စီးချင်းထိုးခြင်း
တိုက်ပွဲဝင် ကျားတစ်ကောင်
ကိုယ့်ဒဏ်ရာကို ကိုယ့်လျှာနဲ့ ပြန်လျက်သလိုမျိုး
ဒီစစ်မိစ္ဆာတွေကိုမမေ့ဖို့ 
ငါတို့ နာကျဉ်းချက်ကို ငါတို့ 
အမြဲယုယနေရမယ်။
ဒီမိစ္ဆာစစ်ဘီလူးတွေနဲ့ 
ငါတို့  အကြိမ်ကြိမ် စီးချင်းထိုးခဲ့တယ်
အရှုံး၊အနိုင် အဓိကမထားပဲ
ယှဉ်ပြိုင်ရဲခြင်း သတ္တိကိုသာ
ငါတို့ ဂုဏ်ယူခဲ့ကြတယ်။
အမှန်တရားဆို အရှင်မထားချင်ကြတဲ့
ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ
ငါတို့ ယုံကြည်ချက်ကိုငါတို့ 
(ဆရာမောင်ချောနွယ်ပြောသလိုမျိုး)
မြစ်လိုမပြတ်စီးဆင်းပြီး
ပန်းမန်တွေလို ဝေဆာစေရမယ်......
မယုံရင်ငုံ့ ကြည့်လိုက်ပါ
လမ်းမပေါ်က မခြောက်သေးတဲ့သွေးတွေ
မယုံရင်မော့ကြည့်လိုက်ပါ
ကောင်းကင်အထက်က
ပျံသန်းနေတဲ့ ခွပ်ဒေါင်း ၀ိညာဉ်တွေ
ဒီကောင်းကင်နဲ့  ဒီမြေကြီးကြား
ကျန်နေရစ်တဲ့ငါတို့ အတွက်
(သမိုင်းကပေးတဲ့တာဝန်အရ)
ငါတို့ ဘာတွေ ဆက်လက်စီးဆင်းဦးမလဲ.....?
ငါတို့ ဘာတွေ ဖူးသစ်ဝေဆာဦးမလဲ........?
ဒီလိုအမေးတွေနဲ့ ပဲ ငါတို့ 
ကိုယ့်ကိုကိုယ်
စီးချင်းထိုးနေရတာပေါ့။
နေသွေးခ
ရဲဘော်နေသွေးခ၏ ကဗျာအား ဖော်ပြပါသည်။လေးစားလျက်
မောင်မြတ်နိုး
0 comments:
Post a Comment