင်းစည်းကာ အမျိုးသားများပေါင်းစည်းရေးဆိုင်ရာ သဘောတရားနှင့် မူဝါဒများကို ချမှတ်နိုင်ခဲ့ကြပေ သည်။ ဤသို့ချမှတ်ရာတွင်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း၊ အပြန်အလှန်အပေးအယူလုပ်ခြင်း၊ကတိ က၀တ်များကို လက်တွေ့ အကောင်အထည်ဖော်ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ကာ ခက်ခဲနက်နဲသောအမျိုးရေး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပေသည်။
ယနေ့တိုင် ပင်လုံစိတ်ဓါတ် အခြေခံသဘောများကို တန်ဖိုးထား ရည်ညွှန်းနေကြရစဲ ဖြစ်ပေသည်။ ထိုကဲ့သို့တန်ဖိုးထား ရည်ညွှန်းနေကြရ ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မှုဖြင့် တိုင်းရင်းသားညီအကိုများ ဒီမိုကရေစီနည်းကျကျအကျေ အလည် ဆွေးနွေးညှိနှိုင်းပြီး အပြန်အလှန် နားလည်မှုယူကာ သဘောတူညီညွတ်ခဲ့ကြသောကြောင့် ဖြစ်ပေသည်။ အင်အားသုံးဖိအားပေးခြင်း၊ အကျပ်ကိုင်ခြိမ်း ခြောက်ခြင်းဖြင့် တဖက်သတ် ရယူခဲ့ခြင်းမဟုတ်ပေ။ ဤသို့ကောင်းမြတ် သော စံနမူနာများကိုယူပြီး ယနေ့ မြန်မာနိုင်ငံ ကြုံတွေ့ရင်ဆိုင် နေရသော ပြဿနာများကို အလျင်အမြန်ဖြေရှင်း သင့်ကြပေသည်။
ထို့ကြောင့် နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးရန် အလွန့်အလွန် သင့်လျှော်နေသည့်အချိန်ဖြစ်၍နိုင်ငံတော် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့် ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကတိုက်တွန်းတောင်း ဆိုထားသည့်အတိုင်း တိုင်းပြည်နှင့်လူမျိုးများ ကောင်း စားရေးကို အထူးရှေ့ရှု့၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၀၉ခုနှစ်ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ် ရေး အစကနဦးဖြစ်သည့် ရွှေဂုံတိုင်ကြေညာချက်စာတမ်းအရ မတုန့်မဆိုင်း အလျင်အမြန် တွေ့ဆုံဆွေးနွေးအဖြေရှာရန်နှင့် ငြိမ်းချမ်း ၍သာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ဒီမိုကရေစီမြန်မာနိုင်ငံတော်ကြီး အမှန်တကယ် ပေါ်ထွန်းလာစေရန် တဦးနှင့် တဦး၊ တဘက်နှင့်တဘက်ရှဥ့်လည်းလျှောက် သာ ပျားလည်းစွဲသာ အနေအထားဖြင့် အပြန်အလှန် စေ့စပ်ညှိနှိုင်း ဆွေးနွေးဖြေရှာ ပေးယူလျှော့တင်း လုပ်ဆောင်သွားရန် အရေးတကြီး အလျင်စလို လိုအပ်နေပေသည်။
သို့မှသာလျှင် မြန်မာပြည်လွတ်လပ်ရေးကို ရယူစေနိုင်ခဲ့သော သမိုင်းဝင် ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓါတ်အခြေခံသဘော များကို ဆက် လက်စောင့်ထိန်းရာ ရောက်မည်ဖြစ်သည်နှင့်အညီ ယနေ့မြန်မာ့တပ်မတော်သည်လည်းတိုင်းပြည်နှင့်လူမျိုး ကို အမှန်တကယ် ကာကွယ် စောင့်ရှောက်သော၊ ပြည်သူကို အလုပ်အကျွေးပြုသော၊ အစဉ်အလာရှိသောပြည်သူချစ်ခင် လေးစားသည့် တပ်မတော်အဖြစ် ပြန်လည် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ရက် အခါတော်မြတ်ကို ဂါရ၀ပြုဦးညွတ်ရင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား အလေးအနက် တောင်းဆိုလိုက်ရပေသည်။ ။
၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်။
0 comments:
Post a Comment